Wednesday, January 4, 2012

ကိုယ်ကျင့်တရား ကိုယ်ကြိုးစား

ယနေ့ခေတ်တွင် တရားဘက် လိုက်စားသူတို့ များပြားလှသဖြင့် ၀မ်းမြောက်ရပေသည်။ သို့ရာတွင် အဟောတရား၊ အဖတ်တရား၊ အနာတရား လောက်သာ မပြီးစေဘဲ  “ကိုယ့်ကျင့်တရား” ဆိုက်ထိရန် လိုပေသည်။ ကျွန်တော်သည် လူအတော်များများနှင့် တရားဆွေးနွေးဖူးသည်။ ယင်းသို့ ဆွေးနွေးရာတွင် ဂိုဏ်းဂဏကို ရှေ့တန်းတင်သူများ၊ ပရမတ်နှင့်ပညတ်နယ်အစာမကြေသူများ၊ ပုဂ္ဂိုလ်နှင့်စာအုပ်ကြီး ကိုးကွယ်နေသူ များကို အများအပြားပင် တွေ့နေရသဖြင့် အားမလို အားမရဖြစ်မိရပါ၏။ အနှီပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ၏တရားစာပေတို့ကို လေ့လာရာ၌ အာကို ဦးတည်ချက်ထား၍ လေ့လာလိုက်စားနေကြပါသနည်း။ သူတကာ အထင်ကြီးစေလိုသော ကြွားဝါလိုသော ဆန္ဒထက် ပိုရန်အချက်မရှိတော့ ပေ။ တခါက တရားသမားအဘိုးကြီး တဦးနှင့်တွေ့ရာ သူက မေးပါသည်။
“ဗုဒ္ဓဟာ အတ္တ၀ါဒီလား၊ အနတ္တ၀ါဒီလား”
“အနတ္တ၀ါဒီပါ”
“ဒါဖြင့် ဘုရားဖြစ်တော်စဉ်တွေ ရေးထားတဲ့ ဇိနတ္ထပကာသနီ စာအုပ်ကြီးဟာ မီးရှို့ပစ်လိုက်ရုံပေါ့”
သူ့အပြောကို ကြားလိုက်ရသောအခါ ကျွန်တော့်မှာ လန်၍သွားမိသည်။ “ သြော်…ဒီအဘိုးကြီးသည် တရားလိုက်စားသည်ကားမှန်၏။ သို့သော် ပရမတ်နှင့်ပညတ်နယ်အစာမကြေဖြစ်နေရှာပါတကား” ဟု သနားစိတ်ဖြစ်ခဲ့ရသေးသည်။ မှန်ပါသည်။ ပရမတ်နယ်က ကြည့်လျှင် ဘုရားလောင်းဖြစ်စဉ်ဘ၀များသည် ဥပါဒ်၊ ဌီ၊ ဘင် အနေအားဖြင့် ချုပ်ပျက်ခဲ့ကြပြီးဖြစ်လေသည်။ ပရမတ်နယ်က ပြောကြစို့ဆိုလျှင် “ဇိနတ္ထပကာသနီစာအုပ်”ဟုပင် လက်ဆုပ်လက်ကိုင် ပြစရာမရှိပါပေ။ အဋ္ဌကလာပ်ရုပ် ၈-ခုပေါင်းစုနေသော ရုပ်အဖွဲ့အစည်းတို့သာဖြစ်ချေသည်။ သို့ရာတွင် ပညတ်နယ်က ကြည့်လျှင်ကား ယောက်ျား၊ မိန်းမ၊ စာအုပ်စသော အခေါ်အဝေါ်ပညာတို့သည်၎င်း၊ ထိုယောက်ျား မိန်းမစသူတို့၏ ဘ၀များသည်၎င်း အထင်အရှားရှိနေရသည်သာဖြစ်လေသည်။
ကျီးသဲလေးထပ်ဆရာတော်ကြီးသည် ဤဇိနတ္ထပကာသနီကျမ်းကြီးကို ပြုစုရာ၌ သုမေဓာရှင်ရသေ့ဘ၀မှစ၍ ဘုရားအဖြစ်သို့ ရောက်သည့်တိုင်အောင် တစ်ဘ၀ပြီးတစ်ဘ၀ဖြစ်လာခဲ့ရသော အတ္တအစဉ်အတန်းကို အသားပေးရေးသားခဲ့သည်မဟုတ်ပေ။ “ဘုရားဖြစ်လိမ့်မည်”ဟု နိယတဗျာဒိတ်ပန်းကို ပန်ဆင်ရပြီးနောက်၌ပင် ခန္ဓာကိုယ်ကိုရင်း၍၎င်း၊ အသားအသွေးအသက်တို့ကိုနှင်း၍၎င်း၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို ဖြည့်ဆည်းပူးခဲ့ရသည်။ ယင်းသို့ ကြိုးပမ်းအားထုတ်သဖြင့်သာ အထွတ်အထိပ်ဖြစ်သော ဘုရားအဖြစ်သို့ ရောက်ခဲ့ရလေသည်။ ဘုရားဖြစ်လိမ့်မည်ဆိုရုံမျှဖြင့် ကျေနပ်၍ ဘာမျှမလုပ်ဘဲနေလျှင် ဘုရားဖြစ်လာမည် မဟုတ်ချေ။ ထိုက်ထိုက်တန်တန် အလုပ်ကိုလုပ်သောကြောင့်သာ ဘုရားဖြစ်တော်မူခဲ့သည်။ အဆင့်အတန်းမြင့်မြင့်မှန်းသူသည် အလုပ်ကိုလည်း ကြိုးကြိုးပမ်းပမ်းလုပ်ရပေမည် ဟူသော အချက်ကို ကွက်ကွက်ကွင်းကွင်းကြီး ဖော်ညွှန်းထားခြင်းဖြစ်၏။ အလောင်းတော်၏ လုပ်နည်းလုပ်ဟန်များကို အားကျနည်းယူလျက် သူတော်စင်တို့သည်လည်း ပါရမီတို့ကို ဖြည့်ဆည်းပူးကာ နိဗ္ဗာန်တည်းဟူသော ခေါင်တိုင်စခန်းသို့ အအရောက်လှမ်းနိုင်ကြပါစေဟူသော ရည်ရွယ်ရိုးရင်းနှလုံးသွင်းဆန္ဒဖြင့် ရေးသားတော်မူခဲ့ခြင်း ဖြစ်လေသည်။
ဤအဘိုးကြီးကပင် (ခေတ်ပေါ်ဝါဒများနှင့် မိမိလိုရာဗုဒ္ဓ၀ါဒအချို့ကို ရောမွှေ၍ စာအုပ်များရေးနေသော ဘုန်းကြီးတပါးကို ညွှန်ပြလျက်) “ဦးက….အဲဒိဘုန်းကြီးရေးတဲ့ စာအုပ်တွေမှ ဖတ်လို့ရတယ်”ဟု အညွန့်တက်လိုက်ပါသေးသည်။ တရားအလုပ်ဟူသည် အစွဲပြုတ်ရန် အားထုတ်ရခြင်းဖြစ်ပေသည်။ အစွဲမပြုတ်သမျှ ငရဲဒုက္ခတို့ဖြင့် ၀ဲလည်နေကြရဦးမည်သာ မဟုတ်ပါလော။ ပုဂ္ဂိုလ်စွဲဖြင့် သဲသဲမဲမဲစွဲနေသမျှ တရားသမားလော။ မတရားသမားဖြစ်မည်လောဆိုသည်ကို စာရှုသူတို့ ဝေဖန်ကြည့်ကြရန်သာ လိုပေတော့သည်။
တခါကလည်း ခေတ်ပညာတတ်တဦးက အင်္ဂလိပ်လို ရေးသားထားသော “၀ိသုဒ္ဓိမဂ်”စာအုပ်ကြီးကို ထုတ်ပြကာ “ဒီလိုစာအုပ်မျိုးရေးတာ မြန်မာဘုန်းကြီးထဲက တပါးမှမရှိသေးဘူး”ဟုဆိုလေသည်။ “အင်း ဤသူသည်လည်း အခြားတပါးသော စာပေကို အထင်ကြီး၍ စာအုပ်ကြီးကိုးကွယ်နေသူသာတည်း”ဟုကောက်ချက်ချလိုက်မိပါသည်။ ပါဠိ၊ မြန်မာ၊ ဟိန္ဒီ၊ သက္ကတ မည်သည့်စာပေနှင့်ပင် ဖော်ပြထားထား သိနားလည် ရေးသည်သာ အဓိက ဖြစ်သင့်သည်မဟုတ်ပါလော။ အင်္ဂလိပ်လိုရေးသားထားမှသာ အဆင့်အတန်းမြင့်သည်။ ပြည့်စုံသည်။ မှန်ကန်လေးနက်သည်ဟု ဆိုရန် မရှိပါချေ။
“လွတ်ကင်းအက်တ် ချဲလ်ဒင်းအော့ဖ် အားသားလင့်ဒ်စ်”ဟူသော စာအုပ်ကလေးကို ကျွန်တော်ကြည့်ဖူးပါသည်။ ထိုစာအုပ်နိဒါန်းတွင် “ကမ္ဘာကြီးတွင် ရာသီဥတု ကွဲပြားခြားနားလျက်ရှိသည်။ လူတို့၏အလေ့အထများ၊ နေထိုင်နည်းများနှင့် အသက်မွေးဝမ်းကျောင်းမှုများလည်း ကွဲပြားလျက်ရှိချေသည်” ဟုတွေ့ရပါသည်။ ဤအဆိုသည် မှန်သင့်သလောက်မှန်ပါသည်။ သို့သော် စာရေးသူအနီးကပ်ဆုံး စံထိုးကြည့်မိပါသည်။ စာရေးသူတွင် အကိုတယောက်ရှိ၏။ သူက အသားဖြူ၍သွယ်သွယ်ခန့်ခန့်ချောသည်။ စာရေးသူကား အသားညိုညို၀၀တုတ်တုတ် အညာရုပ်ပေါက်လျက်ရှိသည်။ စာရေးသူတို့ ၂ ယောက်ကို ညီအကိုပါဟု မသိသူများအား ပြောပြလျှင် မည်သူကမျှ မယုံပေ။ တရုတ်နှင့်ကုလားလို ကွဲပြားနေမှုကြောင့် ရီကျဲကျဲလုပ်၍သာ နေတတ်ကြသည်။ “စာရေးသူတို့ ၂ ယောက် ဘယ်သူက ချောတုံး”ဟုမေးလျှင် စာရေးသူမဲပုံး၌ မဲထည့်မည့်သူမရှိပေ။ ယင်းသို့တပြီးကား တမြေတရေထဲသောက်တမအေထဲက ပေါက်ဖွားခဲ့သော စာရေးသူတို့သည် (ရာသီဥတုမကွဲပြားပါဘဲ) ဘာကြောင့်များ ထိုကဲ့သို့ ကွဲပြားနေရပါသနည်း။
ဗုဒ္ဓမြတ်စွားကား အကြောင်းအကျိုးဆက်စပ်၍ ခွဲခြားဝေဖန်ပြတတ်သော ၀ိဘဇ္ဇ၀ါဒီပုဂ္ဂိုလ်ကြီး ဖြစ်တော်မူချေသည်။ ဤကဲ့သို့ အသက်တို-ရှည်၊ ရုပ်ရည် လှ-မလှ၊ ဥစ္စာ ပေါ- ရှား အကျိုးပေးကွဲပြားရာ၌ “ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ”ဟု မိန့်မြွက်တော်မူခဲ့ပေသည်။ ဤနေရာတွင် “ဘုရားဟော စာပေကို လေ့လာပြီးမှ အခြားစာပေကို လေ့လာဝေဘန်ရမည့်အစား ယခုတော့ တခြားစာပေကို လေ့လာပြီးမှ ဘုရားစာပေကို လေ့လာဝေဘန်နေကြတော့ ဒီပုဂ္ဂိုလ်တွေဟာ ဘယ်မှာဟန်ပါဦးမလဲ”ဟု အမိရင်းဘာသာနှင့်စာပေကို အထင်သေးသူများအား ရည်ညွှန်း၍ ဆရာသမားတို့ ဝေဘန်ပြောကြားဘူးသည်ကို သတိရလာမိပါသည်။
“ပိဋကတ် စာပေတွေ လေ့လာကျက်မှတ်နေလို့ နိဗ္ဗာန်မရောက်နိုင်ဘူး”ဟု အာဘောင်အာရင်းသန်သန်နှင့် ပြောလေ့ရှိသော ဓမ္မမိတ်ဆွေတဦးကိုလည်း တွေ့ရဖူးသည်။ သူ့အပြောမှာ ကြက်သီးထစရာ ကောင်းလှပေသည်။ သူ့အပြောနှင့်ဆိုလျှင် ပိဋကတ်စာအုပ်တွေအားလုံးကို သိမ်းကျုံး မီးရှို့ပစ်လိုက်ရန်သာ ရှိချေတော့သည်။ ထိုဓမ္မမိတ်ဆွေ၏ အာဘော်လိုက်ရန်သာ ရှိချေတော့သည်။ ထိုဓမ္မမိတ်ဆွေ၏ အာဘော်မှာ ပိဋကတ်စာပေတွေလေ့လာကျက်မှန်နေရုံနှင့် နိဗ္ဗာန်မရောက်နိုင်။ ထိုစာပေ၌ ပါရှိသော ကျင့်စဉ်အတိုင်းကျင့်မှသာ နိဗ္ဗာန်ရောက်နိုင်သည်ဟု ဆိုဟန်ရှိပါသည်။ ပိဋကတ်စာပေကို လေ့လာကျက်မှတ်ခြင်းကြောင့် နိဗ္ဗာန်မရောက်သည့်တိုင် အကျိုးယုတ်သည်ဟုကား မဆိုနိုင်ချေ။ လေးပါဒရှိသော ဂါထာလေးတစ်ပုဒ်ကိုလေ့လာကျက်မှတ်ပါလျက် မရရှိသော အသျှင်စူဠပန်မထေရ်ကဲ့သို့ ပရိယတ္တိဥာဏ်ညံ့ဖျင်းလှသော ပုဂ္ဂိုလ်များသည် ၀ိပဿနာစွမ်းဖြင့် မဂ်ဖိုလ်ကို ဆိုက်ရောက်ကြသလို ရှေးရှေးဘ၀များက ပါဠိပိဋကတ်စာပေများကို သင်အံလေ့ကျက်ခဲ့သဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာများ (ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ပိဋကတ်သုံးပုံ မသင်ယူရဘဲ အလိုလို အာဂုံနှုတ်တက်ရလာသော ရဟန္တာများ)အဖြစ်ဖြင့် ဒုက္ခဇာတ်သိမ်းတော်မူကြသော ပုဂ္ဂိုလ်တို့လည်း အများအပြားပင် ရှိခဲ့ပေသည်။ ဤသို့ ကိလေသာ ကင်းကွာ ရဟန္တာဖြစ်သည်နှင့် ပိဋကတ်သုံးပုံ အာဂုံနှုတ်တက်အလိုလိုရလျက် သွားကြသည်မှာ ပါဠိပိဋကတ်စာပေများကို သင်အံလေ့လာခဲ့ခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်လေသည်။
“တပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဥာဏ်၊ တက်မာန အပြောသန်သည်၊ ဒေါသမာန်ထူပွား၊ စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား”ဟု လယ်တီဆရာတော်ကြီးသည် လူသားတို့၏စရိုက်၊ အထူးသဖြင့် တရားသမားတို့၏ စရိုက်ကို ဘွင်းဘွင်းကြီး နှိမ်ချရေးပြခဲ့သည်။ “ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ရောက်ပါလိမ့်လေး” ဟု နောက်ဆုံးသတိပေးတော်မူခဲ့သည်။ ထို့ကြောင့် နေရာတကာ၌ အာဘော်မလွန်မိစေရန်နှင့် အစွဲပြင်းမထားရန် သတိပြုသင့်ကြပေသည်။
ယနေ့ခေတ်တွင် တရားတော်များ ပြန့်ပွားထွန်းကားသည်ဟု ဆိုနိုင်ပါ၏။ သို့ရာတွင် ဂိုဏ်းဂဏအမည်တပ်၍ သူ့တရားကမှ အမှန်၊ ငါ့တရားကမှ အမှန်ဟု အချင်းချင်းတရားငြင်းလျက်ရှိကြသည်မှာလည်း မဖွယ်မရာ ကိစ္စတရပ်သာဖြစ်ချေသည်။ တရားငြင်းရာမှ ဓားချင်းပါရသည့် အဖြစ်များပင် ကြားသိနေရသည်။ ဗုဒ္ဓဟောပြခဲ့သည့် တရားတော်အားလုံး၏အချုပ်မှာ “၀ိမုတ္တိရသ” တစ်မျိုးတည်းဖြစ်ကြောင်းကို တရားလိုက်စားနေသူတို့ မျက်ခြည်မပြတ်ကြစေရန် သတိပေးလိုပေသည်။ မည်သည့်နည်းဖြင့် တရားရရ ၀ိမုတ္တိချမ်းသာ(နိဗ္ဗာန်ချမ်းသာ) ဆိုက်ရန်သာအဓိကဖြစ်သည်။ ဝေနေယျတို့အကြိုက်လိုက်၍ ဗုဒ္ဓမြတ်စွာသည် ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် ထားရှိခဲ့သော်လည်း မိမိတို့ကြုက်နှစ်သက်ရာ နည်းတစ်ခုခုဖြင့် ၀ိမုတ္တိစခန်း တက်လှမ်းကြရန်သာဖြစ်ပါသည်။
အချုပ်ဆိုရလျှင်“ကိုယ်မှာမတတ်၊ စာမှာတတ် ဂါဟတ်ကိုက်တတသည်” ဟု ဒီပဲရင်းဆရာတော်ကြီး သတိပေးမိန့်မှာတော်မူသကဲ့သို့ အဟောတရား အဖတ်တရား အနာတရားတို့နှင့်သာ ပြီးနေပါလျှင် “ငါတော်၊ ငါတတ်” အထင်ရောက်၍ ဘ၀င်မြောက်ကာ တဏှာ၊ မာန၊ ဒိဋ္ဌိ တည်းဟူသောဂါဟတရားသုံးပါးက မိမိကိုယ်ကို မျိုဝါး၍ သွားတတ်ပေသည်။ ထိုဂါဟတရားတို့မှ လွတ်မြောက်၍ ၀ိမုတ္တိရသ (နိဗ္ဗာန်ချမ်းသာ)ကိုသုံးဆောင်ရန် ကိုယ်ကျင့်တရားများကို ကြိုးစားထုတ်သင့်ကြပါသတည်း။


                                                                                                                                 (ဘ၀အတွေ့အမြင်)မှ

Saturday, August 20, 2011

အသက် ၃၀ မတိုင်ခင် လူတိုင်းဖတ်သင့်တဲ့ နိုင်ငံတကာ စာအုပ် (၃၀)


အင်တာနက်နှင့်ဝဘ်ဆိုဒ်တွေက ခမ်းနားကြီးကျယ်သလောက် လူတိုင်းနေ့စဉ်ဘ၀မှာ နေရာဝင်ယူလာ သည်။ အင်ဖော်မေးရှင်းတွေက ဖောင်းပွလွန်းပြီး၊ အွန်လိုင်းပေါ်မှာ စာဖတ်ဖို့၊ အလုပ်လုပ်ဖို့၊ မိတ်ဆွေတွေ နဲ့ တွေ့ဆုံဖို့ အချိန်တွေ ပိုပေးလာကြရသည်။

သို့နှင့်တိုင် ၀ဘ်ဆိုဒ်တွေက မျိုးဆက်တိုင်းအတွက် ကမ္ဘာလုံးချီလေးနက်တဲ့ အတွေးအမြင်ရသပေါင်း စုံ ပေးခဲ့တဲ့ ဂန္တ၀င်စာအုပ်တွေကိုတော့ဖြင့် ဖယ်ရှားပစ်လို့ မရပါ။

အောက်မှာ ကမ္ဘာ့ပညာရတနာသိုက်အဖြစ် တစိတ်တပိုင်းရည်ညွှန်းနိုင်မည့် စာအုပ်စာရင်းကို ဖော်ပြထား ပါသည်။ အသက် ၃၀ မွေးနေ့ရက် မတိုင်မီ လူတိုင်း ဖတ်သင့်တဲ့ စာအုပ် (၃၀) ဟု Foreign Policy ဂျာနယ်က ညွှန်းဆိုထားပါသည်။
  

1. Siddhartha by Hermann Hesse

ဘ၀ရဲ့ အနှစ်သာရနှင့် သဘောကို လက်တွေ့နား လည်ဖို့နဲ့ ဥာဏ်အလင်းရရှိဖို့အတွက် နည်းလမ်းရှာဖွေ ရာမှာ မိမိကိုယ်ကို အားကိုးရေးသာ ပဓာနကျကြောင်း တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ဆွစ်လူမျိုး ဂျာမန်နိုင်ငံ သား ဟာမန်ဟစ် ကရေးပြီး၊ ဆရာပါရဂူ က 'သိဒ္ဓတ္ထ' အမည်ဖြင့် မြန်မာပြန်ခဲ့သည်။

2. 1984 by George Orwell

၁၉၈၄ ခုနှစ်မှာ ဖြစ်လာမယ့် အစိုးရများရဲ့ ကြောက်မယ်ဖွယ် သရုပ်သကန်ကို စာရေးသူက ၁၉၄၉ ခုနှစ်မှာ ကြိုတင်ရေးသား သတိပေးခဲ့တဲ့ စာအုပ်ဖြစ်သည်။ လူထုနဲ့ နိုင်ငံသားများအပေါ် အမျိုးမျိုးလိမ်လည်လှည့် စား ထောက်လှမ်းရေးလုပ်တဲ့ 'အားလုံးသိ-အစိုးရတွေ' ရဲ့ အန္တရာယ်ရှိတဲ့ အပြုအမူစရိုက်တွေကို အကောင်းဆုံး ဖော်ပြနိုင်တာကြောင့် ယနေ့တိုင် အမြဲချီးကျူးကြရတဲ့ စာအုပ်ဖြစ်သည်။

အင်္ဂလိပ် စာရေးဆရာကြီး ဂျော် အော်ဝဲလ် မှာ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင် ရဲအရာရှိအဖြစ် အမှုထမ်းခဲ့ပြီး၊ ၁၉၃၄ ခုနှစ်တွင် နာမည်ကျော် 'မြန်မာပြည် နေ့ရက်များ' စာအုပ်ကို ရေးသားခဲ့သည်။

3. To Kill a Mockingbird by Harper Lee

၁၉၃၀ ပြည့်နှစ် အမေရိကန် တောင်ပိုင်းပြည်နယ်တွေမှာ လူမျိုးရေးနဲ့ စီးပွားရေး ခွဲခြားဆက်ဆံခံရတဲ့ အငြင်းပွားဖွယ် ပြဿနာများကို တင်ပြထားသည်။ အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲခဲ့ရတဲ့ လူမည်းတစ်ဦးနှင့် အဓမ္မပြုကျင့်ခံရသူ လူဖြူအမျိုးသမီးငယ်တို့ရဲ့ တရားရုံးနောက်ခံအမှု ဖြစ်သည်။ တရားမျှတမှုအတွက် တိုက်ပွဲဝင်ရင်း အစွဲအာဃတတွေကို တိုက်ဖျက်ဖို့ ကြိုးစားတဲ့၊ အတွေးအခေါ်များစွာပေးတဲ့ ဇာတ်လမ်း ဖြစ်သည်။

4. A Clockwork Orange by Anthony Burgess

၂၀ ရာစု အကောင်းဆုံး အင်္ဂလိပ် ၀တ္ထု (၁၀၀)မှာ စာရင်းတင်ခံရတဲ့ စာအုပ်ဖြစ်ပြီး၊ ရုပ်ရှင်လည်း ရိုက်ကူးခဲ့သည်။ ရူးနှမ်းတဲ့ လူငယ်ယဉ်ကျေးမှု အိပ်မက်ဆိုး တစ်ခုက ဆယ်ကျော်သက် လူငယ်တစ်ယောက်ကို အမြဲထိတ်လန့် ကြောက်ရွံအောင် အမျိုးမျိုးနှောက်ယှက်မှုပေးတဲ့ ဇာတ်လမ်း ဖြစ်သည်။ အသက် မရှုနိုင်လောက်အောင် စိတ်လှုပ်ရှားစေတဲ့ ဇာတ်လမ်းဖြစ်ပြီး၊ စာဖတ်သူကို အတွေးချဲ့ထွင်မှုများစွာ ပေးနိုင်သည်။

5. For Whom the Bell Tolls by Ernest Hemingway

မယုံကြည်နိုင်လောက်အောင် ရက်စက်တဲ့ စစ်ပွဲ၊ သေခြင်းတရားနဲ့ အိုင်ဒီအိုလော်ဂျီများအပေါ် အားကောင်းစွာ စဉ်းစားတွေးခေါ် တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ အမေရိကန် စာရေးဆရာ အားနက်စ် ဟဲမင်းဝေးရဲ့ စာအုပ်များနှင့် ၀တ္ထုတိုများမှာ မြန်မာဘာသာပြန် ရှိနေပြီး၊ ယခုစာအုပ်ကို စာရေးဆရာ 'ကိုကို' က 'ခေါင်းလောင်းသံ' အမည်ဖြင့် မြန်မာပြန်ဆိုခဲ့သည်။

6. War and Peace by Leo Tolstoy

ရုရှားစာရေးဆရာကြီး လီယိုတော်လ်စတွိုင်း ရေးသားပြီး၊ ၁၈၆၉ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့ဂန္တ၀င်စာအုပ် ဖြစ်သည်။ ရုရှားကို ပြင်သစ်တို့ ကျူးကျော်ဝင်ရောက်မှု၊ ဇာဘုရင် လူ့အဖွဲ့အစည်းအပေါ် နယိုလီယံခေတ်ရဲ့ အကျိုးသက်ရောက်မှု၊ ရုရှား မင်းမျိုးစိုးနွယ်တွေရဲ့ အမူအကျင့်တွေကို ဇာတ်ကောင်စရိုက်များ အားကောင်းစွာဖြင့် တင်ပြထားတဲ့ ဇာတ်လမ်းကြီး ဖြစ်သည်။ ကမ္ဘာ့ထိပ်တန်း စာအုပ် (၁၀၀) တွင် ထိပ်ဆုံးမှာ နေရာယူထားသော စာအုပ် ဖြစ်သည်။

7. The Rights of Man by Tom Paine

ပြင်သစ်တော်လှန်ရေး ကာလအတွင်း ရေးသားခဲ့တဲ့ စာအုပ်ဖြစ်ပြီး၊ ဒီမိုကရေစီ ရှုထောင့်ကနေ လူ့အခွင့်အရေး အယူအဆကို ပထမဆုံး စတင်မိတ်ဆက်ပေးတဲ့ စာအုပ်တစ်အုပ်အဖြစ် သတ်မှတ်ကြသည်။ သောမစ် ပိန်း ကို အမေရိကန်ပြည်ထောင်စု တည်ထောင်ရာမှာ စာပေရေးသားမှုဖြင့် ကူညီခဲ့သူအဖြစ် လူသိများသည်။

8. The Social Contract by Jean-Jacques Rousseau

ဒီစာအုပ်ကနေ ကျော်ကြားတဲ့ ကိုးကားစရာတစ်ခုက "လူဟာ လွတ်လပ်စွာ မွေးဖွားခဲ့ပြီး၊ နေရာတိုင်းက သူနဲ့ ဆက်စပ်ပတ်သက်နေတယ်" ဆိုတာ ဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း တစ်ဦးချင်းရဲ့ အရေးပါမှု အခန်းကဏ္ဍကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ၁၇၆၂ ခုနှစ်မှာ ရေးခဲ့တဲ့ ရူးဆိုး ရဲ့ "လူမှု ပဋိညာဉ်' စာအုပ်က ပြင်သစ်နဲ့ ဥရောပမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ၊ တော်လှန်ရေးများကို ဖြစ်ပေါ်အောင် လှုံဆော်ပေးခဲ့သည်။

9. One Hundred Years of Solitude by Gabriel Garcia Marquez

သာမန် ဇာတ်လမ်းဇာတ်ကွက် ဆင်ထားတဲ့ ၀တ္ထုမျိုးမဟုတ်ဘဲ၊ လူယဉ်ကျေးမှု သမိုင်းကို ပြန်လည် အမှတ်ရခြင်းရဲ့ အရေးကြီးပုံကို အမျိုးမျိုးသော ဇာတ်ကြောင်းပြောပုံစံနဲ့ လှလှပပဖွဲ့ဆို တင်ပြထားတဲ့ ၀တ္ထု ဖြစ်သည်။ ကိုလံဘီယာ စာရေးဆရာက ၁၉၆၇ ခုနှစ်မှာ စပိန်ဘာသာနဲ့ ပထမဆုံး ထုတ်ဝေခဲ့ပြီး၊ နောက်ပိုင်း ဘာသာစကား ၃၀ ကျော်ဖြင့် ပြန်ဆိုခဲ့ကြသည်။

10. The Origin of Species by Charles Darwin

လူသားရဲ့ မူလဇာတ်မြစ်နှင့် သဘာဝလောကနှင့် ပတ်သက်ပြီး၊ လူ့အဖွဲ့အစည်းများရဲ့ အတွေးအမြင်အပေါ် ထူးထူးခြားခြား ဂယက်ရိုက်စေခဲ့တဲ့ စာအုပ်ဖြစ်သည်။ ၁၈၅၉ ခုနှစ်မှာ ရေးသားခဲ့ပြီး၊ ချားလ်စ် ဒါဝင် က လူသားရဲ့ ဖြစ်စဉ်ကို ဇီဝဆင့်ကဲတိုးတက်မှု လမ်းကြောင်းကနေ စဉ်းစားပြခဲ့သည်။
11. The Wisdom of the Desert by Thomas Merton
ဘ၀ဆိုတာ ဘာလဲ၊ ဘ၀ကို သန့်ရှင်းမြင့်မြတ်အောင် ဘယ်လိုနေထိုင်မလဲ၊ ဘ၀မှာ ကြီးမားတဲ့ စွမ်းအားတွေရအောင် ဘယ်လိုလုပ်မလဲ ဆိုတာတွေအပေါ်၊ သုံးရာစုနဲ့ လေးရာစုမှာ အီဂျစ် သဲကန္တာရထဲ ကျင်လည်ခဲ့ကြတဲ့ ပညာရှင်များရဲ့ အတွေးအခေါ် အဆိုအမိန့်များကို စုစည်းတင်ပြထားတဲ့ အမေရိကန် ခရစ်ယာန် ဘုန်းတော်ကြီး သောမတ်စ် မာတင် ရဲ့ စာအုပ်ဖြစ်သည်။

12. The Tipping Point by Maclolm Gladwell

သေးငယ်တဲ့ စိတ်ကူးတစ်ခု၊ အယူအဆတစ်ခု၊ ထုပ်လုပ်မှုတစ်ခုက ဗိုင်းယပ်စ်လို ပြန့်နှံပြီး၊ ပဉ္စလက်ဆန်ဆန် ဂလိုဘယ် လူမှုအပြောင်းလဲတွေ ဖြစ်ပေါ်ခဲ့တာ၊ ဆက်လက်ဖြစ်ပေါ်ဦးမှာကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။ ၂၀၀၀ ခုနှစ်တွင် ထုတ်ဝေခဲ့ပြီး၊ စာအုပ်ကော်ပီ ၁.၇ သန်းကျော် ရောင်းခဲ့ရသည်။

13. The Wind in the Willows by Kenneth Graham

အင်္ဂလန်ဘဏ် အငြိမ်းစား အုပ်ချုပ်ရေးမှုးက ၁၉၀၈ ခုနှစ်မှာ ရေးခဲ့တဲ့ ကလေးစာအုပ် ဖြစ်သည်။ ကလေးစာပေထဲတွင် အကောင်းဆုံး ၀တ္ထုဇာတ်လမ်းအဖြစ် ရည်ညွှန်းခံရပြီး၊ ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေတတ်ဖို့၊ ရဲဝံ့စွန့်စားဖို့၊ ရဲဘော်ရဲဘက်စိတ် ရှိဖို့အတွက် လူမဟုတ်တဲ့ ဇာတ်ကောင်များဖြင့် တင်ပြထားသည်။

14. The Art of War by Sum Tzu

စစ်ရေးမဟာဗျူဟာနဲ့ နည်းဗျူဟာများအတွက် ရှေးအကျဆုံး စာအုပ်တစ်အုပ် ဖြစ်သည်။ စစ်ရေးသာမက၊ စီးပွားရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက်ပါ အောင်မြင်အောင် မဟာဗျူဟာချမှတ်နိုင်ဖို့ လမ်းညွှန်မှု ပေးနိုင်တဲ့ ရှေးဟောင်း တရုတ်စစ်ရေးကျမ်းစာအုပ် ဖြစ်သည်။

15. The Land of the Rings by J.R.R. Tolkien

၂၀ ရာစု အင်္ဂလိပ်စာပေသမိုင်းမှာ ပေါ်ပြူလာအဖြစ်ဆုံးနဲ့ ဩဇာအကြီးဆုံး ၀တ္ထုစာအုပ်တစ်အုပ် ဖြစ်သည်။ စာအုပ်ကို ကိုင်ကြည့်ရုံနဲ့ တစ်အုပ်လုံး ပြီးအောင် ဖတ်ဖြစ်အောင် စွဲဆောင်နိုင်တဲ့ စာအုပ်ဖြစ်သည်။

16. David Copperfield by Charles Dickens

အင်္ဂလိပ်စာရေးဆရာကြီး ချားလ် ဒစ်ကင်းစ် ရဲ့ ရှစ်အုပ်မြောက် စာအုပ်ဖြစ်ပြီး၊ ၁၈၅၀ ခုနှစ်မှာ စတင် ထုတ်ခဲ့သည်။ ဒစ်ကင်းစ် ကိုယ်တိုင်က "မိဘအများစုလိုပဲ၊ သားသမီးအများကြီးထဲက တစ်ယောက်ကို အချစ်ဆုံး ဖြစ်တတ်သလို၊ ကျနော်လည်း ရေးသမျှတွေထဲက ဒေးဗစ်ကော်ပါးဖီးလ် ကို အနှစ်သက်ဆုံးပဲ" ဟုဆိုသည်။ ဒေးဗစ်ကော်ပါးဖီးလ် ရုပ်ရှင်၊ တီဗီ၊ ပြဇာတ်များ များစွာရှိပြီး၊ စာရေးဆရာ ဒစ်ကင်းက ဂဏှာမငြိမ်တဲ့ နှလုံးသားကနေ မှားယွင်းမှု ဖြစ်ပေါ်လာခြင်းကို စောင့်စည်း ထိန်းသိမ်းနိုင်စွမ်းရှိဖို့ တင်ပြထားခြင်း ဖြစ်သည်။

17. Four Quartest by T.S Eliot

ဒုတိယကမ္ဘာစစ်အတွင်း ရေးသားခဲ့တဲ့ ကဗျာစကားပြေ လေးပုဒ်ကို စုပေါင်းထားခြင်းဖြစ်ပြီး၊ မော်ဒန်ခေတ်ရဲ့ အကောင်းဆုံး ကဗျာစကားပြေအဖြစ် သတ်မှတ်ခံရသည်။

18. Catch-22 by Joseph Heller

၁၉၆၁ ခုနှစ်မှာ အမေရိကန် သရော်စာရေး စာရေးဆရာ ဂျိုးဇက် ဟဲလ်လာ ရေးခဲ့တဲ့ ၂၀ ရာစု အကောင်းဆုံး လက်ရာ စာရင်းဝင် စာအုပ်ဖြစ်သည်။ ဗျူရိုကရေစီ စနစ်ကို သရော်ဝေဖန်တဲ့ စာအုပ်ဖြစ်ပြီး၊ စာအုပ်နာမည် Catch-22 မှာ အနောက်နိုင်ငံများတွင် နေ့စဉ်သုံး ဗန်းစကားတစ်ခုအထိ ဖြစ်လာခဲ့သည်။

19. The Great Gatsby by F. Scott Fitzgerald

၁၉၂၀ ပြည့်နှစ်များမှ ဂျက်ဇ် တေးဂီတခေတ်ကို နောက်ခံထားပြီး၊ နာမည်ကျော် 'အမေရိကန် အိပ်မက်' ကို တင်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ ရင်းနှီးတဲ့ မိတ်ဆွေများစွာရှိတဲ့အနက်၊ မိတ်ဆွေကောင်း အနည်းငယ်က ပိုတန်ဖိုးရှိပုံမှာ စာဖတ်သူများအတွက် သင်ခန်းစာယူစရာ ဖြစ်သည်။ နောက်ပြီး၊ ဘ၀မှာ ကိုယ်တန်ဖိုးထားတဲ့ အရာကို ထမြောက်အောင်လုပ်ဖို့ တွန်းအားပေးတဲ့ စာအုပ်ဖြစ်သည်။

20. The Catcher in the Rye by J.D Salinger

အမေရိကန် စာရေးဆရာ ဂျေဒီ ဆလင်းဂျာ က ၁၉၅၁ ခုနှစ် ဆယ်ကျော်သက်များအတွက် ရည်ရွယ်ရေးတဲ့ စာအုပ်ဖြစ်သည်။ ဆယ်ကျော်တို့ရဲ့ အကြောက်၊ စိုးရိမ်သောက၊ အာခံပုန်ကန်လိုစိတ်တို့ရဲ့ အတက်အကျကို ဖော်ပြတဲ့ ဇာတ်လမ်းဖြစ်သည်။ ဆယ်ကျော်သက်တို့ရဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။

21. Crime and Punishment by Fyodor Dostoyevsky

ကာရာမာဇော့ဗ် ညီအစ်ကိုများ စာအုပ်ရေးသူ၊ ရုရုားစာရေးဆရာ ဒေါ့စတိုယဗ်စကီး က ဆာဘီးယားမှာ ပြည်ပြေး ၅ နှစ်နေပြီးနောက် ရုရှားကိုအပြန်၊ ၁၈၆၆ ခုနှစ်မှာ ရေးခဲ့တဲ့ နာမည်ကြီးစာအုပ်ဖြစ်သည်။ ဆင်းရဲမွဲတေတဲ့ လူငယ်တစ်ဦးရဲ့ စိတ်ဒေါသ၊ ကိုယ့်ကျင့်တရား ပြဿနာနဲ့ ငွေအတွက် လူသတ်လိုမှုတွေကို ဖော်ပြတဲ့ ၀တ္ထုကောင်း ဖြစ်သည်။

22. The Prince by Niccolo Machiavelli

အာဏာနှင့် နိုင်ငံခေါင်းဆောင်မှုရဲ့ လျှို့ဝှက်ချက်များကို ဖော်ပြတဲ့ နာမည်ကြီး စာအုပ်ဖြစ်သည်။ နိုင်ငံရေးအာဏာမှသည် ကော်ပိုရေးရှင်းလောကအထိ ရာထူး၊ ဩဇာ၊ နေရာ ရရှိဖို့ ရုန်းကန်ကြိုးစားရာမှာ၊ အီတလီ သမိုင်းနဲ့ ဒဿနပညာရှင်ရဲ့ ၁၅၁၃ ခုနှစ်မှာ စတင်ဖြန့်ခဲ့တဲ့ စာအုပ်ကို လေ့လာဖို့ လိုအပ်နေဆဲပင် ဖြစ်သည်။

23. Walden by Henry David Thorean

ဟင်နရီ ဒေးဗစ် သော်ရိုးက ဒီစာအုပ်ကို ရေးဖို့အတွက် အမေရိကန်၊ မက်ဆာချူး ဆတ်စ် ပြည်နယ် ကွန်ကော့ဒ်မြို့ရှိ ၀ဲလ်ဒန် ကန်ဘောင်ပေါ်မှာ ရွက်ဖျင်တဲထိုး ပြီး နှစ်နှစ်၊ နှစ်လနဲ့ နှစ်ရက် အချိန်ယူ ရေးခဲ့သည်။ လူ့အဖွဲ့အစည်းရဲ့ ဖိအားတွေ ကနေ အမှန်တကယ် လွတ်မြောက်နိုင်တဲ့ နည်းလမ်းတွေကို တင်ပြထားတဲ့ ဇာတ်လမ်း ဖြစ်သည်။

ဒီစာအုပ်မှ ကျော်ကြားတဲ့ စာသားတစ်ခုကတော့ "လွတ်လပ်စွာ အသက်ရှင်လိုတဲ့ ဆန္ဒနဲ့ ဘ၀ရဲ့ အရေးပါတဲ့ အချက်တွေကို ရင်ဆိုင်ဖို့အတွက် ငါ တောထဲကို သွားခဲ့တယ်။ ဘာတွေ သင်ယူနိုင်မလဲဆိုတာ ငါကြည့်ခဲ့တယ်။ ဘာမှ သင်ယူစရာ မတွေ့ဘူးဆိုရင်တော့၊ ငါသေခါနီးမှာ ငါရဲ့ ဘ၀ကို ကောင်းကောင်း မရှင်သန် မနေထိုင်ခဲ့ဘူး ဆိုတာ တွေ့ရလိမ့်မယ်"

24. The Republic by Plato

ဘ၀ကို ဘယ်လိုနေထိုင်သင့်သလဲ၊ တရားမျှတမှုကို ဘယ်လိုဆောင်ရွက်သင့်လဲ၊ သူရသတ္တိဆိုတာ ဘာလဲ၊ ခေါင်းဆောင်တွေက ဘယ်လိုဦးဆောင်မှုပေးသင့်သလဲစတဲ့ အချေအတင် ဆွေးနွေးထားချက်များ ကို ဂရိဒဿနပညာရှင်ပလေတိုက တင်ပြထားခြင်း ဖြစ်သည်။ ပလေတိုက သူ့ဆရာ ဆော့ ခရတ္တိကို ခေါင်းဆောင်တင် ရေးသားထားပြီး၊ အနောက်တိုင်း နိုင်ငံရေးသီအိုရီကို နားလည်ဖို့အတွက် အခြေခံဖြစ်သည်။ ဆရာဇော်ဂျီ က ပလေးတိုးနဒါန်း အဖြစ် မိတ်ဆက်ပေးခဲ့သည်။

25. Lolita by Vladimir Nabokov

ရုရှားစာရေးဆရာ နဘိုကော့ဗ် က ၁၉၅၁ ခုနှစ် ပြင်သစ်မှာ အင်္ဂလိပ်လို ရေးခဲ့ပြီး၊ နောက်မှ ရုရှားဘာသာ ကို ပြန်ခဲ့သည်။ အချစ်၊ ကိုယ်ကျင့်တရား ဖောက်ပြန်မှုနှင့် ဘ၀ခံစားချက်များအပေါ် ပဋိပက္ခဖြစ်မှုကို အမြင် ကျယ်ကျယ် ဖော်ပြထားတဲ့ စာအုပ်ဖြစ်သည်။

26. Getting Things Done by David Allen

အမေရိကန် စာရေးဆရာ ဒေးဗစ်ဒ် အလန် က သူ့စာအုပ်နာမည်အတိုင်း Getting Things Done (GTD) ဆိုတဲ့ အတိုင်ပင်ခံ (consultant) အဖွဲ့တစ်ဖွဲ့ကိုလည်း ထောင်ထားသည်။ သူ့အယူအဆတက လူတစ်ယောက်ဟာ စိတ်ထဲမှာ မှတ်သားထားတဲ့ အရာရာကို ဖယ်ရှားပြီးမှသာ အလုပ်စတင်ဖို့လိုတယ်။ လုပ်ဖို့လိုအပ်တယ်ဆိုပြီး ဖိစီးနေတဲ့ အရာရာကို စိတ်ထဲက ဖယ်ထုတ်ပစ်မှာ သာ၊ အောင်မြင်တဲ့လုပ်ငန်းအတွက် အာရုံစူးစိုက်နိုင်မှာ ဖြစ်ကြောင်း တင်ပြထားသည်။

27. How to Win Friends and Influence People by Dale Carnegie

အောင်မြင်ရေး တက်ကျမ်းစာအုပ်များထဲတွင်တော့ အကြီးကျယ်ဆုံး စာအုပ်ဖြစ်သည်။ စီးပွားရေး၊ နိုင်ငံရေ၊ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုများတွင် ကိုယ့်ဖက်ပါအောင် သိမ်းယူစွဲဆောင်နိုင်ဖို့အတွက် အလွယ်တကူ ညွှန်ပြနိုင်တဲ့ စာအုပ်ဖြစ်သည်။ ဦးနုနှင့် ဗမိုးတို့က မြန်မာပြန်ဆိုခဲ့ကြသည်။

28. Lord of the Flies by William Golding

၎င်းစာအုပ်နာမည်နှင့်ပင် ၁၉၆၁ ခုနှစ်တွင် ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သည်။ လူသားရဲ့ အကြင်နာတရားနဲ့ ဆင်ခြင်တုံတရားနေရာတွင် မင်းမဲ့စရိုက်နဲ့ တိရိစ္ဆာန်စိတ်များ ၀င်လာပြီး၊ ဥပဒေမဲ့ ပတ်ဝန်းကျင် ဖြစ်သွားတဲ့အခါ ရက်စက်ကြမ်းကြုပ်မှုနဲ့ ကြောက်မယ်ဖွယ် ဖြစ်နိုင်ချေတွေကို တင်ပြထားတဲ့ စာအုပ်ဖြစ်သည်။

29. The Grapes of Warth by John Steinbeck

ဆရာမောင်ထွန်းသူက 'ဒေါသမာန်' အမည်ဖြင့် ပြန်ဆိုခဲ့သည်။ ၁၉၃၀ အမေရိကန် စီးပွားရေး အကျပ်အတည်း ကာလမှာ ပြည်တွင်းရွှေ့ပြောင်းမိသားစု များရဲ့ အသက်ရှင်ရပ်တည်ရေးအတွက် အလုပ်အကိုင် အရူးအမူး ရှာကြပုံကို ဖော်ပြထားတဲ့ ဇာတ်လမ်းဖြစ်သည်။ အမေရိကန် အထက် တန်းကျောင်းများတွင် ဂန္တ၀င်စာပေ သင်ကြားရေးအတွက် မကြာခဏ ပြဌာန်းသောစာအုပ် ဖြစ်သည်။

30. The Master and Margarita by Mikhail Bulgakov

ကောင်းမှုနဲ့ မကောင်းမှုကြား ပဋိပက္ခလွန်ဆွဲမှုကို ဖော်ပြရင်း ကွန်မြူနစ်ဆန့်ကျင်ရေး တင်ပြထားတဲ့ ရုရှား ၀တ္ထုဖြစ်သည်။ လောဘ၊ အဂတိလိုက်စားမှုနဲ့ လိမ်လည်လှည့်စားမှုများမှာ လူ့သဘာဝနှင့် ဆက်နွယ်နေကြောင်း တင်ပြတဲ့ စာအုပ်လည်း ဖြစ်သည်။ ဆိုဗီယက်ခေတ်ကို သရော်တဲ့ဇာတ်လမ်းဖြစ်ပြီး လန်ဒန်တိုင်းမ်း သတင်းစာက ၂၀ ရာစုရဲ့ အကောင်းဆုံးဝတ္ထုတစ်အုပ်ဖြစ်ကြောင်း ညွှန်းဆိုခဲ့သည်။

ဝင့်ထန်း
ရည်ညွှန်း။ Foreign Policy

Saturday, July 30, 2011

သင့် စာကျက်စွမ်းရည်ကို ဘယ်လိုမြှင့်တင်မလဲ

ဒီကနေ့ခေတ်ဟာ ယှဉ်ပြိုင်မှုခေတ် (Hyper Competition Age) ကြီး ဖြစ်တာနဲ့အညီ လူငယ် လူရွယ်တိုင်းဟာ အချိန်တိုင်း သင်ယူနေ၊ Learning လုပ်နေရ ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာလည်း စဉ်ဆက်မပြတ် သင်ယူလေ့လာနေကြတဲ့ အဖွဲ့အစည်းတွေ၊  နိုင်ငံတွေကပဲ အောင်မြင်မှု သရဖူအလီလီကို ရယူနေကြတာ ဖြစ်ပါတယ်။

ဖူးငုံတို့အနေနဲ့လည်း ဒီလို Learning Organization တွေထဲမှာ ကျောင်းသင်ပညာရေးတွေကိုသာမက Informal Education ဖြစ်တဲ့ ကိုယ်တိုင်လေ့လာသင်ယူမှု (Self learning) ကိုလည်း မပြတ်ပြုလုပ်နေကြရ မှာပါ။ တစ်ဖက်မှာလည်း Formal Education လမ်းကြောင်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း၊ ပထမဘွဲ့ (First De gree) တွေကို သာမက ဒုတိယဘွဲ့ (Second Degree)တွေ၊ မာစတာဘွဲ့ (Master Degr ee)တွေ၊ ဒေါက်တာဘွဲ့တွေ၊ ဒီပလိုမာတွေ များစွာသင်ယူကြရဦးမှာ ဖူးငုံတို့ရဲ့ သင်ယူလေ့လာမှု Learning Process မှာ အထောက်အကူပြုစေဖို့ အချက်အလက်ကလေးများကို တင်ပြပေးလိုက်ပါတယ်။

၁။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှုနှင့် ပန်းတိုင် (Planning Time-table and Target)

အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်း အရာရာတိုင်းမှာ အစပြုမှုဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးတွေ တော်တော်များများဟာ Planning ရေးဆွဲတဲ့နေရာမှာ အားနည်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာ Planning နဲ့ ပတ်သက်လို့ အမြဲတမ်းပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “ Fail for plan is plan for fail”  “ စီမံကိန်းဆွဲဖို့ ပျက်ကွက်ခြင်းဟာ ကျဆုံးဖို့အတွက် စီမံကိန်းဆွဲနေခြင်းပဲ ” တဲ့။ ဒါကြောင့်မို့ ဖူးငုံတို့အနေနဲ့လည်း မိမိတို့ရဲ့ စာသင်နှစ်တွေ စစချင်းကတည်းက ဘယ်ရက် ဘယ်ရက်တွေမှာ ဘယ်ဘာသာတွေကို အပြီးကျက် မယ်၊ ဘယ်လတွေမှာ ဘယ်ဘာသာတွေကို သင်ရိုးကုန်လေ့လာပြီးလို့ ပြန်လည်လေ့ကျင့်ခန်းလုပ်မယ် စတဲ့ ကိုယ့်ရဲ့ Studying Process နဲ့ ဆက်စပ်ပတ်သက်တဲ့ Mile stones, Time-scale တွေကို အသေးစိတ် ရေးဆွဲ ပြင်ဆင်ထားသင့်ကြပါတယ်။ ပြီးသွားရင်လည်း Plan က Plan အတိုင်းပဲ ရှိနေလို့ မရပါဘူး။ ကိုယ်ရေးဆွဲထားတဲ့ စီမံကိန်း Plan နဲ့ အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါမယ်။ အဲသည်လို လုပ်နေစဉ်အခါမှာလည်း ကိုယ့်ရဲ့ Plan ဟ လက်တွေ့ကျမကျ၊ ကိုယ်နဲ့ ကိုက်ညီ မကိုက်ညီ မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျှော့လုပ်ပြီး Planကို အမြဲတမ်း Update လုပ်နေသင့်ပါတယ်။

၂။ စာကျက်သည့်နေရာ (Studying Location)

စာကျက်တဲ့နေရာကလည်း ဖူးငုံတို့ Learning Process မှာ များစွာ အရေးပါပါတယ်။ ခိုင်မာတဲ့ သုတေသန စစ်တမ်းတွေအရ နေရာတစ်နေရာတည်းမှာပဲ  အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့ သူတွေဟာ နေရာတွေ ခဏ ခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာမှတ်မိတယ်လို့  ဆိုပါတယ်။ ဖြစ်နိုင်ရင် စာကျက်တဲ့နေ ရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ထက် စာကြည့်စားပွဲမှာ ဖြစ်သင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကား (Reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Line Pen စတဲ့ စာရေး ကိရိယာတွေကိုလည်း စာကျက်နေရင်း ထရှာစရာမလိုအောင် အရန်သင့် ထားရှိသင့်ပါတယ်။ ပြီးတော့ အထူးသဖြင့် လက်ကိုင်ဖုန်းရှိတဲ့ ဖူးငုံတို့ကလည်း တတ်နိုင်ရင် စာကျက်နေတဲ့အချိန်မှာ လက်ကိုင်ဖုန်းကို ပိတ်ထားဖို့ ကြိုးစားသင့်ပါတယ်။ စာကျက်တဲ့နေရာဟာ တိတ်ဆိတ်ငြိမ်သက်၊ အနှောင့်အယှက်တွေ ကင်းဖို့ လိုအပ်သလို၊ အပူအအေးမျှတပြီး လုံလောက်တဲ့ အလင်းရောင်ရရှိဖို့လည်း လိုအပ်ပါတယ်။

၃။  အမျိုးမျိုးသော စာဖတ်နည်းများ (Various Reading Style)

ကျနော်တို့ မြန်မာကျောင်းသားတွေ တော်တော်များများဟာ စာဆိုတာနဲ့ တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ တကယ်တော့ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ စတဲ့ အဆင့်ဆင့်တက်လှမ်း မြင့်မားလာလို့ ဖတ်ရတဲ့၊ လေ့လာရတဲ့ သင်ရိုးတွေ၊ ရည်ညွှန်းစာအုပ် ( Reference Books) တွေ များပြားလာတဲ့အခါ ဘယ်သူမှ အလွတ်မကျက်နိုင်တော့ပါဘူး။ ဒါကြောင့် စာအုပ်တွေ၊ သင်ရိုးတွေကို ဖတ်ရှုလေ့လာကြတဲ့နေ ရာမှာ အောက်မှာ ဖော်ပြထားတဲ့ Reading Style လေးတွေနဲ့ ချိန်ထိုးသုံးသပ် ဖတ်ရှုကြမယ်ဆိုရင် ပိုပြီးထိရောက် အောင်မြင်ပါလိမ့်မယ်။

(က) အပေါ်ယံရှပ်ဖတ်ခြင်း ( Skimming)

သင်ရိုးတစ်ခုလုံး၊ စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ် မဖတ်ရှုမီ စာအုပ်ရဲ့ဆိုလိုရင်း၊ အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံ ဖတ်ရှုသင့်ပါတယ်။ ပြီးတော့ တချို့ Reference Books တွေကို ဖတ်ရှုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ သင်ရိုး(Course) နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အပိုင်းတွေကို Skimming Reading Style နဲ့ ဖတ်ရှုသင့်ပါတယ်။

(ခ) မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်း (Memorizing)

စာမေးပွဲမှာ မေးလေ့မေးထရှိတဲ့ အကြောင်းအရာတွေ၊ စာမေးပွဲအတွက် မသိမဖြစ်သိထားရမယ့် အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် Memorizing Reading Style နဲ့ ထပ်ကာတလဲလဲ ဖတ်ရှုရပါမယ်။

(ဂ) သိမြင်နားလည်အောင် ဖတ်ရှုခြင်း ( Realizing)

တချို့အကြောင်းအရာတွေဟာ အလွတ်ကျက်မှတ်ရုံနဲ့ မလုံလောက်ဘဲ သေသေချာချာ သဘောပေါက် သိမြင်နားလည် (realize) ဖြစ်အောင် သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ ကမ္ဘာကျော် Equation တစ်ခုဖြစ်တဲ့ E=mc2 ဆိုတာကို အလွတ်ကျက်မှတ်ရင် စက္ကန့်ပိုင်းလောက်ပဲ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ဒီ Equation ကို သေသေချာချာ သဘောပေါက် နားလည် အသုံးချနိုင်ဖို့ကတော့ မလွယ်ပါဘူး။

၎။ တတ်နိုင်သလောက် အလွတ်ကျက်မှတ်ရမည့်စာများကို အသံထွက်၍ ကျက်ပါ

စာကျက်မှတ်တဲ့အခါ တချို့ ပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမယ့်  တချို့ကတော့ မျက်စိနဲ့ပဲဖတ်ပြီး အသံထွက်ကျက်လေ့မရှိပါဘူး။ လူရဲ့ ဦးနှောက်ဟာ အကြောင်းအရာတစ်ခုကို မှတ်သားတဲ့နေရာမှာ လူ့ခန္ဓာကိုယ်ရဲ့ ဒွါရပေါက် အာရုံခံအင်္ဂါ (Sense Organs) တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတာတွေကနေ Input Data အချက်အလက်တွေကို ရယူပါတယ်။ ဒါကြောင့်မို့ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့်အကြောင်းအရာကို မျက်စိနဲ့ပဲ Scan လုပ် မှတ်သားနိုင်ပြီး နားနဲ့အသံကို မကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိတဲ့ သူတွေရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သား (Voice Record) လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဥပမာ- စာမေးပွဲမှာ စာတွေဘာတွေ မေ့သွားခဲ့ရင်လည်း မျက်စိနဲ့ Scan လုပ်ထားတဲ့ ပုံရိပ်တွေကို ဦးနှောက်က ပြန်ခေါ်ယူနိုင်ရုံသာမက နားနဲ့ Record လုပ်ထားတဲ့ အသံ Voice တွေကိုပါ ပြန်လည် ကြားနိုင်တာမို့ မှတ်မိနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။

၅။ စိတ်ဖိစီးမှုများကို လျှော့ချပါ။ (Reduce Your Stress)

တတ်နိုင်သလောက် စာမကျက်မှတ်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုး (Meditation Exercise) ကို ၁၅မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ ဒါမှမဟုတ် စာမကျက်ခင် ကိုယ်အနှစ်သက်ဆုံးသီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်လောက် နားထောင်ပါ။ ကိုယ့်ရဲ့ Study Plan, Time-table ကို ရေးဆွဲတဲ့နေ ရာမှာလည်း တောက်လျှောက် စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅မိနစ်လောက် နားပြီးရင် ပြန်ကျက် စသည်ဖြင့် ရေးဆွဲထားသင့်ပါတယ်။ Studying Process ဆိုတာဟာ စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ Process ဖြစ်တာမို့ ဖူးငုံတို့ရဲ့စိတ်ဟာ Stress တွေ၊ Pressure တွေ ကင်းကင်းနဲ့ ကြည်လင်နေဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။

နောင်မှာလည်း အလျဉ်းသင့်ရင် Studying Skill Tips လေးတွေကို ဆက်လက်ဖော်ပြချင်ပါသေးတယ်။
(လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်)

Tuesday, July 26, 2011

သင်ယူဖို့ အခက်ခဲဆုံး ဘာသာစကား (၅) ခု

ကမ္ဘာပေါ်ရှိ ဘာသာစကားတိုင်းသည် သူ့နည်းနှင့်သူ သင်ယူလေ့လာဖို့ ခက်ခဲတာချည်း ဖြစ်သည်။ မည်သည့် ဘာသာစကားမှ လွယ်ကူသည်ဟူ၍ မရှိပါ။

သို့သော် ဘာသာစကားပညာရှင် အများစုရဲ့ ပြောဆိုချက်အရ မိမိ မိခင်ဘာသာစကားနှင့် သဒ္ဒါရော ၀ါကျ တည်ဆောက်ပုံပါ အတူဆုံး အနီးစပ်ဆုံး ဘာသာစကားက သင်ယူဖို့ အလွယ်ဆုံးဟု ဆိုသည်။
အောက်တွင် ဘာသာစကား ပညာရှင်အများစု သဘောတူထားသည့် သင်ယူဖို့ အခက်ခဲဆုံး ဘာသာစကား ၅ ခု ကို ဖော်ပြလိုက်ပါသည်။

၁။ အာရဗီ
အာရဗီ ဘာသာစကားကို အခက်ခဲဆုံးဟု သတ်မှတ်ထားကြသည်။ အာရဗီ အရေးသားမှာ သရ အသုံးပြုမှု နည်းပြီး၊ စာဖတ်နိုင်တဲ့ အဆင့်အထိရောက်ဖို့ အလွန်ခက်ခဲလှသည်။ အထူးသဖြင့် ဥရောပ ဘာသာစကားတွေနဲ့ တူတဲ့ စကားလုံး နည်းတာကြောင့် အနောက်တိုင်းသားများအတွက် ပိုမိုခက်ခဲသည်။

၂။ တရုတ်
သင်ယူဖို့ ခက်ခဲလွန်းတဲ့ ဘာသာစကား ဖြစ်သည်။ တရုတ်စကားက တက်ကျသံ အသုံးပြုတဲ့ ဘာသာစကား (tonal language) ဖြစ်ပြီး၊ စကားလုံးတစ်လုံးကို အသံပြောင်းထွက်လိုက်တာနဲ့ ဆိုလိုရင်းအဓိပ္ပါယ် ပြောင်း လဲသွားသည်။ ထောင်ပေါင်းများစွာသော အရုပ်စာလုံးများနှင့် ရှုပ်ထွေးသော ရေးသားနည်း စနစ်များကြောင့် သင်ယူတတ်မြောက်ဖို့ လက်ဝင်လွန်းလှသည်။

၃။ ဂျပန်
ဂျပန်စာကလည်း ခက်ခဲလွန်းသည်။ တရုတ် ကဲ့သို့ပင်၊ ဂျပန်ဘာသာစကား လေ့လာသူမှာ အရုပ်စာ လုံး ထောင်ချီပြီး အလွတ်ကျက်မှတ်နိုင်ဖို့ လိုသည်။ ရေးသားမှုစနစ်ပုံစံမှာ မူကွဲသုံးမျိုးရှိသည်။

၎။ ကိုရီးယား
ဝါကျတည်ဆောက်ပုံ၊ ဖွဲ့စည်းပုံအမျိုးမျိုးနှင့် ကြိယာသဏ္ဍန် အမျိုးမျိုးတို့ကြောင့် တခြားရေမြေက လာသူအတွက် သင်ယူဖို့ အလွန်ခက်ခဲလှသည်။ ကိုရီးယား စာအရေးအသားမှာ ခက်ခဲတဲ့ တရုတ်အရုပ်စာ အများစုအပေါ် အခြေပြုထားသည်။

၅။ ဟန်ဂေရီ
ဟန်ဂေရီ ဘာသာစကား ခက်ခဲရခြင်းအကြောင်းမှာ ကြိယာသဏ္ဍန်ပြောင်း ၇ မျိုး ရှိပြီး၊ စကားလုံးတွေမှာ ပုလ္လိင်၊ ဣတ္ထိလိင်၊ နပုလ္လိင် ခွဲခြားမှုတွေ များလွန်းသောကြောင့် ဖြစ်သည်။ ဟန်ဂေရီ ဘာသာစကားမှာ မည်သည့် ဘာသာစကား အုပ်စုနှင့်မှ ဆွေမျိုးတော်စပ်မှုမရှိသော ရှားရှားပါးပါး ‘လွတ်လပ်တဲ့ ဘာသာစကား’ တစ်ခုဖြစ်ပြီး၊ ပြင်သစ်၊ စပိန်၊ အီတလီ စတဲ့ လာတင် ဘာသာစကား အုပ်စုနှင့်လည်း ဆက်နွယ်မှု မရှိသောကြောင့် သင်ဖို့ ခက်ခဲသည်။

မောက္ခ နိုင်ငံတကာသတင်း မှကူးယူတင်ပြပါသည်။
Source: FP

Tuesday, July 19, 2011

မြန်မာကလေးသူငယ် သုတစာပေ

စာတမ်းတင်သူ - မင်းယုဝေ
(သုတစာပေ စာတမ်းများ၊ စာပေဗိမာန် ၁၉၈၀)

စာပေလောကတွင် ယေဘုယျအားဖြင့် စာပေကို နှစ်မျိုး ခွဲခြားထားပါသည်။ တမျိုးမှာ ရသ စာပေဖြစ်၍ တမျိုးကား သုတစာပေ ဖြစ်ပါသည်။ ရသစာပေသည်စာဖတ်သူတို့အား ၀မ်းမြောက်ခြင်း၊ သနားခြင်း အားတတ်ခြင်း စသည့် ရသ အတွေ့အကြုံကိုပေးသော စာပေ ဖြစ်ပါသည်။ သုတစာပေ မှာမူ စာဖတ်ပရိတ် သတ်အား ပညာဗဟုသုတကို ပေးသော စာပေ ဖြစ်ပါသည်။

ရသစာပေတွင် စာရေးဆရာသည် သူသိသော၊ သူခံစားမိသော အကြောင်းအရာတို့ကို အခြေခံပြု၍ သူ့စေတနာကို အဓိကထားသော သူ့စိတ်ကူးဉာဏ်တည်းဟူသော ဆေးရောင်စုံဖြင့် ရေးခြယ်ပါသည်။ ထိုအခါ စာဖတ်သူသည် စာရေးဆရာ၏ စိတ်ကူးဉာဏ်တန်ခိုးကြောင့် ဝမ်းမြောက်ခြင်း၊ သနားခြင်း၊ အားတတ်ခြင်း၊ ရဲရင့်ခြင်း၊ အံ့သြခြင်း၊ ချစ်ခင်မြတ်နိုးခြင်း၊ စက်ဆုပ်ခြင်း၊ ချီးကျူးခြင်း၊ ကဲ့ရဲ့ ခြင်းတည်း ဟူသော ရသ အတွေ့အကြုံကို ရရှိပါသည်။ ဝတ္ထု၊ ကဗျာ၊ ပြဇာတ်၊ ပုံပြင် စသည်တို့သည် ရသစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။

သုတစာပေတွင်မူ စာရေးဆရာသည် သူသိသော အကြောင်းအရာ၊ သူသိသော ပညာဗဟု သုတတို့ကို သူသိသည့်အတိုင်း တင်ပြပါသည်။ ထိုအခါ စာဖတ်သူသည် အသိပညာကိုလည်းကောင်း၊ ဗဟုသုတ အမျိုးမျိုးကိုလည်းကောင်း ရရှိပါသည်။ ဆောင်းပါး၊ စာတမ်း၊ အတ္ထုပ္ပတ္တိ၊ ကျမ်း စသည်တို့သည် သုတစာပေတွင် အကျုံးဝင်သည်ဟု ဆိုရပါမည်။ ထို့ပြင် ဗဟုသုတကို တင်ပြလိုသည့် ရည်ရွယ်ချက်ဖြင့်ရေးသော ပညာပေး ကဗျာများသည်လည်း သုတစာပေတွင် ပါဝင်သည်ဟု ဆိုရပါမည်။ သုတစာပေကိုရေးရာ၌ တခါတရံ စာရေးဆရာသည် သူသိသော အသိပညာ၊ သူသိသော ဗဟုသုတတို့ကို စာဖတ်သူတို့ လက်ခံချင်လာအောင် သူ့စေတနာနှောလျက် ဖျောင်းဖျသွေးဆောင်၍ ရေးတတ်သည်လည်း ရှိပါသည်။ ထိုအခါ စာဖတ်သူသည် ပညာဗဟုသုတ ရသည့်အပြင် နှစ်သက် ခြင်းလည်း ဖြစ်ရပါသည်။ ထိုစာ မျိုးကို သုတစာပေ၌ ထည့်သွင်းနိုင်သည် ဆိုသော်လည်း ရသသဘော နှောနေသဖြင့် ပညာရှင်အချို့က သုတ ရသစာပေဟု ဆိုကြပါသည်။

ထို့ကြောင့် ယခုစာတမ်း၌ သုတစာပေဆိုရာတွင် ဗဟုသုတစာ သက်သက်သာမက သုတ ရသသဘော သက်ဝင်သောစာမျိုးလည်း ပါဝင်မည် ဖြစ်ပါသည်။ ထို့ပြင် ကလေးသူငယ်ဆိုသဖြင့် အသက် ၁၂ နှစ်အောက် အရွယ် ကလေးများသာမက ၁၂ နှစ်မှ အသက် ၂၀ အရွယ်အထိ ရှိသော လူငယ်များလည်း ပါဝင်သည်ဟု ဆိုရပါမည်။

ဤကား စကားချီး ဖြစ်ပါသည်။ ဆက်လက်၍ မြန်မာ ကလေးလူငယ် သုတစာပေစာတမ်းကို တင်သွင်းလိုပါ သည်။ ယင်းသို့ တင်သွင်းရာ၌ ရှေးခေတ်၊ ကိုလိုနီခေတ်၊ ခေတ်သစ်ဟူ၍ သုံးပိုင်းခွဲခြား တင်ပြလိုပါသည်။ ဤစာတမ်းတွင် ရှေးခေတ်ဆိုသည်မှာ အင်းဝခေတ် (ခရစ်နှစ် ၁၃၆၄ - ၁၅၅၅) မှ ကုန်းဘောင်းခေတ် (၁၇၅၂ - ၁၈၈၅) အထိ ဆိုလိုပါသည်။ ကိုလိုနီခေတ်ဆိုသည်မှာ ဗြိတိသျှတို့ အုပ်စိုးသည့် ၁၈၈၆ ခုမှ ၁၉၄၇ ခု အထိ ဆိုလိုပါသည်။ ခေတ်သစ်မှာ လွတ်လပ်ရေး ရရှိသည့် ၁၉၈၄ ခုမှ ယနေ့အထိ ဆိုလိုပါသည်။

မင်းယုဝေနှင့် ငွေတာရီ
မင်းယုဝေနှင့် ငွေတာရီ
ရှေးခေတ် ကလေးလူငယ် သုတစာပေ မြန်မာကလေးလူငယ် သုတစာပေသည် အင်းဝခေတ် ရှင်မဟာသီလဝံသနှင့် ရှင်မဟာ ရဋ္ဌသာရတို့ လက်ထက်ကတည်းကပင် အထင်အရှား ပေါ်ထွန်းလာ ခဲ့ပါသည်။“သုစိပုဘာ၊ ဝိလိသိဓာ၊ အက္ခရာစွဲသုံး၊ဤရှစ်လုံးကို၊ သီကုံးပန်းသွင်၊ နေ့တိုင်းဆင်လော့၊ စာသင်ပျိုနု၊ အခြေပြုတို့၊ ဥဇုဘူတ၊ လုံ့လပြင်းစွာ၊ သူ့ထက်ငါဟု၊ နှုတ်မှာရွရွ၊ ကြိုးပမ်းကလျှင်၊ သိပ္ပကျေးဇူး၊ အထူးသိမြင်၊ ပညာရှင်ဟု၊ မထင်မပေါ်၊ မကျော်စော ဘဲ၊ တီမှာလွှဲအံ့” ဟူ၍ ရှင်မဟာရဋ္ဌသာရက သူ၏ သုစိပုဘာ အစချီဆုံးမစာ၌ ထည့်သွင်း ဖွဲ့ဆိုထားပါသည်။ ထိုခေတ် စာသင်သား မြန်မာကလေး လူငယ်များအား ပညာဆည်းပူးနည်း ရှစ်မျိုးကို ပညာပေးခဲ့ပါသည်။ ဤနည်းရှစ်မျိုးမှာ (၁) သု၊ သုဏေယျ - နာရာ၏။ သင်ပြသမျှကို သေချာစွာ နာယူရမည်။ အပြောအဟော အဆိုအမိန့်များကို လိုက်နာ မှတ်သားရမည်။ (၂) စိ - စိန္တေယျ၊ ကြံရာ၏။ ကြားမိ ဖတ်မိသမျှကို အမှုမဲ့ မထားရာ၊ ကြံစည်စိတ်ကူးရမည်။ (၃) ပု - ပုစ္ဆေယျ၊ မေးရာ၏။ မသိမရှင်းလင်းသေးလျှင် မေးမြန်းရမည်။ (၄) ဘာ - ဘာသေယျ၊ ပြောဆိုရာ၏။ ဆည်းပူးမိသည်တို့ကို တဆင့်ထုတ်ဖော် ပြောဟောရမည်။ (၅) ၀ိ - ၀ိဓာ ရေယျ၊ စုံစမ်းဆင်ခြင်ရာ၏။ အသစ်အသစ်သော ပညာရပ်များကို စူးစမ်းရှာဖွေရမည်။ (၆) လိ - လိခေ ယျ၊ ရေးသားရာ၏။ ဖတ်ရှုမှတ်သားမိသည်တို့ ကို ဖော်ထုတ် ရေးသားရမည်။ (၇) သိ - သိက္ခေယျ၊ သင်ကြားရာ၏။ ရှာဖွေဆည်းပူးမိသည်တို့ကို တဆင့် သင်ကြားပို့ချရမည်။ (၈) ဓာ - ဓာရေယျ၊ ဆောင်ရာ၏။ လေ့လာမိသမျှကို မမေ့ရန် နှုတ်တက်အာ ဂုံဆောင်ထားရမည် ဟူ၍ ဆိုလိုပါသည်။ ကျောင်းသား လူငယ်များအတွက် ခေတ်အဆက်ဆက် မရိုးနိုင်သော၊ တန်ဖိုးရှိသော ပညာ ဆည်းပူးနည်း ရှစ်မျိုးဖြစ်ပါသည်။

ဤဆုံးမစာအပြင် ရှင်မဟာရဋ္ဌသာရ၏ လက်သစ်တောင်တာ ဆုံးမစာ၊ ဂမ္ဘီသာရ ဆုံးမစာ၊ ရှင်မဟာသီလဝံသ၏ “တိလောကဟု” ဆုံးမစာ စသည်တို့တွင်လည်း မြန်မာကလေးငယ်များအတွက် ပညာပေးသော သုတ အချက်အလက်များ အများအပြား ပါဝင်ပါသည်။

ရှေးမြန်မာများသည် မိမိတို့၏ ကလေးလူငယ်များ လိမ္မာရေးခြားရှိရေးကို များစွာ အာသီ သရှိကြပါသည်။ ထို့ကြောင့် ဆုံးမစာ အမျိုးမျိုးရေးကာ ဆုံးမသွန်သင်ခဲ့ကြပါသည်။ ထိုဆုံးမသွန်သင် ချက်တို့တွင် သုတဆိုင်ရာအချက်များ အများအပြား ပါဝင်ပါသည်။ ထို့ကြောင့် ဆုံးမစာများသည် သုတ စာပေတွင် အကျုံးဝင်သည်ဟု ဆိုသင့်ပါသည်။

ရှင်မဟာသီလဝံသ၊ ရှင်မဟာရဋ္ဌသာရတို့၏ ဆုံးမစာများနည်းတူ စတုရင်္ဂဗလအမတ်ကြီး၏ လောကနီတိ၊ ရခိုင်သူမြတ်၏ လောကသာရ ဆုံးမစာ၊ ကန်တော်မင်းကျောင်းဆရာတော်၏ သြဝါဒ မေတ္တာစာ၊ တောင်ဖီ လာဆရာတော်၏ သြဝါဒရတုပိုဒ်စုံ၊ စိန္တကျော်သူ ဦးသြ၏ သြဝါဒထူးပျို့ဆုံးမစာ၊ တွင်းသင်းမင်းကြီး မဟာစည်သူ၏ ကြောက်ကြီး ကိုလုံး ဆုံးမစာ၊ အတုလဆရာတော် ခင်ကြီးဖျော်၏ ပုတ္တောဝါဒ ဆုံးမစာ၊ ရွှေကျောင်းဆရာတော် ဦးပညာ၏ မာတောဝါဒ ဆုံးမစာ၊ ကျည်းကန်ရှင်ကြီး၏ စကားပုံမေတ္တော စာ၊ စာတော်ပြင်ဆရာကြီး ဦးပညာ၏ သားရွှေဥဆုံးမစာ၊ နဂါးရုံကျောင်း ကိုရင်ကြီး၏ သားရွှေခဲ ဆုံးမစာ၊ ရတနာဘုံစံ ရွှေကြူ ဆုံးမစာ၊ ဆရာတော် ဦးဗုဓ်၏ ဂိဟိဝိနယ ဆုံးမစာ၊ သင်္ဂဇာ ဆရာတော်၏ သိင်္ဂါလောဝါဒ ဆုံးမစာ၊ ကျီးသဲလေးထပ် ဆရာတော်၏ ပူရာဏ်ဓမ္မဂန်ဖတ်စာ၊ လုံးတော် ဆရာတော်၏ သြ၀ါဒကထာ စာတမ်း၊ ညောင်ပင်သာ ဦးပုည၏ သုတရတနာ ဆုံးမစာ၊ နားခံတော် ဦးရွှေနီ၏ အတ္တော ၀ါဒဆုံးမစာ၊ ဖိုးသူတော် ဦးနု၏ စကားပုံ ဆုံးမစာ၊ ဦးရှင်ကလေး၏ သုတမဉ္ဇူ ဆုံးမစာ စသည်တို့သည် ရှေးမြန်မာ ကလေး သူငယ်များအတွက် ထင်ရှားသော ဆုံးမစာများ ဖြစ်ပါ သည်။ ဤဆုံးမစာများတွင် သုတဆိုင်ရာ ပညာများ နည်းများမဆို ပါဝင်ပါသည်။

ပုံစံအဖြစ် စိန္တကျော်သူ ဦးသြ၏ သြဝါဒထူးပျို့ ဆုံးမစာကို ရှုပါ။ ထိုဆုံးမစာ တနေရာ၌ သေရည်အရက် မသောက်သင့်ကြောင်း ဆုံးမကာ အောက်ပါအတိုင်း အရက်သောက်ခြင်း၏ အပြစ် ခြောက်မျိုးကို ဖော်ပြထား ပါသည်။ သိမှတ်ဖွယ်ရာ ဗဟုသုတ ဖြစ်ဖွယ်ရာ ဖြစ်ပါသည်။

သူရာသောက်ငယ်၊ ပြစ်ခြောက်သွယ်ကား၊ လိုမယ်အရ၊
ရှိမျှဥစ္စာ၊ ပျောက်တတ်စွာ၏၊ နှုတ်သာလက်လွန်၊ ရန်လည်းခိုက်ထိ၊
ပွားတတ်ဘိ၏၊ မျက်စိသီဝေ၊ လက်ခြေတုန်ယင်၊မဝင်ဝမ်းတွင်း၊
ထမင်းမစား၊ ရောဂါများ၏၊ ပြစ်သားစင်စင်၊ လူရှင်ကဲ့ရဲ့၊ သတင်းမဲ့၏၊ ရှက်ဖွဲ့အရာ၊
ကြောက်ခင်းမှာလည်း၊ အင်္ဂါကိုယ်လုံး ၊မဖုံးလွှမ်းနိုင်၊ စွဲကိုင်ကျိုးပြစ်၊ စိစစ်မမြင်၊ ဆင်ခြင်မရှိ၊
သတိပညာ၊ လျော့ညံ့ရာသည်၊ မကြာလက်ငင်း မျက်မှောက်တွင်း။

ထို့ပြင် ပုံစံအဖြစ် စာတော်ပြင် ဆရာကြီး ဦးပညာ၏ သားရွှေဥ ဆုံးမစာကို ရှုပါဦး။ ထိုဆုံးမစာ တနေရာ၌ မြန်မာစာ ရေးရာတွင် သတ်ပုံသတ်ညွန်းကို ဂရုပြုသင့်ကြောင်း၊ သတ်ပုံသတ်ညွန်း မှားယွင်းက ရယ်သွမ်းသွေးခြင်းခံရမည် ဖြစ်ကြောင်း၊ သတ်ပုံသတ်ညွန်း တတ်ကျွမ်းလိုပါက မည်သည့် ကျမ်းများကို လေ့လာသင့်ကြောင်း၊ ဗဟုသုတ ပွားများအောင်လည်း မည်သည့်ပျို့ ကဗျာများ၊ မည် သည့် ရတုလင်္ကာများကို ဖတ်ရှုသင့်ကြောင်း၊ ပညာပေးထားပါသည်။ များစွာ တန်ဖိုးရှိလှပါသည်။ ပညာပေးဖွဲ့ ဆိုထားပုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

သတ်ညွန်းသတ်ပုံ၊ မကျွမ်းတုံက၊ ရွှေဘုံခေါင်ထွတ်၊ ရွှေလွှတ်ရွှေရုံး၊ ရှေးစံထုံးနှင့်၊ သုံးသင့် ဆီမှာ၊ ရောက်သောခါ၌၊ ပမာမလေး၊ ရယ်သွမ်းသွေးလိမ့်၊ စာရေးအခွင့်၊ ရစ်ပင့်သတ်လတ်၊ တတ်ခြင်း လိုလှ၊ အားပါကျမူ၊ ဝဏ္ဏဗောဓနာ၊ ကျမ်းသေချာကို၊ ဖွေရှာလက်ရှိ၊ လေ့ကျက်ဘီ၍၊ ဟိတ္တိပါလ၊ သံဝရနှင့်၊ နာဂနေနတ်၊ ဘူရိဒတ်လောင်း၊ ဇာတ်ပေါင်းတသီး၊ လင်္ကာကြီးကို၊ နည်းမှီးစေ့ငု၊ အမှီပြုလော့၊ သုတပညာ၊ ပွားအောင်မှာလည်း၊ ဓမ္မရာသီ၊ ပါရမီနှင့် တူပြီလည်းကောင်း၊ ဆုတောင်းခန်းပျို့၊ နှစ် လို့မြတ်နိုး၊ မဂ္ဃဇိုဝ်းဟု၊ ထက်မိုးနတ်နန်း၊ ဘွဲ့ထူးဆန်းသည်၊ ဘုံခန်းလင်္ကာ ၊ဖတ်ကြည့်ရာ၏၊ နည်းနာ ခံယူ၊ ရတုမူ လည်း၊ တောင်ငူမင်းဆို၊ ရှင်သံကိုနှင့်၊ အုန်းညိုးမကြွင်း၊ မင်းနဝဒေး၊ နက်လေးဆန်းထူး၊ ပဲခူး ရှင်မ၊ ဇေယျရန္တမိတ်၊ မြတ်ပဏ္ဍိတို့၊ ဉာဏ်မြိတ်ညွန့်ဝေ၊ ဥပဒေဖြင့်၊ စေ့ရပြုဖန် ၊ဘွဲ့ကာရန်၌၊ သတ်မှန်ခွဲထား၊ အခြားခြားလျှင်၊ မှတ်သားစဖွယ်၊ သဘောကျယ်လျက်၊ ဓိပ္ပာယ်ပြန့်ပွား၊ စကားယဉ်နု၊ ပျို့ရတုလည်း၊ ကြည့်ရှုလေ့လာ၊ မှတ်သားရာသည်၊ ရတနာမျက်ရှု သားရွှေဥ။

ဤဆုံးမစာများအပြင် ကဝိလက္ခဏာသတ်ပုံသံပေါက်ကျမ်း အမှူးပြုသော သတ်ပုံကျမ်း၊ ခွဲထားကျမ်းများ သည်လည်း မြန်မာကလေး လူငယ်သုတစာပေတွင် အကျုံးဝင်သည်ဟု ဆိုသင့်ပါသည်။ ဦးသြသည် ကဝိ လက္ခဏာသတ်ပုံသံပေါက်ကျမ်းကို မြန်မာသက္ကရာဇ် ၁၁၁၃ ခုတွင် ရေးသားပြီးခဲ့ပါသည်။ ထိုစဉ်က ဦးသြမှာ အသက် ၁၅ နှစ် အရွယ်မျှသာ ရှိပါသေးသည်။ ဤသတ် ပုံကျမ်းမှာ သတ်ပုံမည်ကာ မတ္တမဟုတ်၊ ဗဟုသုတ အဆီိအနှစ်များဖြင့် ပြည့်လျှမ်း လျက်ရှိပါသည်။

ပုံစံအဖြစ် ဦးသြ၏ “နော်ရထာ့ကံ၊ ခုန်ပျံကျလာပဲ” ဟူသော သတ်ပုံ သံပေါက်ကိုရှုပါ။ ထိုသံပေါက် ကို လေ့လာခြင်းဖြင့် ကံ - ဟံ - ပျံ ဟူသော သေးသေးတင် ရေးထုံးကို  သိနိုင် သည်သာမက၊ သမိုင်း အချက် အလက်ဖြစ်သော အနော်ရထာနှင့် ရှင်အရဟံတို့၏ အကြောင်း ကိုလည်း ဗဟုသုတအဖြစ် သိနိုင်ပါသည်။ ကဝိလက္ခဏသတ်ပုံ သံပေါက်ကျမ်းသည် ထူးခြားလှပါသည်။ ကလေးလူငယ်ဘဝတွင် ထိုကျမ်းပါ ဗဟုသုတ တို့ကို အသက်အရွယ် အတိုင်းအတာ အလိုက် သိရှိစေနိုင်၍ အသက်အရွယ်ကြီးလာပြန်လျှင်လည်း ယင်း ဗဟုသုတတို့ကို ပိုမိုချဲ့ထွင် သိရှိနိုင်စေသော ကျမ်းဖြစ်ပါသည်။

ရှေးမြန်မာတို့သည် မိမိတို့၏ ကလေးလူငယ်များကို ဆုံးမစာများ၊ သတ်ပုံများ သင်ကြား ပေးရုံမျှမက ပည ဗဟုသုတအဖြစ် စကားပြောဆိုနည်း အမျိုးမျိုးကိုလည်း သင်ကြားပေးပါသည်။ ယင်းတို့မှာ “ရေကူးညာ တင်၊ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန် ၊အိုးတန်ဆန်ခပ်၊ ဆီပွတ်ကျည်ပွေ့၊ ဆင်ဝှေ့ ရန်ရှောင်၊ တောင်သူယာခုတ်၊ ကြက်ဆုတ်ခွပ်ပစ်၊ ရေစစ်ကရား၊ ရေသွားသည့်သွင်၊ ခက်တင် မောင်းနင်း” ဟူသည့် စကားကြီး ၁၀ မျိုး ဖြစ်ပါသည်။

ထို့ပြင် ၁၀ ဆံခြည် ၁ နှမ်း၊ ၆ နှမ်း ၁ မုယော၊ ၄ မုယော၊ ၁လက်သစ် အစချီသော မြန်မာ အကွာအဝေး အတိုင်းအတာများကိုလည်းကောင်း၊ ၂ လမျု ၁ လက်မြက်၊ ၂ လမျက် ၁လမယ်၊ ၂ လမယ် ၁ စလယ် အစချီသော အခြင်အတွယ် အခေါ်အဝေါ်များကိုလည်းကောင်း ၊ တန်ခူးရက်မစုံ ၂၉၊ ကဆုန်ရက်စုံ ၃၀ ၊ နယုန်ရက်မစုံ ၂၉၊ ဝါဆိုရက်စုံ ၃၀ အစချီသော မြန်မာလများ ရက်သတ်မှတ်ပုံ အစရှိသည်တို့ကို လည်းကောင်း မြန်မာနည်း၊ ပြဿဒါး၊ ရက်ရာဇာရွေးနည်း စသည်တို့ကို လည်း ကောင်း မြန်မာကလေး လူငယ်များ လေ့လာမှတ်သားရပါသည်။ ယင်းတို့သည် မြန်မာ ကလေးလူငယ် သုတစာပေများပင် ဖြစ်သည် ဟု ဆိုနိုင်ပါသည်။

မြန်မာကလေးလူငယ် သုတစာပေအဖြစ် ဂဏန်းရေးနည်း သံပေါက်ကို တင်ပြ လိုပါသည်။ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ ရှေးမြန်မာများ သင်္ကေတဖြင့် စနစ်တကျ ရေးမှတ်ကြောင်း အထင်အရှား သိရပါသည်။ ဂဏန်းရေးနည်း သံပေါက်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရတနာသုံးစုံ၊ ပန်းနှယ်ငုံ၊ ကြည်ယုံ ဦးနှိမ်ချ။ ဂဏန်းလင်္ကာ၊ သံပေါက်စာ၊ မှတ်ပါလေကုန်ကြ။ ကျပ်စိတ် မိုက်တွင်၊ လုံးကြီးတင် မြဲပင်မှန်မုချ။ လက်သစ်မတ်တွင်၊ သေးသေးတင်၊ ရေးချင်တခဏ။ မူးကို နှစ်ချောင်း ၊ငင်တုံရှောင်း၊ အပေါင်းမှတ်ကုန်ကြ။ ပဲနှင့် စလယ်၊ ပယ်၌ဝယ်၊ တင့်တယ်နောက် ပစ်မှ။ ရွေးကိုသဝေ၊ ဝဆွဲလေ၊ မသွေရေးကာလ။ တင်းနှင့် တောင်းတွင်၊ ကင်းစီးချင်၊ မှန်ပင်ယွင်းမခွ။ တခွဲဆိုလျှင်၊ ဝဆွဲချင်၊ နောက်လျှင်ပစ်ပါမှ။ ဝဆွဲကသတ်၊ ခွက်ဟုမှတ်၊ မပြတ်နှလုံးက။ တလမျက်နှာ၊ ယပင့်ပါ၊ က - သာသတ် ကုန်ကြ။ ထွာမှာ ဝဆွဲ၊ ချစမြဲ ။ မလွဲဧကန္တ။ တပါး နှစ်ပါး၊ ရေးမှတ်သား၊ နှစ်ပါးပေါက် ဝစ္စ။ ရေးချပြီးကာ၊ ကင်းစီးပါ၊ အင်္ဂါဝေါဟာရ။ သုညပေါ်တွင် လုံးကြီးတင်၊ ဆယ်ပင် ကျပ်ချိန်ရ။ တစ်နှစ်လိုရာ၊ ရေးချပါ၊ ပိဿရေတွက်ဆ။ အခွက်တဆယ်၊ ရေးခါဝယ်၊ မှတ်ဖွယ် တစ်သုည။ ရာမှာနှစ်လုံး၊ သုံးလုံးမှာထောင်၊ ရှေးရိုးဆောင် မှန်အောင် ဂဏန်းချ။ လေးလုံသောင်းပင်၊ သိန်းလျှင်ငါးလုံး။ ခြောက်လုံး မှာသန်း၊ အဆန်းဆန်း၊ ရွှင်လန်းနှလုံးက။ ကုဋေခုနစ်လုံး၊ ရေးရိုးထုံး၊ သက်ဆုံးမှတ်လေကြ။

အထက်ပါသံပေါက်ကို မြန်မာကလေးလူငယ်များ ဖတ်ရွတ်မှတ်သား ထားရပါသည်။ အထက်ပါ ဂဏန်း ရေး နည်း သံပေါက်အရ ဤသို့သင်္ကေတများဖြင့် အကျဉ်းရေးမှတ်ကြရပါသည်။
တလမျူ - ၁ျူ
တလမျက် - ၁ျ က်
တလမယ် - ၁ ယ်
တစလယ် - ၁ဲ
တခွက် -  ၁ွက်
တပြည် - ၁် (ဆန်စပါး၊ နှမ်း စသည်တို့ ခြင်တွယ်ရာ၌ သုံးသည်။)
တစရွက် -  ၁ွတ်
တစိတ် - ၁ိ
တခွဲ - ၁ွဲ
တတင်း - ၁င်္
တတို့ - ၁ို့
တမိုက် - ၁ိ
တပေ -ေ၁
တထွာ - ၁ွါ (ပုဆိုး၊ သစ်၊ ဝါးစသည်တို့ တိုင်းတာရာ၌ သုံးသည်။)
တတောင်- ၁င်္
တလံ - ၁ံ
တတာ - ၁ါ
တရွေး -ေ၁ွး
တပဲ - ၁ဲ
တမူး - ၁ူး
တမတ် - ၁ံ (ရွှေငွေ စသည်တို့ ချိန်တွယ်ရာ၌ သုံးသည်။)
တကျပ် - ၁ိ
တပိဿ - ၁ါ
ဆယ်ပိဿ - ၁၀ါ
တပါး - ၁ါး (ရဟန်းသင်္ဃာအပါးရေတွက်ရာ၌ သုံးသည်)
တချပ် - ၁ံ (စာရွက်၊ ပေရွက် စသည်တို့ကို ရေတွက်ရာ၌ သုံးသည်။)
တအင်္ဂါ - ၁င်္ါ
တဆယ် - ၁၀
တရာ - ၁၀၀
တထောင်- ၁၀၀၀
တသောင်း - ၁၀၀၀၀
တသိန်း - ၁၀၀၀၀၀
တသန်း - ၁၀၀၀၀၀၀
တကုဋေ - ၁၀၀၀၀၀၀၀

ထို့ပြင် မိုးလေ၀သ အခြေအနေနှင့် ပတ်သက်၍ မြန်မာ ကလေးလူငယ်တို့ မှတ်သားရသော သံပေါက်ကဗျာ များကိုလည်း သုတစာပေတွင် ထည့်သွင်းနိုင်ပါသည်။ မိုးခေါင်မည့် လက္ခဏာနှင့် ပတ်သက်၍ မြန်မာ ကလေးလူငယ်တို့ မှတ်သားရသော သံပေါက်ကဗျာများကိုလည်း သုတစာပေတွင် ထည့်သွင်းနိုင်ပါသည်။ မိုးခေါင်မည့် လက္ခဏာနှင့်ပတ်သက်၍ မှတ်သားရန် သံပေါက်ကဗျာတပုဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
မိုးခါဖြစ်လျက်၊ ပရွက်အမျိုး၊ ရေအိုးအောက်ဝင်၊ ဖြစ်ခဲ့ချင်၊ မိုးလျှင်ခေါင်တတ်စွ။ ဖားသတ္တ ဝါကား၊ ကုန်းကျက်စား၊ မိုးများခေါင်တတ်စွ။ ဖားသတ္တဝါကား၊ ကုန်းကျက်စား၊ မိုးများခေါင်တတ်လှ။ ဖားမြည်သံပါး၊ ဖြစ်တုံငြား၊ မိုးများသွေရှောင်ကြ။ ငှက်သိုက်မြေနား၊ ပြုလေငြား၊ မိုးများရွာတူပ။ ပုစွန်ရေနား၊ တွင်းကိုထား၊ မိုးများခေါင်ကြောင်းပြ။ ရေသတ္တဝါ ကုန်း၊ ကုန်းသတ္တဝါ ရေ၊ ကျက်စားလေ၊ မိုးသွေကင်းမည်ပ။
ဤကား ရှေးခေတ် ကလေးသူငယ် သုတစာပေအနက် အနည်းငယ်မျှကိုသာ တင်ပြချက် ဖြစ်ပါ သည်။ ရှေးခေတ် ကလေးသူငယ် သုတစာပေမှာ ဖတ်ရမှတ်ရ လွယ်ကူစေရန် စကားပြေထက် ကဗျာလင်္ကာဖြင့် ဦးစားပေး ရေးသားဖော်ပြသည်ဟု ဆိုသင့်ပါသည်။ ဆက်လက်၍ ကိုလိုနီခေတ် မြန်မာ ကလေးလူငယ် သုတစာပေကို တင်ပြလိုပါသည်။

ကိုလိုနီခေတ်  ကလေးလူငယ် သုတစာပေ

မြန်မာနိုင်ငံသည် ဗြိတိသျှ နယ်ချဲ့လက်အောက်သို့ ရောက်သောအခါ အစစအရာရာ မှေးမှိန် ညှိုးနွမ်းခဲ့ရ သည်မှာ အထူးတင်ပြဖွယ် မလိုတော့ပါ။ မြန်မာ့ စီးပွားရေးမှအစ မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ပညာရပ်များ အထိ အစစအရာရာ မှေးမှိန်ညှိုးနွမ်းခဲ့ရသည်။ တဖန် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာ့ ပညာရပ်များနှင့် အတူ မြန်မာစာပေသည်လည်း မှေးမှိန်ညှိုးနွမ်းခဲ့ရပါသည်။ သို့ရာတွင် ပုံနှိပ်စက်များ ထွန်းကားလာသော အခါ မှေးမှိန်ညှိုးနွမ်းနေသော မြန်မာစာပေသည် ပြန်လည် ခေါင်းထောင်ရန် လူးလွန့်လှုပ်ရှားလာပါသည်။ အစဦးပိုင်းတွင် ပုံနှိပ်စက်များသည် ပွဲများ၌ သီဆိုကြရန် ဇာတ်စကားများ၊ တေးသီချင်းများပါသော ဇာတ်စာအုပ်များကို ရိုက်နှိပ်ထုတ်ဝေကြပါသည်။ ထို့နောက် တဆင့်တက်၍ ပေမူဘဝ၌ ရှိနေ သည့် ရှေးစာဟောင်း ပေဟောင်းအချို့ကို ရိုက်နှိပ်ထုတ်ဝေကြပါသည်။ ထိုအခါ ရှေးအခါက ဘုန်းတော်ကြီးကျောင်းနှင့် ဘုရင့်နန်းတွင်း၌သာ ကိန်းအောင်းနေသော ပေစာများ(၀ါ) စာပေသည် ပုံနှိပ်လုပ်ငန်းကြောင့် လူအများဆိုင်ရာ ကျေးရွာများအထိ ပျံှ့နှံ့လာခဲ့ပါသည်။ တနည်း အားဖြင့် လူနည်းစုဆိုင်ရာ စာပေအသွင်မှ လူများစုဆိုင်ရာ စာပေအသွင်သို့ ကူးပြောင်းလာခဲ့ပါသည်။   ဤအတွင်း လွတ်လပ်ရေးကြိုးပမ်းမှု အရေးတော်ပုံများ ပေါ်ပေါက်လာကာ ဝံသာနုစိတ်ဓာတ်များပျံ့နှံ့လာ ခဲ့ပါသည်။ နိုင်ငံခြားစာပေ လေ့လာမှုသည်လည်း ကျယ်ပြန့်လာပါသည်။ မြန်မာတို့၏ လွတ်လပ်ရေး ကြိုပမ်း မှုနှင့် နိုင်ငံခြားစာပေ လေ့လာမှုတို့ ကျယ်ပြန့်လာသည်နှင့်အမျှ မြန်မာစာပေ သည်လည်း တဆင့်တိုးတက် ကျယ်ပြန့်လာခဲ့ပါသည်။ ဤတွင် မြန်မာကလေးလူငယ် သုတစာပေ သည်လည်း တဆင့် တိုးတက်ကျယ်ပြန့် လာသည်ဟု ဆိုနိုင်ပါသည်။

ကိုလိုနီခေတ် မြန်မာကလေးလူငယ် သုတစာပေတွင် လယ်တီဆရာတော်ဘုရား၏ “သုံးလူ့ ရှင်ပါင်” အစချီ ကဗျာသည် လွန်စွာ သြဇာ ကြီးမားလှပါသည်။

သုံးလူ့ရှင်ပင်၊ ကျွန့်ထိပ်တင်
သောင်းခွင်စင်္ကြ၀ဠာ။
နတ်ဗြဟ္မာတို့၊
ညီညာရုံးစု၊ တောင်းပန်မှုကြောင့်၊
ရတုနဂို၊ ရွှန်းရွှန်းစိုသည်၊
ဝါဆိုလပြည့်၊ ကြွက်မင်းနေ့ဝယ်၊
ချမ်းမြေ့ကြည်ဖြူ၊ သန္ဓေယူသည်၊
နတ်လူငြိမ်းဘို့၊ ကိန်းပါကို။
အစချီလျက် လယ်တီဆရာတော်က ဗုဒ္ဓ၏ ဖြစ်တော်စဉ်များကို ဖွားမြင်သည်မှ ပရိနိဗ္ဗာန် စံတော်မှုသည် အထိ ပြောင်မြောက်စွာ ဖွဲ့ဆိုထားပါသည်။ ယနေ့တိုင် ဆန်းသစ်ဆဲဖြစ်ပါသည်။

ထိုခေတ်ကလေးလူငယ် သုတစာပေတွင် ဦးရွှေကြူးနှင့် ဆရာလင်းတို့ ပြုစုသော ဒေါင်းတံဆိပ် ဖတ်စာများ သည်လည်း ထင်ရှားပါသည်။ ဦးရွှေကြူးနှင့် ဆရာလင်းတို့သည် ပထမတန်းမှ ဆဋ္ဌမတန်း အထိ ဒေါင်းတံဆိပ်ဖတ်စာ ခြောက်အုပ် ပြုစုခဲ့ပါသည်။ ဤဖတ်စာများ၌ ရသစာပေတွင် အကျုံးဝင်သော ပုံပြင်ကဗျာများသာမက သုတဆိုင်ရာ စာများကိုလည်း တန်ဖိုးထား ဖော်ပြခဲ့ပါသည်။ ထိုဖတ်စာများ တွင် မော်တော်ကားအကြောင်း၊ ဓာတ်ရထားအကြောင်း၊ လေယာဉ်ပျံအကြောင်း၊ ဥတု သုံးပါးအကြောင်း၊ နံနက်ချိန်နှင့် ညနေချိန်အကြောင်း၊ ပျားများအကြောင်း၊ ခြင်အကြောင်း၊ ခြေလက် အင်္ဂါ လှုပ်ရှားခြင်းဖြင့် ကျန်းမာခြင်းအကြောင်း၊ ပင်လယ်ရေငန်အကြောင်း၊ သင်္ကြန် အကြောင်း၊ ကဆုန်ညောင်ရေသွန်းပွဲတော် အကြောင်း၊ စက္ကူလုပ်နည်းအကြောင်း၊ ကျောက်ချဉ် လုပ်နည်း အကြောင်း၊ အပင်များအကြောင်း၊ အရွက်များအကြောင်း၊ စပါးစိုက်ပျိုးခြင်း အကြောင်း၊ ကျန်စစ်သား အကြောင်း၊ မင်းတုန်းမင်း အကြောင်း၊ ယောအတွင်းဝန် ဦးလှိုင်အကြောင်း၊ ရန်ကုန်မြို့ အကြောင်း၊ မန္တလေးမြို့အကြောင်း စသည်ဖြင့် ဝိဇ္ဇာပညာရပ် ဆိုင်ရာသုတနှင့် သိပ္ပံပညာရပ်ဆိုင်ရာ သုတမျိုးစုံ ပါရှိသည်ကို တွေ့ရပါသည်။ ယင်းသုတစာတို့ကို ရေးသားရာ၌ လွယ်ကူးရှင်းလင်းသော စကားပြေဖြင့် ရေးသားထားသည်ဖြစ်ရာ ထိမိ ပြောင်မြောက်လှပါသည်။ ကလေးလူငယ်များနှင့်လည်း လိုက်လျော ညီထွေရှိပါသည်။

ပုံစံအားဖြင့် စတုတ္ထတန်း ဖတ်စာ၌ ဖော်ပြထားသည့် မီးတောင်အကြောင်း သုတစာမှ စာတပိုဒ်ကို တင်ပြလို ပါသည်။ မီးတောင်ဟူသည် မီးလျှံမီးခိုး ထလျက်ချော်ရည်ချော်မြှုပ် တို့ထွက်သော တောင်ဖြစ်သတည်း။ မီးတောင်တို့သည် တိုက်ကြီး ကျွန်းကြီးတို့ အတွင်းတွင် ပင်လယ်မှ ဝေးကွာသော အရပ်၌ ရှိခဲ့သည်။ ယခုတွေ့မြင်ရသော မီးတောင်တို့သည် ပင်လယ်သမုဒ္ဒရာ ကမ်းခြေ၏ အနီးအပါး အရပ်တို့၌ တည်ရှိကြ၏။ ဤကမ္ဘာလောကဓာတ်၌ မီးတောင်တို့သည် မည်ရွှေ့မည်မျှရှိသည်ဟု ရေတွက်ခြင်းငှာမ စွမ်းနိုင်လောက်အောင် ပေါများကုန်၏။ + + + မြန်မာပြည်၌ မီးလျှံမီးခိုးမထွက်၊ ငြိမ်သက် ရပ်နားလျက်၊ လှုပ်ရှားထကြွခြင်း မရှိသော မီးငြိမ်းတောင် တလုံးရှိ၏။ ထိုတောင်သည်ကား မြင်းခြံ နယ်ရှိ ပုပ္ပားတောင်ပင် တည်း။ ထိုတောင်သည် မူလက မီးတောင်ဖြစ်ခဲ့ဘူးကြောင်း သက်သေခံမှာ ယင်းတောင်ထိပ်၌ ခွက်ကြီးကဲ့ သို့သော အပေါက်ဝသည် ယခုထက်တိုင် ရှိသေးသည့်ပြင် လွန်လေ ပြီးသော နှစ်ပေါင်းများစွာက ဤ အပေါက်ဝမှ ချော်ရည်ပူ စီးထွက်ခဲ့ဘူးကြောင်းကို ယခုအခါ၌ပင်လျှင် ကြည့်ရုံမျှနှင့် သိသာလောက်သော လက္ခဏများ ရှိသေးသည်။

ဒေါင်းတံဆိပ် ဖတ်စာများ ပေါ်ထွက်ပြီးနောက် အသစ်ပေါ်ထွက်လာသော ဆရာကြီး ဦးဖေမောင်တင် ၏ မြန်မာဖတ်စာများသည်လည်း ကလေးလူငယ်စာပေတွင် အကျုံးဝင်ပါသည်။ ဦးဖေမောင်တင်၏ ဖတ်စာများမှာ ပုံပြင်၊ ဝတ္ထုဖြစ်သော ရသစာပေကို အလေးကဲ ဖော်ပြပါသည်။ ဒေါင်းတံဆိပ် ဖတ်စာများမှာမူ ရသစာပေထက် သုတစာပေကို အလေးကဲဖော်ပြပါသည်။ မည်သို့ ပင်ဖြစ်စေ ဦးဖေမောင်တင်၏ ဖတ်စာများတွင် သုတစာများ ပါသင့်သလောက် ပါရှိပါသည်။ ပါရှိသည့် သုတစာတို့မှာ လည်း ကောင်းမွန်ထိမိလှပါသည်။

ပုံစံအဖြစ် ပဉ္စမတန်း မြန်မာဖတ်စာ၌ ပါရှိသော “လူဝီပါစတား” အကြောင်း ရေးသားချက်မှ စာပိုဒ်အချို့ကို တင်ပြလိုပါသည်။ ထိုစာ၏ ခေါင်းစဉ်ကို “ပြင်သစ်လူမျိုးကြီး တယောက်” ဟူ၍ ဖော်ပြပြီးလျှင် ဤသို့ ထိမိစွာ ရေးသားတင်ပြထားပါသည်။

မြန်မာလူမျိုးများအနက် တိုင်းပြည်၏ အကျိုးကိုအများဆုံး ဆောင်ရွက်သော သူကို ရွေးချယ် ရမည်ဆိုလျှင် သင်သည် မည်သူအား ရွေးချယ်မည်နည်း။ တိုင်းပြည်အတွက် မည်သည့် ဆောင်ရွက် ခြင်းများကို အခြေခံပြု ၍ ရွေးချယ်မည်နည်း။ - - - လွန်ခဲ့သော နှစ်အနည်းငယ်က ပြင်သစ်ပြည်၏ ကောင်းကျိုးကို အများဆုံးဆောင်ရွက်သူ ရွေးချယ်ကြပါဟူ၍ ကြေညာခဲ့လေသည်။ မည်သူ အားရွေးချယ်ကြသည်ဟု သင်ထင်သနည်း။ စစ်သူကြီး နပိုလီယံအား ရွေးချယ်ကြလိမ့်မည်ဟု ထင်ကောင်း ထင်ပေလိမ့်မည်။ စင်စစ်သော်ကား၊ ပြင်သစ်သားတို့ စိတ်၌ မိမိတိုင်းပြည်၏ ကောင်ကျိုးကို အများဆုံး ဆောင်ရွက်သူဟူ၍ မှတ်ပိုက်ရွေးချယ်ခြင်း ခံရသူမှာ ထင်ရှား ကျော်စော သော ဆေးနှင့် ဓာတ်ခွဲဆရာကြီး လူဝီပါစတားပင် ဖြစ် ၏။ နပိုလီယံ အရေးတော်ပုံတွင် ကျဆုံး ကြသူများ၏ ဦးရေမျှ မကသော အသက်ပေါင်းကို ဆရာကြီး ပါစတားက ကယ်ဆယ် ခဲ့လေသည် ဟူ၍ပင် ဥဒါန်းတွင်ခဲ့လေသည်။

ထိုခေတ် ကျောင်းသုံးစာအုပ်များတွင် ဦးဖိုးကျား၏ သမိုင်းစာအုပ်များမှာလည်း များစွာ ထင်ရှားပါသည်။ ဦးဖိုးကျား၏ မြန်မာ့ဂုဏ်ရည် ရာဇဝင် ဖတ်စာ၊ မြန်မာ့ဂုဏ်ရည် သူရဲကောင်းများ၊ ခေတ်မှီမြန်မာ ရာဇဝင်အကျဉ်း  စသော စာအုပ်များကို ထိုခေတ် မြန်မာ ကလေးလူငယ်များစွာ နှစ်သက်မြတ်နိုးကြပါသည်။ ထိုစာအုပ်များသည် ထိုခေတ် ကလေးလူငယ်များအပေါ် များစွာ သြဇာ ညောင်းခဲ့ပါသည်။

ဦးဖိုးကျားက “ကျွန်ုပ်သည် ငွေကြေးအမြတ်အစွန်းကို သဘောမထားပါ။ ကျောင်းသား သူငယ်စသော သူတို့သည် အပြစ်ကင်းစင် ကောင်းမြတ်သော ဇာတိမာန် တက်ကြွ၍ စိတ်ထား စိတ်နေ မြင့်မြတ် ကြပြီးကာ လောကီလောကုတ္တရာ အကျိုးများကို ဆောင်ရွက် ပြည့်စုံကြလျှင်ပင် အကျွန်ုပ်မှာ အလွန်ကျေနပ် ဝမ်းမြောက်လှပြီ ဖြစ်ပါကြောင်း” ဟူ၍ဆိုကာ လွတ်လပ်ရေး ကြိုးပမ်းမှုတွင် အထောက်အကူ ဖြစ်စေမည့် သမိုင်းဆိုင်ရာ သုတများကို ရေးသားခဲ့ပါသည်။ စေတနာကလည်း မွန်မြတ်၍ အရေးအသားကလည်း ထူးချွန်သဖြင့် ထိုခေတ် မြန်မာကလေး လူငယ်များအတွက် များစွာ အကျိုး ဖြစ်ထွန်းခဲ့ပါသည်။

ဦးဖိုးကျားက သူ၏ခေတ်မှီ ရာဇဝင်အကျဉ်း၌

အမောင်တို့၊ ယခုငါတို့နေရာ မြန်မာနိုင်ငံ၏ ရာဇဝင်ကို ငါသည် ပြောကြားပေအံ့။ ငါတို့နေရာ မြန်မာနိုင်ငံသည် စည်ပင်ပြန့်ပြော နှစ်သက်မြတ်နိုးအပ်သော နိုင်ငံတည်း။ ထိုနိုင်ငံ၏ အဖြစ် အပျက်ရာဇဝင်ကို ဖတ်ရှု သင်ကြားလေ့ကျက်ရာ၌ မကောင်းကိုပယ်၊ အကောင်းကိုတိုးတက် ပြုပြင် နိုင်ကြ ရန် ဖြစ်၏။ ဟူ၍ အဖွင့်စကားဆိုကာ ရေးသားခဲ့ပါသည်။ ရေးသားရာ၌ အလွန်ထိမိပိုင်နိုင်လှပါသည်။ ယိုးဒယားကို ဘုရင့်နောင် ချီတက်တိုက်ခိုက်ပြီး အောင်မြင်သည်နှင့် ပတ်သက်၍ ရေးသားထားပုံကို ပုံစံအဖြစ် တင်ပြလိုပါသည်။ ဘုရင့်နောင်သည် ယိုးဒယားကို အောင်မြင်ပြီးနောက် ဟံသာဝတီ နေပြည်တော် သို့ အောင်တပ်ချီလျက် ပြန်လာခဲ့ပါသည်။ ဤသို့ အောင်တပ်ချီပြန်လာရာတွင် စစ်ပွဲ၌ ရရှိသော ပစ္စည်းများ ကိုလည်းကောင်း၊ သုံ့ပန်းများကိုလည်းကောင်း ခေါ်ဆောင်လာခဲ့ပါသည်။ ယင်းသို့ အောင်တပ်ချီလာပုံကို ဦးဖိုးကျားက ရေးသားသည်မှာ ဤသို့ ဖြစ်ပါသည်။

အိမ်း၊ ဤသို့ အောင်နိုင်လာစဉ်က တခမ်းတနား တခေါ်တမျှော်ကြီးဖြစ်၏။ အမောင်တို့ ရှေ့ဆုံးက ကြေး ရုပ်ကြီးများနှင့် ရွှေငွေကျောက်သံ ပတ္တမြားရတနာတို့ အပြည့်ပါသော လှည်းပေါင်း များစွာလည်းကောင်း၊ ထို့နောက်က တောက်ပြောင် လှပစွာ တန်ဆာဆင်အပ်သော စစ်ဆင် ၂၀၀၀ ကျော်လည်းကောင်း၊ ထို့နောက်က အသရေရှိသော ရထားပေါင်းချုပ်ထက်တွင် ဘုရင့်နောင် ခြေရင်းတွင် ယိုးဒယားမှ သိမ်းယူ ခဲ့သော မိဖုယားအများတို့သည် အဖိုးတန် ရတနာတို့ကို ဆင်ယင်ကာ ခစားလိုက်ကြရကုန်၏။ ၄င်းရထားကိုလည်း သုံ့ပန်းမင်းသားများ မှူးမတ်များတို့ကိုယ်တိုင် ဆွဲကြရသော ဟူ၏။ ထိုနောက်က မြင်း သည်များ၊ ခြေသည်များ၊ အထောင်အသောင်းမကသောတပ်တို့သည်လည်းကောင်း ဤသို့ တစီတ တန်းကြီးဖြင့် အောင်စည် အောင်မောင်း တီးကာ ဟံသာဝတီမြို့တော်သို့ ဝင်ခဲ့လေသည်။ အမောင်တို့၊ ထိုအခါ ထိုအောင်ခြင်းကို မြင်ကြရကုန်သော မြန်မာတို့သည် အသို့လျှင် သွေးမကြွဘဲ ရှိတုံအံ့နည်း။

အမောင်တို့၊ မှတ်သားကြ။ ဤကား မြန်မာက ယိုးဒယားကို ပထမအကြိမ် ကြီးစွာအောင် နိုင်ခြင်းတည်း။ ထိုအောင်နိုင်ခြင်းဖြင့် ပညာအမျိုးမျိုးကို ရလိုက်ခြင်းသည် အခြားအကျိုးတို့ထက် ကြီး၏။

ထိုစဉ်က အောင်ပွဲမှ ပြန်လာပုံကို စာဖတ်သူတို့ မျက်စီ၌ ကွက်ကွက်ကွင်းကွင်း၊ မြင်လာအောင် ရေးပြနိုင် စွမ်းလည်း ရှိပါသည်။ စိတ်အားတက်ကြွဖွယ်၊ ဇာတိမာန်တက်ကြွဖွယ် ရှိအောင်လည်း ရေးပြနိုင်စွမ်း ရှိပါသည်။ ထိုစာနှင့်ပတ်သက်၍ ဉာဏ်ပညာဖြင့် ဆင်ခြင်နိုင်ဖွယ်ရှိအောင်လည်း ရေးပြနိုင်စွမ်း ရှိပါသည်။
ဦးဖိုးကျားသည် မြန်မာ့ဂုဏ်ရည် သူရဲကောင်းများ စာအုပ်တွင် မြန်မာသမိုင်းလာ လက်ရုံးရည် နှလုံး ရည်ဖြင့် ပြည့်စုံသော ဘုရင်များ၊ မင်းမှူးမတ်များ အကြောင်းသာမက အညတြ ဆင်းရဲသားများ အကြောင်းကိုလည်း ချီးကျူး ဖော်ပြထားသည်ကို တွေ့ရပါသည်။ ထူးခြားဆန်းသစ်သော စာအုပ် ဖြစ်ပါသည်။
စာအုပ်တနေရာ၌ ရဲရင့်သော အညတြ ဆင်းရဲသား တယောက်အကြောင်း ဦးဖိုးကျား တင်ပြထားသည်ကို ပုံစံအဖြစ် တင်ပြလိုပါသည်။ မြန်မာ့သမိုင်း၌ သာလွန်မင်းတရားကြီး လက်ထက် တွင် ဗညားကျန်းတောသည် ဝန်ကြီးအဖြစ် အမှူထမ်းပါသည်။ တနေ့တွင် ဗညားကျန်းတောသည် စစ်ကိုင်းဖက်ရှိ မန်ကျည်းတော တခုသို့ ရောက်ရှိပါသည်။ မန်ကျည်းရွက်နုချိန်ဖြစ်၍ ဆင်းရဲသား အများပင် မန်ကျည်းပင်ပေါ် တက်လျက် မန်ကျည်းရွက် ခူးနေကြပါသည်။ ဗညားကျန်းတောက ထိုသူ တို့အထဲတွင် ရဲရင့်သူ ပါတန်ရာသည်ဟု စုံစမ်းလိုသဖြင့် နောက်ပါ တပ်သားများအား မန်ကျည်း ရွက်ခူးသူများကို ရိုက်ချဟု ဟန်ဆောင် အမိန့်ပေးပါ သည်။ သူ့အမိန့်သံကို ကြားသောအခါ အချို့ ဆင်းပြေးကြပါသည်။ အချို့ ဆင်းမပြေးကြပါ။ ဤတွင် ဗညားကျန်းတောက လှံနှင့်ထိုး၊ သေနတ်နှင့် ပစ်စသည်ဖြင့် ထပ်၍ ဟန်ဆောင် အမိန့်ပေးပြန်ပါသည်။ ဤတွင် တယောက်မှတပါး အားလုံး ဆင်းပြေးကြပါသည်။ တယောက်မှာမူ ဝန်ကြီးဗညားကျန်းတော၏ အပြုအမူသည် မတရား၊ မမှန်ကန် ၊အသက်အသေခံမည်ဆိုကာ မန်ကျည်းပင်ပေါ်မှ မဆင်းပဲ နေပါသည်။ ဗညားကျန်းတောက ထိုသူအား မေးမြန်းစုံစမ်းရာတွင် တရားမှုကို မြတ်နိုးသူဖြစ်ကြောင်း၊ အကယ် ရဲစွမ်းသတ္တိနှင့်ပြည့်စုံ သူဖြစ်ကြောင်း သိရှိရပါသည်။ သို့ဖြင့် ထိုသူကို ချီးမြှောက် သူကောင်းပြုခဲ့ပါသည်။

ထိုအကြောင်းကို ဦးဖိုးကျားက ရှာဖွေရွေးချယ်ပြီးလျှင် သူရဲကောင်းအဖြစ် မှတ်တမ်းတင်ကာ ဤသို့ ရေးသားဖော်ပြခဲ့ပါသည်။

သို့ရာတွင် တယောက်သော်ကား ကျန်ရစ်၏။ ဤတယောက်မူကား ဤဝန်ကြီးသည် ငါတို့ ဆင်းရဲသားများ အား မတရားပြုလုပ်သည်။ ဤမတရားသူ၏ စကားကို ငါနားမထောင်၊ သတ်သော် သေပစေဟု မဆင်းဘဲ ရဲရင့်တည်ကြည်စွာ နေလေ၏။

ထိုအခါမှ ဗညားကျန်းတောက အသင်ဆင်းရဲသား၊ အဘယ်ကြောင့် မဆင်းသနည်း။ အသက်သေမည်ကို မကြောက်သလောဟု မေးရာတွင် အရှင်ဝန်မင်းကြီးကို ဘုရင်က ခန့်ထားသည်မှာ တိုင်းရေးပြည်ရာအတွက် ကြည့်ရှုလျက်၊ ခိုးသားထားပြများကို စီရင်ရန်သာ ခန့်ထားသည်။ မန်ကျည် ရွက် ခူးစားရှာသော ဆင်းရဲသားများကို ညှဉ်းဆဲကလူပြု၍ အာဏာပြရန်မဟုတ်။ ယခု အရှင်ဝန်မင်းကြီး ပြုလုပ်ပုံမှာ ဝတ်တ ရားနှင့်မညီ။ တရားသည် မထင်ပါ၊ သို့ကြောင့် နားမထောင်ဘဲ အသက် အသေခံတော့မည်ဟု ကျွန်ုပ်မဆင်း မပြေးဘဲ နေပေသည်ဟု ပြန်လျှောက်လေ၏။ ဝန်မင်းကြီးလည်း ပြုံးရယ်လျက် ငါသည် သင်တို့၏ အရည် အခြင်းသတ္တိကို စုံစမ်းခြင်းသာ ဖြစ်သည်။ သင်ကဲ့သို့ အရည်အခြင်း သတ္တိနှင့် ပြည်စုံသူသည် အချည်းနှီး မဖြစ်တန်စကောင်းဟု ဆိုပြီးသော် ဆုလပ် အဝတ်အစားပေး၍ ချီးမြှောက်သူကောင်း ပြုလေသည်။

အညတြဆင်းရဲသား၏ သတ္တိမှာ လေးစားဖွယ်ဖြစ်၍ ထိုသတ္တိကို လေးစားသော ဝန်ကြီး ဗညားကျန်းတော၏ စိတ်ဓာတ်မှာလည်း လေးစားဖွယ်ဖြစ်ပါသည်။ ဤသို့ လေးစားဖွယ်ပုဂ္ဂိုလ်များအကြောင်း တင်ပြခြင်း သည် မြန်မာလူငယ်တို့အတွက် ဆီလျော်ပါပေသည်။ ထိုပုဂ္ဂိုလ်များ အကြောင်း တင်ပြရာ၌ ထိမိအောင် ရေး သားတင်ပြနိုင်သော ဦးဖိုးကျား၏ အရေးအသားသည်လည်း လေးစား လောက်ပါပေသည်။

ထိုခေတ် ကျောင်းသုံး စာအုပ်များတွင် ဦးခ၏ ချွေတာခြင်း စာအုပ်သည်လည်း ထူးခြားသော စာအုပ်ဖြစ်ပါ သည်။ မူလက ယင်းသည် မြန်မာကလေး လူငယ်များအတွက် သီးခြား ထုတ်ဝေခဲ့သော စာအုပ်ဖြစ်ပါသည်။ ထူးခြားကောင်းမွန်သဖြင့် ကျောင်းသုံးစာအုပ် ဖြစ်လာခဲ့ပါသည်။

ကလေးလူငယ် သုတစာပေဆိုင်ရာ ကျောင်းသုံးစာအုပ်များကို တင်ပြပြီးနောက် ကလေးလူငယ် သုတ စာပေဆိုင်ရာ သီးခြားစာအုပ်များကို ဆက်လက် တင်ပြလိုပါသည်။ ကျောင်းသုံးစာအုပ် မဟုတ်သော်လည်း ထိုခေတ် ကလေးလူငယ်များ အမြတ်တနိုးဖတ်ရှု၍ အထူးသြဇာရှိသော စာအုပ်များ အများအပြား ရှိခဲ့ပါသည်။ ယင်းတို့တွင် ဆရာကြီး မီမိုးနင်း၏ ကိုယ့်ဒူးကိုယ်ချွန်၊ အောင်စိတ်နှင့် မနောမယိဒ္ဓိ၊ လူစွမ်းလူစ၊ ထူးချွန်ရေး၊ ဘဝတိုက်ပွဲ၊ သမီးဂုဏ်ရည်၊ သားဂုဏ်ရည်စသော စာအုပ် များသည် ထိပ်တန်းက ပါဝင်ပါသည်။ ဆရာကြီးပီမိုးနင်း၏ ထိုစာအုပ်များကို လူငယ်များအမြတ်တနိုး ဖတ်ရှုခဲ့ကြပါသည်။ ဖတ်ရှုသူတို့ လေး စားမြတ်နိုးခြင်း ခံရလောက်အောင်လည်း ဆရာကြီးပီမိုးနင်း၏ စာအုပ်များမှာ ခေတ်မီတိုးတက်သော ပညာဗဟုသုတ အတွေးအခေါ်များပါ၍ တန်ဖိုးရှိလှပါပေသည်။

ပုံစံအဖြစ် ဆရာကြီး ပီမိုးနင်း၏ တသက်အတွင်းရရှိသော အချိန်သည် မများလှပေ။ ဥပမာ အသက်ခြောက် ဆယ်နေသူမှာ နှစ်ပေါင်း ၂၀ က အိပ်ရာ၌ ကုန်လွန်၏။ တိုတောင်းသောသက်တမ်း၌ နှစ်ပေါင်း ၂၀ ကို အိပ်၍ပစ်ကြ၏။
စားသောက်ခြင်းအတွက် ၃ နှစ်ကျော်ကုန်၏။ စားပွဲ၌ စားသောက်ရာတွင် ပွဲရံအပြောင်းအလဲများ စောင့် ဆိုင်းရသောအချိန်က ၉ လခန့် ကုန်၏။ အလုပ်အတွက် ၁၇ နှစ်ခွဲမျှ အချိန်ကိုရ၏။ အပျော်အပါး အတွက် ၇- နှစ်ခွဲခန့်ကုန်၏။ လမ်းလျှောက်ခြင်း၊ ကစားခြင်းအတွက် ၆ နှစ်နှင့် ၇ လခန့်ကုန်၏။ ဝတ်စားဆင်ယင်ရေး အတွက် ၂ နှစ်ခွဲခန့် ကုန်၏။ တစုံတရာမျှ မလုပ်ဘဲ နေသော အချိန်က ၂ နှစ်ခွဲခန့်ရှိ၏။

သို့ဖြစ်လေရာ ထိုမျှလောက် နည်းသောအချိန်ကို သေချာစွာစဉ်းစားလျှင် လွန်စွာ နှမြောဘို့ ကောင်းလေ သည်။ မည်သူမဆို နာရီကို ဆောင်သင့်၏။ နာရီစက်သံကြားတိုင်း သွားပြီ၊ သွားပြီ၊ လွန်ပြီ၊ လွန်ပြီ ဟူသော အကြောင်းကို သတိရကာ နှမြောရမည်။

သွားသော အချိန်တို့သည် ပြန်၍ မလာတော့ပေ၊ တနေ့ပြီးတနေ့ မိမိကိုယ်တိုင် စစ်ဆေးရမည်။ ငါမနေ့က အချိန်အဘယ်မျှ ဖြုန်းခဲ့ပါသလဲ။ မနေ့က ဖြုန်းခဲ့သော အချိန်များကို ယနေ့ ငါပြန်ဖာမည်၊ ဖြည့်မည်။ တခုခုရအောင်လုပ်မည်။ ပညာလား၊ ဥစ္စလား၊ အဘယ်အရာကို ငါရအောင်လုပ်ရမလဲ ဟူ၍လည်း သို့လော သို့လော တွေးတောခြင်း ပြုရမည်။ အချိန်သည် ထပ်၍မကုန်ရအောင် အားလပ် သော အချိန်ဟူသမျှ၌ ဘာကိုလုပ်မည်၊ ဘယ်စာကိုဖတ်မည်ဟု အသင့်စီမံပြီး ဖြစ်စေရမည်။

ဆရာကြီးပီမိုးနင်း၏ စာအုပ်များနည်းတူပင် ဆရာဦးပဂျီငို၏ ကြီးပွားချမ်းသာရေးစာအုပ်၊ ဆရာဒဂုန် နတ်ရှင်၏ ခြင်္သေ့စိတ်စာအုပ် စသည်တို့သည်လည်း ထိုခေတ်လူငယ်များအား မျက်စိဖွင့် ပေးခဲ့ပါသည်။

ထိုခေတ်၌ ထွက်ပေါ်သော လူငယ်သုတစာပေဆိုင်ရာ စာအုပ်များထဲမှ နဂါးနီထုတ် စာအုပ် နှစ်အုပ်ကို တင်ပြလိုပါသည်။ ယင်းတို့မှာ ဆရာဇေယျ ဘာသာပြန်သော လူနှင့် မိုးကြိုးရေးသော ဂျိုဆေရီဇော် စာအုပ်တို့ ဖြစ်ပါသည်။ နဂါးနီစာအုပ်များသည် သြဇာကြီးမားလှပါသည်။ ယင်းတို့သည် ထိုခေတ် မြန်မာလူငယ်တို့၏ မျိုးချစ်စိတ်ကို နိုးကြားစေသည်သာမက ကမ္ဘာ့နိုင်ငံရေး ဗဟုသုတများ ကိုလည်း ပေးစွမ်းနိုင်ခဲ့ပါသည်။

ဆရာဇေယျ ဘာသာပြန်ဆိုသော လူမှာ ကမ္ဘာကျော် စာရေးဆရာကြီး ဟင်းဒရစ်ဗန်လွန်း ရေးသော “လူအကြောင်း”အမည်ရှိ ကမ္ဘာ့သမိုင်းစာအုပ်ကို ဘာသာပြန်ဆိုသော စာအုပ်ဖြစ်ပါသည်။ ပထမတွဲသာ
၁။မှတ်ချက်။      ။ ဆရာကြီး သခင်ဘသောင်းရေးသော စာအုပ်ဖြစ်သည်။ ထိုစဉ်က နယ်ချဲ့အစိုးရက ဆရာကြီး သခင်ဘသောင်းအား နိုင်ငံရေးပြစ်မှုဖြင့် ထောင်ချထားသောကြောင့် မိုးကြိုးကအမည်ခံ၍ ထုတ်ဝေခြင်း ဖြစ်သည်။

၂။Hendrik Van Loon

၃။The Story of Mankind

ပြန်ဆိုထုတ်ဝေနိုင်ခဲ့ပါသည်။ အစအဆုံး ပြန်ဆိုထုတ်ဝေခြင်း မပြုနိုင်ခဲ့ပါ။ မူရင်းစာအုပ်မှာ ဂျာမန်၊ ပြင်သစ်၊ တရုတ် ၊ဂျပန်၊ အိန္ဒိယ၊ ရုရှ၊ စပိန်၊ အီတလီ၊ ဂရိ စသည် ဘာသာပေါင်း ၂၀ ကျော်ဖြင့် ပြန်ဆိုခြင်းခံရသော စာအုပ်ထူး ဖြစ်ပါသည်။ ကမ္ဘာ့သမိုင်းကို ကလေးလူငယ်များ စိတ်ဝင်စားမှုရှိ အောင် ပြောင်မြောက်စွာ ရေး သားသော စာအုပ်ဖြစ်ပါသည်။

မိုးကြိုး၏ ဂျိုဆေရီဇော် စာအုပ်မှာ ထိုခေတ်လူငယ်များ ရင်၌စွဲခဲ့သော စာအုပ်ဖြစ်ပါသည်။ ဂျိုဆေရီဇော်သည် ဖိလစ်ပိုင် လွတ်လပ်ရေး အာဇာနည် ဖြစ်ပါသည်။ သူသည် ဆရာဝန်ဖြစ်သည် သာမက ကဗျာဆရာနှင့် ဝတ္ထုရေးဆရာလည်း ဖြစ်ပါသည်။ ထိုစဉ်က ဖိလစ်ပိုင် နိုင်ငံသည် စပိန် လက်အောက်တွင် ကျရောက်နေရာ ရီဇော်သည် လွတ်လပ်ရေးတိုက်ပွဲတွင် ထိပ်ဆုံးက ပါဝင် ခဲ့ပါသည်။ ရီဇော်က နိုင်ငံ လွတ်မြောက်ရေးအတွက် စာအုပ် ခုနစ်အုပ်ရေးမည်။ ခုနစ်အုပ်ရေး၍မှ နိုင်ငံ မလွတ်လပ်သေးလျှင် မိမိကိုယ်မိမိ အဆုံးစီရင်မည်ဟုဆိုကာ စာအုပ်များ ရေးခဲ့ပါသည်။ နှစ်အုပ် ရေးအပြီးတွင် စပိန်အာဏာပိုင်တို့က ရီဇော်ကို ဖမ်းဆီးကာ သေနတ်ဖြင့် ပစ်သတ် လိုက်ကြပါသည်။ ရီဇော်အသတ်ခံရပြီး မကြာမီပင် ဖိလစ်ပိုင်ပြည်သူတို့သည် စပိန်များကို တော်လှန်ကာ လွတ်လပ် ရေးကို အရယူခဲ့ကြပါသည်။ ထိုစာအုပ်ကို မြန်မာလူငယ်များ ဖတ်ရှုကာ လွတ်လပ်ရေးအတွက် အသက်ပေးလိုသော စိတ်ဓာတ်များ တဖွားဖွား ပေါ်ပေါက်ခဲ့ကြပါသည်။ ကိုလိုနီခေတ် ကလေးလူငယ် စာပေတွင် ထူးခြားသော သုတစာပေ စာအုပ်ကောင်း စာအုပ်ထူးအဖြစ် မှတ်တမ်း တင်သင့်ပါသည်။

ကိုလိုနီခေတ်တွင် ကလေးလူငယ်ဆိုင်ရာ စာအုပ်များသာမက ကလေးလူငယ်စာစောင်များ၊ သတင်းစာများလည်း ပေါ်ထွန်းခဲ့ပါသည်။ ယင်းစာစောင်၊ သတင်းစာများတွင် သုတစာများလည်း ဝေဝေ ဆာဆာ ပါရှိပါသည်။

ကလေးလူငယ်ဆိုင်ရာ စာစောင်တို့တွင် “မြန်မာပြည်သား မဂ္ဂဇင်း” သည် ရှေးအကျဆုံး ဖြစ်သည်ဟု ဆိုပါသည်။ ထိုမဂ္ဂဇင်းကို တာဝန်ယူတည်ထောင်ထုတ်ဝေသူမှာ အင်္ဂလိပ်လူမျိုး မစ္စတာကင့်ဖြစ်ပါသည်။ Mr. Kinch မစ္စတာကင်သည် မြန်မာပြည် စကောက်မင်းကြီးလည်းဖြစ်၍ ပန်းချီဝါသနာရှင် တဦးလည်း ဖြစ်ပါ သည်။ ၁၉၁၈ ခုနှစ်တွင် မြန်မာပြည် ပန်းချီအသင်းကို တည်ထောင်၍ မြန်မာလူငယ်များကို ပန်းချီပညာ သင်ကြားပေးခဲ့သူလည်း ဖြစ်ပါသည်။ သူ၏တပည့်များတွင် ဦးဘဉာဏ်၊ ဦးဘဇော်၊ ကာတွန်း ဦးဟိန်စွန်း စသူတို့ ပါဝင်ပါသည်။ ဦးဘဇော်နှင့် ဦးဘဉာဏ်ကို ဘိလပ်သို့ ပန်းချီ ပညာတော်သင်လွှတ်ရန် တိုက်တွန်းခဲ့သူမှာ မစ္စတာကင့် ဖြစ်သည်ဟု ဆိုပါသည်။ မစ္စတာကင့်၏ “မြန်မာပြည်သား” စာစောင်တွင် ကလေးလူငယ် သုတစာပေဆိုင်ရာ ဆောင်းပါများ အများအပြား ပါဝင်သည်ဟု ဆိုပါသည်။ ၁၉၂၇ ခုနှစ်တွင် မစ္စတာကင့်အား စကောက်မင်းကြီးအဖြစ်မှ ရှမ်းပြည်နယ် မင်းကြီးရာထူးသို့ ခန့်ထားလိုက်သဖြင့် “မြန်မာပြည်သား” မဂ္ဂဇင်းလည်း ရပ်စဲသွားခဲ့သည်ဟု ဆိုပါ သည်။

ထို့နောက် ၁၉၃၇ ခုတွင် သမာဓိ ဦးညီညီက ကလေးလူငယ်များအတွက် ကာတွန်းရုပ်စုံ စာစောင်ထုတ်ဝေခဲ့ပါသည်။ ထိုကာတွန်း ရုပ်စုံစာစောင်၌ ဗလကြီး၊ ဒေါ်အိုဇာ၊ သမိန်ဘရမ်း၊ ကိုပူစီ မပူစီ စသော ကာတွန်းဇာတ်လမ်းများအပြင် သုတစာများလည်း ပါဝင်သည်ဟု ဆိုပါသည်။

၁၉၄၀ ပြည့်နှစ်တွင် ကျောင်းသား သတင်းစာဟူ၍ ပေါ်ထွက်လာခဲ့ပါသည်။ အယ်ဒီတာမှာ ဒေါ်မမခင်ဖြစ်ပါ သည်။ စတင် စမ်းသပ်ထုတ်ဝေစဖြစ်၍ နေ့စဉ်မထုတ်နိုင်ပဲ ကြာသပတေးနေ့တိုင်း အပတ်စဉ် ထုတ်ဝေခဲ့ပါ သည်။ ကျောင်းသားသတင်းစာမှာ သုတစာတို့ ဝေဝေဆာဆာ ပါရှိပါသည်။ ကမ္ဘာ့သူရဲကောင်းများ အကြောင်း၊ ကမ္ဘာ့မြေပုံအခန်း၊ လောကဓာတ်အခန်း စသည်ဖြင့် ဝိဇ္ဇာ သိပ္ပံဆိုင်ရာ သုတစာများ ပါရှိခဲ့ပါသည်။

ဤကား ကိုလိုနီခေတ် မြန်မာကလေးလူငယ် သုတစာပေကို တစေ့တစောင်း လေ့လာ ချက်ဖြစ်ပါသည်။ ကိုလိုနီခေတ်ပင် ဖြစ်လင့်ကစားလွတ်လပ်ရေးစိတ်ဓာတ်များ နိုးကြားတက်ကြွခြင်း ကြောင့် လည်းကောင်း၊ နိုင်ငံခြားစာပေနှင့် ဗဟုသုတတို့ကို ကျယ်ပြန့်စွာ လေ့လာမှုရှိခြင်းကြောင့် လည်းကောင်း ထိုခေတ်ကလေးလူငယ် သုတစာပေမှာ တစတစ တိုးတက်လာသည်ဟု ဆိုနိုင် ပါသည်။ ထိုခေတ်တွင် ကလေးလူငယ် သုတစာပေကို ရေးရာ၌ ကဗျာပုံစံဖြင့်  ရေခြင်းထက် စကား ပြေပုံစံဖြင့် ရေးခြင်းကို ဦးစားပေးလေ့လာကြောင်း တွေ့ရပါသည်။ အကြောင်းအရာများမှာလည်း စုံလင်၍ ဆန်းသစ်လာသည်ဟု ဆိုနိုင်ပါသည်။ ဆက်လက်၍ ခေတ်သစ် မြန်မာကလေးလူငယ် စာပေကိုတင်ပြလိုပါသည်။

ခေတ်သစ် ကလေးလူငယ်စာပေ
လွတ်လပ်ရေးရရှိပြီး ပြည်သူလူထုမှာ အထူးအမြင်ကျယ်လာ၍လည်းကောင်း၊ မြန်မာစာပေ တိုးတက်ရေး ကို ပြည်သူလူထုနှင့်အတူ အစိုးရကပါ လက်တွဲဆောင်ရွက်လာ၍လည်းကောင်း ခေတ်သစ် မြန်မာစာပေမှာ အရည်အချင်းရော အရေအတွက်ပါ တိုးတက်ကျယ်ပြန့် လာခဲ့ပါသည်။ ခေတ်သစ်တွင် စာရေးဆရာ ဦးရေမှာ ကိုလိုနီခေတ်ထက် ၁၀ ဆမက တိုးတက်များပြားလာပါသည်။ ထုတ်ဝေသော စာစောင်၊ စာအုပ် အမျိုးအစားမှာလည်း ၁၀ ဆမက တိုးတက်များပြားလာပါသည်။ စာဖတ်သူဦးရေလည်း တရှိန်ထိုး တိုးတက်ပါသည်။ စာရေးဆရာများ ရေးကြသော အကြောင်း အရာများတွင် လွတ်လပ်ရေးအမြင် အသိသာ မက ပြည်ထောင်စု စည်းလုံးရေး အမြင်အသိ၊ လူတန်စား အမြင်အသိ၊ ကမ္ဘာနှင့် နှိုင်းယှဉ်သော အမြင်အသိ တို့ ပါဝင်လာခဲ့ပါသည်။ ဤတွင် ခေတ် သစ်နှင့်အညီ တိုးတက်ကျယ်ပြန့်လာသည်ဟု ဆိုသင့်ပါသည်။

ခေတ်သစ်မြန်မာကလေး လူငယ်သုတစာပေကို တင်ပြရာ၌ နှစ်ပိုင်းခွဲခြား တင်ပြလိုပါသည်။ ပထမပိုင်းမှာ လွတ်လပ်ရေးရသည့် ၁၉၈၄ ခုနှစ် မှ တော်လှန်ရေး အစိုးရ မတက်မီ ၁၉၆၂ ခု အထိ ဖြစ်ပါသည်။ ဒုတိယပိုင်းမှာ တော်လှန်ရေးအစိုးရတက်သည့် ၁၉၆၂ ခုနှစ်မှ ယနေ့အထိ ဖြစ်ပါသည်။

ခေတ်သစ် ပထမပိုင်းတွင် ကလေးလူငယ် သုတစာပေဆိုင်ရာ ကျောင်းသုံးစာအုပ်အချို့ကို တင်ပြလိုပါသည်။ ထိုစဉ်က ထင်ရှားသော သုတစာပေဆိုင်ရာ ကျောင်းသုံးစာအုပ်များမှာ ဦးသိန်းဟန် (ဆရာဇော်ဂျီ) ပြုစုသော ပြည်ထောင်စု သမိုင်းပုံပြင်များ၊ ပြည်ထောင်စု သမိုင်းမှတ်တိုင်များ၊ ဦးဝန် (ဆရာမင်းသုဝဏ်) နှင့် ဦးဘတို့ ပြုစုသော မြန်မာဖတ်စာများ (သူငယ်တန်းမှ ပဉ္စမတန်း အထိ)၊ ဒေါ်စော ရင် ပြုစုသော မြန်မာ့တခွင်စသည့် စာအုပ်များ ဖြစ်ပါသည်။ ထိုစာအုပ်များမှာ စကားပြေ အရေးအသား လည်း ထူးချွန်၍ ရည်ရွယ်ချက်လည်း ကောင်းမွန်လှပါသည်။ ပညာဗဟုသုတလည်းရစေ၍ နိုင်ငံ ချစ်စိတ် ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ကိုလည်း ကိန်းအောင်စေနိုင်ခဲ့ပါသည်။

ပုံစံအဖြစ် ဦးသိန်းဟန် ပြုစုသော ပြည်ထောင်စု သမိုင်းပုံပြင်များမှ ရာဇကုမာရ အကြောင်း ရေးသားချက် ကိုရှုပါ။ ဖြစ်ရပ်အမှန်ကို အတွေးသစ်၊ အမြင်သစ်ဖြင့် ပြေပြစ်စွာ ရေးခြယ်ထားသည်မှာ လွန်စွာ ထိမိလှ ပါသည်။

“ရာဇကုမာရ မင်းသားသည် ကျန်စစ်သားမင်းကြီး၏ သားတော်ဖြစ်၍ ပုဂံပြည်ကြီး၏ ထီးမွေ နန်းမွေ ဆက်ခံထိုက်သူ ဖြစ်လေသည်။ သို့ရာတွင် ခမည်းတော် ကျန်စစ်သားမင်းကြီးသည် ပုဂံပြည်  ကြီးအတွင်း မှီတင်းနေထိုင်ကြကုန်သော ပျူလူမျိုး၊ မွန်လူမျိုး၊ မြန်မာလူမျိုးတို့ ကာလ အဓွန့်ရှည်စွာ စည်းစည်းလုံးလုံး ရှိနိုင်မည့် အရေးကို မြော်တွေးလျက် မြေးတော်သာ ထီးမွေနန်းမွေ ဆက်ခံစေဟု မိန့်တော်မူလေသည်။

ရာဇကုမာရသည် မိမိမှာ သားတော်ဖြစ်သောကြောင့် မိမိသာလျှင် ထီးမွေနန်းမွေခံထိုက် သည်ဟု ယူဆနိုင်သူဖြစ်လေသည်။ တဖန် ခမည်းတော်၏ အမိန့်ကို ငြူစူ၍ ခမည်းတော်ကို ပုန်ကန် လျှင်လည်း ပုန်ကန်နိုင်သူ ဖြစ်လေသည်။ တဖန် ရာဇကုမာရကသာ ပုန်ကန်လိုပါက ရာဇကုမာရ ဖက်သို့ ပါမည့်သူလည်း နည်းမည် မဟုတ်ပါပေ။ သို့ရာတွင် ရာဇကုမာရသည် ခမည်းတော် မင်းကြီးကိုလည်း ချစ်မြတ်နိုး၍ ခမည်းတော်မင်းကြီး၏ ဆန္ဒကိုလည်း နှစ်သက်လေးစားသူ ဖြစ်လေ သည်။ ထို့ကြောင့် ပုန်ကန်ရန် ကြံစည်ခြင်း မပြုဘဲ ခမည်းတော်မင်းကြီး ချပေးသော လမ်းစဉ်ကိုသာ လိုက်နာလေသည်။

ထို့နောက် ဦးဝန်နှင့် ဦးဘ ပြုစုသော စတုတ္ထတန်း မြန်မာဖတ်စာမှ ဒါဒို့ပြေ ဟူသော သုတစာကို ရှုပါ။ ရေးခြယ်ထားသည်မှာ ရှင်းလင်းလွယ်ကူ၍ ပြေပြစ်လှပါသည်။ မြန်မာနိုင်ငံ၏ အလှ မှာလည်း ပေါ် လွင်နေပါသည်။

ကျွန်တော်တို့ ပြည်ကို ပြည်ထောင်စု မြန်မာနိုင်ငံဟု ခေါ်ပါသည်။ ကမ္ဘာ့မြေပုံကို ကြည့်လျှင် အာရှတိုက် အရှေ့တောင်ဖက်ကျွန်းဆွယ်ကြီးတွင် ကျွန်တော်တို့ပြည်ကို တွေ့ရပါမည်။ ကျွန်တော် တို့ပြည်၏ ပုံသဏ္ဍန်မှာ အမြီးတွဲလျားချကာ ဦးလည်မော့၍ တွန်နေသော ရွှေဥဒေါင်းနှင့် တူပါသည်။

ဧရာဝတီမြစ်နှင့်သံလွင်မြစ်တို့သည် ဟိမဝန္တာတောင်တွင် မြစ်ဖျား ခံကြ၍ မြန်မာနိုင်ငံကို ဖြတ်သန်း ကာ တောင်ဖက်သမုဒ္ဒရာတွင်းသို့ စီးဝင်ကြပါသည်။

အနောက်ရိုးမ တောင်တန်း၊ ပဲခူးရိုးမ တောင်တန်း၊ ရှမ်းကုန်ပြင်မြင့်နှင့် အရှေ့ရိုးမတောင်တန်း တို့သည် မြောက်မှတောင်သို့ တန်းလျက် တည်ရှိကြပါသည်။

တောင်စဉ်တောင်တန်းနှင့် ကုန်းပြင်မြင့်တို့တွင် သစ်တော ဝါးတောကြီးများ စိမ်းလန်းစိုပြေစွာ ပေါက်ကြ သည်။ ထိုတောတို့တွင် အဖိုးတန်သော ကျွန်းပင်၊ ပျဉ်းကတိုးပင်၊ အင်ပင်၊ ကြက်ပေါင်း စေးပင် စသည်တို့ကို များစွာတွေ့ရပါသည်။ သရက်၊ ပိန္နဲ၊ ရှောက်၊ လိမ္မော်၊ ဒူးရင်း၊ မင်းဂွတ်၊ သပြေ၊ သဖန်း၊ သြဇာ၊ မာလကာ စသော သီးပင်တို့ကို စိုက်ကြပါသည်။ အလွန်းထူးဆန်း လှပသော သစ်ခွပန်း အမျိုးမျိုးလည်း ရှိကြပါသည်။ ဆင်၊ ကြံ့၊ စိုင်၊ ပြောင်၊ နွားနောက်၊ သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ဖွတ်၊ ပတတ်စသော တိရစ္ဆာန်များ နေထိုင်ကြပါသည်။ ဥဒေါင်း၊ ကြက်တူရွေး ၊ရစ်၊ သစ်တောက်ငှက်၊ တောင်ပီစူး ငှက်တို့ကဲ့သို့ အမွေးလှသော ငှက်များနှင့် ဥသြ၊ ရွှေပြည်စိုး၊ ဖိုးခေါင်၊ ငှက်ပန်းထိမ် တို့ကဲ့သော အသံသာသော ငှက်များလည်း ရှိကြပါသည်။

ဧရာဝတီမြစ်ဝှမ်းနှင့် မြစ်ဝကျွန်းပေါ် အရပ်တို့သည်ကား မြေညီမြေပြန့် အရပ်များဖြစ်ကြ ပါသည်။ ထိုအရပ်တို့တွင် စပါး၊ ပဲ၊ ပြောင်း၊ နှမ်းစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးကြ၍ လယ်ယာ ကိုင်းကျွန်းတို့ကို အများအပြား တွေ့ရပါသည်။

ကျွန်တော်တို့ပြည်တွင် ရေနံ၊ ငွေ၊ သံ၊ သံဖြူ၊ ခဲ၊ ခဲမသေစသော တွင်းထွက် သတ္တုများလည်း ထွက်ပါသည်။ ကျောက်စိမ်း၊ ပတ္တမြား၊ ပုလဲစသော အမျက်ကျောက် ရတနာတို့သည်လည်း ထွက်ပါ သေးသည်။

ထိုစဉ်က ကျောင်းသုံးစာအုပ်အဖြစ် မဟုတ်ပဲ သီးခြားပေါ်ထွက်သော ကလေးလူငယ် သုတ ဆိုင်ရာ စာအုပ်တို့တွင် ဦးမောင်မောင်စိုး၏ “ကလေးတို့၏ ထွက်ရပ်လမ်း” စာအုပ်ကိုလည်း မှတ်တမ်း တွင် ဖော်ပြသင့်ပါသည်။ ဦးမောင်မောင်စိုးမှာ ထိုစဉ်က တရားဌာန ပါလီမန် အတွင်းဝန် ဖြစ်ပါသည်။ သူသည် ကလေးတို့၏ ထွက်ရပ်လမ်း ခေါင်းစဉ်ဖြင့် မြန်မာကလေးလူငယ်များ သိသင့် သိထိုက်၊ အတုယူသင့် အတုယူထိုက်သော ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများအကြောင်းကို မှန်မှန် အသံလွှင့်ခဲ့ပါသည်။ နောင်အခါ ယင်းတို့ကို စုပေါင်း၍ ဟံသာဝတီစာအုပ်တိုက်က စာအုပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။

ထို့ပြင် ဆရာကြီး ဒဂုန်ဦးထွန်းမြင့်၏ မင်္ဂလာကဗျာများကိုလည်း မှတ်တမ်းတင် ဖော်ပြ သင့်ပါ သည်။ ၃၈ ဖြာ မင်္ဂလာမှာ မြန်မာကလေး လူငယ်များနှင့် လွန်စွာရင်းနှီးလှပါသည်။ ရှေးခေတ်မှစ၍ ယနေ့တိုင် ဆရာသမား လူကြီးမိဘများက မိမိတို့၏ ကလေးလူငယ်များကို သင်ကြား ပေးခဲ့ပါသည်။ ယင်းကို ဆရာကြီး ဦးထွန်းမြင့်က
လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့၊ မမှီဝဲနှင့် ကင်းအောင်နေ။ ပညာရှိကို အရှည်တွဲလို့၊ မှီဝဲ ဆည်းကပ်နည်းယူစေ။ သုံးပါးရတနာ မိဘများနှင့်၊ ဆရာသမားကို ပူဇော်လေ။ ချမ်းသာကိုပေး ဆက်ဆံရေး၊ မျှော်တွေးသုံးချက်ပေ။ အဲဒါမှ “ဗုဒ္ဓဝါဒ” ကမ္ဘာ့မင်္ဂလာတွေ။

အစရှိသဖြင့် ကဗျာဖွဲ့ဆို ပညာ ဖြန့်ခဲ့ပါသည်။ အထူးကောင်းမွန်လှသဖြင့် ယခုတိုင် ထင်ရှား ဆဲဖြစ်ပါသည်။
ထို့နောက် “ ရုပ်စုံဗုဒ္ဓသာသနာဝင်” ကိုလည်း မှတ်တမ်းတင် ဖော်ပြသင့်ပါသည်။ ဗုဒ္ဓ၏ ဖြစ်တော်စဉ်ကို အရှင်ဇနကာဘိဝံသကရေး၍ ပန်းချီ ဦးဘကြည်က သရုပ်ဖော် ရောင်စုံပုံများ ရေးဆွဲပါသည်။ ယင်းကို ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ရိုက်နှိပ်၍ ဗုဒ္ဓဘာသာ ကလျာဏယုဝေ အသင်းက ထုတ်ဝေဖြန့်ချီပါသည်။ ဆရာတော် အရှင်ဇဝနကဘိဝံသ၏ စကားပြေ အရေးအသား ကလည်း ပြောင်မြောက်၍ ပန်းချီ ဦးဘကြည်၏ သရုပ်ဖော် ပန်းချီ လက်ရာများကလည်း ပြောင်မြောက်လှပါသည်။ ထို့ပြင် ရိုက်နှိပ်သော ပုံနှိပ်စက်ကလည်း ကောင်းမွန်၍ ပန်းချီဆေးရောင်စုံ ပုံများမှာလည်း ရှုချင့်စဖွယ် တင့်တယ်လှပါသည်။ အလွန်တွင်ကျယ်သော စာအုပ်ဖြစ်ပါသည်။ ဤစာ အုပ်သည် မြန်မာကလေးလူငယ် သုတစာပေဆိုင်ရာ စာအုပ်လောကကို မျက်စိဖွင့်ပေးလိုက်သကဲ့သို့ ရှိပါသည်။ သုတစာပေဆိုသည်မှာ ရသစာပေနှင့်မတူပါ။ ယေဘုယျအားဖြင့် ရသစာပေလောက် စာဖတ်သူကို ဆွဲဆောင်ခြင်း မပြုနိုင်ပါ။ ဤတွင် သုတစာပေကို ပြုစုရာ၌ စာဖတ်သူတို့ ပိုမို စိတ်ဝင်စားမှုရှိစေရန် ပန်းချီ သရုပ်ဖော်ပုံများက ကူပေးရပါသည်။ ဆေးရောင်စုံပန်းချီဖြစ်ပါက များသောအားဖြင့် ပို၍ ဆွဲဆောင်မှု အားကောင်းပါသည်။ ထို့ကြောင့် တိုးတက်သော နိုင်ငံများတွင် ကလေးလူငယ်သုတစာပေကို ထုတ်ဝေရာ၌ အရေးအသားဘက်တွင် ဆွဲဆောင်မှုရှိအောင် ဂရု စိုက်ကြသည့်နည်းတူ သရုပ်ဖော်ပန်းချီ ရောင်စုံပုံများ ပါဝင်အောင်လည်း စီစဉ်ထုတ်ဝေကြပါသည်။

ထိုစဉ်က ကလေးလူငယ် သုတစာပေကို ထုတ်ဝေရာတွင် စာပေဗိမာန်သည် စံပြ ဖြစ်ခဲ့ ပါသည်။ စာပေဗိမာန်က ငှက်၊ အစာ၊ မြေဆွဲအား၊ အလင်း၊ သံလိုက်များ၊ နေ၏ကျေးဇူး၊ သိပ္ပံပြဿနာ၊ သဲကန္တာရသွား ရအောင်၊ ကျောက်စာအုပ်ကြီးစသည့် ဝိဇ္ဇာ သိပ္ပံ ဆိုင်ရာ သုတစာအုပ်များစွာတို့ကို ရုပ်ပုံများနှင့်ပူးတွဲ၍ ထုတ်ဝေခဲ့ပါသည်။ ဈေးချိုချိုဖြင့်လည်း ရောင်းချခဲ့ပါသည်။ ထို့ပြင် ယခင်က ထုတ်ဝေပြီး စာအုပ်ဟောင်းများထဲမှ ထူးခြားကောင်းမွန်သော စာအုပ်များကိုလည်း ပြန်လည် ဆန်း သစ် ထုတ်ဝေပါ သည်။ ဥပမာ ကိုလိုနီခေတ်က မစိုးမြင့် ဘီအေ၊ ဘီအက် ဘာသာပြန်ဆိုခဲ့သော “ကမ္ဘာ့ကျေးဇူးရှင်ကြီးများ” စာအုပ်မှာ အထူးကောင်းမွန်သဖြင့် စာပေဗိမာန်က ပြန်လည်ဆန်းသစ် ထုတ်ဝေခဲ့ပါသည်။ ပညာရေးဌာနက လည်း ကျောင်းသုံးစာအုပ်အဖြစ် ပြဋ္ဌာန်းပေးခဲ့ပါသည်။

ခေတ်သစ် ပထမပိုင်းကာလတွင် ကလေးလူငယ် စာစောင်များလည်း ပေါ်ထွန်းခဲ့ပါသည်။ ယင်းတို့ တွင် မြဝတီပုံနှိပ်တိုက်က ထုတ်ဝေသော “ခလေးဂျာနယ်” နှင့် မြန်မာနိုင်ငံကင်းထောက်အမျိုး သား ကောင်စီက ထုတ်ဝေသော “မြတ်လုင်” စာစောင်တို့မှာ ထင်ရှားပါသည်။ ဤစာစောင် နှစ်စောင် လုံးကပင် ကလေးလူငယ်ဆိုင်ရာ ရသစာနှင့် သုတစာများကို ဖော်ပြပါသည်။

ခလေးဂျာနယ်မှာ ကလေးလူငယ်များ အထူးနှစ်သက်၍ အထူးတွင်ကျယ်ပါသည်။ ဆရာ ဇဝန၊ ဆရာမင်းသုဝဏ်၊ ဆရာမောင်ဖြူး၊ ဦးမြတ်စိုး၊ နုယဉ်၊ ခင်မျိုးချစ်၊ ငွေတာရီ၊ ထွဏ်းနေနွယ်၊ ဌေးမောင်၊ မောင်ကျော်သာ စသော စာရေးဆရာများက ဦးဆောင် ရေးသားကြပါသည်။ ပန်းချီ ဦးငွေကိုင်၊ ပန်းချီ ဦးစိန်၊ ဗဂျီ ဦးအောင်စိုး၊ ပန်းချီ ဦးလှစိုး၊ ကာတွန်း ဦးဟိန်စွန်း၊ ကာတွန်း ဦးဖေသိန်း၊ ကာတွန်း ဦးအောင်ရှိန် စသော ပန်းချီဆရာများ၊ ကာတွန်းဆရာများ ပါဝင်ရေးဆွဲကြပါသည်။ အပြင်အဆင်မှာ ရှုမဝ၊ မြဝတီမဂ္ဂဇင်းကြီးများကဲ့သို့ ကောင်းမွန်၍ ပန်းချီ၊ ဓာတ်ပုံ၊ ကာတွန်း မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ပါသည်။ ၁၉၅၅ ခုတွင် စတင်ထုတ်ဝေခဲ့ရာ စောင်ရေ တစတစ တိုးတက်လာသော်လည်း အစီအစဉ်သစ်အရ ၁၉၆၄ ခုတွင် ရပ်ဆိုင်းခဲ့ပါသည်။

ဆက်လက်၍ ခေတ်သစ် ဒုတိယပိုင်းကာလကို တင်ပြလိုပါသည်။
ခေတ်သစ်ဒုတိယပိုင်းတွင် ကလေးလူငယ် သုတစာပေဆိုင်ရာ ကျောင်းသုံးစာအုပ်များမှ တိုးတက်ကောင်းမွန်လာသည်ကို တွေ့ရပါသည်။ တော်လှန်ရေးအစိုးရ ပညာရေးဌာန၊ ကျောင်းသုံး စာအုပ် ကော်မတီက မြန်မာဖတ်စာသစ်များ (ပထမတန်းမှ ဆဋ္ဌမတန်းအထိ) လည်း ပြုစုပါသည်။ သိပ္ပံစာအုပ်လည်း ပြုစုပါသည်။ သမိုင်းစာအုပ်များလည်း ပြုစုပါသည်။ ပထဝီစာအုပ်များလည်း ပြုစု ပါသည်။ ထို့ပြင် စကားပြေလက်ရွေးစင်များ၊ ကဗျာလက်ရွေးစင်များလည်း ရွေးချယ် စီစဉ်ပါသည်။

၅။ မှတ်ချက်။   ။ နောင်အခါ မြဝတီပုံနှိပ်တိုက်က လွှဲပြောင်းယူပြီး တာဝန်ခံ ထုတ်ဝေသည်။
မြန်မာဖတ်စာသစ်များတွင် သုတစာများကို စကားပြေဖြင့်လည်းကောင်း၊ ကဗျာဖြင့်လည်း ကောင်း ရေးသားဖော်ပြပါသည်။ အောက်ပါ ကဗျာမှာ ဒုတိယတန်း မြန်မာဖတ်စာသစ်၌ ပါဝင်၍ ပထဝီဝင်ပညာကို ကဗျာဖြင့် ဖွဲ့ဆိုတင်ပြထားခြင်း ဖြစ်ပါသည်။ အကြောင်းအရာလည်း ထိမိ၍ ရွတ်ဆိုရာ၌ ပြေပြစ်ကာ ဖတ်ရမှတ်ရလည်း လွယ်ပါသည်။

ရေသံသရာ
ကောင်းကင်တခို၊ ပြိုမလို၊
တိမ်ညိုဘာကြောင့် မှိုင်းပါတယ်၊
မိုးရွာလို့ မှိုင်းပါတယ်။
မြည်ဟည်းထစ်ကြိုး၊ မာန်ဟုန်ဖြိုး
ရွှေမိုးဘာကြောင့်ရွာရတယ်၊
ရေခိုးပါလို့ ရွာရတယ်။
တစိမ့်စိမ့်မိုး၊ ရွာသွန်းဖြိုး
ရေခိုးဘယ်က ရပါတယ်၊
ပင်လယ်ရေက ရပါတယ်။
အပြောဝန်းကျယ်၊ ငွေပင်လယ်
သင်ရေဘယ်က ရပါတယ်၊
ချောင်းရေတွေက ရပါတယ်၊
စီးကျတွေတွေ၊ ရဂုံတွေ
ချောင်းရေဘယ်က ရပါတယ်၊
မိုးရေကျလို့ ရပါတယ်။
ရွာသွန်းဖြိုးစွေ၊ လျှပ်ပန်းဝေ
မိုးရေဘာကြောင့် ကျရတယ်၊
တိမ်ညိုမှိုင်းလို့ ကျပါတယ်။

စကားပြေလက်ရွေးစင် ကျမ်းများကို အထက်တန်း ပင်ရင်းစကားပြေ လက်ရွေးစင်၊ အထက် တန်း စိတ်ကြိုက်စကားပြေ လက်ရွေးစင်၊ အလယ်တန်း စကားပြေလက်ရွေးစင်ဟူ၍ သုံးအုပ်သုံးမျိုး ရွေးချယ်စီစဉ် ထုတ်ဝေပါသည်။ မြန်မာကလေး လူငယ်များနှင့် သင့်လျော်မည့် စာများကို(က) ဗဟုသုတခန်း(သုတစာ)၊ (ခ) သုတရသအခန်း (သုတရသစာ)၊ (ဂ) ရသအခန်း (ရသစာ) ဟူ၍ အခန်းသုံးခန်း စနစ်တကျ ပိုင်းခြား ဖော်ပြပါသည်။ ရှေးခေတ်စာရေးဆရာကြီးများမှ ယနေ့ခေတ်သစ် စာရေးဆရာ များအထိ ရေးသားသော ကလေးလူငယ်များနှင့် သင့်လျော်မည့် စကားပြေများကို ရွေးချယ်ဖော်ပြပါသည်။

ခေတ်သစ် ဒုတိယပိုင်းတွင် ကျောင်းသုံးစာအုပ်မဟုတ်ပဲ သီးခြားထုတ်ဝေသည့် ကလေး လူငယ် သုတစာပေဆိုင်ရာ စာအုပ်များလည်း ပေါ်ထွက်ခဲ့ပါသည်။ ယင်းတို့တွင် လူထုဦးလှ၏ လှောင်ချိုင့်တွင်းမှ ငှက်ငယ်များ၊ ဆရာမင်းသုဝဏ်၏ မိုးပေါ်မှာကြယ်တလုံး၊ ဦးသုတ၏ သိပ္ပံ စကားထာနှင့် သိပ္ပံကဗျာများ၊ ဗိုလ်မှူးဘသောင်း၏ စာပေ့ကျေးဇူး၊ မင်းသုဝဏ်၏ ကဗျာရေးချင် စာစပ်သင်၊ မင်းသုဝဏ်နှင့် မင်းယုဝေ ပြုစုသော ကဗျာ့ပရိယာယ်၊ သိန်းအောင် မြန်မာပြန်သော လူ့ခန္ဓကိုယ်၊ ဦးမောင်မောင်၏ လူရည်ချွန်သားနှင့်သမီးထံပေးစာများ၊ ဒေါက်တာ မောင်မောင်ညို၏ အပျိုပေါက် လူပျိုပေါက်၊ လူထုဦးလှ၏ ဘိန်းဖြူသမား အမှားကမ္ဘာ၊ ဒေါက်တာအုန်းမောင်၏ ဒုက္ခ ပေးသော ဘိန်းဖြူ၊ ဗိုလ်မှူးဘသောင်း၏ သတ္တိ၊ တက္ကသိုလ်မြသွေး၏ လျှပ်စစ်စွမ်းအင်၊ ကလေးတို့အဖို့ သိပ္ပံမျက်ဖွင့်၊ လွန်းမြိုင်၏ ကလေးတို့ချစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း စသည်တို့မှာ မှတ်တမ်းတင် ဖော်ပြ သင့်သော စာအုပ်များ ဖြစ်ပါသည်။

အထက်ပါ စာအုပ်များအနက် လူထုဦးလှ၏ ဘိန်းဖြူသမား အမှားကမ္ဘာကို အနည်းငယ် တင်ပြလိုပါသည်။ လူထုဦးလှသည် ဘိန်းဖြူအကြောင်း သေချာကျနစွာ လေ့လာ၍လည်းကောင်း၊ ဘိန်းဖြူဒဏ်ကို ခံစားရသော လူငယ်များနှင့် တွေ့ဆုံမေးမြန်း၍လည်းကောင်း ဤစာအုပ်ကို ပြုစု ခဲ့ပါသည်။ မြန်မာလူငယ် လောကထဲသို့ တိုးဝင်လာသော ဘိန်းဖြူများကို တားဆီးရန် စေတနာဖြင့် ရေးသားထားခြင်း ဖြစ်ပါသည်။ ဖတ်မိသော မြန်မာလူငယ်များ အသိတရား ရနိုင်စေသော စာအုပ် ဖြစ်ပါသည်။

ဘိန်းဖြူကို ကျောင်းသားလူငယ်များသာမက အချို့ ကျောင်းသူများပင် ရှုခဲ့ကြပါသည်။ ဤသို့ ရှုသည်နှင့် တပြိုင်နက် ဘိန်းဖြူ၏ ဒဏ်ကိုကြောက်မက်စဖွယ် ခံစားရပါတော့သည်။ တောင်ကြီးမြို့မှ အသက် ၁၇ နှစ်အရွယ်ရှိ ရှစ်တန်းကျောင်းသူကလေး တဦးသည် ဘိန်းဖြူကို လက်တည့် စမ်းခဲ့ ပါသည်။ မကြာမီ ဘိန်းဖြူ၏ နှိပ်စက်ခြင်းကို ခံရပါတော့သည်။ နောက်ဆုံး ဘဝတုံးရန် သီသီကလေး အလိုတွင် မိဘဆွေမျိုးများက ဆေးရုံသို့ပို၍ ဘိန်းဖြတ်စေခဲ့ပါသည်။ အချိန်မနှောင်းသဖြင့် ဘိန်းဖြူ ရန်မှ လွတ်မြောက်သွားပါသည်။ ထိုကျောင်းသူကလေးက လူထုဦးလှအား သူ၏အဖြစ်အပျက်ကို ပြောပြခဲ့ပါသည်။ ယင်းသို့ ပြောပြရာတွင် ဘိန်းဖြူ၏ဒဏ် မည်သို့ ခံစားရပုံကို ပြောပြရာ သူပြော သည့်အတိုင်း ဦးလှက ထိမိစွာ တင်ပြထားပါသည်။

ကျွန်မ ဘိန်းဖြူကို စွဲလာတော့ လူက တဖြေးဖြေး ပိန်လာတယ်။ ခေါင်းနောက်တယ်၊ ဂယောင် ချောက်ချားလဲ ဖြစ်တယ်။ ထိုင်းမှိုင်းလာတယ်။ ရှုးချင်ချင်တောင် ဖြစ်လာသလား မသိဘူး။ ကျွန်မတို့ မိန်းကလေးနဲ့ ပတ်သက်တဲ့ မီးယပ်သွေးကိစ္စမှာ တဖြေးဖြေးရော့နဲ့လာပြီး ဆူဖြိုးတက်ကြွရမယ့် အရွယ်ဖြစ်ပေမယ့် ပိန်ခြောက်လာတယ်။ ကျွန်မဆိုယင် ကျောင်းဝင်ခါစက ဝဝဖြိုးဖြိုး၊ ကြွလို့ မြူးလို့၊ ခုဆိုယင် ကျွန်မ မျက်စိအရောင်ဟာ မှိုင်းမှိုင်းပြာမှောင် ဖြစ်နေပါတယ်။ အရောင်မရှိတော့ဘူး။ လူက လဲ မြင်တဲ့အတိုင်း ပိန်ခြောက်လို့၊ ငါးကျည်းခြောက်လို ဖြစ်နေပါပြီ။

နံပါတ်ဖိုးကိုစွဲနေတော့ မနက်အိပ်ရာထမှာ မောသလိုလိုဖြစ်တယ်၊ စိတ်တိုတယ်။ ဒီအခါ နံပါတ် ဖိုးကို မရမနေရှာသောက်လိုတဲ့ ဆန္ဒဟာ တားမရအောင် ဖြစ်တယ်။ ဒီတော့ ကျွန်မဘာလုပ်တယ် အောက်မေ့ သလဲ၊ အိမ်က ပိုက်ဆံခိုးတယ်၊ လက်ဝတ် လက်စား ကလေးတွေခိုးတယ်။ ဒါကို ရောင်းချပြီး နံပါတ်ဖိုးကို ရအောင်ရှာရတယ်။ သောက်ချင်တုန်း မသောက်ရယင် ကိုယ်တွေလက်တွေ မခံနိုင်အောင် ကိုက်တယ်။ အရိုး ကွဲမတတ်ကိုက်တယ်။

ဤသို့လျှင် ဘိန်းဖြူစွဲသူ၏ ဒုက္ခကို တင်ပြထားပါသည်။ ထိုစာအုပ်မှာပင် ဘိန်းဖြူကြောင့် ဖခင်အရင်းကို သတ်မိသောသားအကြောင်း၊ မိမိရင်သွေးကလေးငယ်ကို သတ်မိသော ဖခင်အကြောင်း စသည်တို့ကိုပါ ရင်နင့်စဖွယ် တင်ပြထားပါသည်။ ဘိန်းဖြူတားဆီးရေးအတွက်များစွာ အထောက်အကူ ပြုနိုင်သော စာအုပ်ဖြစ်သည်ဟု ယူဆမိပါသည်။

ခေတ်သစ်ဒုတိယပိုင်းတွင် ကလေးလူငယ်စာစောင်များ အများအပြား ပေါ်ထွက်လာပါသည်။ ကလေးလူငယ် စာစောင်များကို နိုင်ငံတော်အစိုးရက ဦးဆောင်ထုတ်ဝေလာပါသည်။ ဤအချက်သည် ခေတ်သစ် ဒုတိယပိုင်း၏ ထူးခြားမှုတရပ် ဖြစ်ပါသည်။ ထို့ပြင် နိုင်ငံတော်အစိုးရက အမျိုးသား စာပေဆုများ နှစ်စဉ်ချီးမြှင့်၍ ထိုအမျိုးသား စာပေဆုများတွင် ကလေးစာပေဆုနှင့် လူငယ်စာပေ ဆုတို့ကိုပါ ထည့်သွင်း ချီးမြှင့်ခြင်း ပြုပါသည်။ ဤအချက်သည်လည်း ခေတ်သစ် ဒုတိယပိုင်း၏ ထူးခြားမှု တရပ်ဖြစ်ပါသည်။

ယနေ့ အခိုင်အခန့် ပေါ်ထွက်နေသော ကလေးလူငယ် စာစောင်များမှာ တေဇ၊ လူငယ် (ရှေ့ဆောင်လူငယ်) ၊ ဒို့ကျောင်းသား၊ ရွှေသွေး၊ ဦးဦး ပုံပြောမယ်၊ မြူး၊ ရွှင်ပြုံး စသည်တို့ ဖြစ်ပါသည်။ တေဇ၊ လူငယ် (ရှေ့ဆောင်လူငယ်) ၊ ဒို့ကျောင်းသားတို့မှာ နိုင်ငံတော်အစိုးရ ပြန်ကြားရေး ဝန်ကြီး ဌာန၊ သတင်းနှင့် စာနယ်ဇင်း ကော်ပိုရေးရှင်း၊ မြဝတီပုံနှိပ်တိုက်က ထုတ်ဝေသော စာစောင်များ ဖြစ်ပါသည်။ ရွှေသွေး မှာ နိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေး ကော်ပိုရေးရှင်း၊ စာပေဗိ မာန်က ထုတ်ဝေသော စာစောင်ဖြစ်ပါသည်။ ဦးဦးပုံပြောမယ်နှင့် မြူး၊ ရွှင်ပြုံး စသည်တို့မှာ ပုဂ္ဂလိကထုတ် စာစောင်များ ဖြစ်ပါသည်။

နိုင်ငံတော်အစိုးရထုတ် စာစောင်များတွင် တေဇမှာ ၁၂ နှစ်အောက်အရွယ် ကလေးများအတွက် ဖြစ်ပါ သည်။ ၁၉၆၅ ခုမှစတင်ထုတ်ဝေပါသည်။ ဒို့ကျောင်းသား စာစောင်မှာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် ဖြစ်ပါသည်။ ၁၉၆၄ ခုမှ စတင် ထုတ်ဝေပါသည်။ လူငယ် ဂျာနယ်မှာ မူလက ရှေ့ဆောင်လူငယ်အမည်ဖြင့် ထုတ်ဝေသော စာစောင်ဖြစ်၍ နောင်အခါ လူငယ် ဂျာနယ်ဟု အမည်ပြောင်း ထုတ်ဝေသော စာစောင်ဖြစ်ပါသည်။ ၁၉၆၄ ခုမှ စတင် ထုတ်ဝေ ပါသည်။ ရွှေသွေးမှာ စာဖတ်တတ်စအရွယ်မှ အလယ်တန်း ကျောင်းသားအရွယ်အထိ ကလေးလူငယ်များ အတွက် ဖြစ်ပါသည်။ ၁၉၆၉ ခုမှ စတင် ထုတ်ဝေပါသည်။

တေဇ၊ လူငယ်၊ ဒို့ကျောင်းသားတို့မှာ လစဉ်ထုတ် စာစောင်များဖြစ်၍ ရွှေသွေးမှာ အပတ် စဉ်ထုတ် စာစောင်ဖြစ်ပါသည်။ ယင်းတို့တွင် စောင်ရေအများဆုံး ထုတ်ဝေရသော စာစောင်မှာ ရွှေသွေးဖြစ်၍ အပတ်စဉ်စောင်ရေ 110,000 ရှိပါသည်။ ဒုတိယ စောင်ရေအများဆုံး ထုတ်ဝေသော စာစောင်မှာ တေဇဖြစ်၍ လစဉ်စောင်ရေ 90,000 ကျော် ရှိပါသည်။ တတိယ စောင်ရေအများဆုံး ထုတ်ဝေရသော စာစောင်မှာ ဒို့ကျောင်းသားဖြစ်၍ လစဉ် စောင်ရေ 40, 000 ကျော် ရှိပါသည်။

အထက်ပါ စာစောင်အားလုံးပင် သုတစာနှင့် ရသစာနှစ်ထွေလုံးကို ဖော်ပြကြပါသည်။ ထိုစာ စောင်များ၌ သုတစာများကို မကြာခဏ ရေးသားကြသူများမှာ ဆရာ ဇော်ဂျီ၊ ပန်းချီ ဦးဘကြည်၊ မောင်မြန် မာ၊ မောင်ဆုရှင်၊ သိပ္ပံ မှူးတင်၊ ဦးစိုးသူ၊ ဒေါက်တာ မောင်မောင်ညို၊ နန်းဥမ္မာ၊ မင်းယုဝေ (လေ့လာသူတဦး) ၊ ဒို့ဆရာ၊ ဒေါက်တာ မောင်မောင်ညို၊ နန်းဥမ္မာ၊ မင်းယုဝေ (လေ့လာသူတဦး)၊ ဒို့ဆရာ၊ ဒေါက်တာ ခင်မောင်ညွန့်၊ ပန်းချီဦးစိန်၊ မောင်မောင်ဒင်၊ ကာတွန်း ဦးဘထွေး၊ စိုးလွင်မြင့်၊ မင်းထွေး၊ တင့်တင့်၊ မောင်မောင်မြင့်၊ စိန်တင်၊ ရဲမြင့်၊ ကျော်ထွဏ်း၊ ကျော်ဦး၊ ကျော်ကျော်သိန်း၊ ကြယ်ဖြူ၊ ကာတွန်း ဦးကျော်ဆန်း၊ ကာတွန်း ဦးဖေသိန်း၊ ကာတွန်း ဦးအောင်ရှိန်၊ မောင်မောင်၊ ဆရာသိပ္ပံ၊ ဦးဉာဏ်ရှိန်၊ နေမျိုးဦး (ချောက်) ၊သိပ္ပံ မင်းကြည်၊ သက်ထွန်း (ဆေးသိပ္ပံ) ၊ တက္ကသိုလ် ကြည်မာ၊ တက္ကသိုလ် သက်ဝင်း၊ ရေနံမြေစု၊ သိပ္ပံမောင်၊ သုတေသီ၊ လေသူရဲ တဦး၊ စိုးမြင့်၊ မောင်မောင်ဝင်း၊ လှမြင့် (ရုက္ခ)၊ ကျော်ညွန့်မိုး၊ မောင်မျိုးမြင့် (ရုက္ခဗေဒ)၊ ဇော်လင်း (စိတ်ပညာ)၊ ဝင်းလွင်အောင်၊ ကျော်ညီထွေး၊ မြင့်မောင်လွင်၊ မောင်သိန်းညွန့် (ကော့ကရိတ်)၊ အောင်သန်းချစ်၊ မောင်ဝင်းမြတ် စသူတို့ ဖြစ်ပါသည်။

ဆရာဇော်ဂျီသည် “ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း” အစချီသော ညီသစ်ဆင်း ကဗျာများကို ရှေ့ဆောင် လူငယ် (လူငယ်) ဂျာနယ်၌ ရေးခဲ့ပါသည်။ သုတစာပေသက်သက်ဟု မဆိုနိုင်သော်လည်း သုတရသ စာပေဟုမူ ဆိုနိုင်မည်ထင်ပါသည်။ ထိုကဗျာများတွင် ဆရာဇော်ဂျီက စွမ်းရည်အလှ၊ စွယ်စုံအလှ၊ လုပ်အားအလှ၊ ဂုဏ်အလှ၊ ပစ္စည်းအလှ၊ ရပ်ရွာအလှ စကားအလှ၊ အိမ်အလှ၊ ပြည်ချစ် အလှ စသည်ဖြင့် အလှစစ် အမျိုးမျိုးကို ခွဲခြားတင်ပြ ဖွဲ့ထားပါသည်။ မြန်မာကလေး လူငယ်များ အတွက် အဖိုးတန်ကဗျာများ ဖြစ်ပါသည်။

ပုံစံအဖြစ် “ပစ္စည်းအလှ” ကဗျာကိုရှုပါ၊ ကိုယ့်ဒူး ကိုယ်ချွန်၍ ကိုယ့်လုပ်အားဖြင့် ရှာဖွေ ရယူသော ပစ္စည်း၊ မေတ္တာတရား၊ ကရုဏာတရားတည်းဟူသော ဖြောင့်မှန်သောတရားဖြင့် ရှာဖွေယူသောပစ္စည်း၊ ထိုပစ္စည်းသာလျှင် ပစ္စည်းလှ၊ ပစ္စည်းကောင်း၊ ပစ္စည်းမွန် ဖြစ်သည်။ အမြတ်   ကြီးစားခေါင်းပုံဖြတ်၍ ရယူသောပစ္စည်း၊ မလိမ့်တပတ်ပြု၍ ရယူသောပစ္စည်း၊ မေတ္တာတရား ကရုဏာ တရားကင်းမဲ့၍ ကိုယ်ကျိုးကိုသာကြည့်၍ ရယူသော ပစ္စည်း၊ ထိုထိုပစ္စည်းများကား ပစ္စည်းလှမဟုတ်၊ ပစ္စည်းဆိုး ပစ္စည်းညံ့များသာ ဖြစ်သည်ဟု ဆရာဇော်ဂျီက ခွဲခြားတင်ပြထားသည်မှာ ထိမိပိုင်နိုင် လှပါသည်။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်ပစ္စည်းကို ကြိုက်သနည်း။
မလိမ့်တပတ်၊ ခေါင်းပုံဖြတ်၍
အနပ်အပါး၊ မြတ်ကြီးစား၍
သနားကင်းမဲ့ ကိုယ်ကျိုးငဲ့၍
ရခဲ့ မသမာ၊ ထိုဥစ္စာ၌
မခွာမခွဲ၊အရိပ်မဲ။
ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်အားသွန်၍
ဖြောင့်မှန်တရား၊ လက်ကိုင်ထား၍
သနားမေတ္တာ၊ အလေးသာ၍
ရှာရသမျှ၊ ထိုငွေစ၌
ဖိုးလ မုလေး စမ်းရေအေး။
 ခေတ်သစ်ပိုင်းတွင် ကလေးလူငယ် သုတစာပေ ပြုစုရာ၌ အကြောင်းအရာစုံကို ပြုစုကြ ပါသည်။ ဤသို့ ပြုစု ရာ၌ စကားပြေဖြင့် ဦးစားပေးပြုစု၍ ကဗျာဖြင့် ရံဖန်ရံခါသာလျှင် ပြုစုကြသည်ကို တွေ့ရပါသည်။

အထက်ပါတို့မှာ မြန်မာကလေးလူငယ် သုတစာပေနှင့် ပတ်သက်၍ ကျွန်တော်လက်လှမ်း မီသမျှ အကျဉ်းချုပ် တင်ပြချက်သာ ဖြစ်ပါသည်။ မြန်မာကလေးလူငယ် သုတစာပေကို ခြုံငုံ၍ လေ့လာသုံးသပ် ကြည့်ပါက တဆင့်ပြီးတဆင့် တိုးတက်ကျယ်ပြန့်လာသည်ကို မြင်နိုင်ပါသည်။ သို့ရာတွင် အခြားတိုး တက်သော နိုင်ငံများနှင့် နှိုင်းစာလျှင်ကား အားရကျေနပ်ဖွယ် အဆင့်သို့ မရောက်သေးပါ။ ကလေးလူငယ် စာပေဆိုင်ရာ စာစောင်များ အတန်းအသင့်ရှိသော်လည်း အမြဲတစေသိမ်းဆည်းဖတ်ရှုရမည့် ကလေးလူငယ် စာပေဆိုင်ရာ စာအုပ်များ အလွန်နည်းပါး လှပါသေးသည်။ ၁၉၇၅ ခုတွင် ထုတ်ဝေသော စာအုပ်စာရင်းကို ကြည့်လျှင်ပင် သိနိုင်ပါသည်။ ထိုနှစ်က ထုတ်ဝေသော စာအုပ် အမျိုးအစားမှာ ဝတ္ထုရှည် ၄၈၀၊ ဝတ္ထုတိုပေါင်းချုပ် ၇၊ ဘာသာပြန် ၆၀၊ သုတပဒေသာ ၁၂၈၊ စာပ ဒေသာ ၂၃၊ ကလေးစာပေ ၄၊ လူငယ်စာပေ ၄ စသည်တို့ ဖြစ်ပါသည်။ ကလေးလူငယ်စာပေ ၄ +၄=၈ အုပ်တွင် ရသစာပေဆိုင်ရာစာအုပ် ၆ အုပ်ပါဝင်၍ သုတစာပေဆိုင်ရာ စာအုပ် ၂ အုပ်သာ ပါဝင် ပါသည်။

ထို့ပြင် အခြားတိုးတက်သော နိုင်ငံများ၌ ကလေးလူငယ် သုတစာပေဆိုင်ရာ စွယ်စုံကျမ်းများ အခိုင်အခန့် ပေါ်ထွက်လျက် ရှိသော်လည်း မြန်မာကလေး လူငယ်သုတစာပေတွင် စွယ်စုံကျမ်းဟူ၍ မပေါ်ထွက်သေးပါ။ ထို့ပြင် မြန်မာကလေး လူငယ်သုတစာပေ ရေးသားပြုစုသူ စာရေးဆရာများ အနေဖြင့် ဖတ်ရှုသူ ကလေးလူငယ်များ ပိုမိုစိတ်ဝင်စားမှု ရှိစေရန် နည်းအမျိုးမျိုးဖြင့် ပိုမိုကြိုးပမ်းတီ ထွင် ရေးသားရန် လိုအပ်ပြီဟု ထင်မြင်ပါသည်။ ထုတ်ဝေသူများအနေဖြင့်လည်း နိုင်ငံခြား ကလေးလူငယ်သုတစာပေ ထုတ်ဝေသူများ အနေဖြင့်လည်း နိုင်ငံခြားကလေးလူငယ် သုတစာ ပေထုတ် ဝေသူတို့နှင့် တန်းတူရည်တူ မဟုတ်သည့်တိုင် မတိမ်းမယိမ်းဖြစ်အောင် ရောင်စုံပန်းချီပုံများ ထည့်သွင်းခြင်း၊ အပြင်အဆင် စိတ်ဝင်စားမှု ရစေရန် စီစဉ်ခြင်း စသည်တို့ကို ပိုမိုကြိုးပမ်း ဆောင်ရွက်သင့်ပါသည်။ ဤသို့ ထုတ်ဝေသူများ ကြိုးပမ်းဆောင်ရွက်နိုင်အောင်လည်း သက်ဆိုင်ရာများက အားပေးကူညီသင့်ပါသည်။ စာပေဗိမာန် အနေဖြင့် ယခင်ကနှင့် နှိုင်းစာပါက ယခုအခါ ကလေးလူငယ် သုတစာပေဆိုင်ရာ စာအုပ်များ ထုတ်ဝေမှု လွန်စွာ နည်းပါနေသည်ကို တွေ့ရပါသည်။ အားသစ် လောင်း၍ ဆောင်ရွက်သင့်သည်ဟု တိုက်တွန်း လိုပါသည်။ ကျောင်းသုံးစာအုပ်ကော်မတီ အနေဖြင့် စကားပြေလက်ရွေးစင် စာအုပ်များ ထုတ်ဝေခဲ့သည်မှာ ၁၀ နှစ်ကျော် ရှိခဲ့ပါပြီ။ အခြားတိုးတက်သော နိုင်ငံများတွင် သုံးလေးနှစ်ကြာလျှင် တကြိမ် အသစ်ပြောင်း လဲခဲ့ပါသည်။ ယခုမှုလက်ရှိ စကားပြေ လက်ရွေးစင် စာအုပ်များမှာ ကောင်းမွန်သော်လည်း တခါလာလည်း မဲပြာပုဆိုကဲ့သို့ ဖြစ်နေပါသည်။ ကြာလှ၊ ဟောင်းလှပြီဖြစ်၍ နောက်ထပ် အသစ်များ ထပ်မံ ရွေးချယ် စီစဉ်စေသင့်ပြီဟု ထင်မိပါသည်။

ဤကား ကျွန်တော် ဉာဏ်မီသမျှ သုံးသပ် တင်ပြချက်များ ဖြစ်ပါသည်။ ပိုသည်ကိုပယ်၍ လိုသည်ကို ဖြည့်စွက်ကြပါရန် ပန်ကြားအပ်ပါသည်။

မြန်မာကလေးလူငယ် သုတစာပေ (ဆွေးနွေးခန်း)
သဘာပတိ။         ။ ဦးသန်းထွတ် (တိုက်စိုး)
ဆွေနွေးမေးမြန်းသူများ။              ။၁- မောင်ကြည်တင့်၊ ၂ - ဝင်းထိန်လင်း၊ ၃- ဦးမောင်မောင်မြင့်၊ ၄ - ခင်မျိုးအေး၊ ၅ - မောင်ယဉ်လေး၊ ၆ - ချောင်းဦး မောင်စန္ဒာ၊ ၇- တက်တိုး၊ ၈ - တပ်ကြပ် မောင်ထူး၊ ၉ -တက္ကသိုလ် မြတ်သွင် (ဝါးခယ်မ) ၊ ၁၀ - ဦးကျော်မြင့်၊ ၁၁ - တက္ကသိုလ် ကြည်မာ၊ ၁၂ - ရန်ကင်း ကိုကိုလေး၊ ၁၃ - မောင်သိန်းညွန့် (ကော့ကရိတ်) ၊ ၁၄ - ရေနံမြေစု၊ ၁၅ -မောင်မောင်ဖြူ၊ ၁၆ -မောင်ကျော်ဇော (စာပေဗိမာန်)၊၁၇- ကျန်စွာငယ်၊ ၁၈ - မောင်မောင်ကြီး (ရွှေမန်း) ၊ ၁၉ - ချစ်နွေမိုး (စကားဝါမြေ)၊ ၂၀ - ရန်ကုန်ဝင်းမောင်၊ ၂၁ - မောင်စောရှင်၊ ၂၂ - စိုးမြင့်လတ်၊ ၂၃ - အောင်သူရ၊ ၂၄ - ရန်ကုန်ကျော်ဟင်း၊ ၂၅ - ဦးလှထွန်း၊ ၂၆ -မဝင်းဆွေ၊ ၂၇ - ဒေါ်တင်တင်ဝင်း (ဝင်းပပ)၊ ၂၈ - ဦးအောင်မျိုးမင်း၊ ၂၉ - သန်းအောင်နိုင်၊ ၃၀- မောင်စိမ်းငယ် (ဥက္ကလာ)၊ ၃၁ - ပန်းချီ မောင်ငွေထွန်း၊ ၃၂ - စိုးဟိန်း (မန်းတက္ကသိုလ်) ၊ ၃၃ - ကြည်အောင် (အင်္ဂပူ)၊

ဆွေးနွေးမေးမြန်းချက်များ
၁။ စာတမ်းတွင် ဇာတ်နိပါတ်ပုံပြင်များ၊ ဒဏ္ဍာရီပုံပြင်များ၊ စကားထာများ စကားပုံများကိုပါ ထည့်သွင်း ဖော်ပြသင့်ပါသည်။
၂။ ဦးကွန်းပြုစုသော ဖတ်စာများသည် အရေးပါ အရာရောက်ခဲ့ပါသည်။ ထို့ကြောင့် စာတမ်းတွင် ဆရာကြီး ဦးကွန်း၏ အမည်ကိုလည်း ဖော်ပြသင့်ပါသည်။
၃။ ဒေါင်းတံဆိပ်ဖတ်စာတွင် ဝိဇ္ဇာနှင့်သိပ္ပံ ပညာရပ်ဆိုင်ရာ သုတမျိုးစုံပါရှိသည် မှန်သော်လည်း ယနေ့ ခေတ်အတွက် ခေတ်မမီတော့ဟု ထင်ပါသည်။
၎။ မော်ဒန်ကာတွန်း၊ ကာတွန်းစုံ၊ မောင်ကမ္ဘာ၊ ကာတွန်းပဒေသာစသည့် ကာတွန်းစာစောင်များကို လည်း ဖော်ပြသင့်ပါသည်။
၅။ စာပေတွင် သုတစာပေ၊ ရသစာပေ၊ သုတရသစာပေဟူ၍ ခွဲခြားထားကြောင်း စာတမ်းအရ သိရှိ ရပါသည်။ ယင်းတို့ကို ထင်ရှားစွာ ခွဲခြားသိမှတ်နိုင်ရန် ပုံစံတပုဒ်စီကို တင်ပြစေလိုပါသည်။
၆။ ကလေးလူငယ်ဆိုင်ရာ စာစောင်များဖြစ်သော တေဇ၊ ဒို့ကျောင်းသား၊ ရွှေသွေး၊ လူငယ်စာစောင် တို့အပြင် အခြားကလေးလူငယ် စာစောင်များကိုလည်း တိုးချဲ့ထုတ်ဝေသင့်ပါသည်။
၇။ ဦးဖိုးကျား၏ ဘုရင့်နောင် ပြည်တော်ပြန်ခန်းမှာ အရေးအသားပြောင်မြောက်သည် ဆိုစေကာမူ နယ်ချဲ့ဘုရင်တဦးကို ချီးကျူးရာ ရောက်နေသည်ဟု ထင်ပါသည်။ အင်္ဂလိပ်နယ်ချဲ့ကို တိုက်ခိုက် ရာတွင် ရှေ့တန်းကပါဝင်သော ဦးဖိုးကျား၏ သဘောထားကို သိလိုပါသည်။
၈။ ဤစာတမ်းတွင် စာတမ်းရှင်က ဒေါင်းတံဆိပ်ဖက်စာ၏ မြန်မာစာ အဆင့်မြင့်ပုံ၊ တန်ဖိုးရှိပုံကို တင်ပြထားသော်လည်း “ကျောင်းသုံးစာအုပ်မှ သုတစာပေ” စာတမ်းရှင်ကမူ ဒေါင်းတံဆိပ်ဖတ်စာ အဓိပ္ပာယ်မဲ့ပုံ အနှစ်သာရမရှိပုံ တင်ပြထားပါသည်။ ဆန့်ကျင်ဘက်ဖြစ်နေ၍ ရှင်းပြပါ။
၉။ ကိုလိုနီခေတ် ကလေးလူငယ် သုတစာပေသည် မျက်မှောက်ခေတ် ကလေးလူငယ် သုတစာ ပေထက် တိုးတက်ကောင်းမွန်သည်ဟု ယူဆပါသည်။ မျက်မှောက်ခေတ်တွင် အဆိပ်အတောက် စာပေများ ပေါ်ထွက်နေသည်ကို သုံးသပ်၍ တင်ပြရခြင်း ဖြစ်ပါသည်။
၁၀။ ကလေးလူငယ်များအတွက် မြန်မာ့အသံမှ တေဇလူငယ် အစီအစဉ်များ၊ လူငယ်ကဏ္ဍ အစီ အစဉ်များကို အသံလွှင့်ထုတ်လျက်ရှိရာ ထိုအစီအစဉ်များအတွက် ရေးသားပြုစုသူများကိုလည်း စာတမ်းတွင် ဖော်ပြသင့်ပါသည်။
၁၁။ စာတမ်းတွင် ကလေးလူငယ်များအား မှန်ကန်သော သုတကိုပေးသော စာများကို ကိုးကား တင်ပြထားသည်ကို ထောက်ခံပါသည်။ ယနေ့ ဆိုးသွမ်းနေသော၊ လေလွင့်နေသော၊ သရုပ်ပျက် ယဉ်ကျေးမှုကိုပြုကျင့်နေသော လူငယ်များအား သုတစာပေဖြင့် ပြုပြင်သင့်သည်ကိုလည်း ဖော်ပြ ပေးစေလိုပါသည်။
၁၂။ စာတမ်းတွင် သားချော့တေး ကဗျာများကိုလည်း ဖော်ပြသင့်ပါသည်။
၁၃။ ကျောင်းသားများအတွက် ဗဟုသုတကို ထိရောက်စွာ ပေးစွမ်းနိုင်သည် “ကျောင်းသား သတင်းစာ” ထုတ်ဝေသင့်ပါသည်။
၁၄။ ကလေး စာကြည့်တိုက်များကိုလည်း အနယ်နယ် အရပ်ရပ်တွင် တည်ထောင်သင့်ပါသည်။
၁၅။ ကလေးလူငယ် သုတစာပေ၊ ရသစာပေ ဖွံ့ဖြိုးရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများ၊ ထုတ်ဝေသူများနှင့် ကလေးလူငယ်စာပေ ရေးသားပြုစုသူများ တွေ့ဆုံညိုနှိုင်းဆွေးနွေးသော ဆွေးနွေး ပွဲများ ပြုလုပ်ဆောင်ရွက် သင့်ပါသည်။
၁၆။ လက်ရှိအချိန်တွင် ကာတွန်းနှင့် ရုပ်ပြဇာတ်လမ်းများ တွင်ကျယ်နေရာ ယင်းတို့ကို ကလေးလူငယ် သုတစာပေတွင် ထည့်သွင်းသင့် မသင့် သိလိုပါသည်။
၁၇။ စာတမ်းတွင် ကဗျာဆရာ တင်မိုး၏ “ထီးကလေးနဲ့ မနီ” ကဗျာစာအုပ်ကိုလည်းကောင်း၊ ခေတ်သစ်လူငယ် ပုံဝတ္ထုများကိုလည်းကောင်း ထည့်သွင်းသင့်ပါသည်။
၁၈။ မြန်မာစာသည် ပုဂံခေတ်က စသည်ဟု မှတ်သားဘူးပါသည်။ ယခုစာတမ်းတွင် ကလေးလူငယ် စာပေကို အင်းဝခေတ်မှ စထားသဖြင့် ပုဂံခေတ်၊ ပင်းယခေတ်၌ ကလေးလူငယ် စာပေမရှိ၍ ချန်ထား ခဲ့ပါသလား။
၁၉။ စာတမ်းတွင် ဖော်ပြထားသော ဗညားကျန်းတော၏ ဇာတ်လမ်းမှာ ထူးခြားကောင်းမွန်၍ စိတ်ဝင် စားဘွယ် ကောင်းသဖြင့် ကျန်ဗညားကျန်းတော၏ ဇာတ်လမ်းများကိုလည်း ဖြည့်စွက် ဖော်ပြသင့် ပါသည်။
၂၀။ စစ်ပြီးခေတ် မြန်မာ့အလင်း သတင်းစာတွင် တနင်္ဂနွေနေ့တိုင်း ကလေးကဏ္ဍကို ဖော်ပြခဲ့ဘူး ပါသည်။ ထိုအကြောင်းကိုလည်း စာတမ်းတွင် ဖော်ပြသင့်ပါသည်။
၂၁။ စာတမ်းတွင် ဒေါ်ခင်မျိုးချစ် ဦးစီးထုတ်ဝေသော ပျော်တော်ဆက် ရုပ်စုံကိုလည်းကောင်း၊ ကာတွန်းဦးအောင်ရှိန် ဦးစီးထုတ်ဝေသော သတ္တိဂျာနယ်ကိုလည်းကောင်း ဖြည့်စွက် ဖော်ပြ သင့်ပါ သည်။
၂၂။ စာတမ်းတွင် မစ္စတာရစ်ပလီနှင့် ဆရာ ဆာပီပြုစုသော မြန်မာဖတ်စာ၊ ဦးရွှေကြူးနှင့် ဆရာလင်း ပြုစုသော ခြင်္သေ့တံဆိပ် မြန်မာဖတ်စာ၊ ဦးဖေမောင်တင်နှင့် ဦးချိုပြုစုသော မြန်မာကြည့်စာ၊ ဦးဝန်ပြုစုသော အပိုမြန်မာဖတ်စာ၊ ဦးစံရွှေနှင့် ဆရာလင်းပြုစုသော လင်းယုန်တံဆိပ်ခေတ်သစ် မြန်မာဖတ်စာ၊ ဆရာကျော်ပြုစုသောမြန်မာဖတ်စာ၊ ဦးကွန်းပြုစုသော လင်းရောင်ခြည်ဖတ်စာ၊ ဒေါ်သောင်းရွှေပြုစုသော ပြည်ထောင်စု မြန်မာဖတ်စာသစ် စသည်တို့ကို ဖြည့်စွက် ဖော်ပြသင့်ပါသည်။
၂၃။ မြန်မာကလေးလူငယ်များ၏ သုတစာပေ စာရင်းတွင် ယုဝေါဝါဒဆုံးမစာ၊ ဓိတရောဝါဒပျို့၊ သိေဿာဝါဒ ဆုံးမစာ၊ စကားပြောဘွယ်ကျမ်း၊ ဥပဒေတံခွန်စသည့် စာအုပ်များကို ဖြည့်စွက် ဖော်ပြ သင့်ပါသည်။
၂၄။ စာပေဗိမာန် မဂ္ဂဇင်းတွင် ကလေးလူငယ်ကဏ္ဍ ပါရှိခဲ့ရာ ထိုအကြောင်းကိုလည်း စာတမ်းတွင် ဖော်ပြသင့်ပါသည်။
၂၅။ ထုတ်ဝေသူများသည် နိုင်ငံအတွက် အထူးလိုအပ်နေသော ကလေးလူငယ် စာပေများကိုလည်း ဦးစားပေး ထုတ်ဝေသင့်ပါသည်။
၂၆။ စာပေဗိမာန်မှ လက်ရှိထုတ်ဝေနေသော သုတပဒေသာ စာစောင်မျိုးကဲ့သို့ ကလေးလူငယ် သုတ ပဒေသာ စာစောင်မျိုးကိုလည်း ထုတ်ဝေသင့်ပါသည်။
စာတမ်းရှင်၏ ပြန်ကြားချက်
၁။ ဇာတ်နိပါတ် ပုံပြင်များနှင့် ဒဏ္ဍာရီပုံပြင်များမှာ ရသစာပေတွင် အကျုံးဝင်သဖြင့် ဤစာတမ်း၌ ချန်ထားခြင်းဖြစ်ပါသည်။ စကားထာနှင့် စကားပုံများတွင် သုတသဘော ပါဝင်သည်တို့ ရှိပါက စိစစ် ထည့်သွင်းဖော်ပြနိုင်ပါသည်။
၂။ ဆရာကြီးဦးကွန်း၏ အမည်ကို ဖော်ပြလိုပါက ဖော်ပြနိုင်ပါသည်။
၃။ ဒေါင်းတံဆိပ်ဖတ်စာမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ ကျော်က ပြုစုခဲ့ခြင်းဖြစ်၍ ယနေ့ခေတ် အတွက် ခေတ်မမီဟုဆိုခြင်းကို ကန့်ကွက်ရန်မရှိပါ။ သူ့ခေတ်နှင့်သူမူ ထူးခြားကောင်းမွန်လှပါ သည်။ မြန်မာစာ အရေးအသားမှာမူ ယခုခေတ်တိုင် နည်းမှီးအတု ယူဖွယ် ဖြစ်သည်ဟု ယူဆပါသည်။
၎။ အဆိုပါ ကာတွန်းစာစောင်များမှာ သုတသဘောထက် ရသသဘော အလေးကဲနေသဖြင့် ယခု စာတမ်း၌ ချန်ထားခြင်းဖြစ်ပါသည်။
၅။ ပညာရေးဝန်ကြီးဌာန ကျောင်းသုံးစာအုပ် ကော်မတီက စီစဉ်ထုတ်ဝေသော အထက်တန်း စကား ပြေလက်ရွှေးစင် ကျောင်းသုံးစာအုပ်ကို ဖတ်ရှုလေ့လာကြည့်လျှင် သုတစာပေ၊ ရသစာပေ သုတရသ စာပေဟူ၍ ခွဲခြားဖော်ပြထားသည်ကို အလွယ်တကူ သိရှိနိုင်ပါသည်။
၆။ ထောက်ခံပါသည်။
၇။ အင်္ဂလိပ်နယ်ချဲ့ကို တော်လှန်သောအချိန်တွင် သူ့ကျွန်ဘဝသို့ရောက်ရှိနေသော မြန်မာလူငယ် များအား ဇာတိမာန် တက်ကြွစေလိုသော သဘောဖြင့် ဦးဖိုးကျားက ရေးသားသည်ဟု ယူဆပါသည်။ ထိုသဘောမျိုး တင်ပြကြသည်ကို ထိုခေတ်သီချင်းများ၊ ကဗျာများတွင်လည်း တွေ့ရပါသည်။
၈။ ဤနေရာတွင် တဦးနှင့်တဦး အယူအဆချင်း၊ အမြင်ချင်းမတူပါ။ ဒေါင်းတံဆိပ်ဖတ်စာသည် သူ့ခေတ်နှင့်သူ ထူးခြားကောင်းမွန်၍ များစွာတန်ဖိုးရှိသည်ဟု ယူဆပါသည်။
၉။ မျက်မှောက်ခေတ်တွင် အဆိပ်အတောက်စာပေများ ပေါ်ထွက်နေစေကာမူ ကလေးလူငယ် သုတ စာပေဆိုင်ရာ စာအုပ်ကောင်းများလည်း ထူးခြားစွာပေါ်ထွက်သဖြင့် မျက်မှောက်ခေတ် ကလေးလူငယ် သုတစာပေသည် တိုးတက်ခြင်းမရှိဟု မဆိုသင့်ပါ။
၁၀။ စာအုပ်စာတမ်းအဖြစ် ပေါ်ထွက်လာမှသာ စာပေစာရင်းတွင် ထည့်သွင်းနိုင်ပါမည်။
၁၁။ ယနေ့ ဆိုးသွမ်းနေသော၊ လေလွင့်နေသော၊ သရုပ်ပျက် ယဉ်ကျေးမှုကို ပြုကျင့်နေသော လူငယ် များအား သုတစာပေဖြင့်သာမက ရသစာပေဖြင့်ပါ ပြုပြင်ပေးသင့်ပါသည်။
၁၂။ သားချော့တေးကဗျာများမှာ ရသစာပေတွင် အကျုံးဝင်နေသဖြင့် ဤစာတမ်း၌ ချန်ထားခဲ့ခြင်း ဖြစ်ပါသည်။
၁၃+၁၄+၁၅။ ထောက်ခံပါသည်။
၁၆+၁၇။ ယင်းတို့မှာ ရသစာပေသဘော အလေးကဲနေသဖြင့် သုတစာပေတွင် မထည့်သွင်းပဲ ရသစာပေတွင် ထည့်သွင်းသင့်သည်ဟု ယူဆပါသည်။
၁၈။ ပုဂံခေတ်၊ ပင်းယခေတ်တို့၌လည်း ကလေးလူငယ် စာပေရှိမည်ဖြစ်ပါသည်။ သို့ရာတွင် အခိုင် အမာ အထင်အရှား မှတ်တမ်းတင်ထားခြင်း နည်းပါးသဖြင့် အင်းဝခေတ်မှ စတင်ဖော်ပြခြင်း ဖြစ်ပါ သည်။
၁၉။ ဗညားကျန်းတော၏ ဇာတ်လမ်းများကို အပြည့်အစုံ ဖော်ပြလိုသော်လည်း တနာရီအတွင်း အပြီးတင်သွင်းရသော “တနာရီစာတမ်း” ဖြစ်သဖြင့် ချဲ့ထွင်ဖော်ပြခြင်း မပြုနိုင်သည်ကို တောင်းပန် ပါသည်။
၂၀+၂၁+၂၂+၂၃+၂၄။ “တနာရီစာတမ်း” ဖြစ်သဖြင့် အထင်ရှားဆုံး သြဇာအကြီးဆုံး၊ အထူး ခြားဆုံးသော စာအုပ်၊ စာစောင်များကိုသာ ရွေးချယ်တင်ပြခြင်း ဖြစ်ပါသည်။ ထိုတင်ပြချက်ကို အခြေ ပြု၍ မိမိတို့ သင့်လျော်မည်ထင်သော အခြားစာအုပ်၊ စာစောင်များကို ဖြည့်စွက်နိုင်ပါသည်။ ထိုသို့ ဖြည့်စွက်ပေးသဖြင့်လည်း ကျေးဇူးတင်ပါသည်။
၂၅+၂၆။ ထောက်ခံပါသည်။

“မြန်မာကလေးလူငယ် သုတစာပေ”စာတမ်းရှင် - မင်းယုဝေ (အတ္ထုပ္ပတ္တိ)
အမည်ရင်း ဦးဝင်းမောင် ဖြစ်သည်။ ပုသိမ်ခရိုင် ကန်ကြီးဒေါင့်မြို့၌ အဖ ဦးထွန်းဆိုင်၊ အမိ ဒေါ်သင်တို့မှ ၁၉၂၉ ခုနှစ်တွင် ဖွားမြင်သည်။ မွေးချင်းရှစ်ဦးအနက် အငယ်ဆုံးဖြစ်သည်။
၁၉၄၆ ခုနှစ်တွင် ပုသိမ်မြို့ အမျိုးသားကျောင်းမှ တက္ကသိုလ်ဝင် စာမေးပွဲအောင်ခဲ့သည်။ ၁၉၅၁ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရရှိသည်။ ၁၉၅၅ - ၅၆ ခုနှစ်တွင် ဗြိတိသျှကောင်စီ ပညာသင်ဆု ရရှိ၍ လန်ဒန်တက္ကသိုလ်၊ အရှေ့တိုင်းဘာသာရပ် လေ့လာရေးကျောင်း၌ ဘာသာပြန်နှင့် အဘိဓာန်ပညာရပ်များ ဆည်းပူးခဲ့သည်။
ပြန်ကြားရေးဌာန အထက်တန်းဘာသာပြန်၊ အင်းစိန်ခရိုင် ပညာအုပ်၊ စာပေဗိမာန် စာပြု၊ ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ်ထုတ်ဝေရေးဌာန လက်ထောက်စာတည်း၊ ငွေတာရီ မဂ္ဂဇင်းတည်ထောင်သူနှင့် တာဝန်ခံ အယ်ဒီတာ၊ မြဝတီပုံနှိပ်တိုက် အယ်ဒီိတာချုပ်စသည့် တာဝန် များကို ထမ်းဆောင်ခဲ့သည်။
အသက် ၁၄ နှစ် အရွယ်မှစ၍ ကျောင်းနှင့် အသင်းအဖွဲ့များတွင် လက်ကမ်းစာစောင်များ၌ ကဗျာများ၊ စာများရေးခဲ့သည်။ အသက် ၂၀ ခန့် အရွယ်မှစ၍ ပုံနှိပ် စာနယ်ဇင်းများ၌ ရေးသား ဖော်ပြခွင့် ရခဲ့သည်။ ပထမဦးဆုံး လုံးချင်းစာအုပ်ဖြစ်သည့် “ဘဝမာလာကဗျာများ” ကို ၁၉၄၉ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ငွေတာရီနှင့် တွဲဖက်ပြန်ဆိုသော “အီစွတ်ပုံပြင်များ” စာအုပ်အတွက် ၁၉၅၄ ခုနှစ် စာပေဗိမာန် ဘာသာပြန်ဆု ရခဲ့သည်။ “ရေခပ်ချိန် ကဗျာများ” စာအုပ်ဖြင့် ၁၉၇၂ ခုနှစ် အမျိုးသား စာပေ(ကဗျာ) ဆုကို ရရှိခဲ့သည်။

မင်းယုဝေ
စာကြည့်တိုက်တွင်သုံးရန်
တိုက်ပိုင်အမှတ်
၈၀၀ သုတစာပေ စာတမ်းများ၊ ပထမတွဲ။ ရန်ကုန်။
စာပေဗိမာန်၊ ၁၉၈၀။
၂၃၀ စာမျက်နှာ၊ ပြည်သူ့လက်စွဲစာစဉ်။
မြန်မာနှင့် နိုင်ငံခြား သုတစာပေ၊ တိုင်းရင်းသား ယဉ်ကျေးမှု သုတစာပေ၊
ကျောင်းသုံးစာအုပ်မှ သုတစာပေနှင့် မြန်မာကလေးလူငယ် သုတစာပေ
အကြောင်းကို နာမည်ကြီး စာရေးဆရာများ ရေးသားတင်သွင်းသည့် စာ
တမ်းများ ဖြစ်ပါသည်။
အဖိုး ၅ ကျပ် ၇၅ ပြား

Share

Twitter Delicious Facebook Digg Stumbleupon Favorites More