Tuesday, June 28, 2011

စုမိစုရာ ဟာသလေးများ

သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

"ဘာဖြစ်လာတာလဲဗျ"

"လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ"

"အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ"

"ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ"

စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။"မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား"

မိန်းမ။ ။"မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ"


 "ကလေးတွေကြောင့် မဟုတ်ပါ."

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို

"ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ" ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ "ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး" ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး "ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရမ ဖက်လှည့်ပြီး "ဒါဘယ်လို ဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ "ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ" တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
"၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ" တဲ့ဗျာ...

 နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောကို မေးလိုက်ပါတယ်။

"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး "ကျ ကျနော် မသတ်ဘူး" တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့" တဲ့ဗျာ။

ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

"မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား"

"သိပါတယ်၊ ဗိုလ်ချုပ်ကြီး"

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
"ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ"
ပီတာလေးလက်ညှိုးထောင်သည်။

"ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ"
"မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်"
"အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်"
"ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်"
"အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်"

ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

"ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်"

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

"ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်"

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

"ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်"

စာကြွင်း။ ။ မောင်ကောင်းထိုက် ဟာသစာအုပ်လေးထဲက ကူးယူဖော်ပြပါတယ်.. အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ..
အပန်းပြေသော ဟာသလေးများ (၄)

ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက် အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး

သနားကြပါ။

တိရစ္ဆာန်ရုံမှ ကုလားအုပ် တကောင်ပျောက်သွားသည်။ ၃-ရက်အတွင်း ဌင်းကို ရအောင် ရှာရမည်ဟု မြို့နယ်ရဲမှုးကို အထက်အာဏာပိုင်များက အမိန့်ပေးလေသည်။ ၃-ရက်ကြာသောအခါ ကုလားအုပ် တွေ့ပြီဖြစ်ကြောင်း မိမိ၏ ရုံးခန်းအတွင်း လာယူနိုင်ပါကြောင်း ရဲမှုးက အစီရင်ခံသည်။ မကြာမီ ရုံးခန်းသို့ သတင်းထောက်များ ရောက်လာကြသည်။

ကုလားအုပ်ကို ယူလာရန် မိမိ၏လက်ထောက်ကို ရဲမှုးက ပြောလိုက်သည်။ ရဲကြပ်ကြီးသည် စက္ကူပုံးလေးတခုကို အခန်းထဲသို့ ယူလာသည်။ ပုံးကို ဖွင့်လိုက်လေသည်။ ပုံးထဲတွင် ယုန်တကောင် ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။ အံ့အားသင့်နေသော သတင်းထောက်များက မေးကြသည်။

ဘယ်မှာလဲ ကုလားအုပ်

ဤတွင် ယုန်က ရှိုက်ကြီးတငင် ငိုယိုပြီး ပြောသည်

ကျနော် ကုလားအုပ်ဖြစ်တယ်ဆိုတာ ထပ်ပြီး ၀န်ခံပါတယ် ၊ ဒါပေမဲ့ ခြေထောက်ကြီးတွေနဲ့ ကျနော့်ကို ထပ်မကန်ပါနဲ့ ခင်ဗျာ

ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး

ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။

ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ 'ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ'

ဒုတိယလူက ထောက်ခံပြောသည်။

"ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး 'လူစွမ်းကောင်း သုံးယောက်' စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ"

တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။

"ဟေ့လူ ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား"

"ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ "အလီဘာဘာနဲ့ ခိုးသားလေးဆယ်"ကို ဖတ်ထားတယ်ဗျာ"

မထူးပါဘူး

ငရဲ နှင့် နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။

"အားလုံးတန်းစီလိုက်ကြစမ်း၊ ကိုင်း ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တလှမ်းတိုးစမ်း"

မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့်ပေးလိုက်သည်။

"အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်"

ငါမရူးဘူး

စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးကော်မတီရှင်က လူနာတို့၏ အခြေအနေကို အောက်ပါအတိုင်း စစ်ဆေးသည်။ လူနာများကို ငါးမျှားတံ တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်။ ထိုနောက် တယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။ လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်းပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။ ဆေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ လူကောင်းအဖြစ် သတ်မှတ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက ၎င်းအားမေးလေသည်။

"ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း"

လူနာက ပြန်ပြောလေသည်

"ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာဘဲ"

မျဉ်းပြိုင်များ


ဟိတောပဒေသတက်တုန်းက မှတ်ခဲ့ဖူးတဲ့ စာသားလေးပါ “အသမ္ဘာဗျံ န ၀တ္တဗ္ဗံ၊ ပစ္စက္ခမပိ ပဿိတံ” တဲ့ အဓိပ္ပာယ်ကတော့ ဘယ်လောက်ပင် မျက်မြင်ကိုယ်တွေ့ဖြစ်နေပါစေတဲ့ ပတ်ဝန်းကျင်က မယုံကြည့်နိုင် လောက်တဲ့ စကားမျိုးဆိုရင် မပြောရဘူးတဲ့။ ပြောမယုံကြုံဖူးမှသိဆိုတဲ့ စကားလိုပါပဲ ကိုယ်တွေ့အဖြစ်အပျက် လေးကြုံလိုက်တော့မှ ခံစားတတ်သွားပါတယ်။ ခံစားဖူးတော့ ကိုယ်ချင်းလည်း စာတတ်သွားသလိုပါပဲ။ ဒီလိုပါ…။

သီဟိုဠ်ကိုရောက်တော့ တက္ကသိုလ်ကို တစ်ပါတ်မှာလေးရက်သွားရပါတယ်။ သွားရတဲ့ လေးရက်လုံး ကလဲ နေ့ခင်းပိုင်းတွေပါ့။ နေ့ခင်း 12 နာရီခွဲဆိုရင် စပြီးကျောင်းသွားရပါပြီ ဒါမှလည်း 1 နာရီမှာ စမည့်သင်တန်းချိန်ကို မှီမှာပါ။ ဒါကြောင့်မို့ နေ့တိုင်းလိုလို နေ့ခင်း 12 နာရီခွဲပြီဆိုတာနဲ့ ကျောင်းသွားတဲ့ လုပ်ငန်းစဉ်ကို လုပ်ရပါတယ်။ သီဟိုဠ်ရဲ့ ထုံးစံအတိုင်း နေ့ခင်းကျောင်းသွား ချိန်ဆိုရင် သူတို့ရဲ့ တန်းကျောင်းတွေကလည်း ဆင်းတဲ့အချိန်ဆိုတော့ ကားအရမ်းရှုပ်ပါတယ်။ traffic အချိန်တော်တော်ကြာ ပါတယ်။ လမ်းမှာမြင်တွေ့နေရတဲ့ ရှုခင်းတွေကလည်း နေ့စဉ်ရက်ဆက်ဆိုတော့ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် အထူးအဆန်းမဟုတ်တာတွေထဲကမှ ထူးဆန်းနေတဲ့ ရှုခင်းလေးတခု ကတော့ ဘယ်နေရာပဲရောက်ရောက်၊ ဘာကောင်ကြီးပဲဖြစ်ဖြစ်၊ ဘာတွေကိုပဲ လုပ်နေလုပ်နေ ကိုယ့်ရင်ထဲ မှာတော့ မေ့ဖျောက်နိုင်မည်မဟုတ်ပေ။ ထိုအရာကား school service car ပေါ်က ငါးနှစ်ခြောက်နှစ် အရွယ်ကလေးတွေရဲ့ ကိုယ့်ကိုမြင်ပြီဆိုတာနဲ့ လက်အုပ်ကလေးချီပြီး "ဆာဓု….ဆာဓု….ဆာဓု…." လို့ အော်အော်သွားတာလေးတွေပေါ့။ တခါတရံ ကားချင်းဘေးချင်းယှဉ်ရပ်မိပြီဆိုရင် ကိုယ့်ကို လှမ်းကြည့်ရင်း ပြုံးလို့ ပျော်လို့ ကလေးတွေရဲ့သဘာဝအတိုင်း အပူအပင်ကင်းတဲ့ဟန်၊ နွေးထွေးမှုပြည့်ဝတဲ့ အပြုံးလေးတွေနဲ့ပေါ့။ သူတို့လေးတွေရဲ့ ဆာဓု ဆာဓု ဆာဓု လုပ်သွားလိုက်တဲ့ အချိန်တိုင်းအချိန်တိုင်းလည်း ကိုယ့်ရင်ထဲမှာ ကြည်နူးမှုရနေသည်သာကတော့ အမှန်ပင်။ ကိုယ်မှလားဆိုတော့ကား မဟုတ်ပေ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေရဲ့ သန္တာန်မှာလည်း အပြုံးရိပ်တွေ သန်းနေကြပါတယ်။ ဂုဏ်ယူနေသည်လား၊ ကြွားနေသည်လားဆိုသည်ကိုတော့ တပ်အပ်မခန့်မှန်းနိုင်ချေ။ ထိုကျောင်းသားကျောင်းသူကလေးလေးတွေရဲ့ စိတ်ထဲမှာတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် ရှိခိုးပြီး ဆာဓုလုပ်ရမယ်ဆိုတဲ့ အသိထက်ပိုတဲ့ သမဏာနဉ္စ ဒဿနဆိုတာကိုလည်းသိမည်မဟုတ်။ "အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ" ဆိုတာကိုလည်း နားလည်မည်မဟုတ်ပေ။ အဲဒိလို မသိပင် မသိငြားသော်လည်း ဗုဒ္ဓဘာသာအပေါ်ထားသည့် သူတို့လေးတွေရဲ့ သဒ္ဓါတရားကတော့ အရွယ်နှင့်ပင် မလိုက်ဖက်ပေဟု ဆိုရမည်ပင်။ ချီးကျူးထိုက်ပါပေစွ အလင်္ကာရဲ့ မျိုးဆက်သစ်တွေ။

ဒီလိုနှင့် တစ်နှစ်ကျောင်းတက်အပြီး ကျောင်းအားလပ်ရက်တွေမှာတော့ အမိမြန်မာပြည် ကို ခေတ္တခဏ အလည်ပြန်သွားဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာနေတုန်းကလည်း ကိုယ်က မြို့မှာအနေများတာ ဆိုတော့ မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမတွေနဲ့က သိပ်ကို မတွေ့ဖြစ်ပါဘူး။ ဒါကြောင့် တွေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့သူပါ။ ဖြစ်ချင်တော့ ရောက်ရောက်ပြီးချင်းဆိုသလိုပါပဲ။ အမေကြီးကို တွေ့ ချင်လို့ဆိုပြီး သူတို့အိမ်ကို အသွားပေါ့။ အဲဒိမှာအိမ်မှာက ဦးလေးရဲ့သား ငါးနှစ်လောက်ရှိပြီဖြစ်တဲ့ ညီဝမ်း ကွဲလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ ကိုယ်လည်း ကိုယ့်ညီဆိုတော့ ပြုံးပြလိုက်တာပေါ့။ ဒါပေမယ့် သူကတော့ ကိုယ့်ကို မသိသလိုမျိုးဘဲ။ ဘယ်သိမလဲ သူနှစ်နှစ်သားလောက်ကမှ အဲဒိကို တစ်ခေါက်ရောက်ဖြစ်တာ အခုမှတစ်ခေါက်ပြန်လာတာဆိုတော့ ဘယ်မှတ်မိပါ့မလဲ။ အဲဒိမှာ သူပြောလိုက်တဲ့ မှတ်သားစရာ စကားလေးတွေက “ဟေ့ကောင် ငါတို့အိမ်မလာနဲ့ တို့အဖေနဲ့အမေ မရှိဘူး တောထဲသွားတယ်”ဆိုပြီး ပြောပါတယ်။ ကိုယ်လည်း ဖာသိဖာသာပါပဲ အိမ်ထဲလည်း ၀င်ထိုင် လိုက်ရော အမေကြီးဖြစ်တဲ့ သူကို လှမ်းခေါ်ပါရော။ “အမေကြီး အမေကြီး” ဆိုတော့ အမေကြီးလုပ်တဲ့ သူက “ဘာတုန်း”ပေါ့။ အဲဒီမှာ ကလေးကဆက်ပြီးပြောပါတယ်။ “ဒီကောင့်ကို ပြန်ခိုင်းလို့လဲမရဘူး၊ အခု အိမ်ထဲဝင် ထိုင်နေပြီ”တဲ့ အဲဒိတော့မှ အမေကြီးလုပ်တဲ့သူကလဲ မီးဖိုးချောင်ဘက်ကနေ ပြာယိပြာယာနဲ့ ထွက်လာပြီး “ဟဲ့ ဘယ်သူတုန်း ဘယ်မှာတုန်း”ဆိုတော့ “ဟော..ဟိုမှာထိုင်နေတာ မတွေ့ဘူးလား” ဆိုပြီး လက်ညှိုးထိုးပြပါတယ်။ အဲဒိရောက်တော့မှ အမေကြီးက မြင်ပြီး “အယ် အဲဒိလို မပြောရဘူး။ ငရဲကြီးတတ်တယ်။ အဲဒါ မင်းတို့ အကိုကြီး” ဆိုပြီး ပြောပြပါတယ်။ သူ့ပုံကြည့်ရတာ သိပ်သဘောကျ ပုံတော့မရပေ။ အမေကြီးက ပြောလို့သာ လက်ခံလိုက်ရတဲ့ပုံမျိုးနဲ့ တခြားအိမ်ဘက်ကိုထွက်ပါတယ်။ 

ကိုယ်လည်း ခေါင်းထဲမှာအတွေးတွေဆို အတန်းစီပြီးတော့ကို ထွက်လာပါတယ်။ ဒီလိုနဲ့ မီးခိုးကြွက်လျှောက်ဆိုသလို လိုက်ပြီး နှိုင်းယှဉ်ကြည့်မိပါတယ်။ သီဟိုဠ်မှာ မြင်တွေ့ရတဲ့ ကလေးတွေရဲ့ အနေအထား၊ အမူအရာ စတာတွေနဲ့ အခု ကိုယ့်ပြည် ကိုယ့်ရွာမှာတွေ့လိုက်ရတဲ့ကိုယ့်ရဲ့ ညီဝမ်းကွဲဆိုတဲ့ ကလေးရဲ့ အနေအထား၊ အမူအရာ စတာတွေကိုပေါ့။ ဘာကြောင့် ဒီလောက်ကွာသွားရတာလဲပေါ့။ ဒီကလေးလည်း ကျောင်းနေနေပြီပဲဟာကို အနည်းဆုံးတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် အရိုအသေပေးရ မယ်ဆိုတာကိုကျောင်းက ဆရာဆရာမတွေကလည်း သင်ပြပေးမှာပါ။ နောက်ပြီး သူ့ရဲ့မိဘတွေကလည်း သင်ပြပေးမှာပါပေါ့။ ကိုယ်လည်း ဒီအသိုင်းအ၀ိုင်းကပေါက်ဖွားလာတာပဲ ဒီလောက်တော့ မဖြစ်ခဲ့ဖူးပါဘူးပေါ့ စသဖြင့်စသဖြင့် တွေးနေမိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းကဆို အခုလို ကျောင်းပိတ် တဲ့အချိန်တိုင်းအချိန်တိုင်း ရွာက ဘုန်းကြီးကျောင်းမှာ ယဉ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းတွေ တက်ရတဲ့အ တွက် ဒီအကြောင်းကတော့ သိပြီးသားတွေပေါ့။ မှတ်မှတ်ရရပါ ကိုယ်တို့ငယ်ငယ်တုန်းက ၀င်းဦးကားထဲမှာ ဗိမ္ဗိသာရမင်း ခြေဖ၀ါးကို ဓားနဲ့ အခွဲခံရတဲ့အခန်းရောက်တော့ ကြောက်လိုက်တာများ မပြော ပါနဲ့။ ကြောက်တာပေါ့ အရှင်လတ်လတ်ကြီးကို ဓားနဲ့ခွဲတာကိုး။ အဲဒိတုန်းက အမေက ပြောဖူးတယ်။ အဲဒါ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ဖိနပ်စီးလို့ ခြေဖ၀ါး ဓားနဲ့ အခွဲခံရတာတဲ့။ အဲဒိလို မဖြစ်ချင်ဘူးဆိုရင် ဘုန်းကြီးကျောင်းဝိုင်းထဲကို ဖိနပ်မစီးရဘူးဆိုပြီး ပြောပြထားတာ။  ကြောက်တာဆိုတော့ ဘယ်စီးရဲမလဲ ငယ်ငယ်တုန်းကပေါ့။ နဲနဲလေး ကြီးလာတော့မှ သိသွားတာ ဘုန်းကြီးကျောင်းထဲမှာ ဖိနပ်စီးချင်ရင် ဘုန်းကြီးဝတ်ရတယ်ဆိုတော့ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးချင်တာနဲ့ ဘုန်းကြီးဘ၀ရောက်သွားပါလေရော။ အဲဒိအချိန်ကနေစပြီး ရပ်နဲ့ရွာနဲ့ ဝေးပြီးရင်း ဝေးရင်း ဖြစ်လာလိုက်တာ အခုလို တခြားတိုင်းပြည် ကို ရောက်တဲ့အထိပါပဲ။

ဟုတ်ပါပြီ။ အခုရွာက ကလေးတွေ ဘာလို့ အဲဒိလိုဖြစ်နေတာလဲဆိုတာကို တကယ်တမ်းပြန်ပြီး ဆန်းစစ်ကြည့်လိုက်မိတဲ့အခါမှာတော့ နောက်ဆုံး ကိုယ့်ပေါင်ကို လှန်ထောင်းနေသလိုပါပဲ။ ကိုယ်လည်း မြို့တက်ပြီး စာတွေပေတွေသာ သင်ထားတာ ကိုယ့်ရပ်ကိုယ်ရွာအတွက် အနည်းဆုံး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆိုတာကိုလည်း အခုအချိန်အထိကို တခါဆိုမှ တခါမှကို မသင်ပေးဖူးသေးပါဘူး။ ဘယ်အတန်းအောင်ပြီးရင် ဘယ်အတန်းအောင်ရမယ်။ ဘယ်ဘွဲ့ရပြီးရင် ဘယ်ဘွဲ့ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲလျှောက်သွားနေလိုက်တာ အခုတော့ ကိုယ့်အိမ်မှာကို အခြေအနေတော်တော်ဆိုးနေတဲ့ အနေအထားကိုပင် ရောက်ခဲ့လေပြီ။ စဉ်းစားမိပါတယ် တခါတခါ ကိုယ့်အတွက်ချည်းပဲ လုပ်လုပ်နေတာ ဆိုတော့ တကိုယ်ကောင်းများဆန်နေပြီးလားပေါ့။ တကယ်လို့ အဲဒိလို တကိုယ်ကောင်းဆန်တယ်ဆိုရင်လည်း အဲဒါက အများအတွက် ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီးလည်း ပြန်ပြန်တွေးမိပါတယ်။ 

ဒီလိုအချိန်မျိုးမှာ သီဟိုဠ်က ဗုဒ္ဓဘာသာဝင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကျောင်းသားကျောင်းသူမှန်ရင် တနင်္ဂနွေနေ့တိုင်း ဘုန်းကြီးကျောင်းသွားပြီး ဗုဒ္ဓဘာသာသင်ခန်းစာတွေ ကိုသင်ယူရတယ်ဆိုတဲ့ အကြောင်းတွေ၊ ကလေးလေးပင်ဖြစ်လင့်ကစား ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းလာပြီး ဥပုသ်စောင့်ကြတဲ့ အကြောင်းတွေကို ကိုယ့်ရွာက ကလေးတွေကို ပြန်ပြောပြရင် ယုံမှ ယုံကြည်နိုင်ပါ့မလား၊ လက်ရောခံနိုင်ပါ့ မလားဆိုတာကို တွေးရင်း တွေးရင်းနှင့်ပင်။ အမည်မသိ စာဆိုတစ်ဦးရေးထားခဲ့တဲ့ ကဗျာလေးကိုပင် သတိရမိပါတော့သည်။

စာပေ ပရိယတ် ကျမ်းဂန် တတ်မှ
မြင့်မြတ် ပေမည် ကြံတွေး ရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါတယ်ဘုရား…….။

ဖခမည်းနှင့် သားကြီးမယ်တော်
နေ့စဉ်မျှော်၍.........
ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက် နေရပါတယ်ဘုရား……..။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားရိုက် ကစားလိုက်နှင့်
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည်
တွေးရင်း ရင်လေးမိပါတယ်ဘုရား.....။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား.........။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင် ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိကင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်နိုင်ပါလိမ့်
ပင်သာသက်သက် ခက်လက်မဖြာ
သာသနာသည် ရောင်ဝါမလင်းနိုင်တော့ပါဘုရား………။

သာသနာရင်းမြစ် တောကဖြစ်လျှက်
တောပစ် မြို့ပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်၍
လျှင်လျှင်မြန်မြန် တောရပ်ထံသို့
ပြန်ကြွခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား........။
(အမည်မသိ စာဆို)

ဗုဒ္ဓသာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော= ငါသည် ဗုဒ္ဓသာသနာ၏ တာဝန်ကို မချွတ်ဧကန် ထမ်းဆောင်ရမည်။

Thursday, June 23, 2011

မွေးနေ့မှ မင်္ဂလာ

အမေရိကားမှာနေတဲ့ ရဟန်းအမတစ်ယောက်က ဦးဇင်းတဲ့ တပည့်တော် ဒီလ 24-ရက်နေ့ ကျရင် မွေးနေ့ပွဲလုပ်မယ်ဘုရားဆိုပြီး လျှောက်ပါတယ်။ ဒါနဲ့ မေးလိုက်ပါတယ် ဘယ်ပုံ ဘယ်နည်း မွေးနေ့ပွဲလုပ်မလဲ ဆိုတာကိုပေါ့။ အဲဒိတော့ လျှောက်ပါတယ် ရဟန်းအမက တပည့်တော် မွေ့းနေမှာ အသက်ခြောက်ဆယ်အ ထက် အဘိုးအဖွားတွေကို ဖိတ်ထားတယ်ဘုရား။ တပည့်တော် ဖိတ်ထားတဲ့အထဲမှာ အသက် ကိုးဆယ်ကျော်တွေလည်း ပါတယ်ဘုရားတဲ့။ နောက်ပြီး ဘုန်းဘုန်းတွေကိုလည်း ပင့်ထားတယ်တဲ့။ အသက်ကြီး ပူဇော်ပွဲလေး သဘောမျိုးလုပ်မှာ ပါဘုရားဆိုပြီး လျှောက်ပါတယ်။ စိတ်ထဲကတော့ မှတ်ချက်ချလိုက်ပါတယ် တယ်ကောင်းတဲ့ စိတ်ကူးပါလား ဆိုပြီးတော့ပေါ့။ မသေချာသေးတာနဲ့ ပေါ်တင်ပဲ မေးလိုက်ပါတယ်။ အဲဒိစိတ်ကူးက သူတပါးဆီက ကူးချတာလား၊ ကိုယ်ပိုင်လားဆိုပြီးမေးတော့။ ကိုယ်ပိုင်ပါဘုရားတဲ့။ ဒါဆိုရင် တော့ သာဓု သုံးကြိမ်ခေါ် လိုက်ပါပြီဆိုပြီး သာဓုခေါ်ပေးလိုက်ပါတယ်။ တကယ်လည်း သာဓုခေါ်ထိုက်ပါ တယ်။ ကိုယ့်ရဲ့မွေးနေ့လေး မှာ ကိုယ့်မိဘဘိုးဘွားအရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဖိတ်ကြားပြီးတော့ ပူဇော်ပွဲလုပ်တာရယ်၊ ရဟန်းသံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ လှူဒါန်းမှု အစုစုလုပ်တယ်ဆိုတာဟာ တကယ်ကို မွန်မြတ်ပါတယ်။ ဒါနဲ့ မွေးနေ့ပွဲအတွက် အမှတ်တရလေးဖြစ် သွားအောင် ဘာရေးရရင် ကောင်းမလဲဆိုပြီး စဉ်းစားကြည့် လိုက်တော့ အကြောင်းအရာကဘာမှကို ရှာလို့ကို မရပါဘူး။ စဉ်းစားလေ မရလေ၊ စဉ်းစားလေ မရလေနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ညပိုင်းအိပ်မက်ထဲ  မှာ နွေရာသီယဉ်ကျေးမှုသင် တန်းလေးတစ်ခုအကြောင်းကို မက်ပါတယ်။ အဲဒိမှာ ကလေးလေးတွေကို မင်္ဂလာကဗျာလေး သင်ပေးနေတာပါ။ သင်ပေးရင်း သင်ပေးရင်းနဲ့ ဒါနဉ္စအပိုဒ်…..

“သုံးတန်စေတနာ ဖြုစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။” ဆိုတဲ့ကဗျာလေးလည်းရောက်ရော ကလေးတွေဆိုနေတာ အားမရတာနဲ့ သူတို့အားလုံးလည်း အော်ပြီးတော့ ဆိုအောင် ကိုယ်ကလည်းလိုက်ပြီး အော်ဆိုရင်းကနေ အိပ်ယာက နိုးသွားပါတယ်။ ဒါနဲ့ မနက်ခင်းစောစော စီးစီး မှာ မထင်မှတ်ဘဲ အကြံတစ်ခု ကောက်ရလိုက်ပါတယ်။ အဲဒါကတော့ ဒီမင်္ဂလာကဗျာလေးထဲမှာပါတဲ့ အကြောင်းလေးတွေရေးရရင် ကောင်းမှာပဲဆိုတဲ့ အကြံလေးပါ။ ဒီလိုနဲ့ပဲ ရေးဖြစ်သွားပါတယ်။ 

ဒီကဗျာလေးရဲ့ ပထမပါဒမှာသုံးထားတဲ့ “သုံးတန်စေတနာဖြူစင်လန်းလို့ ဆိုတာလေးကို ရှင်းရမယ် ဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒါနအမှု၊ သီလအမှု၊ သမာဓိအမှု ဆိုတဲ့ လုပ်ငန်းဆောင် တာ တွေထဲက ပထမဦးဆုံး အမှုဖြစ်တဲ့ ဒါနအမှုကို လုပ်ကြတော့မယ်ဟေ့ဆိုရင် အရင်ဆုံး ကုသိုလ်ကိစ္စပြု လုပ်ရာ အထမမြောက်ခင် ဖြစ်တဲ့စေတနာကို ပုဗ္ဗစေတနာ လို့ခေါ်ပါတယ်။ အဲဒိနောက် ကုသိုလ်ကိစ္စ အထ မြောက်တဲ့အချိန်မှာဖြစ်တာကိုတော့ မုဉ္ဇစေတနာလို့ ခေါ်ပါတယ်။ နောက်ဆုံး ပေးလှူခြင်းကိစ္စပြီး ဆုံးသွားပြီးလို့ အဲဒိကုသိုလ်ကိစ္စတွေကို စိတ်ထဲမှာ အဖန်ဖန်အထပ်ထပ် အောက်မေ့ခြင်းတွေ ဖြစ်နေတာ ကိုတော့ အပရ စေတနာဆိုပြီး ခေါ်ပါတယ်။ အဲဒီလို စေတနာတွေ ဖြစ်ပေါ်ရာမှာလည်း ဖြူစင်လန်းလို့ ဆိုတာလေးကို ထောက်ပြီးတော့ စေတနာဖြစ်ပေါ်တိုင်းဖြစ်ပေါ်တိုင်း မိမိတို့ရဲ့ စိတ်ထားလေး ဟာ ဖြူစင်နေစေရပါမယ်။ လန်းဆန်းနေစေရပါမယ်။ ဆိုလိုချင်တာကတော့ ပီတိနှင့်အတူဖြစ်စေချင်တဲ့ သဘောလေးထင်ပါတယ်။ ဒီနေရာမှာ စေတနာပျက်ခြင်း၊ ဖြစ်ခြင်းသဘောတွေနဲ့ပါတ်သက်ပြီး ဥပမာသာဓ ကတွေရေးပြရမယ်ဆိုရင် အများကြီးဖြစ်သွားမည်စိုးသောကြောင့် ချန်လှပ်ခဲ့ပါတယ်။ 

ပေးကမ်းဝေမျှလှူနိုင်စေ ဆိုတာလေးကတော့ ဒါနဆိုတဲ့ပုဒ်ရဲ့ အဓိပ္ပာယ်သဘောတရားလေး တွေ ပါ။ ဒီနေရာမှာ ဒါနဆိုတဲ့ ပုဒ်ကလေးကို အဓိပ္ပာယ်ပြန်လိုက်မယ်ဆိုရင် စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းဆိုပြီး သုံးမျိုးဖြစ်လာပါတယ်။ ဘယ်လိုကွဲသွားသလဲဆိုတော့ ကိုယ့်ထက် အမျိုးဇာတ်အားဖြင့်၎င်း၊ ဂုဏ်အားဖြင်၎င်း၊ အရွယ်အားဖြင့်၎င်းနိမ့်ကျတဲ့သူတွေကိုဒါနမှုပြုတာကြတော့ စွန့်ကြဲခြင်းဆိုတဲ့ သဘောနဲ့သုံးပါတယ်။ ကိုယ်နဲ့ အမျိုးဇာတ်၊ ဂုဏ်၊ အရွယ်အားဖြင့် တန်းတူညီတူဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ဒါနပြုတာကိုတော့ ပေးကမ်းတယ်ဆို ပြီး သုံးပါတယ်။ နောက်ဆုံး ကိုယ့်ထက် ဇာတ်၊ ဂုဏ်၊ အရွယ်အားဖြင့် သာလွန်တဲ့ပုဂ္ဂိုလ်တွေကို ဒါနပြုတာ ကိုတော့ လှူဒါန်းတယ်ဆိုပြီးသုံးပါတယ်။ အလှူပေးတဲ့နေရာမှာလည်း “အလှူခံ တကျိတ်လေး၊ ခွေးကအစ ဆိုတဲ့ မြန်မာစကားပုံလိုပဲ အလှူခံပုဂ္ဂိုလ်အမျိုးအစားဟာ (၁၄) မျိုးရှိပါတယ်။ ဒါကိုလည်း ချန်လှပ်ခဲ့ပါတယ်။

“ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့ ဆိုတာလေးကတော့ ဗုဒ္ဓဘာသာဝင်တွေ သိပြီးသားဖြစ်တဲ့ ကာယကံ (ကိုယ်ဖြင့်ပြုသောအမှု)၊ ၀စီကံ (နှုတ်ဖြင့်ပြုသောအမှု)၊ မနောကံ (စိတ်ဖြင့်ပြုသောအမှု)ဆိုတဲ့ ကံတွေကို မပြုမိပါစေနဲ့ဆိုပြီးပြောထားပါတယ်။ ဘယ်လိုကာယကံမျိုးလည်းဆိုတော့ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူ့အိမ်ရာကို ပြစ်မှားခြင်းဆိုတဲ့ ကိုယ်ခန္ဓာနဲ့စပ်လျဉ်းပြီး ပြုလုပ်ရတဲ့ ကံတွေပါ။ ၀စီကံ ဆိုတာကလဲ မဟုတ်မမှန်ပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ အကျိုးမရှိသော စကားကို ပြောဆိုခြင်းဆိုတဲ့ ကံတွေပါ။ မနောကံကတော့ သူတပါးစည်းစိမ်ကို ရှေ့ရှုကြံခြင်း၊ သူတပါးပျက်စီး အောင် ကြံစည်တောင့်တခြင်း၊ မှားသောအယူကို ယူခြင်းဆိုတဲ့ ကံတွေပါ။ ဒီကံတွေကို မပြုမိ ပါစေလင့်ဆိုပြီး တားမြစ်ရခြင်းအကြောင်းကတော့ ဒီမကောင်းမှု ဒုစရိုက်တရား (၁၀)ပါးကို ပြုမယ်ဆိုရင် ပြုတဲ့ပုဂ္ဂိုလ်ဟာ သေသည်၏အခြားမဲ့၌ အပါယ်ငရဲသို့သာ လားရာ ရှိသောကြောင့်ဖြစ်တယ်ဆိုတာကို ဒုစ္စရိတသုတ်မှာ ဟောတော်မူထားပါတယ်။

“သုစရိုက်တရားကို ကျင့်ပါလေ” ဆိုတာကတော့ အထက်အပိုဒ်မှာ ပြောခဲ့တဲ့ ဒုစရိုက်တရား (၁၀)ပါးကို ရှောင်ကြဉ်ပြီး  သုစရိုက်တရားတွေကို ဖြည့်ကျင့်ပါဆိုပြီး တိုက်တွန်းထားတာပါ။ အဲဒိသုစရိုက် တရားတွေကို ဖြည့်ကျင့်တာကိုတော့ စာရိတ္တသီလလို့ခေါ်ပါတယ်။ စာရိတ္တသီလကို ဖြည့်ကျင့်လိုတဲ့ ပုဂ္ဂိုလ် အနေနဲ့ကတော့ သဒ္ဓါတရားရှိဖို့နဲ့ ၀ီရိယတရားနှစ်ပါးရှိဖို့ လိုအပ်ပါတယ်။ တဖန်  ၀ါရိတ္တသီလ ကို ဖြည့်ကျင့်ချင်တဲ့ပုဂ္ဂိုလ်တွေ အတွက်ကတော့ အဓိကအားဖြင့် ၀ီရိယတရားလေး ရှိဖို့ပဲလို ပါတယ်။ ဒါကတော့ စာရိတ္တသီလနှင့်ဝါရိတ္တသီလ တို့ရဲ့ ထူးခြားတဲ့ လက္ခဏာလေးတွေပါ။ ဒီနေရာမှာ သီလ၏ ကောင်းကျိုး ဆိုးကျိုးများ သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုးရပုံများ၊ သီလမရှိခြင်း၏ ဆိုးကျိုးရပုံ တို့မှာ များစွာရှိပါတယ်။ ကောင်းကျိုးဆိုးကျိုးများသည် စောင့်ထိန်းသောသီလ၊ လွန်ကျုးသောသီလတို့ အပေါ်၌ မူတည်ပြီး အကျိုးတရားများ ရရှိခံစားကြရပါတယ်။ ဒါ့ကြောင့် သီလတစ်ခုချင်း၏ ကောင်းကျိုး ဆိုးကျိုးများကို ရေးသားတင်ပြရရင် များသွားမည်စိုးသောကြောင့် ဒီမှာလည်းပဲ ချန်လှပ်ခဲ့ရပါဦးမယ်။ 

ဆွေမျိုးတွေကို ပြင်ပ မထားနဲ့ ဆိုတဲ့နေရာမှာ ဆွေမျိုးဆိုတာ မိမျိုး၊ ဖမျိုး နှစ်ဘက်လုံးမှ အမျိုးတွေ လည်း ဖြစ်နိုင်သလို မိမိနဲ့သိကျွမ်းခင်မင်သူ တမြေတည်းနေပြီးပေါက်ဖွားလာတဲ့သူ၊ ပင့်ဖိတ်ထား တဲ့သူတွေ လည်း ပါဝင်ပါတယ်။ အဲဒိလူတွေကို လည်း ပြစ်မထားပါနဲ့တဲ့။ အဲဒါကိုတော့ “အတ္တနော ဉာတ ကာနံ ပေတာနံ အတ္ထာယ ဒါနံ ဒတွာ ဥဒ္ဒိသန္တိ ‘‘ဣဒံ အမှာကံ ဉာတီနံ ဟောတူ ဆိုတဲ့စကားလေးမှာ တကယ်လို့များ ကိုယ့်ရဲ့ ဘ၀ါဘ၀က တော်စပ်ခဲ့တဲ့ဆွေမျိုးအပေါင်းအဖော်တွေဟာ မကျွတ်မလွတ်သေးတဲ့ ပြိတ္တာဘ၀တွေ ရောက်နေပြီဆိုရင် သူတို့ကို ရည်စူးပြီးတော့ ကောင်းမှုကုသိုလ်လုပ်ကာ အမျှအတမ်းပေးဝေ ဖို့ မမေ့ပါနဲ့ဆိုတာ ကို ပြောထားတာကြည့်ခြင်းအားဖြင့် သိသာနိုင်ပါတယ်။

“သင်္ဂဟတရားနှင့်ချီးမြှောက်လေ” ဆိုတဲ့နေရာမှာ သင်္ဂဟသည် ပါဠိစကားဖြစ်ပါတယ်။ ဒီနေရာမှာတော့ ချီးမြှောက်ခြင်းဆိုပြီး အနက်အဓိပ္ပါယ်ရတယ်။ ချီးမြှောက်ခြင်းဆိုရာမှာလည်း တပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုပါတယ်။ ဒီသင်္ဂဟတရား ထွန်းကားပါမှ လောကကြီးလည်း သာယာ ငြိမ်းချမ်းမှာပါ။ အခြေအနေနဲ့ အချိန်အခါအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော ပုဂ္ဂိုလ်တို့ဟာ ကြီးပွားချမ်းသာကြပါတယ်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင်လည်း သင်္ဂဟတရားများသည် အလွန်အရေး ကြီးတဲ့ တရားများဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားတော်မူချက် အရ သင်္ဂဟတရားလေးပါးရှိပါတယ်။ အဲဒါတွေကတော့-

၁။ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း (ဒါန)
၂။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း (ပီယ၀ါစာ)
၃။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း (အတ္ထစရိယာ)
၎။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း (သမာနတ္ထတာ) တို့ဖြစ်ပါတယ်။

ဒီနေရာမှာ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းကို ဆိုလိုပါတယ်။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်မျိုး၊ အပြောမျိုးဖြင့် ဆက်ဆံခြင်းဖြစ်ပါတယ်။ အဖေ အမေ အကိုအမ အဒေါ် ဦးကြီးဦးလေး ညီမလေး ညီလေး မောင်လေး စသည်ဖြင့်ခေါ်၍ ခင်မင်စွာ ပြောဆို ဆက်ဆံခြင်းဖြစ်ပါတယ်။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-တပါးသူတို့၌ သာမှု နာမှု ပြစ်မှု စတဲ့ ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးပို့ရုံဖြင့် မပြီးသေး၊ ချစ်ဖွယ်စ ကား ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စများ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက် ရ ခြင်း ဖြစ်ပါတယ်။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-အမျိုး ဥစ္စာ ရာထူး ဂုဏ်သိန်အားဖြင့် မိမိနှင့်မညီမျှသော်လည်း တန်းတူထား၍ ပေါင်းသင်း ဆက်ဆံရခြင်း ဖြစ်ပါတယ်။

အခုလို သင်္ဂဟတရားကို လက်ကိုင်ထားနိုင်မှသာလျှင် လူသားဘ၀မှာလည်း သာယာစိုပြေလာမည့် အပြင်၊ လူတဦးနှင့်တဦးကြားမှာလည်း ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာပြီး လူထုကို စည်းရုံးရာ၌ပင် လွန်စွာအသုံးဝင်သောရှေးအကျဆုံး၊ အရိုးဆုံး၊ အလွယ်ဆုံးနည်းပင်ဖြစ်မည်မှာ ဧကန်မလွဲပေ။ ဒီသင်္ဂဟ တရားလေးပါးကို မကျင့်သုံးပါက မိမိဖခင်ကိုပင် သားသမီးများက ကျေးဇူးတုန့်ပြန်ကြမည် မဟုတ်ချေ။ အဖေ ဟူ၍ပင် ခေါ်ကြမည်မဟုတ်ပေ။

အချုပ်အားဖြင့်ဆိုရသော် မိမိတို့ပြုလုပ်သော ဒါနအမှုကိစ္စ၊ သီလအမှုကိစ္စ၊ ဘာဝနာအမှုကိစ္စတိုင်း ကိစ္စတိုင်းမှာ အထက်တွင်ဆိုပြီးခဲ့သည့်အတိုင်း မင်္ဂလာတရားတော်နှင့်အညီ ပြုလုပ်နိုင်မည်၊ စိတ်ထားနိုင် မည်ဆိုပါက မည်သူမဆို ကောင်းခြင်းမင်္ဂလာတွေနှင့်ထုံမွှမ်းပြီး သူတော်ကောင်းတွေရဲ့ ချီးမွမ်းထောမနာ အပြုခံရမည်မှာ မလွဲပါပေဆိုသည့်အကြောင်းကို တင်ပြရင်း ယနေ့ကျရောက်သော ဒကာမကြီး၏ မွေးနေမှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မွေးနေ့တိုင်းမွေးနေ့တိုင်း၊ မွေးရက်တိုင်းမွေးရက်တိုင်း၌ “ဒါနဉ္စ ဓမ္မစရိယာစ” ဆိုတဲ့အတိုင်း စေတနာသုံးတန်ပြဋ္ဌာန်းပြီး အလှူအတန်းတွေလည်း ပေးလှူနိုင်းပြီးသကာလ၊ “ဉာတကာနဉ္စ သင်္ဂဟော” ဆိုတဲ့အတိုင်း ဆွေမျိုးမိတ်ဆွေ သင်္ဂဟတွေကိုလည်း သင်္ဂဟတရားလေးပါး နှင့် အညီထောက်ပံ့နိုင်ပြီးသကာလ ကောင်းခြင်းမင်္ဂလာ တွေနှင့်ထုံမွှမ်း သော မွေးနေ့များပိုင်ရှင် ဖြစ်ပါစေကြောင်း ဆန္ဒပြုရင်း……….

"သုံးတန်စေတနာ ဖြုစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။"

Wednesday, June 22, 2011

တလောကလုံး စိမ်းလန်းစိုပြေရေး

လောက ပါလတရားဆိုတာဟာ လောကကြီး ကို မပျက်မယွင်းရအောင် ထိန်းကျောင်းတဲ့တရားတွေပါလို့ အကြမ်းဖျင်း အလွယ်တကူနားလည်ကြရမှာပါ။ လောကပါလတရား ဆုတ်ယုတ်လာတဲ့ လူ့ဘောင်တစ်ရပ် ဟာ မကြာမီ ပျက်စီးယိုယွင်းသွားမှာ သေချာပါ တယ်။ ဒီအကြောင်းအရာကို ဗုဒ္ဓဘုရားရှင် အင်္ဂုတ္တိုရ်ပါ ဠိတော်၊ ဒုကနိပါတ်၊ စရိယသုတ်မှာ “ရဟန်းတို့.ဖြူစင်သော ဤတရားနှစ်ပါးသည် လောကကိုစောင့်ရှောက် ကုန်၏။ နှစ်ပါး ဟူသည် ‘ရှက်ခြင်း ဟိရီ’ နှင့် ‘ကြောက် ခြင်း ဩတ္တပ္ပ’ တို့ပင်တည်း” ဟု ဟောတော်မူထား ပါတယ်။။

အရှက်အကြောက်ဆိုရာဝယ် အရှက်သည် တစ်ပိုင်း အကြောက်သည် တစ်ပိုင်းဆိုပြီး ကွဲသွားပါတယ်။ ဒါကို ပါဠိစာပေမှာတော့ ဟိရိ နဲ့ သြတပ္ပဆိုပြီး လာပါတယ်။ ဒီတရားနှစ်ပါးကိုပဲ လောကပါလတရား ဆိုပြီး မြန်မာ စကားမှာသုံးပါတယ်။ ဒီတရားနှစ်ပါးအကြောင်းကို ဣတိဝုတ်၊ သုက္ကဓမ္မသုတ်မှာ ဒီလိုပြောထားပါသေးတယ်။ ဟိရိ= အတ္တာဒိပတေယျ= အဇ္ဈတ္တသမုဋ္ဌာန (ကိုယ့်ကိုယ်ကို ရှက်ခြင်း)၊ သြတ္တပ္ပ= လောကာဓိပတေယျ= ဗဟိဒ္ဓါသမုဋ္ဌာန (ပတ်ဝန်းကျင်ကို ရှက်ခြင်း)ဆိုပြီးပြောထားပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ရှက်တာဟာ ဟိရိ၊ ပတ်ဝန်းကျင်ကို ရှက်တာဟာ သြတ္တပ္ပ ပါ။ ဒီနေရာမှာ အရှက်အကြောက်ဖြစ်ခြင်းရဲ့ အကြောင်းတရားကလည်း ၄-ပါးဆိုပြီးတော့ လာပါသေးတယ်။ အခုတော့ ``ကိုယ့်ကိုယ်ကိုကာကွယ်ခြင်း ဟာ အများကို ကာကွယ်ခြင်းမည်တယ်။ အများကို ကာကွယ်ခြင်းအားဖြင့်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ပြီး သားဖြစ်တယ်´´ဆိုတဲ့အကြောင်းလေးကိုပဲ တင်ပြသွားပါမယ်။

ဘုရားဟောထားတဲ့ ၀တ္ထုလေးအကြောင်းပါ။ တခါက မျက်လှည့်သမားနှစ်ယောက်ဟာ သူတို့ရဲ့ မျက်လှည့်ပွဲကို ၀ါးလုံးတိုင်ပေါ်မှာ ကျွမ်းဘားထိုးရင်း က ပြကြပါတယ်။ တစ်နေ့ကျတော့ ဆရာလုပ်တဲ့သူက သူ့ရဲ့အလုပ်သင်တပည့်ဖြစ်သူကို ဒီလိုပြောပါတယ်။ ``ကဲ…….ငါ့တပည့်၊ ငါ့ ပခုံးပေါ်တက်ပြီး ၀ါးလုံးတိုင်ကို တက်ပါ´´ပေါ့။ အလုပ်သင်တပည့်ကလည်း ဆရာပြောတဲ့အတိုင်း တိုင်ပေါ်ကို တက်သွားတဲ့အခါ ဆရာလုပ်သူက ``အခု မင်းငါ့ကို ကာကွယ်ရင် မင်းကိုယ်မင်းလည်း ကာကွယ်ပြီးသားဖြစ် လိမ့်မယ်´´ လို့ ပြောပါတယ်။ ဒီလို တစ်ဦးကို တစ်ဦး စောင့်ရှောက်ကာကွယ် ကြရင်ငါတို့ဟာ ငါတို့အလုပ်ကို ဘေးမ သီရန်မခဘဲ ကောင်းကောင်း က ပြနိုင်မယ်။ ငါတို့လည်း ကောင်းကောင်း အကျိုးခံစားရမယ်။ မင်း လည်း အောက်ကို ဘေးမသီရန်မခဘဲ လုံလုံခြုံခြုံ စိတ်ချလက်ချ ပြန်ဆင်းနိုင်လိမ့်မယ်´´ ဆိုပြီး ပြောပါ တယ်။ အဲဒီလိုဆရာကပြောတော့ တပည့်ဖြစ်တဲ့သူက ``မဟုတ်သေးဘူး ဆရာ၊ ဆရာက ဆရာ့ကိုယ်ဆရာသာ ကာကွယ်ပါ။ ကျနော်က ကျနော့ဘာသာကျနော်ကာကွယ်မယ်ပေါ့။ ဒီလို ကိုယ့်ကိုယ်ကို ကိုယ်စီကာကွယ်စောက်ရှောက်မှသာ ကိုယ့်မှာ လုံခြုံစိတ်ချရမယ်။ ပွဲကို လည်း ကောင်းကောင်း က ပြနိုင်မယ်´´လို့ ပြန်ပြောပါတယ်။

ဒီနေရာမှာ ဘုရားရှင်ကတော့ အဲဒါနည်းလမ်းမှန်တယ် ဆိုပြီး မိန့်တော်မူပါတယ်။ ပြီးမှ ဘုရားရှင်က ဆက်ပြီး ဟောပုံမှာ အလုပ်သင်တပည့်ပြောသလို မိမိကိုယ်ကို မိမိကာကွယ် ဆိုတာလိုပဲ ကိုယ့်ရဲ့သမာဓိ အခြေခံကို ရအောင် ကျင့်ရမယ်။ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်သာလျှင် သူတပါးကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်ကြောင်းကို ဟောတော်မူပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ ဘုရားရှင်က သံယုတ္တနိကာယ်မှာဟောထားပါတယ်။ ဒီမှာ ကျနော့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာကိုပဲ ဦးတည်လိုက်ပါမယ်။ ယနေ့ခေတ် လူမှုရေးတာဝန်ဆိုတဲ့စကားကို အထူး အလေးပေး ပြောကြားကြရာမှာ လူတွေအနေနဲ့ ကိုယ်ပြောလိုရင်း အချက်ကို လေးနက်စေဖို့စာ ကိုးစာကား ထုတ်ပြောကြတဲ့အခါ ဒုတိယအကြောင်းဖြစ်တဲ့ ``သူများကို ကာကွယ်မှ ကိုယ့်ကိုယ်ကို ကာကွယ်ရာ ရောက်တယ်´´ဆိုတဲ့ စကားကိုသာ အကိုးအကားထုတ်တတ်ကြပါတယ်။ ဒီလိုတစ်ဖက် သတ်ကိုးကားတာဟာ မြတ်ဗုဒ္ဓရဲ့ ဖော်ပြချက်ကို အဓိပ္ပာယ်တလွဲကောက်ယူစေနိုင်ပါတယ်။ အခုအထက် က ပြောခဲ့တဲ့ ၀တ္ထုမှာ ဘုရားရှင်က အလုပ်သင်တပည့်ပြောတာက ကိုယ့်ကိုယ်ကိုသာ ကာကွယ်ပါ။ သူတပါး ကို ဘေးရန်က ကာကွယ်ချင်ရင် ကိုယ့်ခြေလှမ်းကိုသာ ကိုယ်က ဂရုစိုက်သင့်ပါတယ်။ ဒီစကားမှာ ကိုယ့်ကိုကို ကာကွယ်ပါဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့သဘောမဟုတ်ပါဘူး။ ဒါက ကိုယ့်ကိုယ်ကို ကောင်းအောင် ကိုယ်ကျင့်တရားအရ၊ ဘာသာရေးအရ ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ သဘောကိုပြောတာပါ။

ကိုယ့်ကိုယ်ကို ကာကွယ်မှ သူတပါးကို ကာကွယ်ရာရောက်တယ်ဆိုတဲ့ စကားရဲ့မှန်ကန်မှုဟာ ရိုးရိုးရှင်းရှင်းပါပဲ။ လက်တွေ့ကျတာ တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာသဘောအရ ပြောရရင် ဒီသဘောဟာ သိပ်ကိုမှန်ကန်ကြောင်းပေါ်လွင်ထင်ရှားပါတယ်။ ဥပမာ ကိုယ့်ကျန်းမာရေးကို ကိုယ်က ဂရုစိုက်လိုက်တော့ ကိုယ်နဲ့နီးစပ်သူတွေအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေအတွက်ပါ အထူးသဖြင့်ကူးစက်တတ် တဲ့ ရောဂါမျိုး ကိစ္စမှာ ပိုပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုအပ်ကြောင်းထင်ရှားပါတယ်။ ကိုယ်လုပ်သမျှ ကိုင်သမျှကို ဂရုစိုက်ပြီး နေရင် သူများကိုပါ ကာကွယ်ရာ ရောက်ပါတယ်။ သူများကိုပါ ရောဂါ အန္တရာယ် မကျအောင် ကူညီစောင့်ရှောက်ရာ ရောက်ပါတယ်။

ကိုယ့်ကိုယ်ကို မစောင့်ရှောက်ပဲ သတိလက်လွတ် ပေါ့ပေါ့လျော့လျော့နေလိုက်ရင် တခြားလူတွေ ကိုပါ ရောဂါကူးစက်ပြီး အန္တရာယ်ကျရောက်နိုင်ပါတယ်။ နောက်ဥပမာအနေနဲ့ ကားဒရိုင်ဘာတစ်ယောက်ပဲ ဆိုပါတော့ သူလည်း ကားမောင်းတဲ့အခါ ကိုယ့်ကိုယ်ကိုကာကွယ်ပြီး သောက်စားခြင်းမရှိဘဲဂရု စိုက်မောင်းခြင်းအားဖြင့် သူတပါးကို ဘေးရန်ကျရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ အကြမ်းဖက်မှုဖြစ် ပွားနိုင်တဲ့ ကိစ္စမျိုးမှာ ကိုယ်ကသာ ကိုယ့်ကိုယ်ကို ထိန်းချုပ် ကာကွယ်နိုင်ရင် ဒီနည်းနဲ့ရော တခြားနည်းပေါင်းများစွာနဲ့ပါ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း သူတပါးကိုလည်း ကာကွယ်နိုင်တာဖြစ်ပါတယ်။ ဒီတရား မှန်ကန်ကြောင်းကို ကိုယ့်ကျင့်တရားအဆင့်မှာလည်း ကျနော်တို့ တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် သူတပါးကို စောင့်ရှောက်ရာ ရောက်ပါတယ်။ လူတစ်ဦးချင်း အတွက်ရော လူ့ဘောင်တစ်ခုလုံးအတွက်ပါ မိမိရဲ့ အထိန်းအကွပ်မရှိတဲ့ တစ်ကိုယ်ကောင်းစိတ်၊ ရာဂ တက်မက်မှုတွေကို ဆန့်ကျင်ဘက် လုပ်မှသာ အများကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါတယ်။ မကောင်းမှု အားလုံးရဲ့ ရေသောက်မြစ်ဖြစ် တဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေကို ကိုယ့်ရင်ထဲမှာ အတားအဆီးမရှိ ဖြစ်တည်ခွင့် ပြုထားရင်တော့ ဒီတရားတွေက အခြေခံပေါက်ဖွားလာတဲ့ မကောင်းတဲ့ အကုသိုလ်ကံတွေဟာ တောထဲက နွယ်ရိုင်းတွေလို သစ်ကောင်းဝါးကောင်းတွေကို အသက်ရှူကျပ်လာအောင် လုပ်ပြီးသတ်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အားလုံးက ဒီကိလေသာ ဒုစရိုက် အခြေခံတရား သုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ကြရင် ဘ၀တူလူသားတွေအားလုံးဟာလည်း ကိုယ့်ရဲ့အတားအဆီးမရှိ ပိုင်ဆိုင်လိုမှု၊ အာဏာ တန်ခိုးကြီးလိုမှု၊ အထိန်းအကွပ်မဲ့နေတဲ့ ကျနော်တို့ရဲ့ တဏှာ၊ လောဘ၊ ဣဿာ၊ မစ္ဆရိယစိတ်တွေရဲ့ အန္တရာယ်က ကင်းဝေးပြီး လုံခြုံစိတ်ချမှုကို ရကြမှာပါ။ ဒါမှသာ သူတို့ဟာ အနှောက်အယှက်ကင်းမယ်။ အဖျက်အဆီးကင်းစွာ၊ အသတ်အဖြတ်ကင်းစွား၊ မုန်းတီးမှုနဲ့ ရန်ငြိုးထားမှုက ကင်းစွာ၊ ပဋိပက္ခဖြစ်မှုတွေက ကင်းစွာ နေနိုင်ကြမှာပါ။

သူတပါးတို့အပေါ်သက်ရောက်သော ကျနော်တို့ရဲ့ လောဘနဲ့ ဒေါသအကျိုးဆက်တွေဟာ ကျနော် တို့ရဲ့ လောဘနှင့်ဒေါသသားကောင်ဖြစ်ရသူအပေါ်တွင် အကန့်အသတ်မရှိတော့ပါ။ လောဘနဲ့ဒေါသသည် ကူးစက်တတ်တဲ့သဘောရှိပါတယ်။ မကောင်းတဲ့အကျိုးကို တိုးပွားများပြားအောင်လုပ်တတ်ပါတယ်။ တကယ်လို့ ကျနော်တို့ရဲ့ စိတ်မှာ လိုချင်တက်မက်မှု၊ လက်ရောက်ရလိုမှုမှတပါး အခြားကိစ္စကို မစဉ်းစားဘဲ ရဖို့၊ ပိုင်ဆိုင်ဖို့ ဆုပ်ကိုင်မိဖို့ တွယ်တာစွဲလမ်းဖို့လောက်ကိုသာ အရေးထားစဉ်းစားနေပါရင် အဲဒိပိုင်ဆိုင်တဲ့ စိတ်ဆန္ဒဟာ သူတပါး ပိုင်ဆိုင်မှုကိုပါ ရလို ပိုင်ဆိုင်လိုတဲ့ ဣဿာစိတ်ဓာတ်မျိုး အား ကောင်းစွာဖြစ် လာနိုင်ပါတယ်။ အဲဒီလို ယုတ်မာညစ်နွမ်းတဲ့ စိတ်ဓာတ်တွေဟာ ကိုယ့်ပတ်ဝန်းကျင်ဖြစ် တဲ့ နောင်လာနောင်သား ကလေးသူငယ်များ၊ လုပ်ဖော်ကိုင်ဖက်များရဲ့ အမြင်မှာ နမူနာယူစရာ၊ အတုယူစရာ အကျင့်သီလ စံနှုန်းများအဖြစ်သို့ရောက်သွားနိုင်ပါတယ်။ ကျနော်တို့ရဲ့ အပြုအမူကို အခြားလူများကပါ နှစ်သက်သဘောကျပြီး လိုက်လုပ်ချင်လာအောင် အတုမြင်အတတ်သင်သဘောမျိုး လုပ်လာအောင် စိတ်ဓာတ်နှိုးဆော်ပေးသလို ဖြစ်ပြီး အဲဒီလူများက ကျနော်တို့ထက်ပင် သာအောင်ပြိုင် ဆိုင်ပြုလုပ်ချင်စိတ်များဖြစ်လာစေနိုင်ပါတယ်။ ကျနော်တို့ကသာ လောဘ ရမ္မက်ကြီးသူ၊ ကာမဂုဏ်လိုက် စားကြူးသူများဖြစ်ကြလျှင် တခြားသူများကို အလိုရမ္မက်ကြီးသူများ ဖြစ်လာအောင် အလင်းတိုင်မီးညှိ ထွန်းပေးသလို ဖြစ်စေနိုင်ပါတယ်။ ကျနော်တို့ရဲ့အမုန်းဟာ တခြားလူများကိုလည်း မုန်းတတ်လာအောင် ရန်ငြိုးထားတတ်လာအောင် လှုံ့ဆော် ပေးနိုင်ပါတယ်။ ကိုယ်က သူများကိုလည်း မုန်းတီးစိတ် ၀င်အောင် ရန်ငြိုးထားလာအောင် ကူညီ အားပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုလိုအခြေအနေမျိုးလေး မှာရှိနေတုန်း ကျနော်တို့အားလုံးဟာလည်း ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်သင့်နေပါပြီ။ တချို့ ပြောကြပါတယ် ``ပတ်ဝန်းကျင်ကို ဂရုစိုက်နေရင် လောကကြီးက ကျဉ်းကျဉ်းလေးဖြစ်သွားမှာပေါ့´´တဲ့ ဒါကို ပြောင်းပြန်လေးပြန်တွေးကြည့်စေချင်ပါတယ်။ ``လောကကြီးက ကျဉ်းကျဉ်းလေးဖြစ်သွားမှလည်း ပတ်ဝန်းကျင်က မင်းကို ပြန်ဂရုစိုက်နိုင်မယ်´´ဆိုတာလေးကိုပါ။

ဒါ့ကြောင့် ယခုကစပြီး ကိုယ့်ကိုယ်ကို ရှက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုလည်း ရှက်ပြီးသားလေးဖြစ် သွားအောင် အထက်မှာပြောခဲ့သလို ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်တဲ့နေနဲ့ လောဘ၊ ဒေါသ တရားတွေ၊ ငြူစူခြင်း၊ သူတစ်ပါး တိုးတက်, ကြီးပွါး, ပြည့်စုံနေသည်ကို-မနာလို-မကြားလို-မကြည့်လို-မမြင်လို-ခြင်း သဘောရှိတဲ့ ဣဿာ စေတသိက် တရား။ နောက်ပြီး မိမိအားသာလျှင် အံ့ဩဖွယ်ဖြစ်စေလို၍ သူတပါးအား မဖြစ်စေလိုမှု၊ နှမြောစေးနှဲမှု၊ ဝန်တိုမှုသဘောရှိတဲ့ မစ္ဆရိယ။ လူကိုလူလိုမထင်ခြင်တဲ့ သဘောရှိတဲ့ မာန တရားတွေကိုယ့်ရဲ့သန္တာန်မှာဖြစ်ပေါ်လာပြီဆိုရင် အဲဒါတွေကိုဖြစ်ခွင့်မပေးတော့ဘဲ ကာကွယ်ရင်း ပတ်ဝန်ကျင်းကို အလှဆင်နိုင်ကြပါစေလို့…..။

Tuesday, June 21, 2011

တကိုယ်ကောင်းဆန်တာ အများအတွက်ပါ

ကမ္ဘာ့ကိုးကွယ်မှုဆိုင်ရာ အယူဝါဒများကို အကြမ်းဖျဉ်းအုပ်စုဖွဲ့ဖော်ပြရသော်
(၁) ဟိန္ဒူဘာသာ
(၂) ဗုဒ္ဓဘာသာ
(၃) ခရစ်ယာန်ဘာသာ
(၄) အစၥလာမ္ဘာသာဟူ၍ ဘာသာႀကီး(၄)မ်ဳိး
(၅) အခြားဘာသာငယ်လေးများ (ဂျိမ်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဇိုရိုအက်စတာဘာသာ၊ ရှင်တိုဘာသာ စသည်များ)
(၆) နတ်တင်၊ နတ်ပသဘာသာ
(၇) ဘာသာမဲ့ဘာသာဟူ၍ (၇)အုပ်စုခန့်ရှိကြောင်း လေ့လာမှတ်သားရဘူးပါသည်။

ထိုဘာသာအုပ်စု(၇)မျိုးတို့တွင်
(၁) ဟိန္ဒူဘာသာ၏ အယူဝါဒ
ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် မဟာ ဗြဟ္မာ”ထာဝရဘုရား သခင်ကို ယုံကြည်သတ်မှတ်ဆည်းကပ်ကိုးကွယ်၏။

(၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ
ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆိုအမိန့်များကို လိုက်နာကျင့်သုံး ၏။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်၏။ သို့ရာတွင် “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန်ဆင်းရှင်” ဟု အလေးအနက်ယုံကြည်၏။

(၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ
တမန်တော်ယေရှုခရစ်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့် များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင် စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် ဂျီယိုးဗား (ယေဟိုးဝါး)” ထာဝရဘုရားသခင်ကို ယုံကြည်သတ်မှတ်ဆည်းကပ်ကိုးကွယ်၏။

(၄) အစၥလာမ္ဘာသာ၏အယူ၀ါဒမွာ
တမန်တော်မိုဟာမက်နှင့် ယင်း၏သာဝကတို့ ဟောကြားထားအပ်သော “ကိုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်း နိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင်အလ္လာ” ထာဝရဘုရားသခင်ကို ယုံကြည်သတ်မှတ်ဆည်းကပ်ကိုးကွယ်၏။

ယင်းဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားမရှိ” ဟု အတိအလင်းငြင်းဆိုပြီး ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တ၀ါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားသခင်ရှိ၏” ဟု လက်ခံကြပါတယ်။ ဒါလေးကို ထပ်ပြီးရှင်း ရှင်းလေးအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် "ယနေ့ကမ္ဘာပေါ်မှာ ဘာသာတွေ ၀ါဒတွေ ဘယ်လောက်ပဲ များနေများနေပါစေ ကိုယ့်ကိုယ်ကို အားကိုးတဲ့ဝါဒရယ်၊ သူတပါးကို အားကိုးတဲ့ဝါဒရယ်" ဆိုပြီး နှစ်ခုပဲဖြစ်သွားပါတယ်။ ဒီနေရာမှာ “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန် ဆင်းရှင်” ဆိုတာလေး ကိုတော့ “အတ္တာဟိ အတ္တနော နာထော= မိမိကိုယ်သာကိုးကွယ်ရာ” ဆိုပြီးဟောထားတာရယ် မဟာသတိပဋ္ဌာနသုတ်တော်မှာ ဘုရားရှင်က “သတိပဋ္ဌာန်လေးပါးတရားကို ကိုယ်တိုင်ကျင့်ကြံသော ပုဂ္ဂိုလ်သာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” ဆိုပြီးအတိအလင်းဟောထားတာတွေ ကို ထောက်ရှုခြင်းအားဖြင့် သုံးနှုန်းထားခြင်းကို နားလည်လိမ့်မယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာ သာမှာ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာရမယ်ဆိုတာတွေ အတိ အလင်းလာပါတယ်။ နောက်ဆုံးကိုယ့်ရဲ့ ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ်တွေကပဲ စီရင်ချက်ချမှာပါ။ တချို့ဘာသာတွေမှာတော့ ကြားဖူးထားပါတယ်။ ကိုယ်က ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ် လုပ် နောက်ဆုံးစီရင်ချက်ချပေးမယ့်သူဟာ ရှိနေပါတယ်။

မိမိသည်သာပဓာနဖြစ်ကြောင်းကို ဖြစ်စဉ်လေးတစ်ခုနဲ့တင်ပြချင်ပါတယ်။  မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးဆဲဆဲအချိန်မှာ ဘုရားရှင်အနီးအပါးကို အရပ်ရပ်က ရောက်လာကြတဲ့သာဝကတွေရှိကြပါတယ်။ တခြားသာဝကတွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီးအနားထိုင်ပြီး မျက်ရည်လည်ရွဲ စိုရွှဲနေတဲ့ မျက်နှာနဲ့ မိမိတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော့မှာကို မျှော်မှန်းပြီး ၀မ်းနည်းကြေကွဲနေကြရှာ ပါတယ်။ ဒီအချိန်မှာ “အတ္တဒတ္တ”လို့ခေါ်တဲ့ ရဟန်းတစ်ပါးကတော့ ပရိသတ်နဲ့လွတ်ရာ သူ့ရဲ့အိပ်ယာ တိုက်ခန်းဆီသွားပြီး ၀ိပဿနာကမ္မဋ္ဌာန်းတရားကို အားထုတ်နေပါတယ်။ ဒါကို တခြားရဟန်းတော်တွေက သိတဲ့အခါ ဒီရဟန်းဟာ မြတ်ဗုဒ္ဓရဲ့ အကျိုးကို ဂရုမစိုက်ဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။ ဒီကိစ္စကို ဘုရားရှင်ကို သွားပြီးလျှောက်ထားကြပါတယ်။ ဒီအခါ “အတ္တဒတ္တ” ရဟန်းက ပြန်လည်လျှောက်ထားတဲ့ အခါမှာ “မြတ်စွာဘုရားသည် မကြာမီမှာပင် ပရိနိဗ္ဗာန်ပြုတော့မည်။ ငါသည် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ သက်တော်ထင်ရှားရှိစဉ်ကာလမှာပဲ အရဟတ္တမဂ်ဖိုလ်သို့ရောက်အောင် ကျင့်ကြံပွားများအားထုတ်၍ နေခြင်း သည်သာ ဘုရားရှင်ကို ဂုဏ်ပြုရာရောက်သည်ဟု ထင်ကြောင်း” လျှောက်ထားပါတယ်။ ဒီစကားကို ကြားရ တဲ့အခါ မြတ်စွာဘုရားက ဒီရဟန်းရဲ့သဘောထားနဲ့ အပြုအမူကို လွန်စွာ နှစ်သက်တော်မူပါတယ်။ ပြီးတော့ ဘုရားရှင်က “သူတစ်ပါး အကျိုးအတွက် မိမိရဲ့အကျိုးဖြစ်တဲ့ အရဟတ္တမဂ်ဖိုလ်ရောက်အောင် အားထုတ်ခြင်း ကို မစွန့်လွှတ်သင့်ဘူး”လို့ မိန့်မှာတော်မူပါတယ်။

ဒီဝတ္ထုအဖြစ်အပျက်မှာ သရုပ်ဖော်တင်ပြထားတာဟာ ဗုဒ္ဓဘာသာရဲ့ အရေးပါလှတဲ့ အချက်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အစဉ်သဖြင့် ကိုယ့်ရဲ့ဘ၀ဆင်းရဲလွတ်မြောက်ကြောင်းကိုသာ မမေ့မလျော့ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ပြီးတော့ သံသရာဝဋ်ဆင်းရဲ လွတ်မြောက်ကြောင်း ကိစ္စဟာလည်း သူများ ကို အားကိုးလုပ်လို့ မရပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ သူ့အနေနဲ့ အပြင်ပက ဘယ်တန်ခိုးတော်ရှင်ရဲ့ အမအစနဲ့ နိဗ္ဗာန်ရောက်ရေးကိုလည်းမျှော်ကိုးလို့ မရဘူးဆို တာပဲဖြစ်ပါတယ်။

တချို့ ဗုဒ္ဓဘာသာရဲ့သဘောကို နားမလည်တဲ့ လူတွေကတော့ ဗုဒ္ဓဘာသာကို ဝေဖန်ပြီး ဗုဒ္ဓဘာသာဟာ တစ်ကိုယ်ကောင်းဝါဒ ဖြစ်တယ်။ ဒီဘာသာက မိမိရဲ့ဆင်းရဲလွတ်မြောက်ရေး ကိစ္စကိုပဲ ရှေ့တန်းတင်ပြီး အရေးတယူ ပြောဆိုလေ့ရှိတယ် ဆိုပြီး ဝေဖန်တတ်တာတွေ တွေ့ဖူးကြားဖူးကြမှာပါ။ အဲဒီလို ဝေဖန်တာဟာ လုံးဝမမှန်ပါဘူးလို့ပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲ။ ဗုဒ္ဓဘုရားရှင်က ရှင်းရှင်းပဲ ဟောထားတာက လူဟာ လူသားတိုင်းရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်း သက်သာချောင်ချိရေးကို မရပ်မနား ဆောင်ရွက်ရမယ်လို့ ဟောထား ပါတယ်။ ဒီလိုဆောင်ရွက်ရင်းပဲ သတိပဋ္ဌာန်တရားကို ကျင့်ကြံပွားများပြီးသကာလ မိမိရဲ့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်ရောက်အောင် အားထုတ်သွားကြရမယ်ဆိုတာကို လည်း ဟောတော်မူ တာပါ။ ဗုဒ္ဓဘုရားရှင်ဟာ ကိုယ်ကျိုးမဖက်တဲ့ အများအကျိုးပြု လုပ်ငန်းတွေကို အထူးထောက်ခံ အားပေးတော်မူပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာကိုနားမလည်သူများ မေးနိုင်သေးတာ တစ်ခုက “ကံကောင်း အကြောင်းလှသူတွေ အတွက်တော့ နိဗ္ဗာန်ရောက်အောင် စိတ်ရော ကိုယ်ပါ အပြည့်အ၀ လုပ်နိုင်တာပေါ့။ ဒါပေမယ့် စိတ်ပိုင်းအရရော ရုပ်ပိုင်းအရရော ပစ္စည်းဥစ္စာအရရော ချို့တဲ့တဲ့လူတွေအတွက်ကျတော့ ဘယ်လိုလုပ်မလဲ” တဲ့။ “ဒီလိုကိုယ်တိုင်မစွမ်းနိုင်သူတွေအတွက် အပြင်အပက ကူညီမစဖို့ မလိုဘူးလား”တဲ့။ “လူမစွမ်း နတ် မ မှဖြစ်တာမဟုတ်လား”တဲ့။ မေးကြတာတွေရှိပါတယ်။

ဒီမေးခွန်းကို အဖြေပေးရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ အသိစိတ်ထဲမှာ ဒုက္ခခပ်သိမ်း ငြိမ်းရာ နိဗ္ဗာန်ကို ဒီတစ်ဘထဲမှာပဲ ရရမယ်လို့ သဘောထားမျိုးမရှိကြပါဘူး။ ဒါက ဘ၀ဆက်ကာ ဆောင်ရွက်ရတဲ့လုပ်ငန်း မျိုး၊ ဖြစ်စဉ်မျိုးလည်းဖြစ်ပါတယ်။ အတိတ်ကံ နည်းသူ ခေသူတွေဟာ တစ်ဘ၀ထက် တစ်ဘ၀မိမိရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းတိုးတက်ဖြစ်ထွန်း ထက်မြက်လာအောင် ကြိုးပမ်းသွားလို့ ရပါတယ်။ ဘယ်လောက်အထိ ဖွင့်ပေးထားသလဲဆိုရင် နောက်ဆုံး ဘုရားရှင်ဘ၀ကိုတောင် ရယူနိုင်တဲ့ အဆင့်အထိကို ရှိပါတယ်။ ဒါကြောင့် စိတ်ပိုင်း ချွတ်ယွင်းနေသူတွေတောင် သေးတာငယ်တာ ပဓာနမထားတော့ဘဲ မိမိရဲ့ ဆင်းရဲခပ် သိမ်းချုပ်ဖို့ ကိစ္စကို တဖြည်းဖြည်းစတင်ဆောင်ရွက်သွားရင် ဖြစ်ပါတယ်။ အရေးကြီးတာက စတင် လုပ်ဆောာင်မိဖို့ပဲဖြစ်ပါတယ်။ သံသရာစက်တွေ လည်တာနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အားကိုးပြီး ဘ၀လွတ်မြောက်မှုကို ရှာဖွေမယ်ဆိုတဲ့ စိတ်ကိုမွေးပြီး တဖြည်းဖြည်း တိုးတက်လာအောင် စတင်ဆောင်ရွက်နိုင်ပါတယ်။ သေးငယ်တဲ့ ညောင်စေ့ကလေးကလည်း တစ်နေ့ကျတော့ အင်မတန်ကြီးမား တဲ့ ညောင်ပင်ကြီး အဖြစ်ကြီးထွားပေါ်ပေါက်လာနိုင်တာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်အောင် နေ့ချင်းညချင်းတော့ လုပ်လို့တော့ မဖြစ်နိုင်ပါဘူး။ ဒီလိုခက်ခက်ခဲခဲ ဆောင်ရွက်ရတဲ့အလုပ်မှာ သည်းခံတဲ့ စိတ် (ခန္တီ)တော့ ရှိထားဖို့လိုအပ်ပါတယ်။ ဥပမာဆိုကြပါစို့ဆိုရင် မိဘတွေဟာ ကိုယ့်သားသမီးတွေကို သူတို့မျှော်လင့်သလိုဖြစ် လာအောင် နှစ်ပေါင်းလပေါင်းများစွာ ပြုစုပျိုးထောင်ယူကြရတာ လူတိုင်းမှာ အတွေ့အကြုံရှိကြပါတယ်။ ဒါတောင်မှ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါကျတော့ သူတို့ဖြစ်ချင်သလိုဖြစ်သွားကြတာပဲဟာ။ မိဘတွေ ဖြစ်ချင်သလို ဖြစ်လာကြတာက ရှားပါးပါတယ်။

ဗုဒ္ဓဘာသာမှာ ကျနော်တို့ယုံကြည်ကြတာက တခြားလူတွေက လူ တစ်ယောက်အပေါ်မှာ သြဇာလွှမ်းမိုးနိုင် တယ်ဆိုပေမယ့် နောက်ဆုံးတော့ ဒီလူဟာ သူ့ကံကြမ္မာ သူဖန်တီးရတာပါ။ သူပြုတဲ့ ကံ ကံရဲ့အကျိုးအတွက် သူ့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ယုံကြည်ထားကြပါတယ်။ လူတစ်ယောက်ဟာ နောက်ဆုံးပိတ် ဘ၀ လွတ်မြောက်ရေး အမှန် နိဗ္ဗာန်ကို အားထုတ်ရာမှာ ဘယ်လူ တစ်ယောက်၊ ဘယ်နတ်တစ်ပါးကမှ စိုးမိုးထိန်း ချုပ်ပြီး လမ်းညွှန်နိုင်တာမျိုးလည်း မရှိပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာ ရှိတယ်ဆိုတဲ့ သဘောရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ က လူတစ်ယောက်ကို တစ်ကိုယ်ကောင်းဆန်ရမယ်လို့ သင်ကြား တဲ့ အဓိပ္ပာယ်မရပါဘူး။ ဗုဒ္ဓဘာသာမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ နိဗ္ဗာန် ရအောင် ရောက်အောင် အားထုတ်တဲ့အခါ သူ့အနေနဲ့ သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ မုသားပြောဆိုခြင်း၊ သူတပါးအိမ်ရာကို ကျူးလွန်ခြင်း၊ ကိုယ့်စိတ်ကို အထိန်းအကွပ်မဲ့စေတဲ့ မူးယစ်သောက်စားခြင်းတွေ ကို ဝေးစွာရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချထားရပါတယ်။ သူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက်ခြင်း အားဖြင့် သူဟာ တခြားသူများရဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို အကျိုးပြုရာရောက်ပါတယ်။ ဒါဆိုရင် သူတို့ပြောပြောနေတဲ့ “တစ်ကိုယ်ကောင်း လုပ်ခြင်း” ဟာ တခြားလူတွေရဲ့ဘ၀သာယာချမ်းမြေ့ရေး အတွက် ကောင်းတဲ့အလုပ်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ပြောလို့ရပါတယ်ပေါ့။

ဒီလောက်ဆိုရင် ဘယ်သူတွေက ဘယ်ဝါဒကို ကိုးကွယ်ပြီး ဘယ်သူတွေက ဘယ်ဝါဒကို ကိုးကွယ်တယ်ဆိုတာကို ခွဲခြားနိုင်လောက်မယ် ထင်ပါတယ်။ နောက်ပြီး ဘယ်သူက ကိုယ့်ဘ၀ရဲ့ ဖန်တီးရှင် ဥယျာဉ်မှုးဆိုတာကိုလည်း သဘောပေါက်လောက်ပါပြီ။ ထို့ကြောင့် ဗုဒ္ဓဘာသာသာဟာ တကိုယ်ကောင်း ဆန်သော ၀ါဒ မဟုတ်ကြောင်းတင်ပြရင်း… ကိုယ့်အားကို ကိုးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Monday, June 20, 2011

လှူတော့လှူ မကုန်စေနဲ့...။


   ဒီတခါတော့ တို့ဆွေတော်မျိုးတော်တွေရဲ့ သဒ္ဓါတရားလေးတွေကို မြင်နေ၊ တွေ့နေ၊ ကြားနေရ တာကြောင့် ဆွေတော်မျိုးတော်တွေအတွက် ဒီပို့စ်လေးရေးရရင် ကောင်းမှာပဲလို့ ဆိုပြီး ရေးဖြစ်သွားပါတယ်။ သဒ္ဓါတရားထက်သန်တဲ့နေရာမှာတော့ တို့ မြန်မာလူမျိုးက နံပါတ်တစ်စာရင်းမှာသေချာပါတယ်။ မြန်မာ စကားမှာ ``သဒ္ဓါလွန်တော့ တဏှာ ကျွန်´´၊ ``သဒ္ဓါလွန်တော့ ဆွံ့၊ ပညာလွန်တော့ ကွန့်´´၊ ``သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ´´ဆိုပြီးတော့ လာပါတယ်။ ဒီနေရာမှာ ``သဒ္ဓါနဲ့ပညာ အကြောင်းကို ရေးပြရမယ်ဆိုရင်တော့ ကျမ်းတစ်ဆောင် အဖြစ်ရေးပြမှသာ ပြည့်စုံနိုင်မှာဖြစ်လို့ ချန်လှပ်ခဲ့ လိုက်ပါမယ်။ အဓိကအားဖြင့်တော့ လှူတဲ့နေရာမှာ မကုန်နိုင်တဲ့ လှူနည်းလေးအကြောင်းပဲ ပြောပြချင် ပါတယ်။
           
 ဒီနေရာမှာ ပုံမဟုတ်တဲ့ ဘုရားဟောစာပေမှာလာတဲ့ ၀တ္ထုတစ်ပုဒ်အကြောင်းတော့ နဲနဲထည့်ပြောမှ ဆိုလိုရင်းက ပြည့်စုံလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် သံယုတ္တနိကာယ်မှာလာတဲ့ သား သမီးမရှိတဲ့ သူဌေးကြီး တစ်ယောက်အကြောင်းပြောပြ ချင်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ တခါက ကောသမင်းအုပ်ချုပ်တဲ့ တိုင်းပြည် ထဲမှာ သားသမီးမရှိလို့ ``အပုတ္တက´´လို့ခေါ်တဲ့ သူဌေးလင်မယား ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲဒီသူဌေးကြီးကွယ်လွန်သွားတဲ့အတွက် သူပိုင်တဲ့ပစ္စည်းတွေကို မင်းဘဏ္ဍာအဖြစ်သိမ်း ဆည်းပြီး ပြန်လာတဲ့ ကောသလဘုရင်ဟာ အတွေးစတစ်ခုရလာပါတယ်။ ဘာလဲဆိုတော့။ အခုသေသွားခဲ့ တဲ့ ``အပုတ္တက´´သူဌေးကြီးဟာ အသက်ရှင်စဉ်ကာလတုန်းက ချမ်းသာကြွယ်ဝပင် ကြွယ်ဝပါသော်လည်း စားရေး၊ ၀တ်ရေး၊ နေရေးဆိုတဲ့ရေးသုံးရေးမှာ တစ်ရေးမှကို တူတူတန်တန် သုံးဆောင်သွားတာ မရှိခဲ့ဖူးပါဘူးတဲ့။ စားတဲ့နေရာမှာ တကယ့်အကောင်းစား အစားအေသောက်တွေ စားသောက်နိုင် တဲ့ ငွေကြေးတွေပြည့်စုံပါလည်းပဲ သူကတော့ ငလုံးတီးဆန်တို့ ပုံးရည်ဟင်းတို့နဲ့စားရမှ အရသာရှိတယ်လို့ ထင်ပါသတဲ့။ အ၀တ်ဆိုရင်လည်း တကယ့်အကောင်းစားတွေ ၀ယ်ဝတ်နိုင်ပါရဲ့နဲ့ သူကတော့ ဖျင်နဲ့ယက် ထားတဲ့ အ၀တ်အစားတွေကိုပဲ ၀တ်ရုံဆင်မြန်းပါတယ်တဲ့။ နောက်ပြီး သုံးဆောင်တဲ့ ယာဉ်မှာ ဆိုရင်လည်း ဒီနေ့ခေတ်လိုဆိုရင် နောက်ဆုံးပေါ်ကားတွေဝယ်စီးနိုင်တဲ့ အနေအထားဖြစ်ပေမယ့် သူကတော့ သုံးဘီး ကားလောက်နဲ့ပဲ ကျေနပ်ပါတယ်ပေါ့ ။အခု သူသေသွားပြန်တော့လည်း သူပိုင်တဲ့ စည်းစိမ်တွေကို ယူဆောင် မသွားနိုင်ခဲ့ဘူးပေါ့။ ဒါဘာကြောင့်လဲဆိုတာကို သိချင်တဲ့ အတွေးလေးရလာတာမို့။ အပြန်ခရီးမှာ နန်းတော်ကိုမပြန်သေးဘဲ ဘုရားကျောင်းတော်ကိုဝင်ဖြစ်သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဘုရားရှင်ကို အခုနက သူဌေးကြီးအကြောင်း လျှောက်ထားပါတယ်။ ဘာဖြစ်လို့ပါလဲဆိုတဲ့အကြောင်းကို မေးမြန်းလျှောက် ထားပါတယ်။ အဲဒိမှာ ဘုရားရှင်ကနေ ဒါကတော့ အဲဒီသူဌေးကြီးဟာတဲ့ တစ်ခုသော အတိတ်ဘ၀မှာတုန်းက မင်းတိုင်ပင်ခံအမတ်ကြီးတစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဆိုပြီးတော့ သူဌေးကြီးရဲ့ အတိတ်ကို ဖော်ပြပါတယ်။

မင်းတိုင်ပင်ခံအမတ်ကြီးဟာ တစ်ရက်သား နန်းတော်ကို သွားတဲ့အခါမှာတော့ (ရုံးတက်သွားတဲ့ အခါပေါ့) လမ်းမှာ ဆွမ်းခံကြွလာတဲ့ကိုယ်တော်တစ်ပါးနဲ့တွေ့ပါတယ်တဲ့။ ဒါနဲ့ အမတ်ကြီးဟာ ဆွမ်းခံ ကိုယ်တော်ကို နှုတ်ဆက်ပြီး အရှင်ဘုရား ဆွမ်းကွမ်းပြည့်စုံရဲ့လားဆိုပြီးတော့ လျှောက်ပါတယ်။ ဆွမ်းခံ ကိုယ်တော်ကလည်း ဆွမ်းကွမ်းမရသေးတော့ မရသေးတဲ့အကြောင်းပြန်မိန့်တာပေါ့။ အဲဒီမှာ အမတ်ကြီးက သူ့ငယ်ကျွန်တစ်ယောက်ကို ထည့်ပေးလိုက်ပြီး တပည့်တော်အိမ်ကိုကြွပါဘုရား ဆိုပြီးတော့ ငယ်ကျွန်ကို အိမ်ပြန်ခိုင်းပြီး ကိုယ်တော်ကို ဆွမ်းလောင်းစေပါတယ်တဲ့။ အဲဒီမှာ အိမ်မှာကျန် နေခဲ့တဲ့ အမတ်ကတော်ကြီး ဟာလဲ အင်း ငါတို့ အမတ်ကြီးတော့ ဘာစိတ်ကူးပေါက်တယ်တော့ မသိဘူး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မလှူဘူးတာကို ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲပေါ့။ ဒါနဲ့ အမတ်ကတော်ကြီးကလည်း အိမ်မှာရှိသမျှထဲမှာ အကောင်းတကာ့အကောင်းဆုံး စားကောင်းသောက်ဖွယ်တွေကို လှူဒါန်းလိုက်ပါတယ်။ ကိုယ်တော်ကလည်း ဆွမ်းလောင်းခြင်းကိစ္စပြီးတာနဲ့ ကျောင်းကိုပြန်ကြွလာပါတယ်။ အဲဒီမှာပဲ နန်းတော်ကနေပြီး ပြန်လာခဲ့တဲ့ အမတ်ကြီးနဲ့ လမ်းမှာ ပြန်ဆုံဖြစ်သွားပါတယ်။ ဒါနဲ့ အမတ်ကြီးက အရှင်ဘုရား ဘယ်လိုလဲ အဆင်ပြေခဲ့လား ဘုရားပေါ့။ တပည့်တော်ကို ပြပါဦးဘုရား၊ ဘယ်လိုတွေများလောင်းလိုက်တာလဲဆိုတာ သိရတာပေါ့ဘုရား ဆိုပြီး ကိုယ်တော်ရဲ့ သပိတ်ထဲကို ကြည့်ပါတယ်တဲ့။  အဲဒီအချိန်… အမတ်ကြီးရဲ့စိတ်ထဲမှာ အတွေးလေး တစ်ခုဝင်သွားပါတယ်။ သူမြင်လိုက်ရတာက ကိုယ်တော့်သပိတ်ထဲမှာ တကယ့်ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ စားကောင်းသောက်ဖွယ်တွေလေ...။ ဒါနဲ့ အမတ်ကြီးက တွေးလိုက်ပါတယ်။ အင်း ဒီအစားအသောက်တွေကို သာ ငါ့အိမ်မှာ လုပ်နေတဲ့ ကျွန်တွေကို ကျွေးလိုက်မယ်ဆိုရင် သူတို့ဟာ ငါ့အတွက် ပုံမှန်လုပ်ပေးနေ တာတက် နှစ်ဆပိုပြီးတော့ လုပ်ပေးနိုင်မှာပဲ။ အခုတော့ ဒီကိုယ်တော်ကို လောင်းလိုက်တဲ့အတွက်…… ဆိုပြီးတော့ တွေးဖြစ်သွားပါတယ်တဲ့ဗျာ။ ဒီမှာပဲ ဘုရားရှင်က အဆုံးသတ်ပြီးတော့ အလှူရဲ့ အကျိုးကို ပြန်ဟောပြပါတယ်။ ဆွမ်းလောင်းတဲ့အကျိုးကြောင့် ဒီဘ၀မှာ လူချမ်းသာဖြစ်ရတယ်ဆိုတဲ့ အကြောင်း၊ နောက်ပြီး နှလုံးသွင်းမှားသွားတာ(အယောနိသောမနသိကာရ) လေးတစ်ခုကြောင့် ရလာတဲ့ အကျိုးကို မခံစားရတဲ့အကြောင်းတွေကို ဟောပြသွားပါတယ်။ လှူတော့ လှူခဲ့တယ် ကုန်သွားတဲ့ အလှူမျိုးပေါ့။

     ဒီနေရာမှာ ဆက်စပ်ပြီးတော့ စဉ်းစားဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ Observation သဘောလေးပါ။ ဘုရားကလည်း ဒီလို ပြောထားပါတယ်။ ``လောကော သတ္တာန မာစေရော၊ အတ္ထာနတ္ထ ပဒဿကော´´ ဆိုပြီးတော့ပေါ့။ မြန်မာလို့ကတော့ ဒီလိုပါ။ ``ပတ်ဝန်းကျင်ကို လေ့လာကြ၊ ပတ်ဝန်းကျင်ဟာ မင်းတို့ရဲ့ ဆရာတွေပဲတဲ့။ ဘာဖြစ်လို့ဆရာဖြစ်တာလဲဆိုတော့ ဟုတ်တာတွေ မဟုတ် တာတွေ အကျိုးရှိတာတွေ အကျိုးမရှိတာတွေကို ပြတတ်လို့´´ပါတဲ့ဆိုပြိးတော့ ဟောထားပါတယ်။ ဒီနေ့ခေတ်အနေနဲ့ဆိုရင်တော့ Observation ကောင်းအောင်လုပ်ခိုင်းတာပေါ့ဗျာ။ ဒါနဲ့ ပတ်ဝန်းကျင်လေ့လာတဲ့နည်းနဲ့ ကြည့်ကြည့်ပါတယ်။   
  ယနေ့ပတ်ဝန်းကျင်မှာ တချို့အရမ်းချမ်းသာပြီး သူတို့ရဲ့စည်းစိမ်တွေကို ဟုတ်တိပတ်တိ သုံးဆောင်မသွားနိုင်တာတွေစသဖြင့်စသဖြင့်ပေါ့ တော်တော်များများတွေ့လိုက်မိပါတယ်။ သြော် ဒါဟာ တကယ်တော့ သူဟာ လှူတော့ လှူခဲ့ပြီးတော့ အပရစေတနာလေး ချို့တဲ့ခဲ့လို့ ဒီလိုဖြစ်ရတာပါလားပေါ့။ တကယ်ဆိုရင် ဘာမှမပြောပ လောက်တဲ့ အချိန်တိုလေးအတွင်းက အတွေးလေး(စိတ်ဆိုးလေး) တစ်ခုဟာ တော်တော်ကိုနေရာယူသွားပါလားဆိုပြီးတွေးဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဆွေတော်မျိုးတော်တွေ အတွက်လည်း ဒီလိုအဖြစ်မျိုးလေးတွေ ကြုံခဲ့ရင်တောင်  မဖြစ်ကြရလေအောင်ဆိုပြီးတော့ တင်ပြပေးလိုက်ပါတယ်။
``လှူထားနိုင်သမျှ ယူသွားနိုင်ကြပါစေ´´

Share

Twitter Delicious Facebook Digg Stumbleupon Favorites More