Showing posts with label ဆောင်းပါး. Show all posts
Showing posts with label ဆောင်းပါး. Show all posts

Wednesday, January 4, 2012

ကိုယ်ကျင့်တရား ကိုယ်ကြိုးစား

ယနေ့ခေတ်တွင် တရားဘက် လိုက်စားသူတို့ များပြားလှသဖြင့် ၀မ်းမြောက်ရပေသည်။ သို့ရာတွင် အဟောတရား၊ အဖတ်တရား၊ အနာတရား လောက်သာ မပြီးစေဘဲ  “ကိုယ့်ကျင့်တရား” ဆိုက်ထိရန် လိုပေသည်။ ကျွန်တော်သည် လူအတော်များများနှင့် တရားဆွေးနွေးဖူးသည်။ ယင်းသို့ ဆွေးနွေးရာတွင် ဂိုဏ်းဂဏကို ရှေ့တန်းတင်သူများ၊ ပရမတ်နှင့်ပညတ်နယ်အစာမကြေသူများ၊ ပုဂ္ဂိုလ်နှင့်စာအုပ်ကြီး ကိုးကွယ်နေသူ များကို အများအပြားပင် တွေ့နေရသဖြင့် အားမလို အားမရဖြစ်မိရပါ၏။ အနှီပုဂ္ဂိုလ်တို့သည် ဗုဒ္ဓ၏တရားစာပေတို့ကို လေ့လာရာ၌ အာကို ဦးတည်ချက်ထား၍ လေ့လာလိုက်စားနေကြပါသနည်း။ သူတကာ အထင်ကြီးစေလိုသော ကြွားဝါလိုသော ဆန္ဒထက် ပိုရန်အချက်မရှိတော့ ပေ။ တခါက တရားသမားအဘိုးကြီး တဦးနှင့်တွေ့ရာ သူက မေးပါသည်။
“ဗုဒ္ဓဟာ အတ္တ၀ါဒီလား၊ အနတ္တ၀ါဒီလား”
“အနတ္တ၀ါဒီပါ”
“ဒါဖြင့် ဘုရားဖြစ်တော်စဉ်တွေ ရေးထားတဲ့ ဇိနတ္ထပကာသနီ စာအုပ်ကြီးဟာ မီးရှို့ပစ်လိုက်ရုံပေါ့”
သူ့အပြောကို ကြားလိုက်ရသောအခါ ကျွန်တော့်မှာ လန်၍သွားမိသည်။ “ သြော်…ဒီအဘိုးကြီးသည် တရားလိုက်စားသည်ကားမှန်၏။ သို့သော် ပရမတ်နှင့်ပညတ်နယ်အစာမကြေဖြစ်နေရှာပါတကား” ဟု သနားစိတ်ဖြစ်ခဲ့ရသေးသည်။ မှန်ပါသည်။ ပရမတ်နယ်က ကြည့်လျှင် ဘုရားလောင်းဖြစ်စဉ်ဘ၀များသည် ဥပါဒ်၊ ဌီ၊ ဘင် အနေအားဖြင့် ချုပ်ပျက်ခဲ့ကြပြီးဖြစ်လေသည်။ ပရမတ်နယ်က ပြောကြစို့ဆိုလျှင် “ဇိနတ္ထပကာသနီစာအုပ်”ဟုပင် လက်ဆုပ်လက်ကိုင် ပြစရာမရှိပါပေ။ အဋ္ဌကလာပ်ရုပ် ၈-ခုပေါင်းစုနေသော ရုပ်အဖွဲ့အစည်းတို့သာဖြစ်ချေသည်။ သို့ရာတွင် ပညတ်နယ်က ကြည့်လျှင်ကား ယောက်ျား၊ မိန်းမ၊ စာအုပ်စသော အခေါ်အဝေါ်ပညာတို့သည်၎င်း၊ ထိုယောက်ျား မိန်းမစသူတို့၏ ဘ၀များသည်၎င်း အထင်အရှားရှိနေရသည်သာဖြစ်လေသည်။
ကျီးသဲလေးထပ်ဆရာတော်ကြီးသည် ဤဇိနတ္ထပကာသနီကျမ်းကြီးကို ပြုစုရာ၌ သုမေဓာရှင်ရသေ့ဘ၀မှစ၍ ဘုရားအဖြစ်သို့ ရောက်သည့်တိုင်အောင် တစ်ဘ၀ပြီးတစ်ဘ၀ဖြစ်လာခဲ့ရသော အတ္တအစဉ်အတန်းကို အသားပေးရေးသားခဲ့သည်မဟုတ်ပေ။ “ဘုရားဖြစ်လိမ့်မည်”ဟု နိယတဗျာဒိတ်ပန်းကို ပန်ဆင်ရပြီးနောက်၌ပင် ခန္ဓာကိုယ်ကိုရင်း၍၎င်း၊ အသားအသွေးအသက်တို့ကိုနှင်း၍၎င်း၊ ပါရမီဆယ်ပါး၊ စွန့်ခြင်းကြီးငါးပါး၊ စရိယသုံးပါးတို့ကို ဖြည့်ဆည်းပူးခဲ့ရသည်။ ယင်းသို့ ကြိုးပမ်းအားထုတ်သဖြင့်သာ အထွတ်အထိပ်ဖြစ်သော ဘုရားအဖြစ်သို့ ရောက်ခဲ့ရလေသည်။ ဘုရားဖြစ်လိမ့်မည်ဆိုရုံမျှဖြင့် ကျေနပ်၍ ဘာမျှမလုပ်ဘဲနေလျှင် ဘုရားဖြစ်လာမည် မဟုတ်ချေ။ ထိုက်ထိုက်တန်တန် အလုပ်ကိုလုပ်သောကြောင့်သာ ဘုရားဖြစ်တော်မူခဲ့သည်။ အဆင့်အတန်းမြင့်မြင့်မှန်းသူသည် အလုပ်ကိုလည်း ကြိုးကြိုးပမ်းပမ်းလုပ်ရပေမည် ဟူသော အချက်ကို ကွက်ကွက်ကွင်းကွင်းကြီး ဖော်ညွှန်းထားခြင်းဖြစ်၏။ အလောင်းတော်၏ လုပ်နည်းလုပ်ဟန်များကို အားကျနည်းယူလျက် သူတော်စင်တို့သည်လည်း ပါရမီတို့ကို ဖြည့်ဆည်းပူးကာ နိဗ္ဗာန်တည်းဟူသော ခေါင်တိုင်စခန်းသို့ အအရောက်လှမ်းနိုင်ကြပါစေဟူသော ရည်ရွယ်ရိုးရင်းနှလုံးသွင်းဆန္ဒဖြင့် ရေးသားတော်မူခဲ့ခြင်း ဖြစ်လေသည်။
ဤအဘိုးကြီးကပင် (ခေတ်ပေါ်ဝါဒများနှင့် မိမိလိုရာဗုဒ္ဓ၀ါဒအချို့ကို ရောမွှေ၍ စာအုပ်များရေးနေသော ဘုန်းကြီးတပါးကို ညွှန်ပြလျက်) “ဦးက….အဲဒိဘုန်းကြီးရေးတဲ့ စာအုပ်တွေမှ ဖတ်လို့ရတယ်”ဟု အညွန့်တက်လိုက်ပါသေးသည်။ တရားအလုပ်ဟူသည် အစွဲပြုတ်ရန် အားထုတ်ရခြင်းဖြစ်ပေသည်။ အစွဲမပြုတ်သမျှ ငရဲဒုက္ခတို့ဖြင့် ၀ဲလည်နေကြရဦးမည်သာ မဟုတ်ပါလော။ ပုဂ္ဂိုလ်စွဲဖြင့် သဲသဲမဲမဲစွဲနေသမျှ တရားသမားလော။ မတရားသမားဖြစ်မည်လောဆိုသည်ကို စာရှုသူတို့ ဝေဖန်ကြည့်ကြရန်သာ လိုပေတော့သည်။
တခါကလည်း ခေတ်ပညာတတ်တဦးက အင်္ဂလိပ်လို ရေးသားထားသော “၀ိသုဒ္ဓိမဂ်”စာအုပ်ကြီးကို ထုတ်ပြကာ “ဒီလိုစာအုပ်မျိုးရေးတာ မြန်မာဘုန်းကြီးထဲက တပါးမှမရှိသေးဘူး”ဟုဆိုလေသည်။ “အင်း ဤသူသည်လည်း အခြားတပါးသော စာပေကို အထင်ကြီး၍ စာအုပ်ကြီးကိုးကွယ်နေသူသာတည်း”ဟုကောက်ချက်ချလိုက်မိပါသည်။ ပါဠိ၊ မြန်မာ၊ ဟိန္ဒီ၊ သက္ကတ မည်သည့်စာပေနှင့်ပင် ဖော်ပြထားထား သိနားလည် ရေးသည်သာ အဓိက ဖြစ်သင့်သည်မဟုတ်ပါလော။ အင်္ဂလိပ်လိုရေးသားထားမှသာ အဆင့်အတန်းမြင့်သည်။ ပြည့်စုံသည်။ မှန်ကန်လေးနက်သည်ဟု ဆိုရန် မရှိပါချေ။
“လွတ်ကင်းအက်တ် ချဲလ်ဒင်းအော့ဖ် အားသားလင့်ဒ်စ်”ဟူသော စာအုပ်ကလေးကို ကျွန်တော်ကြည့်ဖူးပါသည်။ ထိုစာအုပ်နိဒါန်းတွင် “ကမ္ဘာကြီးတွင် ရာသီဥတု ကွဲပြားခြားနားလျက်ရှိသည်။ လူတို့၏အလေ့အထများ၊ နေထိုင်နည်းများနှင့် အသက်မွေးဝမ်းကျောင်းမှုများလည်း ကွဲပြားလျက်ရှိချေသည်” ဟုတွေ့ရပါသည်။ ဤအဆိုသည် မှန်သင့်သလောက်မှန်ပါသည်။ သို့သော် စာရေးသူအနီးကပ်ဆုံး စံထိုးကြည့်မိပါသည်။ စာရေးသူတွင် အကိုတယောက်ရှိ၏။ သူက အသားဖြူ၍သွယ်သွယ်ခန့်ခန့်ချောသည်။ စာရေးသူကား အသားညိုညို၀၀တုတ်တုတ် အညာရုပ်ပေါက်လျက်ရှိသည်။ စာရေးသူတို့ ၂ ယောက်ကို ညီအကိုပါဟု မသိသူများအား ပြောပြလျှင် မည်သူကမျှ မယုံပေ။ တရုတ်နှင့်ကုလားလို ကွဲပြားနေမှုကြောင့် ရီကျဲကျဲလုပ်၍သာ နေတတ်ကြသည်။ “စာရေးသူတို့ ၂ ယောက် ဘယ်သူက ချောတုံး”ဟုမေးလျှင် စာရေးသူမဲပုံး၌ မဲထည့်မည့်သူမရှိပေ။ ယင်းသို့တပြီးကား တမြေတရေထဲသောက်တမအေထဲက ပေါက်ဖွားခဲ့သော စာရေးသူတို့သည် (ရာသီဥတုမကွဲပြားပါဘဲ) ဘာကြောင့်များ ထိုကဲ့သို့ ကွဲပြားနေရပါသနည်း။
ဗုဒ္ဓမြတ်စွားကား အကြောင်းအကျိုးဆက်စပ်၍ ခွဲခြားဝေဖန်ပြတတ်သော ၀ိဘဇ္ဇ၀ါဒီပုဂ္ဂိုလ်ကြီး ဖြစ်တော်မူချေသည်။ ဤကဲ့သို့ အသက်တို-ရှည်၊ ရုပ်ရည် လှ-မလှ၊ ဥစ္စာ ပေါ- ရှား အကျိုးပေးကွဲပြားရာ၌ “ကမ္မံ သတ္တေ ၀ိဘဇ္ဇတိ”ဟု မိန့်မြွက်တော်မူခဲ့ပေသည်။ ဤနေရာတွင် “ဘုရားဟော စာပေကို လေ့လာပြီးမှ အခြားစာပေကို လေ့လာဝေဘန်ရမည့်အစား ယခုတော့ တခြားစာပေကို လေ့လာပြီးမှ ဘုရားစာပေကို လေ့လာဝေဘန်နေကြတော့ ဒီပုဂ္ဂိုလ်တွေဟာ ဘယ်မှာဟန်ပါဦးမလဲ”ဟု အမိရင်းဘာသာနှင့်စာပေကို အထင်သေးသူများအား ရည်ညွှန်း၍ ဆရာသမားတို့ ဝေဘန်ပြောကြားဘူးသည်ကို သတိရလာမိပါသည်။
“ပိဋကတ် စာပေတွေ လေ့လာကျက်မှတ်နေလို့ နိဗ္ဗာန်မရောက်နိုင်ဘူး”ဟု အာဘောင်အာရင်းသန်သန်နှင့် ပြောလေ့ရှိသော ဓမ္မမိတ်ဆွေတဦးကိုလည်း တွေ့ရဖူးသည်။ သူ့အပြောမှာ ကြက်သီးထစရာ ကောင်းလှပေသည်။ သူ့အပြောနှင့်ဆိုလျှင် ပိဋကတ်စာအုပ်တွေအားလုံးကို သိမ်းကျုံး မီးရှို့ပစ်လိုက်ရန်သာ ရှိချေတော့သည်။ ထိုဓမ္မမိတ်ဆွေ၏ အာဘော်လိုက်ရန်သာ ရှိချေတော့သည်။ ထိုဓမ္မမိတ်ဆွေ၏ အာဘော်မှာ ပိဋကတ်စာပေတွေလေ့လာကျက်မှန်နေရုံနှင့် နိဗ္ဗာန်မရောက်နိုင်။ ထိုစာပေ၌ ပါရှိသော ကျင့်စဉ်အတိုင်းကျင့်မှသာ နိဗ္ဗာန်ရောက်နိုင်သည်ဟု ဆိုဟန်ရှိပါသည်။ ပိဋကတ်စာပေကို လေ့လာကျက်မှတ်ခြင်းကြောင့် နိဗ္ဗာန်မရောက်သည့်တိုင် အကျိုးယုတ်သည်ဟုကား မဆိုနိုင်ချေ။ လေးပါဒရှိသော ဂါထာလေးတစ်ပုဒ်ကိုလေ့လာကျက်မှတ်ပါလျက် မရရှိသော အသျှင်စူဠပန်မထေရ်ကဲ့သို့ ပရိယတ္တိဥာဏ်ညံ့ဖျင်းလှသော ပုဂ္ဂိုလ်များသည် ၀ိပဿနာစွမ်းဖြင့် မဂ်ဖိုလ်ကို ဆိုက်ရောက်ကြသလို ရှေးရှေးဘ၀များက ပါဠိပိဋကတ်စာပေများကို သင်အံလေ့ကျက်ခဲ့သဖြင့် ပဋိသမ္ဘိဒါပတ္တရဟန္တာများ (ရဟန္တာဖြစ်သည်နှင့်တပြိုင်နက် ပိဋကတ်သုံးပုံ မသင်ယူရဘဲ အလိုလို အာဂုံနှုတ်တက်ရလာသော ရဟန္တာများ)အဖြစ်ဖြင့် ဒုက္ခဇာတ်သိမ်းတော်မူကြသော ပုဂ္ဂိုလ်တို့လည်း အများအပြားပင် ရှိခဲ့ပေသည်။ ဤသို့ ကိလေသာ ကင်းကွာ ရဟန္တာဖြစ်သည်နှင့် ပိဋကတ်သုံးပုံ အာဂုံနှုတ်တက်အလိုလိုရလျက် သွားကြသည်မှာ ပါဠိပိဋကတ်စာပေများကို သင်အံလေ့လာခဲ့ခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်လေသည်။
“တပိုင်းကြောင် ကျက်စာရရုံနှင့်၊ ခက်ပါလှ သဘောဥာဏ်၊ တက်မာန အပြောသန်သည်၊ ဒေါသမာန်ထူပွား၊ စောဒက တုဖက်လာလျှင်၊ သူ့ထက်ငါ ငြင်းတဲ့လူစား”ဟု လယ်တီဆရာတော်ကြီးသည် လူသားတို့၏စရိုက်၊ အထူးသဖြင့် တရားသမားတို့၏ စရိုက်ကို ဘွင်းဘွင်းကြီး နှိမ်ချရေးပြခဲ့သည်။ “ပိဋကတ်အစွယ်ထောင်လျှင်၊ အပါယ်ဘောင် ရောက်ပါလိမ့်လေး” ဟု နောက်ဆုံးသတိပေးတော်မူခဲ့သည်။ ထို့ကြောင့် နေရာတကာ၌ အာဘော်မလွန်မိစေရန်နှင့် အစွဲပြင်းမထားရန် သတိပြုသင့်ကြပေသည်။
ယနေ့ခေတ်တွင် တရားတော်များ ပြန့်ပွားထွန်းကားသည်ဟု ဆိုနိုင်ပါ၏။ သို့ရာတွင် ဂိုဏ်းဂဏအမည်တပ်၍ သူ့တရားကမှ အမှန်၊ ငါ့တရားကမှ အမှန်ဟု အချင်းချင်းတရားငြင်းလျက်ရှိကြသည်မှာလည်း မဖွယ်မရာ ကိစ္စတရပ်သာဖြစ်ချေသည်။ တရားငြင်းရာမှ ဓားချင်းပါရသည့် အဖြစ်များပင် ကြားသိနေရသည်။ ဗုဒ္ဓဟောပြခဲ့သည့် တရားတော်အားလုံး၏အချုပ်မှာ “၀ိမုတ္တိရသ” တစ်မျိုးတည်းဖြစ်ကြောင်းကို တရားလိုက်စားနေသူတို့ မျက်ခြည်မပြတ်ကြစေရန် သတိပေးလိုပေသည်။ မည်သည့်နည်းဖြင့် တရားရရ ၀ိမုတ္တိချမ်းသာ(နိဗ္ဗာန်ချမ်းသာ) ဆိုက်ရန်သာအဓိကဖြစ်သည်။ ဝေနေယျတို့အကြိုက်လိုက်၍ ဗုဒ္ဓမြတ်စွာသည် ဓမ္မက္ခန္ဓာပေါင်းရှစ်သောင်းလေးထောင် ထားရှိခဲ့သော်လည်း မိမိတို့ကြုက်နှစ်သက်ရာ နည်းတစ်ခုခုဖြင့် ၀ိမုတ္တိစခန်း တက်လှမ်းကြရန်သာဖြစ်ပါသည်။
အချုပ်ဆိုရလျှင်“ကိုယ်မှာမတတ်၊ စာမှာတတ် ဂါဟတ်ကိုက်တတသည်” ဟု ဒီပဲရင်းဆရာတော်ကြီး သတိပေးမိန့်မှာတော်မူသကဲ့သို့ အဟောတရား အဖတ်တရား အနာတရားတို့နှင့်သာ ပြီးနေပါလျှင် “ငါတော်၊ ငါတတ်” အထင်ရောက်၍ ဘ၀င်မြောက်ကာ တဏှာ၊ မာန၊ ဒိဋ္ဌိ တည်းဟူသောဂါဟတရားသုံးပါးက မိမိကိုယ်ကို မျိုဝါး၍ သွားတတ်ပေသည်။ ထိုဂါဟတရားတို့မှ လွတ်မြောက်၍ ၀ိမုတ္တိရသ (နိဗ္ဗာန်ချမ်းသာ)ကိုသုံးဆောင်ရန် ကိုယ်ကျင့်တရားများကို ကြိုးစားထုတ်သင့်ကြပါသတည်း။


                                                                                                                                 (ဘ၀အတွေ့အမြင်)မှ

Saturday, July 30, 2011

သင့် စာကျက်စွမ်းရည်ကို ဘယ်လိုမြှင့်တင်မလဲ

ဒီကနေ့ခေတ်ဟာ ယှဉ်ပြိုင်မှုခေတ် (Hyper Competition Age) ကြီး ဖြစ်တာနဲ့အညီ လူငယ် လူရွယ်တိုင်းဟာ အချိန်တိုင်း သင်ယူနေ၊ Learning လုပ်နေရ ပါတယ်။ ယနေ့ကမ္ဘာပေါ်မှာလည်း စဉ်ဆက်မပြတ် သင်ယူလေ့လာနေကြတဲ့ အဖွဲ့အစည်းတွေ၊  နိုင်ငံတွေကပဲ အောင်မြင်မှု သရဖူအလီလီကို ရယူနေကြတာ ဖြစ်ပါတယ်။

ဖူးငုံတို့အနေနဲ့လည်း ဒီလို Learning Organization တွေထဲမှာ ကျောင်းသင်ပညာရေးတွေကိုသာမက Informal Education ဖြစ်တဲ့ ကိုယ်တိုင်လေ့လာသင်ယူမှု (Self learning) ကိုလည်း မပြတ်ပြုလုပ်နေကြရ မှာပါ။ တစ်ဖက်မှာလည်း Formal Education လမ်းကြောင်းဖြစ်တဲ့ တက္ကသိုလ်ဝင်တန်း၊ ပထမဘွဲ့ (First De gree) တွေကို သာမက ဒုတိယဘွဲ့ (Second Degree)တွေ၊ မာစတာဘွဲ့ (Master Degr ee)တွေ၊ ဒေါက်တာဘွဲ့တွေ၊ ဒီပလိုမာတွေ များစွာသင်ယူကြရဦးမှာ ဖူးငုံတို့ရဲ့ သင်ယူလေ့လာမှု Learning Process မှာ အထောက်အကူပြုစေဖို့ အချက်အလက်ကလေးများကို တင်ပြပေးလိုက်ပါတယ်။

၁။ အချိန်စာရင်း ပြင်ဆင်ရေးဆွဲမှုနှင့် ပန်းတိုင် (Planning Time-table and Target)

အစကောင်းမှ အနှောင်းသေချာဆိုတဲ့ စကားပုံအတိုင်း အရာရာတိုင်းမှာ အစပြုမှုဟာ အရေးကြီးပါတယ်။ အထူးသဖြင့် ကျနော်တို့ မြန်မာလူမျိုးတွေ တော်တော်များများဟာ Planning ရေးဆွဲတဲ့နေရာမှာ အားနည်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံတွေမှာ Planning နဲ့ ပတ်သက်လို့ အမြဲတမ်းပြောလေ့ရှိတဲ့ စကားလေးတစ်ခွန်းရှိပါတယ်။ “ Fail for plan is plan for fail”  “ စီမံကိန်းဆွဲဖို့ ပျက်ကွက်ခြင်းဟာ ကျဆုံးဖို့အတွက် စီမံကိန်းဆွဲနေခြင်းပဲ ” တဲ့။ ဒါကြောင့်မို့ ဖူးငုံတို့အနေနဲ့လည်း မိမိတို့ရဲ့ စာသင်နှစ်တွေ စစချင်းကတည်းက ဘယ်ရက် ဘယ်ရက်တွေမှာ ဘယ်ဘာသာတွေကို အပြီးကျက် မယ်၊ ဘယ်လတွေမှာ ဘယ်ဘာသာတွေကို သင်ရိုးကုန်လေ့လာပြီးလို့ ပြန်လည်လေ့ကျင့်ခန်းလုပ်မယ် စတဲ့ ကိုယ့်ရဲ့ Studying Process နဲ့ ဆက်စပ်ပတ်သက်တဲ့ Mile stones, Time-scale တွေကို အသေးစိတ် ရေးဆွဲ ပြင်ဆင်ထားသင့်ကြပါတယ်။ ပြီးသွားရင်လည်း Plan က Plan အတိုင်းပဲ ရှိနေလို့ မရပါဘူး။ ကိုယ်ရေးဆွဲထားတဲ့ စီမံကိန်း Plan နဲ့ အညီ လက်တွေ့အကောင်အထည်ဖော် လုပ်ကြရပါမယ်။ အဲသည်လို လုပ်နေစဉ်အခါမှာလည်း ကိုယ့်ရဲ့ Plan ဟ လက်တွေ့ကျမကျ၊ ကိုယ်နဲ့ ကိုက်ညီ မကိုက်ညီ မပြတ်ဆန်းစစ်နေပြီး လိုအပ်တာမှန်သမျှကို လိုတိုးပိုလျှော့လုပ်ပြီး Planကို အမြဲတမ်း Update လုပ်နေသင့်ပါတယ်။

၂။ စာကျက်သည့်နေရာ (Studying Location)

စာကျက်တဲ့နေရာကလည်း ဖူးငုံတို့ Learning Process မှာ များစွာ အရေးပါပါတယ်။ ခိုင်မာတဲ့ သုတေသန စစ်တမ်းတွေအရ နေရာတစ်နေရာတည်းမှာပဲ  အမြဲတမ်း စွဲစွဲမြဲမြဲကျက်တဲ့ သူတွေဟာ နေရာတွေ ခဏ ခဏပြောင်းပြီး စာကျက်တဲ့သူတွေထက် စာပိုရ၊ စာမှတ်မိတယ်လို့  ဆိုပါတယ်။ ဖြစ်နိုင်ရင် စာကျက်တဲ့နေ ရာဟာ အိပ်ရာပေါ်တို့၊ ဆိုဖာပေါ်တို့ထက် စာကြည့်စားပွဲမှာ ဖြစ်သင့်ပါတယ်။ ပြီးရင် ကိုယ့်ရဲ့ စာကြည့်စားပွဲပေါ်မှာ ကျောင်းစာနဲ့ ပတ်သက်လို့ ကိုးကား (Reference) လုပ်စရာ Dictionary လိုမျိုး စာအုပ်စာတမ်းတွေကို ထားရှိသင့်သလို စာကျက်ရင်း လိုအပ်မယ့် ဘောလ်ပင်၊ ခဲတံ၊ Line Pen စတဲ့ စာရေး ကိရိယာတွေကိုလည်း စာကျက်နေရင်း ထရှာစရာမလိုအောင် အရန်သင့် ထားရှိသင့်ပါတယ်။ ပြီးတော့ အထူးသဖြင့် လက်ကိုင်ဖုန်းရှိတဲ့ ဖူးငုံတို့ကလည်း တတ်နိုင်ရင် စာကျက်နေတဲ့အချိန်မှာ လက်ကိုင်ဖုန်းကို ပိတ်ထားဖို့ ကြိုးစားသင့်ပါတယ်။ စာကျက်တဲ့နေရာဟာ တိတ်ဆိတ်ငြိမ်သက်၊ အနှောင့်အယှက်တွေ ကင်းဖို့ လိုအပ်သလို၊ အပူအအေးမျှတပြီး လုံလောက်တဲ့ အလင်းရောင်ရရှိဖို့လည်း လိုအပ်ပါတယ်။

၃။  အမျိုးမျိုးသော စာဖတ်နည်းများ (Various Reading Style)

ကျနော်တို့ မြန်မာကျောင်းသားတွေ တော်တော်များများဟာ စာဆိုတာနဲ့ တန်းပြီး အလွတ်ကျက်ဖို့ပဲ အားသန်ကြပါတယ်။ တကယ်တော့ ဘွဲ့လွန်၊ ဒေါက်တာဘွဲ့ စတဲ့ အဆင့်ဆင့်တက်လှမ်း မြင့်မားလာလို့ ဖတ်ရတဲ့၊ လေ့လာရတဲ့ သင်ရိုးတွေ၊ ရည်ညွှန်းစာအုပ် ( Reference Books) တွေ များပြားလာတဲ့အခါ ဘယ်သူမှ အလွတ်မကျက်နိုင်တော့ပါဘူး။ ဒါကြောင့် စာအုပ်တွေ၊ သင်ရိုးတွေကို ဖတ်ရှုလေ့လာကြတဲ့နေ ရာမှာ အောက်မှာ ဖော်ပြထားတဲ့ Reading Style လေးတွေနဲ့ ချိန်ထိုးသုံးသပ် ဖတ်ရှုကြမယ်ဆိုရင် ပိုပြီးထိရောက် အောင်မြင်ပါလိမ့်မယ်။

(က) အပေါ်ယံရှပ်ဖတ်ခြင်း ( Skimming)

သင်ရိုးတစ်ခုလုံး၊ စာအုပ်တစ်အုပ်လုံးကို တစ်ခန်းချင်း အသေးစိတ် မဖတ်ရှုမီ စာအုပ်ရဲ့ဆိုလိုရင်း၊ အာဘော်ကို ခြုံငုံမိအောင် အပေါ်ယံ ဖတ်ရှုသင့်ပါတယ်။ ပြီးတော့ တချို့ Reference Books တွေကို ဖတ်ရှုတဲ့နေရာမှာလည်း ကိုယ့်ရဲ့ သင်ရိုး(Course) နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ အပိုင်းတွေကို Skimming Reading Style နဲ့ ဖတ်ရှုသင့်ပါတယ်။

(ခ) မှတ်မိအောင် ကျက်မှတ်ဖတ်ရှုခြင်း (Memorizing)

စာမေးပွဲမှာ မေးလေ့မေးထရှိတဲ့ အကြောင်းအရာတွေ၊ စာမေးပွဲအတွက် မသိမဖြစ်သိထားရမယ့် အချက်အလက်တွေကိုတော့ အလွတ်မှတ်မိနေအောင် Memorizing Reading Style နဲ့ ထပ်ကာတလဲလဲ ဖတ်ရှုရပါမယ်။

(ဂ) သိမြင်နားလည်အောင် ဖတ်ရှုခြင်း ( Realizing)

တချို့အကြောင်းအရာတွေဟာ အလွတ်ကျက်မှတ်ရုံနဲ့ မလုံလောက်ဘဲ သေသေချာချာ သဘောပေါက် သိမြင်နားလည် (realize) ဖြစ်အောင် သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဥပမာ အိုင်းစတိုင်းရဲ့ ကမ္ဘာကျော် Equation တစ်ခုဖြစ်တဲ့ E=mc2 ဆိုတာကို အလွတ်ကျက်မှတ်ရင် စက္ကန့်ပိုင်းလောက်ပဲ အချိန်ပေးရပါတယ်။ ဒါပေမဲ့ ဒီ Equation ကို သေသေချာချာ သဘောပေါက် နားလည် အသုံးချနိုင်ဖို့ကတော့ မလွယ်ပါဘူး။

၎။ တတ်နိုင်သလောက် အလွတ်ကျက်မှတ်ရမည့်စာများကို အသံထွက်၍ ကျက်ပါ

စာကျက်မှတ်တဲ့အခါ တချို့ ပါးစပ်ကနေ အသံထွက် ကျက်မှတ်လေ့ရှိပေမယ့်  တချို့ကတော့ မျက်စိနဲ့ပဲဖတ်ပြီး အသံထွက်ကျက်လေ့မရှိပါဘူး။ လူရဲ့ ဦးနှောက်ဟာ အကြောင်းအရာတစ်ခုကို မှတ်သားတဲ့နေရာမှာ လူ့ခန္ဓာကိုယ်ရဲ့ ဒွါရပေါက် အာရုံခံအင်္ဂါ (Sense Organs) တွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် စတာတွေကနေ Input Data အချက်အလက်တွေကို ရယူပါတယ်။ ဒါကြောင့်မို့ မျက်စိနဲ့ပဲကြည့်ပြီး ကျက်လေ့ရှိတဲ့သူတွေရဲ့ ဦးနှောက်ဟာ သူမှတ်ရမယ့်အကြောင်းအရာကို မျက်စိနဲ့ပဲ Scan လုပ် မှတ်သားနိုင်ပြီး နားနဲ့အသံကို မကြားနိုင်ပါဘူး။ အသံထွက်ကျက်မှတ်လေ့ရှိတဲ့ သူတွေရဲ့ ဦးနှောက်ကတော့ မှတ်သားရမယ့် Input Data တွေကို မျက်စိနဲ့ Scan လုပ် မှတ်သားနိုင်ရုံသာမက အသံထွက်ပြီး ကျက်မှတ်တဲ့အတွက် နားနဲ့ပါ အသံကို မှတ်သား (Voice Record) လုပ်နိုင်ပါတယ်။ ဒါ့အပြင် ဥပမာ- စာမေးပွဲမှာ စာတွေဘာတွေ မေ့သွားခဲ့ရင်လည်း မျက်စိနဲ့ Scan လုပ်ထားတဲ့ ပုံရိပ်တွေကို ဦးနှောက်က ပြန်ခေါ်ယူနိုင်ရုံသာမက နားနဲ့ Record လုပ်ထားတဲ့ အသံ Voice တွေကိုပါ ပြန်လည် ကြားနိုင်တာမို့ မှတ်မိနိုင်ဖို့ အခွင့်အရေး ပိုများပါတယ်။

၅။ စိတ်ဖိစီးမှုများကို လျှော့ချပါ။ (Reduce Your Stress)

တတ်နိုင်သလောက် စာမကျက်မှတ်ခင်မှာ စိတ်ကို ပေါ့ပါးကြည်လင်အောင်ထားပါ။ အထူးသဖြင့် စာမကျက်ခင် တရားထိုင်တာလိုမျိုး (Meditation Exercise) ကို ၁၅မိနစ်လောက် လုပ်ပေးနိုင်ရင် ကောင်းပါတယ်။ ဒါမှမဟုတ် စာမကျက်ခင် ကိုယ်အနှစ်သက်ဆုံးသီချင်းတစ်ပုဒ်ကို ဖွင့်ပြီး ၅မိနစ် ၁၀မိနစ်လောက် နားထောင်ပါ။ ကိုယ့်ရဲ့ Study Plan, Time-table ကို ရေးဆွဲတဲ့နေ ရာမှာလည်း တောက်လျှောက် စာကျက်တာမျိုးထက် တစ်နာရီလောက်ကျက်၊ ၁၅မိနစ်လောက် နားပြီးရင် ပြန်ကျက် စသည်ဖြင့် ရေးဆွဲထားသင့်ပါတယ်။ Studying Process ဆိုတာဟာ စိတ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ Process ဖြစ်တာမို့ ဖူးငုံတို့ရဲ့စိတ်ဟာ Stress တွေ၊ Pressure တွေ ကင်းကင်းနဲ့ ကြည်လင်နေဖို့လိုအပ်ကြောင်း တင်ပြလိုပါတယ်။

နောင်မှာလည်း အလျဉ်းသင့်ရင် Studying Skill Tips လေးတွေကို ဆက်လက်ဖော်ပြချင်ပါသေးတယ်။
(လင်းသိုက်ညွန့်(မြန်မာ့မြေ) ရေးသားသော မြန်မာတွေအောင်မြင်ဖို့ စာအုပ်မှ ထုတ်နှုတ်သည်)

Tuesday, July 19, 2011

ရင့်ကျက်သော စိတ် (အပိုင်းနှစ်)

အသိပညာကွင်းဆက်

လူဟာ အသက်အရွယ်ကြီးမြင့်လာပေမယ့် စိတ်ဓာတ်ရင့်ကျက်တဲ့သူအဖြစ်ကို အလိုလို ရောက်လာတာ မဟုတ်ပါဘူး။ စိတ်ဓာတ်ရင့်ကျက်သူ ဖြစ်လာဖို့ အတွက် လေ့ကျင့်ပွားများ ရမယ့်အရာတွေသပ်သပ် ရှိနေပါ တယ်။ သည်လို လေ့ကျင့်ပွားများရမယ့် အရာတွေ အကြောင်း ကို ပါမောက္ခ အိုဗာစထရိ (Overstreet) က ကွင်းဆက်ခြောက်ခု သဘောတရား နဲ့ တင်ပြပါတယ်။ သည်ကွင်းဆက်ခြောက်ခုဟာ လူသားရဲ့ ရှင်သန်မှုဘ ၀နဲ့ ဆက်စပ်နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သူကျင်လည်ရာ ပတ်ဝန်းကျင် ကမ္ဘာလောကကြီးနဲ့ ဆက် စပ် နေတဲ့ ကွင်းဆက်များ ဖြစ်ပါတယ်။ သည်ကွင်းဆက်ခြောက်ခုထဲမှာ ပါဝင်တဲ့ အသိပညာ ကွင်းဆက်နဲ့  ပတ်သက်ပြီး အိုဗာစထရိက သည်လို စတင်ပြောပြပါတယ်။

 - လူသည် မည်သည့်အသိပညာမှ မပါဘဲလျက် မွေးဖွားလာသည်။ သို့ သော် မွေးကင်းစ ကလေးငယ်တွင် သဘာဝကပေးသော ဗီဇအသိတချို့ ပါဝင်သည်ကိုမူ ၀န်ခံရမည်။ သူ့  အသက် ရှင်ဖို့ အတွက် မိခင်ဧ။် နို့ ကို မည်သို့ သောက်စို့ ရမည်ကိုကား ကလေးငယ် သိသည်။ ထိုသို့ သော ဗီဇသိမှ လွဲလျှင် အခြားအသိပညာ ဘာမှ မပါရှိ။ သူနှင့် ကမ္ဘာလောကကြီး အကြား မည်သည့် အသိပညာကွင်းဆက်မှ မရှိသေး။ အရေးအဖတ် အတွက်အချက် ကဲ့သို့  သော စွမ်းရည်များကို မဆိုထားဘိ။ အသက်ရှင်ရေးအတွက် လိုအပ်ချက်များကိုပင် ကျယ်ကျယ်ပြန့် ပြန့် မသိသေး။ သူ့ ကိုယ်ပေါ်က ခြုံစောင် ကွာကျသွားလျှင် အအေးမိပြီး နေထိုင် မကောင်းဖြစ်မည်ကိုပင် မသိသေးပေ။ 

ကလေးငယ်မှာ အသိပညာ မပါရှိပေမယ့် အသိပညာကို ရယူနိုင်တဲ့ စွမ်းအားတွေတော့ ပါရှိနေတယ် ၊  ဒါပေ မယ့် လူတွေဟာ သည်လို စွမ်းအားကို အသုံးမချနိုင်ဘဲ ၊ အသုံးချရ ကောင်းမှန်း မသိဘဲ သေဆုံးသွား တတ်တယ်လို့  ပါမောက္ခ အိုဗာစထရိက ပြောပါတယ်။ ပတ်ဝန်းကျင် ကမ္ဘာကြီးနဲ့ ဆက်စပ်ဖို့ အတွက် အသိပညာကွင်းဆက်ကို မဖန်တီးရင် ကလေး ဘ၀ ကို ကျော်လွန်ရှင်သန်နိုင်မှာ မဟုတ် ၊  အသိပညာကွင်း ဆက်ကို ခိုင်မာ သည်ထက် ခိုင်မာအောင် စဉ်ဆက်မပြတ် တည်ဆောက်နေပါမှ ကလေး ကလား ဆန်တဲ့ စိတ်ဓာတ်ကို ကျော်လွန်ပြီး ရင့်ကျက်သူ ဖြစ်လာမယ်လို့  သူက ဆိုပါတယ်။ ဒါပေမယ့် သူပြောတဲ့ အသိပညာ ဆိုတာက ဗဟုသုတသက်သက်ကို ဆိုလိုတာ မဟုတ်တဲ့အကြောင်း သည်လို  ရှင်းပြပါတယ်။

-  ရင့်ကျက်သူ ဖြစ်လာရန်အတွက် ရူပဗေဒ၊ ဓာတုဗေဒ၊ ဒဿနဗေဒ စသည့် သီးခြား ဘာသာ ရပ်များအား လုံးကို သိရမည်ဟု ဆိုလိုသည်မဟုတ်။ ရင့်ကျက်မှုနှင့် ဗဟုသုတသည် တခြားစီသာ ဖြစ်သည်။ တောလမ်း တလမ်းပေါ်တွင် လူနှစ်ယောက် လမ်းလျှောက်သွားသည် ဆိုပါစို့ ။ နှစ်ယောက်စလုံးပင် လမ်းဘေးက သစ်ပင်ပန်းပင်များကို မြင်နေရမည်။ တယောက်က ယင်းသစ်ပင်ပန်းပင်တို့ ဧ။် သဘာဝကိုသိပြီး ကျန် တယောက် ကတော့ မသိ ဟု ဆိုပါစို့ ။ ထိုအခြေအနေတွင် သိသူကို ရင့်ကျက်သူဟု သတ်မှတ်ပြီး မသိသူကို မရင့်ကျက်သူဟု သတ်မှတ်၍  မရနိုင်ပါ။

- ရင့်ကျက်မှုဟူသည် အသိပညာအပေါ် ထားရှိသည့် သဘောထားနှင့်သာ သက်ဆိုင်သည်။ သစ်ပင်ပန်း ပင်တို့ ဧ။် အမည်နာမနှင့်သဘာဝတို့ ကို သိရန်လိုအပ်သည့် ဘ၀အခြေအနေတွင်  သိရန်မလိုအပ်သယောင် သဘောထားလျှင်ကား ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ တကယ်မသိပါဘဲလျက် သိဟန်ဆောင်နေလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ ကိုယ့်မသိသည့် ပညာရပ်များကို ကိုယ်မသိသည့်အတွက် တန်ဖိုးမရှိသလို နှိမ့်ချပြောဆိုလျှင် ထိုသူကို မရင့်ကျက်သူဟု သတ်မှတ်ရမည်။ သိသင့်သောအရာကို သိလည်းသိနိုင်ပါလျက် မသိလည်း အရေးမကြီးပါဘူးဟုဆိုကာ သိချင်စိတ်ကို ဖျောက် ဖျက်လျှင် မိမိကျင်လည်    နေထိုင်ရသော ပတ်ဝန်းကျင်လောကကြီးအပေါ် အရေးမစိုက်သည့် သဘော ထား ဖြစ်သည့် အတွက် ထိုသူမျိုးကို မရင့်ကျက်သူဟုပင် သတ်မှတ်ရမည်။ 

သက်ရှိသတ္တ၀ါတမျိုး ဖြစ်တဲ့ လူသားဟာ အသက်ရှင်ဖို့ လောက်ကိုသာ အာရုံမထားသင့်ဘဲ  ကျန်တဲ့ အသိ ပညာတွေကိုလည်း အရေးထားပြီး အာရုံစိုက်သင့်တယ်လို့  ပါမောက္ခ အိုဗာစထရိက  ယူဆပါတယ်။ လူမှာ ပါရှိတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချရကောင်းမှန်း မသိတဲ့သူတွေကို တိရစ္ဆာန်အဆင့်လောက်ပဲ ရှိတဲ့သူတွေလို့  သူက မြင်ပါတယ်။  လူသားဟာ သူ့ မှာ ပါရှိနေတဲ့ စွမ်းရည်စွမ်းပကားတွေကို အသုံးချပြီး ၊ အသက်ရှင်သန်ဖို့ ထက် ပိုလွန်တဲ့ ပညာရပ်တွေကို တိုးတက်လေ့လာခဲ့တဲ့အတွက်ပဲ တိရစ္ဆာန်လောကထက် တဆင့် မြင့်တဲ့ လူသားလောကကို ရောက်ခဲ့တာလို့  သူက ဆိုပါတယ်။  ရင့်ကျက်မှုရှိတဲ့ လူသားတွေကြောင့်
လူသားလောကဟာ တိုးတက်ဖွံ့ ဖြိုးလာခဲ့ရတယ်လို့ သူက ကောက်ချက်ချရင်း သည်လို ဆက်ပြောပါတယ်။

- လူ သည် အသက်အရွယ်အရရော အဆင့်အတန်းအရပါ လူကြီးတယောက်ဖြစ်လာပြီး သားသမီးများ၊ တပည့်တပန်းများကို ဦးဆောင်ရမည့် အနေအထားကို ရောက်လာပါလျက် ထိုအနေအထားတွင် လိုအပ်သည့် အသိပညာမျိုးကို ရရှိအောင် ကြိုးစားအားထုတ်မှု မရှိလျှင်  မရင့်ကျက်သူ ဖြစ်သည်။ 

- လူ့ အဖွဲ့ အစည်းအတွင်း နေထိုင်ရသော လူသားတွင် ရွေးချယ်ဆုံးဖြတ်စရာများ အများ အပြား ရှိနေသည်။ မိမိစိတ်ဆန္ဒကို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြသစရာများလည်း အများ အပြားရှိနေသည်။ ရပ်ရေးရွာရေး၊ တိုင်းရေးပြည်ရေး၊ ကမ္ဘာကြီးအရေး၊ သဘာဝ ပတ်ဝန်းကျင် အရေး စသော အလွန်အရေးပါတဲ့  ကိစ္စရပ်များတွင် ဆန္ဒပေးရခြင်းများ၊ ပါဝင်ဆုံးဖြတ် ရခြင်း များကို ဆောင်ရွက်ရသည်။ သို့ ပါလျက် သည်လို ကိစ္စရပ်မျိုးကို လေးလေးနက်နက် စိတ်ဝင်စားရကောင်းမှန်မသိဘဲ ပေါ့ပေါ့တန်တန် သဘောထားနေလျှင် မရင့်ကျက်သူ ဖြစ်သည်။ 

လူတယောက်အတွက် ဘ၀မှာ သိစရာတွေ အများအပြားရှိပါတယ်။သည်လို သိစရာတွေကို သိအောင် စဉ်ဆက်မပြတ်ကြိုးစားအားထုတ်ဖို့ လိုတယ်၊ အသက်ရှင်သန်နေသရွေ့  လိုအပ်တဲ့ အသိပညာကို ဆည်းပူးနေရမယ်လို့  အိုဗာစထရိက ဆိုပါတယ်။ စဉ်ဆက်မပြတ်ပညာရေး၊ သက်ကြီးပညာရေး စတဲ့ ပညာရေးလောကရဲ့ ဖွံ့ ဖြိုးတိုးတက်မှုဖြစ်စဉ်တွေအပေါ်မှာ အိုဗာစထရိရဲ့ အယူအဆတွေက အလွန်သြဇာ ရှိခဲ့တာပါ။ လူတယောက်ဟာ အသိ စိတ်ဓာတ်ပိုင်း ဆိုင်ရာနဲ့ လူမှုဆက်ဆံရေးပိုင်းဆိုင်ရာများမှာ ရင့်ကျက်မှုကို ရယူလိုတယ်ဆိုရင် အသိပညာ ကွင်းဆက်ကို စဉ်ဆက်မပြတ် တည်ဆောက် နေရပါမယ်။ အသိပညာကွင်းဆက်ကို တည်တံ့ ခိုင်မြဲအောင် လုပ်ဖို့ စဉ်ဆက်မပြတ် ပညာရေးကို လုပ်ဆောင်ရပါမယ်။ စဉ်ဆက်မပြတ် ပညာရေးကို လက်မခံရင် ဘာဖြစ်မလဲဆိုတာကို အိုဗာစထရိက သည်လို ရှင်းပြပါတယ်။

- လက်ရှိပိုင်ဆိုင်ထားသမျှ အသိပညာ ဗဟုသုတလောက်ကို လုံလောက်ပြီဟု ဆုံးဖြတ်ပြီး နောက်ထပ် ဆည်းပူးလေ့လာခြင်းမရှိသူသည် မရင့်ကျက်သူ ဖြစ်သည်။ ထိုသူမျိုးသည် အခြေအနေသစ်နှင့် ရင်ဆိုင်တွေ့ ရသည့်အခါ ဘာလုပ်ရမှန်း မသိတော့။ ပြဿနာ အသစ်များ နှင့် ရင်ဆိုင်ရသည့်အခါ နည်း လမ်းဟောင်းများနှင့်သာ ဖြေရှင်းတတ်သည်။ သို့ ဖြင့် ပြဿနာ မပြေလည်ဘဲ ပိုရှုပ်ထွေးလာခြင်းသာ အဖတ်တင်တတ်သည်။ တရားသေနည်းလမ်း ဟောင်း များနှင့် တရားသေ၀ါဒများက သူ့ ဘ၀ကို ပုံဆောင်ခဲ တခုအဖြစ် ဖန်တီးပစ်လိုက်သည်။ သို့ တိုင် သူကတော့ မာနတလူလူ ဖြစ်နေသည်။  ကိုယ့်ကိုယ် ကိုယ် အထင်ကြီးပြီး ဘ၀င်မြင့်နေ တတ်သည်။ ဘာမှ ထပ်သိစရာ မလိုအပ်တော့သည့် လူတတ်ကြီးတယောက်လို ကိုယ့်ကိုယ် ကိုယ် ထင်မှတ်နေလေရာ နွားခြေရာခွက်ထဲက ဖားသူငယ်အဖြစ်သို့  ရောက်မှန်းမ သိ ရောက်သွားရတော့သည်။

- ကျမ်းဂန်စာပေ တတ်ကျွမ်းသည့် ပညာရှိကြီး ဖြစ်စေကာ ကိုယ့်ကိုယ်ကိုယ် ထင်တလုံးဖြစ်နေလျှင် စာမတတ်သည့် လယ်သမားတယောက်နှင့် ဘာမှ မထူးပြီ။ စာမတတ်သည့် လယ်သမားသည်လည်း သူ့ ဖခင် သင်ပေးသမျှနှင့် တင်းတိမ်နေပြီး အသစ်အသစ်သော စိုက်ပျိုးရေးပညာရပ်များကို လေ့လာခြင်းမရှိ ၊ အသုံးချရကောင်းမှန်း မသိသူ ဖြစ်သည်။ စဉ်ဆက်မပြတ်လေ့လာဆည်းပူးခြင်း ကင်းမဲ့သည့် ပညာရှိနှင့် စာမတတ်ပေမတတ် လယ်သမားတို့  နှစ်ယောက်စလုံးပင် မရင့်ကျက်သူများ ဖြစ်သည်။

ရင့်ကျက်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အသိပညာကွင်းဆက်အကြောင်းကို တင်ပြပြီးတဲ့  နောက်မှာ " အသိ ပညာကွင်းဆက်ကို တည်ဆောက်ဖို့  ဘာကြောင့် ပျက်ကွက် ကြတာလဲ၊ တည်ဆောက်ပြီးသားကွင်းဆက်ကို ခိုင်မာအားကောင်းလာအောင် ဘာကြောင့် ဆက်ပြီး အားမထုတ်နိုင်ကြတာလဲ " ဆိုတဲ့ မေးခွန်းကို သူက ဆက်မေးပါတယ်။ ပြဿနာရဲ့ အကြောင်းရင်းများကိုလည်း သည်လို ဆက်ဆွေးနွေးပြပါတယ်။

- အသိပညာကွင်းဆက်ကို တည်ဆောက်ရန် သို့ မဟုတ်  ဘ၀တလျှောက်လုံး စဉ်ဆက် မပြတ် တည်ဆောက်ရန် ပျက်ကွက်ခြင်းမှာ အတွင်းအဇ္ဈတ္တရှိအကြောင်းရင်း များတွင် လည်းကောင်း၊ အပြင် ဗဟိဒ္ဓအကြောင်းရင်းများတွင်လည်း အခြေခံသည်။

- ပုံစံပြရလျှင်  ကလေးဘ၀ကပင် အသိပညာလေ့လာဆည်းပူးချင်သော စိတ်ကို ပိတ်ဆို့ ဟန့်  တားခြင်း ခံခဲ့ရနိုင်သည်။ " မင်းက ငါ့ထက်သာအောင် ကြိုးစားနေတာပေါ့လေ ဟုတ်လား" ဟု ဖခင်ဖြစ်သူဧ။် ရိသဲ့သဲ့ ထိပါးပြောဆိုမှုမျိုးကို ခံခဲ့ရနိုင်သည်။ " သည်လို လောကီစာတွေ လေ့လာ နေရင်တော့ ပျက်စီးရုံပဲ ရှိမှာပေါ့" ဟု ဘာသာရေးဆန်သော မိခင်ဧ။် ဝေဖန်ပြောဆိုမှု မျိုးကို ခံခဲ့ရနိုင်သည်။ " ဆရာ့အချစ်တော် လာပြီဟေ့၊ တို့ ကစားဝိုင်းထဲ မပါစေနဲ့ " ဟု အတန်းတူ သူငယ်ချင်းများဧ။် ၀ိုင်းပယ်မှုမျိုးကို ခံခဲ့ရနိုင်သည်။ ထိုသို့ ပြုမူပြောဆိုခြင်း ခံခဲ့ ရလျှင် မသိစိတ်အတွင်းတွင် အသိပညာလေ့လာဆည်းပူးမှုကို မုန်းတီးသောစိတ် ကိန်း အောင်း သွားနိုင်သည်။ ကလေးဘ၀တွင် ကိန်းအောင်းသွားသောစိတ်သည် ဘ၀တလျှောက် လုံး သူ့ ကို လွှမ်းမိုးနေမည်။သို့ ဖြင့် အသိပညာကွင်းဆက်ကို တည်ဆောက်ရန် ပျက်ကွက်ရ တော့သည်။

- နောက်တယောက်က ထိုသို့ သော မသိစိတ်မျိုး မရှိ။ သို့ သော် မိဘဆွေမျိုး  အသိုင်းအ၀ိုင်း နှင့် လိုက်လျောညီထွေ နေရခြင်းကိုသာ သဘောကျသည်။ အသိုင်းအ၀ိုင်းတွင် လွှမ်းမိုး သော ယုံကြည်မှုများ၊ ဓလေ့ထုံးစံများ၊ အကျင့်စရိုက်များကို စူးစမ်းဆင်ခြင်မှုမရှိဘဲ မျက်စိမှိတ် လက်ခံသည်။  ကိုယ်ပိုင်ဦးနှောက် မရှိသူဟု ဆိုရမည်။ မိသားစုဧ။် အလိုအတိုင်း နေသည်။ သူငယ်ချင်းအပေါင်းအသင်းများဧ။် အလိုအတိုင်း နေသည်။ နိုင်ငံရေးဖြစ်စေ၊ စီးပွားရေးဖြစ်စေ၊ ဘာသာရေး ဖြစ်စေ၊ လူများစုလုပ်သည့်အတိုင်း လိုက်လုပ်သည်။ ရှေးရိုး အစဉ်အလာအတိုင်း လိုက်လုပ်သည်။ ကိုယ်ပိုင်ဆုံးဖြတ်ချက် ဘာမှမရှိ။ ပတ်ဝန်းကျင်အလိုအတိုင်း လိုက်နေသည့် အတွက် သူ့ တွင် အသိပညာကွင်းဆက် ကင်းမဲ့နေရသည်။ ရှိလျှင်သော်မှ ယင်းကွင်းဆက် သည် ခိုင်မာခြင်းမရှိဘဲ ကျိုးပဲ့ပြတ်တောက်နေတတ်သည်။ သို့ ဖြင့် ထိုသူသည်လည်း ရင့်ကျက်ခြင်း ကင်းရလေတော့သည်။     ။

ကျမ်းညွှန်း- Criteria of Maturity by Harry A. Overstreet

မောင်သာမည
(ရင့်ကျက်မှုအတွက် ကွင်းဆက်များ ၂၀၀၃ စာအုပ် တွင် ပါဝင်ခဲ့သော ဆောင်းပါး ဖြစ်ပါသည်။)

Friday, July 15, 2011

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်

၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟု မည်တွင်သည်။

၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန် တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့သဖြင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

ဝါဆိုဝါလ ၀ိသေသ

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့် အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် " သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လ၀ါဆို " ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

ရဟန်းတော်များ ၀ါဆိုတော်မူခြင်း

ဝါတွင်းကာလ၌ ရဟန်းတော်များ ၀ါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ ဖြစ်သည်။ မြတ်စွာ ဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြပေ။ မြတ်စွာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာကီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည် သွားလာ နေကြသည်။ မိုးဥတု၌ တစ်ရပ်မှ တစ်ရပ်သို့​ ဒေသစာရီ လှည့်လည်ခြင်း ပြုကြရာ ပြည်သူတို့ စိုက်ပျိုးထားသော​ ကောက်နှံသီးကင်းများကို ဖြတ်ကျော် နင်းနယ်သဖြင့် ပျက်စီးလေသည်။ ထိုအခါ ပြည်သူများက " မိုးတွင်းကာလတွင် အယူလွဲမှား မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။ တိရိစ္ဆာန် ငှက်များသည် ပင်လျှင် အသိုက်ပြောင်းခြင်း မပြုကြ။ ကျွန်ုပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲ သီးနှံများကို နင်းနယ် ဖျက်ဆီးလျက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား " စသည်အားဖြင့် အပြစ်တင်ကြလေသည်။

ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော် မူသောအခါ ရဟန်းတော်များအား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အ၀န်းအ၀ိုင်း အတွင်း၌သာ ၀ါဆို ၀ါကပ်ခြင်းပြု၍ ရဟန်း တရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ ညဥ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ် အာပတ်သင့်စေရန် အာဏာဓမ္မစက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။ ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး ကျွတ်လွတ်လေသည်။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့၏ ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဥ့်အိပ် ညနေ မသွားပါ ဟုကတိပြု ကြခြင်းပင် ဖြစ်သည်။ ၀ါဆိုအတွင်း ၀ါပန်၍ ညဥ့်အိပ်ညဥ့်နေ (၇) ရက်မှ ကျော်၍ မသွားနိုင်ပေ။

ဓမ္မစကြာ အခါတော်နေ့

မြတ်စွာဘုရား အလောင်းတော်သည်​ ရွှေထီးရွှေနန်းကို စွန့်၍ ၀ါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးခြံရံကာ တရား ကျင့်တော်မူသည်။ ဒုက္ကရစရိယာ ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။ ထို့ကြောင့် မိမိ တစ်ပါးတည်း လမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောအခါ "ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့ သိမ်မွေ့ နက်နဲလွန်းသည်။ သတ္တ၀ါတို့၏ သဏ္ဌာန်ကား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ထူပြောလှသည်။ ဤသတ္တ၀ါစုကို ငါဘုရား တရားဟောသော်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။ တရားမဟောဘဲ ဆိတ်ဆိတ်နေတော့မည်" ဟုကြံရွယ်တော် မူလေသည်။ ရွှေစိတ်တော် ရွှင်ပြခြင်းမရှိ၊ ဆုတ်နစ်တော် မူလေသည်။

ဤအကြောင်းကို သဟံပတိ ဗြဟ္မာမင်းက သိရှိသဖြင့် ဗြဟ္မာ့ပြည်မှ ဆင်းလတ်၍ ဘုရားရှင်ထံ ခစားသည်။ သဟံပတိ ဗြဟ္မာမင်းသည် ဘုရားရှင်အား " အရှင်ဘုရား၊ သတ္တ၀ါများကို ငဲ့ညှာသော အားဖြင့် အရှင်ဘုရား ပိုင်းခြားထင်ထင် သိမြင်တော်မူသော တရားတော်ကို ဟောတော်မူပါဘုရား" ဟူ၍ ( နဿ တိဝတတော လောကော ) ဟူသော ဂါထာကို သုံးကြိမ် ရွတ်၍ လျှောက်ထားသည်။ လောက၌ အရှင်ဘုရား၏ တရားတော်တို့ကို နာယူ ထိုက်သူပေါင်း များစွာ ကျန်ရှိပါသေးသည် ဟု လျှောက်ထားလေသည်။ ဤတွင်မှ မြတ်စွာဘုရားလည်း တရားဟောတော့အံ့ဟု ကတိပြုလေ သည်။

မြတ်စွာဘုရားသည် သစ္စာလေးပါး တရားထူး တရားဦးကို ဟောတော်မူရန် ဗုဒ္ဓဂါယာ ဗောဓိ မဏ္ဍိုင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူ လေသည်။ ခရီးလမ်းတွင် ဥပက အမည် ရှိသော တကာတစ်ဦးနှင့်တွေ့သည်။ ဥပကမှာ ဘုရားရှင်၏ တရားကို နာကြားထိုက်သူ မဟုတ် သဖြင့် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ရပါလျှက် "ငါ့ရှင်အဘယ်သူနည်း၊ အဘယ်ကိုရည်၍ ရဟန်းပြုပါသနည်း" စသည်ဖြင့် မေးမြန်း စုံစမ်းခြင်းသာ ပြုလေ၏။

မိဂဒါဝုန်တောသို့ ရောက်တော်မူသောအခါ ပဉ္စ၀ဂ္ဂီ ငါးဦးကို အမှူးထားလျက် မရေမတွက် နိုင်သော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦးကို ဟောကြားတော် မူလေသည်။ မြတ်စွာဘုရားရှင်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်မျှသော တရားတော်များကို ဟောကြားခဲ့ရာ ဤဓမ္မစကြာ တရားတော်သည် ရှေးဦးပထမ ဟောကြား တော်မူသော တရားတော်ဖြစ်၍ အလွန် ထူးမြတ်သော တရားတော်ဖြစ်လေသည်။

ဓမ္မစကြာမှာ- ဓမ္မစက္ကပ၀တ္တန ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး
ဓမ္မ - သစ္စာလေးပါးအမှန်တရား
စက္က - အဖန်ဖန်အထပ်ထပ် လှည့်တတ်သောစက်
ပ၀တ္တန- ဖြစ်ခြင်း ....အနက်ရှိသဖြင့် "သစ္စာလေးပါး အမှန်တရားကို စက်လှည့်၍
အဖန်ဖန် အထပ်ထပ် ဟောတော်မူခြင်း " ဟု အဓိပ္ပါယ် ရလေသည်။

မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။ မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင် ဖြစ်သည်။

ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။

(မြန်မာ့ရေးရာ သုတပဒေသာမှ ကောက်နှုတ် တင်ပြပါသည်)

Thursday, July 7, 2011

ဘုံဆိုင်ကို ကိုယ်ပိုင်မမှတ်လင့်

စွဲလမ်းခြင်းတို့ စွဲလမ်းမှုတို့ဆိုသည်မှာ လောကအတွင်းရှိ သူသူငါငါ ပုဂ္ဂိုလ်သတ္တ၀ါမရွေး ကြုံတွေ့နေကြရသော အမှန်တရားတခုဟု ဆိုချင်က ဆိုနိုင်ပါသည်။ စွဲလမ်းခြင်းဆိုတာကို ပါဠိစာပေမှာတော့ “ဥပါဒါန”ဟု သုံးထားပါတယ်။ ဒါကို ကြောင်းကျိုးဆက်နိယာမ သဘောအရပြန်ကောက်ကြည့်မယ်ဆိုပါက  “တဏှာပစ္စယာ ဥပါဒါနာ”ဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာရဲ့သဘောက တွယ်တာတယ်။ သာယာတယ်။ တပ်မက်တယ်။ နောက်ပြီး ရောင့်ရဲတင်းတိမ်းနိုင်ခြင်း သဘောလည်း မရှိပါ။ အဲဒိလို တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှု၊ မရောင့်ရဲနိုင်မှုတို့ကြောင့် အစွဲအလမ်း ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာ ဘာ့ကြောင့် ဖြစ်ရသနည်းမေးလျှင် “ဝေဒနာ ပစ္စယာ တဏှာ” ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစားပါတယ်။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရပါတယ်။

ဘယ်လိုလဲ “ဒုက္ခီ သုခံ ပတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏”ဆိုတဲ့အတိုင်း ဆင်းရဲတဲ့လူတန်းစားက ချမ်းသာ ချင်ကြပါတယ်။ အဲဒိတော့ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဝေဒနာကြောင့် ချမ်းသာခြင်းကို လိုချင်တပ်မက်တဲ့ တဏှာဖြစ်ရပါတယ်။ တခါ “သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏”ဆိုတဲ့အတိုင်း သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်ပါသေးတယ်။ “ဝေဒနာ နိရောဓာ တဏှာနိရောဓော”တဲ့ ဆိုလိုတာက ဝေဒနာချုပ်မှသာ တဏှာချုပ်မည်။ တဖန်“တဏှာ နိရောဓာ ဥပါဒါနာ နိရောဓော” တဲ့ တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်ပါမယ်။ စွဲလမ်းမှု အဲဒိ ဥပါဒါန်တွေချုပ်မှ သာလျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်နိုင်ပါမည်။ ဒါ့ကြောင့် ကိလေသာ အာသဝေါကင်းဖို့အတွက်ဆိုရင်တော့ အစွဲအလမ်းလည်းကင်းဖို့လိုပါတယ်။ 

         စွဲလမ်းခြင်း (ဥပါဒါန်)ဆိုတာကို ခွဲခြမ်းစိပ်ဖြာကြည့်ပါက အမျိုးအစားအားဖြင့် (၄)မျိုး ရှိကြောင်း တွေ့နိုင် ပါတယ်။ အဲဒါတွေကတော့

၁။ ကာမုပါဒါနံ= ကာမဂုဏ်၌ စွဲလမ်းခြင်း။
၂။ ဒိဋ္ဌုပါဒါနံ= မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ၌ စွဲလမ်းခြင်း။
၃။ သီလဗ္ဗတုပါဒါနံ= မှားယွင်းသော ကျင့်စဉ်၌ စွဲလမ်းခြင်း။
၎။ အတ္တ၀ါဒုပါဒါနံ= အတ္တ၀ါဒ၌ စွဲလမ်းခြင်း။

ဆိုပြီးလာပါတယ်။ ဒီနေရာမှာ ကာမုပါဒါန်အကြောင်းလေးကို ဗဟုသုတအနေနဲ့ တင်ပြပေးချင်ပါတယ်။ ကာမုပါဒါန်ကား ကာမပုဒ်နဲ့ ဥပါဒါန ပုဒ်နှစ်ပုဒ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ကာမ ဆိုသည်မှာလည်း ၀တ္ထုကာမရယ် ကိလေသာကာမရယ်ဆိုပြီး နှစ်မျိုးကွဲသွားပြန်ပါသေးတယ်။ ၀တ္ထုကာမရဲ့ မြန်မာလိုသဘော ကတော့ စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အားရုံ ၅-ပါး။ အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်သော အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ စသည့်ဝတ္ထုပစ္စည်း။ တဏှာ၏-တည်ရာ-အာရုံ-ဖြစ်သော တေဘူမဝဋ် တရားဆိုပြီး အဓိပ္ပာယ်ရပါတယ်။ ကိလေသာကာမကတော့ လောဘနဲ့ ဆန္ဒပဲဖြစ်ပါတယ်။
     
    “၀တ္ထုကာမ၊ သဘာဝကား၊ ကာရှည်ကြာသုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာထင်၏” ဆိုတဲ့လင်္ကာလေးအတိုင်း သက်ရှိလူသားတိုင်းရဲ့စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အားရုံ ၅-ပါးတရားတွေ။ တဖန် အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်တဲ့ အသုံးအဆောင် အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ, တိုက်တာအဆောက်အဦ စသည့်ဝတ္ထုပစ္စည်းတွေ အပေါ်မှာ စွဲလမ်းမှုတွေ အားကြီးသွားပြီဆိုပါက မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပါတယ်။

  ဒီလိုပါ။ တခါက တောရွာတစ်ရွာရဲ့ ရွာဦးကျောင်းမှာ ကျောင်းထိုင်တဲ့ ဆရာတော်ကြီး တစ်ပါးရှိပါတယ်။ ကျောင်းထိုင်ဆရာတော်ဟာ အကျင့်သီလသိက္ခာနဲ့ပြည့်စုံတဲ့အတွက် ရွာနီးစပ်ချုပ်မှာ အင်မတန်မှကို နာမည်ကျော်ကြား လူသိများပါသတဲ့။ လူသိလည်း များသလို ကြည်ညိုလေးစားကြတဲ့လူတွေ ကလည်း မနည်းပါဘူးတဲ့။ ဒကာ၊ ဒကာမတွေကလည်း သူတို့ရွာကျောင်းက ဆရာတော်ကို ရဟန္တာသမျှ သတ်မှတ်ကြပါတယ်။ ဆရာတော်သာပျံတော်မူလို့ကတော့ နတ်ပြည်ကို ရောက်မှာ သေချာတယ် ဆိုပြီး ပြော ကြပါတယ်တဲ့။ ဆရာတော်ကြီးဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကောင်းမှုကုသိုလ်တွေ ကိုလည်း ဆထက်ထမ်းပိုးတိုးလို့ လုပ်ပါတယ်။ အရပ်ထဲက ဒကာတွေ ဒကာမတွေပြောတာကိုလည်း ဆရာတော်ကြီးက ငါသာ နတ်ပြည်ရောက်လို့ကတော့ ရွာကျောင်းက ကြေးစည်တွေ၊ အုန်းမောင်းတွေကို လာခေါက်ပြီး နင်တို့ကို အသိပေးမယ်ဆိုပြီး ပြန်ပြန်ပြောလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ဆရာတော်ကြီးဟာ ကျောင်းမှာနေရင်း ပျင်းပျင်းရှိ တာနဲ့ ကျောင်းခေါင်းရင်းမှာ ကြံပင်လေးစိုက်ပါတယ်တဲ့။ ရွာကျောင်းက ဆရာတော်ဆိုတော့လည်း အလုပ် လုပ်စရာက ထွေထွေထူးထူးသိပ်မရှိလှတော့ အချိန်ရှိတိုင်း လူကြီးတွေရဲ့ ထုံးစံအတိုင်း ကိုယ်စိုက်ထားတဲ့ ကြံပင်လေးကို ရေလောင်းပေးလိုက်၊ ပေါင်းသင်ပေးလိုက်နဲ့လုပ်ရင်းပဲ ဆရာတော်စိုက်ထားတဲ့ ကြံပင်ကြီးဟာ အပြုအစုအယုအယကောင်းတဲ့အတွက်ကြောင့် အင်မတန်မှကို သန်မာထွားကျိုင်းလာပါတယ်။ ဒါကို ကျောင်း က ကိုရင်၊ ကပ္ပိယ၊ ကျောင်းသားတွေက ဆရာတော်ရဲ့ ကြံပင်ကြီးကို သဘောကျနေတော့ မျက်စောင်းတထိုး ထိုးနဲ့ပေါ့။ ဆရာတော်ကိုကြောက်ရတော့လဲ ခုတ်မစားဝံ့ကြရှာဘူး။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ကံလည်းကုန် နေ့လည်းစေ့တော့ ရွာကျောင်းက ဆရာတော်ကြီးလည်း ပျံတော်မူပါရောတဲ့။ ရွာထဲကလူတွေ ကလည်း ဆရာတော်ပျံတော်မူပြီဆိုတော့ ဆရာတော် ပျံတော်မမူခင်က ပြောထားတဲ့အတိုင်း သူတို့ကိုအသိ များပေးမလား ပေးမလားဆိုပြီးတော့ စောင့်နေကြတယ်တဲ့။ ရဟန္တာသမျှ ထင်ထားကြတာကိုး။ သူတို့က သာ မျှော်နေကြတာပါ။ ပျံတော်မူသွားတဲ့ ဆရာတော်ကြီးကတော့ ကျောင်းက ကြေးစည်တွေ၊ အုန်းမောင်းတွေကိုလည်း လာမတီးသေးပါဘူး။ ရက်လည်တွေ၊ ဘုန်းကြီးပျံပွဲတွေ ပြီးတဲ့အထိလည်း မတီးသေးဘူးတဲ့။ ရက်လေးနဲနဲကြာလာတော့ ကပ္ပိယကြီးက လက်ဦးမှု ယူပြီး ကျောင်းခေါင်းရင်းက ဆရာတော်စိုက်ထားတဲ့ ကြံပင်ကြီးကို စားချင်ဇောကြီးကြီးနဲ့ ခုတ်လိုက်တဲ့အခါမှာ ကြံပင်ကြီးထဲမှာ ထိုးနေတဲ့ ကြံပိုးကြီးကို ဓားနဲ့ ပိုင်းလိုက်မိသွားဖြစ်သွားပါရောတဲ့။ အဲဒိအချိန်ရောက်မှ ကျောင်းမှာရှိတဲ့ ကြေးစည်တွေ၊ အုန်းမောင်းတွေလည်း အလိုလို ထပြီးမြည်ပါတော့သတဲ့။
    
      ဒါကြောင့်မို့ ပြောတာပါ။ မစွဲလမ်းသင့်တာတွေ စွဲလမ်းမိမယ်ဆိုရင် မဖြစ်သင့် တာတွေ ဖြစ်သွားနိုင် ပါတယ်ဆိုတာကို။ ဒီပုံပြင်လေးထဲမှာပါတဲ့ဆရာတော်ကြီးဟာ သီလသိက္ခာတွေနှင့် ပြည့် စုံတဲ့အတွက်ကြောင့် နတ်ပြည်ကိုရောက်ဖို့အတွက် အထောက်အပံ့တွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း အာသန္နကံရဲ့ သဘောအတိုင်းပင် သေခါနီးကာလမှာ ပြုလုပ်မိလိုက်တဲ့ စွဲလမ်းစရာ ၀တ္ထုကာမတွေကြောင့် နတ်ပြည် သို့ရောက်ဖို့ ကံရှိနေပေမယ့် ချက်ချင်းလက်ငင်းမရောက်နိုင်သေးဘဲ မိမိစွဲလမ်းရာ အာရုံနောက်ကို လိုက်ပြီးတော့ ကြံပင်မှာထိုးနေတဲ့ ကြံပိုးကြီး (ပြိတ္တာ) ဘ၀ကိုရောက်သွား ခဲ့ပါတယ်။ 

    ဒါကိုထောက်ဆခြင်းအားဖြင့် ကိလေသာအာသဝေါကင်းဖို့ကို အပထား။ ကိုယ်ပြုထားတဲ့ ကံလေး အတိုင်း ကောင်းသုဂတိကို ဖြောင့်ဖြောင်တန်းတန်းလေး ရောက်စေချင်တယ်ဆိုရင်တော့ ယနေ့ပတ် ၀န်းကျင်မှာသွားလာလှုပ်ရှားနေကြတဲ့ လူသားတိုင်း လူသားတိုင်း သေခါနီးအခါမှာ အစွဲအလမ်း ကင်းဖို့။ နောက်ပြီး အများနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တဲ့  ၀တ္ထုကာမ (စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အာရုံ။ အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်သော အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ,တိုက်,ခြံ,ကား စသည့်ဝတ္ထုပစ္စည်း) ကို ကိုယ့်ဥစ္စာလို့ အထင်မမှတ်မိစေဖို့၊ ဒါတွေကို ငါပိုင်တာပဲ လို့ မစွဲလမ်းမိစေဖို့ အင်မတန်မှကို အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတော့သည်။

Tuesday, June 28, 2011

မျဉ်းပြိုင်များ


ဟိတောပဒေသတက်တုန်းက မှတ်ခဲ့ဖူးတဲ့ စာသားလေးပါ “အသမ္ဘာဗျံ န ၀တ္တဗ္ဗံ၊ ပစ္စက္ခမပိ ပဿိတံ” တဲ့ အဓိပ္ပာယ်ကတော့ ဘယ်လောက်ပင် မျက်မြင်ကိုယ်တွေ့ဖြစ်နေပါစေတဲ့ ပတ်ဝန်းကျင်က မယုံကြည့်နိုင် လောက်တဲ့ စကားမျိုးဆိုရင် မပြောရဘူးတဲ့။ ပြောမယုံကြုံဖူးမှသိဆိုတဲ့ စကားလိုပါပဲ ကိုယ်တွေ့အဖြစ်အပျက် လေးကြုံလိုက်တော့မှ ခံစားတတ်သွားပါတယ်။ ခံစားဖူးတော့ ကိုယ်ချင်းလည်း စာတတ်သွားသလိုပါပဲ။ ဒီလိုပါ…။

သီဟိုဠ်ကိုရောက်တော့ တက္ကသိုလ်ကို တစ်ပါတ်မှာလေးရက်သွားရပါတယ်။ သွားရတဲ့ လေးရက်လုံး ကလဲ နေ့ခင်းပိုင်းတွေပါ့။ နေ့ခင်း 12 နာရီခွဲဆိုရင် စပြီးကျောင်းသွားရပါပြီ ဒါမှလည်း 1 နာရီမှာ စမည့်သင်တန်းချိန်ကို မှီမှာပါ။ ဒါကြောင့်မို့ နေ့တိုင်းလိုလို နေ့ခင်း 12 နာရီခွဲပြီဆိုတာနဲ့ ကျောင်းသွားတဲ့ လုပ်ငန်းစဉ်ကို လုပ်ရပါတယ်။ သီဟိုဠ်ရဲ့ ထုံးစံအတိုင်း နေ့ခင်းကျောင်းသွား ချိန်ဆိုရင် သူတို့ရဲ့ တန်းကျောင်းတွေကလည်း ဆင်းတဲ့အချိန်ဆိုတော့ ကားအရမ်းရှုပ်ပါတယ်။ traffic အချိန်တော်တော်ကြာ ပါတယ်။ လမ်းမှာမြင်တွေ့နေရတဲ့ ရှုခင်းတွေကလည်း နေ့စဉ်ရက်ဆက်ဆိုတော့ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် အထူးအဆန်းမဟုတ်တာတွေထဲကမှ ထူးဆန်းနေတဲ့ ရှုခင်းလေးတခု ကတော့ ဘယ်နေရာပဲရောက်ရောက်၊ ဘာကောင်ကြီးပဲဖြစ်ဖြစ်၊ ဘာတွေကိုပဲ လုပ်နေလုပ်နေ ကိုယ့်ရင်ထဲ မှာတော့ မေ့ဖျောက်နိုင်မည်မဟုတ်ပေ။ ထိုအရာကား school service car ပေါ်က ငါးနှစ်ခြောက်နှစ် အရွယ်ကလေးတွေရဲ့ ကိုယ့်ကိုမြင်ပြီဆိုတာနဲ့ လက်အုပ်ကလေးချီပြီး "ဆာဓု….ဆာဓု….ဆာဓု…." လို့ အော်အော်သွားတာလေးတွေပေါ့။ တခါတရံ ကားချင်းဘေးချင်းယှဉ်ရပ်မိပြီဆိုရင် ကိုယ့်ကို လှမ်းကြည့်ရင်း ပြုံးလို့ ပျော်လို့ ကလေးတွေရဲ့သဘာဝအတိုင်း အပူအပင်ကင်းတဲ့ဟန်၊ နွေးထွေးမှုပြည့်ဝတဲ့ အပြုံးလေးတွေနဲ့ပေါ့။ သူတို့လေးတွေရဲ့ ဆာဓု ဆာဓု ဆာဓု လုပ်သွားလိုက်တဲ့ အချိန်တိုင်းအချိန်တိုင်းလည်း ကိုယ့်ရင်ထဲမှာ ကြည်နူးမှုရနေသည်သာကတော့ အမှန်ပင်။ ကိုယ်မှလားဆိုတော့ကား မဟုတ်ပေ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေရဲ့ သန္တာန်မှာလည်း အပြုံးရိပ်တွေ သန်းနေကြပါတယ်။ ဂုဏ်ယူနေသည်လား၊ ကြွားနေသည်လားဆိုသည်ကိုတော့ တပ်အပ်မခန့်မှန်းနိုင်ချေ။ ထိုကျောင်းသားကျောင်းသူကလေးလေးတွေရဲ့ စိတ်ထဲမှာတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် ရှိခိုးပြီး ဆာဓုလုပ်ရမယ်ဆိုတဲ့ အသိထက်ပိုတဲ့ သမဏာနဉ္စ ဒဿနဆိုတာကိုလည်းသိမည်မဟုတ်။ "အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ" ဆိုတာကိုလည်း နားလည်မည်မဟုတ်ပေ။ အဲဒိလို မသိပင် မသိငြားသော်လည်း ဗုဒ္ဓဘာသာအပေါ်ထားသည့် သူတို့လေးတွေရဲ့ သဒ္ဓါတရားကတော့ အရွယ်နှင့်ပင် မလိုက်ဖက်ပေဟု ဆိုရမည်ပင်။ ချီးကျူးထိုက်ပါပေစွ အလင်္ကာရဲ့ မျိုးဆက်သစ်တွေ။

ဒီလိုနှင့် တစ်နှစ်ကျောင်းတက်အပြီး ကျောင်းအားလပ်ရက်တွေမှာတော့ အမိမြန်မာပြည် ကို ခေတ္တခဏ အလည်ပြန်သွားဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာနေတုန်းကလည်း ကိုယ်က မြို့မှာအနေများတာ ဆိုတော့ မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမတွေနဲ့က သိပ်ကို မတွေ့ဖြစ်ပါဘူး။ ဒါကြောင့် တွေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့သူပါ။ ဖြစ်ချင်တော့ ရောက်ရောက်ပြီးချင်းဆိုသလိုပါပဲ။ အမေကြီးကို တွေ့ ချင်လို့ဆိုပြီး သူတို့အိမ်ကို အသွားပေါ့။ အဲဒိမှာအိမ်မှာက ဦးလေးရဲ့သား ငါးနှစ်လောက်ရှိပြီဖြစ်တဲ့ ညီဝမ်း ကွဲလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ ကိုယ်လည်း ကိုယ့်ညီဆိုတော့ ပြုံးပြလိုက်တာပေါ့။ ဒါပေမယ့် သူကတော့ ကိုယ့်ကို မသိသလိုမျိုးဘဲ။ ဘယ်သိမလဲ သူနှစ်နှစ်သားလောက်ကမှ အဲဒိကို တစ်ခေါက်ရောက်ဖြစ်တာ အခုမှတစ်ခေါက်ပြန်လာတာဆိုတော့ ဘယ်မှတ်မိပါ့မလဲ။ အဲဒိမှာ သူပြောလိုက်တဲ့ မှတ်သားစရာ စကားလေးတွေက “ဟေ့ကောင် ငါတို့အိမ်မလာနဲ့ တို့အဖေနဲ့အမေ မရှိဘူး တောထဲသွားတယ်”ဆိုပြီး ပြောပါတယ်။ ကိုယ်လည်း ဖာသိဖာသာပါပဲ အိမ်ထဲလည်း ၀င်ထိုင် လိုက်ရော အမေကြီးဖြစ်တဲ့ သူကို လှမ်းခေါ်ပါရော။ “အမေကြီး အမေကြီး” ဆိုတော့ အမေကြီးလုပ်တဲ့ သူက “ဘာတုန်း”ပေါ့။ အဲဒီမှာ ကလေးကဆက်ပြီးပြောပါတယ်။ “ဒီကောင့်ကို ပြန်ခိုင်းလို့လဲမရဘူး၊ အခု အိမ်ထဲဝင် ထိုင်နေပြီ”တဲ့ အဲဒိတော့မှ အမေကြီးလုပ်တဲ့သူကလဲ မီးဖိုးချောင်ဘက်ကနေ ပြာယိပြာယာနဲ့ ထွက်လာပြီး “ဟဲ့ ဘယ်သူတုန်း ဘယ်မှာတုန်း”ဆိုတော့ “ဟော..ဟိုမှာထိုင်နေတာ မတွေ့ဘူးလား” ဆိုပြီး လက်ညှိုးထိုးပြပါတယ်။ အဲဒိရောက်တော့မှ အမေကြီးက မြင်ပြီး “အယ် အဲဒိလို မပြောရဘူး။ ငရဲကြီးတတ်တယ်။ အဲဒါ မင်းတို့ အကိုကြီး” ဆိုပြီး ပြောပြပါတယ်။ သူ့ပုံကြည့်ရတာ သိပ်သဘောကျ ပုံတော့မရပေ။ အမေကြီးက ပြောလို့သာ လက်ခံလိုက်ရတဲ့ပုံမျိုးနဲ့ တခြားအိမ်ဘက်ကိုထွက်ပါတယ်။ 

ကိုယ်လည်း ခေါင်းထဲမှာအတွေးတွေဆို အတန်းစီပြီးတော့ကို ထွက်လာပါတယ်။ ဒီလိုနဲ့ မီးခိုးကြွက်လျှောက်ဆိုသလို လိုက်ပြီး နှိုင်းယှဉ်ကြည့်မိပါတယ်။ သီဟိုဠ်မှာ မြင်တွေ့ရတဲ့ ကလေးတွေရဲ့ အနေအထား၊ အမူအရာ စတာတွေနဲ့ အခု ကိုယ့်ပြည် ကိုယ့်ရွာမှာတွေ့လိုက်ရတဲ့ကိုယ့်ရဲ့ ညီဝမ်းကွဲဆိုတဲ့ ကလေးရဲ့ အနေအထား၊ အမူအရာ စတာတွေကိုပေါ့။ ဘာကြောင့် ဒီလောက်ကွာသွားရတာလဲပေါ့။ ဒီကလေးလည်း ကျောင်းနေနေပြီပဲဟာကို အနည်းဆုံးတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် အရိုအသေပေးရ မယ်ဆိုတာကိုကျောင်းက ဆရာဆရာမတွေကလည်း သင်ပြပေးမှာပါ။ နောက်ပြီး သူ့ရဲ့မိဘတွေကလည်း သင်ပြပေးမှာပါပေါ့။ ကိုယ်လည်း ဒီအသိုင်းအ၀ိုင်းကပေါက်ဖွားလာတာပဲ ဒီလောက်တော့ မဖြစ်ခဲ့ဖူးပါဘူးပေါ့ စသဖြင့်စသဖြင့် တွေးနေမိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းကဆို အခုလို ကျောင်းပိတ် တဲ့အချိန်တိုင်းအချိန်တိုင်း ရွာက ဘုန်းကြီးကျောင်းမှာ ယဉ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းတွေ တက်ရတဲ့အ တွက် ဒီအကြောင်းကတော့ သိပြီးသားတွေပေါ့။ မှတ်မှတ်ရရပါ ကိုယ်တို့ငယ်ငယ်တုန်းက ၀င်းဦးကားထဲမှာ ဗိမ္ဗိသာရမင်း ခြေဖ၀ါးကို ဓားနဲ့ အခွဲခံရတဲ့အခန်းရောက်တော့ ကြောက်လိုက်တာများ မပြော ပါနဲ့။ ကြောက်တာပေါ့ အရှင်လတ်လတ်ကြီးကို ဓားနဲ့ခွဲတာကိုး။ အဲဒိတုန်းက အမေက ပြောဖူးတယ်။ အဲဒါ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ဖိနပ်စီးလို့ ခြေဖ၀ါး ဓားနဲ့ အခွဲခံရတာတဲ့။ အဲဒိလို မဖြစ်ချင်ဘူးဆိုရင် ဘုန်းကြီးကျောင်းဝိုင်းထဲကို ဖိနပ်မစီးရဘူးဆိုပြီး ပြောပြထားတာ။  ကြောက်တာဆိုတော့ ဘယ်စီးရဲမလဲ ငယ်ငယ်တုန်းကပေါ့။ နဲနဲလေး ကြီးလာတော့မှ သိသွားတာ ဘုန်းကြီးကျောင်းထဲမှာ ဖိနပ်စီးချင်ရင် ဘုန်းကြီးဝတ်ရတယ်ဆိုတော့ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးချင်တာနဲ့ ဘုန်းကြီးဘ၀ရောက်သွားပါလေရော။ အဲဒိအချိန်ကနေစပြီး ရပ်နဲ့ရွာနဲ့ ဝေးပြီးရင်း ဝေးရင်း ဖြစ်လာလိုက်တာ အခုလို တခြားတိုင်းပြည် ကို ရောက်တဲ့အထိပါပဲ။

ဟုတ်ပါပြီ။ အခုရွာက ကလေးတွေ ဘာလို့ အဲဒိလိုဖြစ်နေတာလဲဆိုတာကို တကယ်တမ်းပြန်ပြီး ဆန်းစစ်ကြည့်လိုက်မိတဲ့အခါမှာတော့ နောက်ဆုံး ကိုယ့်ပေါင်ကို လှန်ထောင်းနေသလိုပါပဲ။ ကိုယ်လည်း မြို့တက်ပြီး စာတွေပေတွေသာ သင်ထားတာ ကိုယ့်ရပ်ကိုယ်ရွာအတွက် အနည်းဆုံး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆိုတာကိုလည်း အခုအချိန်အထိကို တခါဆိုမှ တခါမှကို မသင်ပေးဖူးသေးပါဘူး။ ဘယ်အတန်းအောင်ပြီးရင် ဘယ်အတန်းအောင်ရမယ်။ ဘယ်ဘွဲ့ရပြီးရင် ဘယ်ဘွဲ့ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲလျှောက်သွားနေလိုက်တာ အခုတော့ ကိုယ့်အိမ်မှာကို အခြေအနေတော်တော်ဆိုးနေတဲ့ အနေအထားကိုပင် ရောက်ခဲ့လေပြီ။ စဉ်းစားမိပါတယ် တခါတခါ ကိုယ့်အတွက်ချည်းပဲ လုပ်လုပ်နေတာ ဆိုတော့ တကိုယ်ကောင်းများဆန်နေပြီးလားပေါ့။ တကယ်လို့ အဲဒိလို တကိုယ်ကောင်းဆန်တယ်ဆိုရင်လည်း အဲဒါက အများအတွက် ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီးလည်း ပြန်ပြန်တွေးမိပါတယ်။ 

ဒီလိုအချိန်မျိုးမှာ သီဟိုဠ်က ဗုဒ္ဓဘာသာဝင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကျောင်းသားကျောင်းသူမှန်ရင် တနင်္ဂနွေနေ့တိုင်း ဘုန်းကြီးကျောင်းသွားပြီး ဗုဒ္ဓဘာသာသင်ခန်းစာတွေ ကိုသင်ယူရတယ်ဆိုတဲ့ အကြောင်းတွေ၊ ကလေးလေးပင်ဖြစ်လင့်ကစား ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းလာပြီး ဥပုသ်စောင့်ကြတဲ့ အကြောင်းတွေကို ကိုယ့်ရွာက ကလေးတွေကို ပြန်ပြောပြရင် ယုံမှ ယုံကြည်နိုင်ပါ့မလား၊ လက်ရောခံနိုင်ပါ့ မလားဆိုတာကို တွေးရင်း တွေးရင်းနှင့်ပင်။ အမည်မသိ စာဆိုတစ်ဦးရေးထားခဲ့တဲ့ ကဗျာလေးကိုပင် သတိရမိပါတော့သည်။

စာပေ ပရိယတ် ကျမ်းဂန် တတ်မှ
မြင့်မြတ် ပေမည် ကြံတွေး ရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါတယ်ဘုရား…….။

ဖခမည်းနှင့် သားကြီးမယ်တော်
နေ့စဉ်မျှော်၍.........
ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက် နေရပါတယ်ဘုရား……..။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားရိုက် ကစားလိုက်နှင့်
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည်
တွေးရင်း ရင်လေးမိပါတယ်ဘုရား.....။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား.........။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင် ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိကင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်နိုင်ပါလိမ့်
ပင်သာသက်သက် ခက်လက်မဖြာ
သာသနာသည် ရောင်ဝါမလင်းနိုင်တော့ပါဘုရား………။

သာသနာရင်းမြစ် တောကဖြစ်လျှက်
တောပစ် မြို့ပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်၍
လျှင်လျှင်မြန်မြန် တောရပ်ထံသို့
ပြန်ကြွခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား........။
(အမည်မသိ စာဆို)

ဗုဒ္ဓသာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော= ငါသည် ဗုဒ္ဓသာသနာ၏ တာဝန်ကို မချွတ်ဧကန် ထမ်းဆောင်ရမည်။

Thursday, June 23, 2011

မွေးနေ့မှ မင်္ဂလာ

အမေရိကားမှာနေတဲ့ ရဟန်းအမတစ်ယောက်က ဦးဇင်းတဲ့ တပည့်တော် ဒီလ 24-ရက်နေ့ ကျရင် မွေးနေ့ပွဲလုပ်မယ်ဘုရားဆိုပြီး လျှောက်ပါတယ်။ ဒါနဲ့ မေးလိုက်ပါတယ် ဘယ်ပုံ ဘယ်နည်း မွေးနေ့ပွဲလုပ်မလဲ ဆိုတာကိုပေါ့။ အဲဒိတော့ လျှောက်ပါတယ် ရဟန်းအမက တပည့်တော် မွေ့းနေမှာ အသက်ခြောက်ဆယ်အ ထက် အဘိုးအဖွားတွေကို ဖိတ်ထားတယ်ဘုရား။ တပည့်တော် ဖိတ်ထားတဲ့အထဲမှာ အသက် ကိုးဆယ်ကျော်တွေလည်း ပါတယ်ဘုရားတဲ့။ နောက်ပြီး ဘုန်းဘုန်းတွေကိုလည်း ပင့်ထားတယ်တဲ့။ အသက်ကြီး ပူဇော်ပွဲလေး သဘောမျိုးလုပ်မှာ ပါဘုရားဆိုပြီး လျှောက်ပါတယ်။ စိတ်ထဲကတော့ မှတ်ချက်ချလိုက်ပါတယ် တယ်ကောင်းတဲ့ စိတ်ကူးပါလား ဆိုပြီးတော့ပေါ့။ မသေချာသေးတာနဲ့ ပေါ်တင်ပဲ မေးလိုက်ပါတယ်။ အဲဒိစိတ်ကူးက သူတပါးဆီက ကူးချတာလား၊ ကိုယ်ပိုင်လားဆိုပြီးမေးတော့။ ကိုယ်ပိုင်ပါဘုရားတဲ့။ ဒါဆိုရင် တော့ သာဓု သုံးကြိမ်ခေါ် လိုက်ပါပြီဆိုပြီး သာဓုခေါ်ပေးလိုက်ပါတယ်။ တကယ်လည်း သာဓုခေါ်ထိုက်ပါ တယ်။ ကိုယ့်ရဲ့မွေးနေ့လေး မှာ ကိုယ့်မိဘဘိုးဘွားအရွယ်ရှိတဲ့ သက်ကြီးရွယ်အိုတွေကို ဖိတ်ကြားပြီးတော့ ပူဇော်ပွဲလုပ်တာရယ်၊ ရဟန်းသံဃာတော်တွေကို ပင့်ဖိတ်ပြီးတော့ လှူဒါန်းမှု အစုစုလုပ်တယ်ဆိုတာဟာ တကယ်ကို မွန်မြတ်ပါတယ်။ ဒါနဲ့ မွေးနေ့ပွဲအတွက် အမှတ်တရလေးဖြစ် သွားအောင် ဘာရေးရရင် ကောင်းမလဲဆိုပြီး စဉ်းစားကြည့် လိုက်တော့ အကြောင်းအရာကဘာမှကို ရှာလို့ကို မရပါဘူး။ စဉ်းစားလေ မရလေ၊ စဉ်းစားလေ မရလေနဲ့ပဲ အိပ်ပျော်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ညပိုင်းအိပ်မက်ထဲ  မှာ နွေရာသီယဉ်ကျေးမှုသင် တန်းလေးတစ်ခုအကြောင်းကို မက်ပါတယ်။ အဲဒိမှာ ကလေးလေးတွေကို မင်္ဂလာကဗျာလေး သင်ပေးနေတာပါ။ သင်ပေးရင်း သင်ပေးရင်းနဲ့ ဒါနဉ္စအပိုဒ်…..

“သုံးတန်စေတနာ ဖြုစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။” ဆိုတဲ့ကဗျာလေးလည်းရောက်ရော ကလေးတွေဆိုနေတာ အားမရတာနဲ့ သူတို့အားလုံးလည်း အော်ပြီးတော့ ဆိုအောင် ကိုယ်ကလည်းလိုက်ပြီး အော်ဆိုရင်းကနေ အိပ်ယာက နိုးသွားပါတယ်။ ဒါနဲ့ မနက်ခင်းစောစော စီးစီး မှာ မထင်မှတ်ဘဲ အကြံတစ်ခု ကောက်ရလိုက်ပါတယ်။ အဲဒါကတော့ ဒီမင်္ဂလာကဗျာလေးထဲမှာပါတဲ့ အကြောင်းလေးတွေရေးရရင် ကောင်းမှာပဲဆိုတဲ့ အကြံလေးပါ။ ဒီလိုနဲ့ပဲ ရေးဖြစ်သွားပါတယ်။ 

ဒီကဗျာလေးရဲ့ ပထမပါဒမှာသုံးထားတဲ့ “သုံးတန်စေတနာဖြူစင်လန်းလို့” ဆိုတာလေးကို ရှင်းရမယ် ဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒါနအမှု၊ သီလအမှု၊ သမာဓိအမှု ဆိုတဲ့ လုပ်ငန်းဆောင် တာ တွေထဲက ပထမဦးဆုံး အမှုဖြစ်တဲ့ ဒါနအမှုကို လုပ်ကြတော့မယ်ဟေ့ဆိုရင် အရင်ဆုံး ကုသိုလ်ကိစ္စပြု လုပ်ရာ အထမမြောက်ခင် ဖြစ်တဲ့စေတနာကို ပုဗ္ဗစေတနာ လို့ခေါ်ပါတယ်။ အဲဒိနောက် ကုသိုလ်ကိစ္စ အထ မြောက်တဲ့အချိန်မှာဖြစ်တာကိုတော့ မုဉ္ဇစေတနာလို့ ခေါ်ပါတယ်။ နောက်ဆုံး ပေးလှူခြင်းကိစ္စပြီး ဆုံးသွားပြီးလို့ အဲဒိကုသိုလ်ကိစ္စတွေကို စိတ်ထဲမှာ အဖန်ဖန်အထပ်ထပ် အောက်မေ့ခြင်းတွေ ဖြစ်နေတာ ကိုတော့ အပရ စေတနာဆိုပြီး ခေါ်ပါတယ်။ အဲဒီလို စေတနာတွေ ဖြစ်ပေါ်ရာမှာလည်း ဖြူစင်လန်းလို့ ဆိုတာလေးကို ထောက်ပြီးတော့ စေတနာဖြစ်ပေါ်တိုင်းဖြစ်ပေါ်တိုင်း မိမိတို့ရဲ့ စိတ်ထားလေး ဟာ ဖြူစင်နေစေရပါမယ်။ လန်းဆန်းနေစေရပါမယ်။ ဆိုလိုချင်တာကတော့ ပီတိနှင့်အတူဖြစ်စေချင်တဲ့ သဘောလေးထင်ပါတယ်။ ဒီနေရာမှာ စေတနာပျက်ခြင်း၊ ဖြစ်ခြင်းသဘောတွေနဲ့ပါတ်သက်ပြီး ဥပမာသာဓ ကတွေရေးပြရမယ်ဆိုရင် အများကြီးဖြစ်သွားမည်စိုးသောကြောင့် ချန်လှပ်ခဲ့ပါတယ်။ 

“ပေးကမ်းဝေမျှလှူနိုင်စေ” ဆိုတာလေးကတော့ ဒါနဆိုတဲ့ပုဒ်ရဲ့ အဓိပ္ပာယ်သဘောတရားလေး တွေ ပါ။ ဒီနေရာမှာ ဒါနဆိုတဲ့ ပုဒ်ကလေးကို အဓိပ္ပာယ်ပြန်လိုက်မယ်ဆိုရင် စွန့်ကြဲ၊ ပေးကမ်း၊ လှူဒါန်းဆိုပြီး သုံးမျိုးဖြစ်လာပါတယ်။ ဘယ်လိုကွဲသွားသလဲဆိုတော့ ကိုယ့်ထက် အမျိုးဇာတ်အားဖြင့်၎င်း၊ ဂုဏ်အားဖြင်၎င်း၊ အရွယ်အားဖြင့်၎င်းနိမ့်ကျတဲ့သူတွေကိုဒါနမှုပြုတာကြတော့ စွန့်ကြဲခြင်းဆိုတဲ့ သဘောနဲ့သုံးပါတယ်။ ကိုယ်နဲ့ အမျိုးဇာတ်၊ ဂုဏ်၊ အရွယ်အားဖြင့် တန်းတူညီတူဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ဒါနပြုတာကိုတော့ ပေးကမ်းတယ်ဆို ပြီး သုံးပါတယ်။ နောက်ဆုံး ကိုယ့်ထက် ဇာတ်၊ ဂုဏ်၊ အရွယ်အားဖြင့် သာလွန်တဲ့ပုဂ္ဂိုလ်တွေကို ဒါနပြုတာ ကိုတော့ လှူဒါန်းတယ်ဆိုပြီးသုံးပါတယ်။ အလှူပေးတဲ့နေရာမှာလည်း “အလှူခံ တကျိတ်လေး၊ ခွေးကအစ” ဆိုတဲ့ မြန်မာစကားပုံလိုပဲ အလှူခံပုဂ္ဂိုလ်အမျိုးအစားဟာ (၁၄) မျိုးရှိပါတယ်။ ဒါကိုလည်း ချန်လှပ်ခဲ့ပါတယ်။

“ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့” ဆိုတာလေးကတော့ ဗုဒ္ဓဘာသာဝင်တွေ သိပြီးသားဖြစ်တဲ့ ကာယကံ (ကိုယ်ဖြင့်ပြုသောအမှု)၊ ၀စီကံ (နှုတ်ဖြင့်ပြုသောအမှု)၊ မနောကံ (စိတ်ဖြင့်ပြုသောအမှု)ဆိုတဲ့ ကံတွေကို မပြုမိပါစေနဲ့ဆိုပြီးပြောထားပါတယ်။ ဘယ်လိုကာယကံမျိုးလည်းဆိုတော့ သူ့အသက်ကိုသတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ သူ့အိမ်ရာကို ပြစ်မှားခြင်းဆိုတဲ့ ကိုယ်ခန္ဓာနဲ့စပ်လျဉ်းပြီး ပြုလုပ်ရတဲ့ ကံတွေပါ။ ၀စီကံ ဆိုတာကလဲ မဟုတ်မမှန်ပြောဆိုခြင်း၊ ချောပစ်ကုန်းတိုက်ခြင်း၊ ကြမ်းတမ်းသောစကားကို ပြောဆိုခြင်း၊ အကျိုးမရှိသော စကားကို ပြောဆိုခြင်းဆိုတဲ့ ကံတွေပါ။ မနောကံကတော့ သူတပါးစည်းစိမ်ကို ရှေ့ရှုကြံခြင်း၊ သူတပါးပျက်စီး အောင် ကြံစည်တောင့်တခြင်း၊ မှားသောအယူကို ယူခြင်းဆိုတဲ့ ကံတွေပါ။ ဒီကံတွေကို မပြုမိ ပါစေလင့်ဆိုပြီး တားမြစ်ရခြင်းအကြောင်းကတော့ ဒီမကောင်းမှု ဒုစရိုက်တရား (၁၀)ပါးကို ပြုမယ်ဆိုရင် ပြုတဲ့ပုဂ္ဂိုလ်ဟာ သေသည်၏အခြားမဲ့၌ အပါယ်ငရဲသို့သာ လားရာ ရှိသောကြောင့်ဖြစ်တယ်ဆိုတာကို ဒုစ္စရိတသုတ်မှာ ဟောတော်မူထားပါတယ်။

“သုစရိုက်တရားကို ကျင့်ပါလေ” ဆိုတာကတော့ အထက်အပိုဒ်မှာ ပြောခဲ့တဲ့ ဒုစရိုက်တရား (၁၀)ပါးကို ရှောင်ကြဉ်ပြီး  သုစရိုက်တရားတွေကို ဖြည့်ကျင့်ပါဆိုပြီး တိုက်တွန်းထားတာပါ။ အဲဒိသုစရိုက် တရားတွေကို ဖြည့်ကျင့်တာကိုတော့ စာရိတ္တသီလလို့ခေါ်ပါတယ်။ စာရိတ္တသီလကို ဖြည့်ကျင့်လိုတဲ့ ပုဂ္ဂိုလ် အနေနဲ့ကတော့ သဒ္ဓါတရားရှိဖို့နဲ့ ၀ီရိယတရားနှစ်ပါးရှိဖို့ လိုအပ်ပါတယ်။ တဖန်  ၀ါရိတ္တသီလ ကို ဖြည့်ကျင့်ချင်တဲ့ပုဂ္ဂိုလ်တွေ အတွက်ကတော့ အဓိကအားဖြင့် ၀ီရိယတရားလေး ရှိဖို့ပဲလို ပါတယ်။ ဒါကတော့ စာရိတ္တသီလနှင့်ဝါရိတ္တသီလ တို့ရဲ့ ထူးခြားတဲ့ လက္ခဏာလေးတွေပါ။ ဒီနေရာမှာ သီလ၏ ကောင်းကျိုး ဆိုးကျိုးများ သီလစောင့်ထိန်းခြင်း၏ ကောင်းကျိုးရပုံများ၊ သီလမရှိခြင်း၏ ဆိုးကျိုးရပုံ တို့မှာ များစွာရှိပါတယ်။ ကောင်းကျိုးဆိုးကျိုးများသည် စောင့်ထိန်းသောသီလ၊ လွန်ကျုးသောသီလတို့ အပေါ်၌ မူတည်ပြီး အကျိုးတရားများ ရရှိခံစားကြရပါတယ်။ ဒါ့ကြောင့် သီလတစ်ခုချင်း၏ ကောင်းကျိုး ဆိုးကျိုးများကို ရေးသားတင်ပြရရင် များသွားမည်စိုးသောကြောင့် ဒီမှာလည်းပဲ ချန်လှပ်ခဲ့ရပါဦးမယ်။ 

“ဆွေမျိုးတွေကို ပြင်ပ မထားနဲ့” ဆိုတဲ့နေရာမှာ ဆွေမျိုးဆိုတာ မိမျိုး၊ ဖမျိုး နှစ်ဘက်လုံးမှ အမျိုးတွေ လည်း ဖြစ်နိုင်သလို မိမိနဲ့သိကျွမ်းခင်မင်သူ တမြေတည်းနေပြီးပေါက်ဖွားလာတဲ့သူ၊ ပင့်ဖိတ်ထား တဲ့သူတွေ လည်း ပါဝင်ပါတယ်။ အဲဒိလူတွေကို လည်း ပြစ်မထားပါနဲ့တဲ့။ အဲဒါကိုတော့ “အတ္တနော ဉာတ ကာနံ ပေတာနံ အတ္ထာယ ဒါနံ ဒတွာ ဥဒ္ဒိသန္တိ ‘‘ဣဒံ အမှာကံ ဉာတီနံ ဟောတူ” ဆိုတဲ့စကားလေးမှာ တကယ်လို့များ ကိုယ့်ရဲ့ ဘ၀ါဘ၀က တော်စပ်ခဲ့တဲ့ဆွေမျိုးအပေါင်းအဖော်တွေဟာ မကျွတ်မလွတ်သေးတဲ့ ပြိတ္တာဘ၀တွေ ရောက်နေပြီဆိုရင် သူတို့ကို ရည်စူးပြီးတော့ ကောင်းမှုကုသိုလ်လုပ်ကာ အမျှအတမ်းပေးဝေ ဖို့ မမေ့ပါနဲ့ဆိုတာ ကို ပြောထားတာကြည့်ခြင်းအားဖြင့် သိသာနိုင်ပါတယ်။

“သင်္ဂဟတရားနှင့်ချီးမြှောက်လေ” ဆိုတဲ့နေရာမှာ သင်္ဂဟသည် ပါဠိစကားဖြစ်ပါတယ်။ ဒီနေရာမှာတော့ ချီးမြှောက်ခြင်းဆိုပြီး အနက်အဓိပ္ပါယ်ရတယ်။ ချီးမြှောက်ခြင်းဆိုရာမှာလည်း တပါးသူတို့အား ချီးမြှောက်ခြင်းကို ဆိုလိုပါတယ်။ ဒီသင်္ဂဟတရား ထွန်းကားပါမှ လောကကြီးလည်း သာယာ ငြိမ်းချမ်းမှာပါ။ အခြေအနေနဲ့ အချိန်အခါအားလျော်စွာ သင်္ဂဟတရားတို့ကို ကျင့်သုံးသော ပုဂ္ဂိုလ်တို့ဟာ ကြီးပွားချမ်းသာကြပါတယ်။ တဦးနှင့်တဦး ဆက်ဆံကြရာတွင်လည်း သင်္ဂဟတရားများသည် အလွန်အရေး ကြီးတဲ့ တရားများဖြစ်ပါတယ်။

ဗုဒ္ဓဘုရားရှင်၏ ဟောကြားတော်မူချက် အရ သင်္ဂဟတရားလေးပါးရှိပါတယ်။ အဲဒါတွေကတော့-

၁။ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း (ဒါန)
၂။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း (ပီယ၀ါစာ)
၃။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း (အတ္ထစရိယာ)
၎။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း (သမာနတ္ထတာ) တို့ဖြစ်ပါတယ်။

ဒီနေရာမှာ ပေးကမ်းထောက်ပံ့ခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-ပစ္စည်းလက်ဆောင်ပေး၍ ချီးမြှောက်ခြင်းကို ဆိုလိုပါတယ်။ ချစ်ဖွယ်စကား ပြောဆိုခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-လူအများနှင့် ဆက်ဆံပြောဆိုရာတွင် နားဝင်ချိုသာသည့် အခေါ်အဝေါ်မျိုး၊ အပြောမျိုးဖြင့် ဆက်ဆံခြင်းဖြစ်ပါတယ်။ အဖေ အမေ အကိုအမ အဒေါ် ဦးကြီးဦးလေး ညီမလေး ညီလေး မောင်လေး စသည်ဖြင့်ခေါ်၍ ခင်မင်စွာ ပြောဆို ဆက်ဆံခြင်းဖြစ်ပါတယ်။ သူ့အကျိုးပြီးမြောက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-တပါးသူတို့၌ သာမှု နာမှု ပြစ်မှု စတဲ့ ကိစ္စရပ်များ ကြုံလာလျှင် လက်ဆောင်ပေးပို့ရုံဖြင့် မပြီးသေး၊ ချစ်ဖွယ်စ ကား ပြောနေ၍လည်း မပြီးသေး၊ ထိုကိစ္စများ ပြီးစီးအောင် ကူညီဆောင်ရွက်ပေးခြင်းဖြင့် ချီးမြှောက် ရ ခြင်း ဖြစ်ပါတယ်။ ကိုယ်နှင့်ထပ်တူ ပြုမူဆက်ဆံခြင်းအားဖြင့် ချီးမြှောက်ခြင်း ဆိုသည်မှာ-အမျိုး ဥစ္စာ ရာထူး ဂုဏ်သိန်အားဖြင့် မိမိနှင့်မညီမျှသော်လည်း တန်းတူထား၍ ပေါင်းသင်း ဆက်ဆံရခြင်း ဖြစ်ပါတယ်။

အခုလို သင်္ဂဟတရားကို လက်ကိုင်ထားနိုင်မှသာလျှင် လူသားဘ၀မှာလည်း သာယာစိုပြေလာမည့် အပြင်၊ လူတဦးနှင့်တဦးကြားမှာလည်း ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာပြီး လူထုကို စည်းရုံးရာ၌ပင် လွန်စွာအသုံးဝင်သောရှေးအကျဆုံး၊ အရိုးဆုံး၊ အလွယ်ဆုံးနည်းပင်ဖြစ်မည်မှာ ဧကန်မလွဲပေ။ ဒီသင်္ဂဟ တရားလေးပါးကို မကျင့်သုံးပါက မိမိဖခင်ကိုပင် သားသမီးများက ကျေးဇူးတုန့်ပြန်ကြမည် မဟုတ်ချေ။ အဖေ ဟူ၍ပင် ခေါ်ကြမည်မဟုတ်ပေ။

အချုပ်အားဖြင့်ဆိုရသော် မိမိတို့ပြုလုပ်သော ဒါနအမှုကိစ္စ၊ သီလအမှုကိစ္စ၊ ဘာဝနာအမှုကိစ္စတိုင်း ကိစ္စတိုင်းမှာ အထက်တွင်ဆိုပြီးခဲ့သည့်အတိုင်း မင်္ဂလာတရားတော်နှင့်အညီ ပြုလုပ်နိုင်မည်၊ စိတ်ထားနိုင် မည်ဆိုပါက မည်သူမဆို ကောင်းခြင်းမင်္ဂလာတွေနှင့်ထုံမွှမ်းပြီး သူတော်ကောင်းတွေရဲ့ ချီးမွမ်းထောမနာ အပြုခံရမည်မှာ မလွဲပါပေဆိုသည့်အကြောင်းကို တင်ပြရင်း ယနေ့ကျရောက်သော ဒကာမကြီး၏ မွေးနေမှ သည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မွေးနေ့တိုင်းမွေးနေ့တိုင်း၊ မွေးရက်တိုင်းမွေးရက်တိုင်း၌ “ဒါနဉ္စ ဓမ္မစရိယာစ” ဆိုတဲ့အတိုင်း စေတနာသုံးတန်ပြဋ္ဌာန်းပြီး အလှူအတန်းတွေလည်း ပေးလှူနိုင်းပြီးသကာလ၊ “ဉာတကာနဉ္စ သင်္ဂဟော” ဆိုတဲ့အတိုင်း ဆွေမျိုးမိတ်ဆွေ သင်္ဂဟတွေကိုလည်း သင်္ဂဟတရားလေးပါး နှင့် အညီထောက်ပံ့နိုင်ပြီးသကာလ ကောင်းခြင်းမင်္ဂလာ တွေနှင့်ထုံမွှမ်း သော မွေးနေ့များပိုင်ရှင် ဖြစ်ပါစေကြောင်း ဆန္ဒပြုရင်း……….

"သုံးတန်စေတနာ ဖြုစင်လန်းလို့၊ ပေးကမ်းဝေမျှ လှူနိုင်စေ။
ကိုယ်နှုတ်စိတ်ကြံ မမိုက်မှားနဲ့၊ သုစရိုက်တရားကို ကျင့်ပါလေ။
ဆွေမျိုးတွေကို ပြင်ပမထားနဲ့၊ သင်္ဂဟတရားနှင့် ချီးမြှောက်လေ။
သန့်စင်ပြစ်မျိုး၊ လူထုကျိုး၊ သယ်ပိုး ဆောင်ရွက်စေ။ အဲဒါမှ ဗုဒ္ဓ၀ါဒ ကမ္ဘာ့မင်္ဂလာတွေ။"

Wednesday, June 22, 2011

တလောကလုံး စိမ်းလန်းစိုပြေရေး

လောက ပါလတရားဆိုတာဟာ လောကကြီး ကို မပျက်မယွင်းရအောင် ထိန်းကျောင်းတဲ့တရားတွေပါလို့ အကြမ်းဖျင်း အလွယ်တကူနားလည်ကြရမှာပါ။ လောကပါလတရား ဆုတ်ယုတ်လာတဲ့ လူ့ဘောင်တစ်ရပ် ဟာ မကြာမီ ပျက်စီးယိုယွင်းသွားမှာ သေချာပါ တယ်။ ဒီအကြောင်းအရာကို ဗုဒ္ဓဘုရားရှင် အင်္ဂုတ္တိုရ်ပါ ဠိတော်၊ ဒုကနိပါတ်၊ စရိယသုတ်မှာ “ရဟန်းတို့.ဖြူစင်သော ဤတရားနှစ်ပါးသည် လောကကိုစောင့်ရှောက် ကုန်၏။ နှစ်ပါး ဟူသည် ‘ရှက်ခြင်း ဟိရီ’ နှင့် ‘ကြောက် ခြင်း ဩတ္တပ္ပ’ တို့ပင်တည်း” ဟု ဟောတော်မူထား ပါတယ်။။

အရှက်အကြောက်ဆိုရာဝယ် အရှက်သည် တစ်ပိုင်း အကြောက်သည် တစ်ပိုင်းဆိုပြီး ကွဲသွားပါတယ်။ ဒါကို ပါဠိစာပေမှာတော့ ဟိရိ နဲ့ သြတပ္ပဆိုပြီး လာပါတယ်။ ဒီတရားနှစ်ပါးကိုပဲ လောကပါလတရား ဆိုပြီး မြန်မာ စကားမှာသုံးပါတယ်။ ဒီတရားနှစ်ပါးအကြောင်းကို ဣတိဝုတ်၊ သုက္ကဓမ္မသုတ်မှာ ဒီလိုပြောထားပါသေးတယ်။ ဟိရိ= အတ္တာဒိပတေယျ= အဇ္ဈတ္တသမုဋ္ဌာန (ကိုယ့်ကိုယ်ကို ရှက်ခြင်း)၊ သြတ္တပ္ပ= လောကာဓိပတေယျ= ဗဟိဒ္ဓါသမုဋ္ဌာန (ပတ်ဝန်းကျင်ကို ရှက်ခြင်း)ဆိုပြီးပြောထားပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင် ကိုယ့်ကိုယ်ကို ရှက်တာဟာ ဟိရိ၊ ပတ်ဝန်းကျင်ကို ရှက်တာဟာ သြတ္တပ္ပ ပါ။ ဒီနေရာမှာ အရှက်အကြောက်ဖြစ်ခြင်းရဲ့ အကြောင်းတရားကလည်း ၄-ပါးဆိုပြီးတော့ လာပါသေးတယ်။ အခုတော့ ``ကိုယ့်ကိုယ်ကိုကာကွယ်ခြင်း ဟာ အများကို ကာကွယ်ခြင်းမည်တယ်။ အများကို ကာကွယ်ခြင်းအားဖြင့်လည်း ကိုယ့်ကိုယ်ကို ကာကွယ်ပြီး သားဖြစ်တယ်´´ဆိုတဲ့အကြောင်းလေးကိုပဲ တင်ပြသွားပါမယ်။

ဘုရားဟောထားတဲ့ ၀တ္ထုလေးအကြောင်းပါ။ တခါက မျက်လှည့်သမားနှစ်ယောက်ဟာ သူတို့ရဲ့ မျက်လှည့်ပွဲကို ၀ါးလုံးတိုင်ပေါ်မှာ ကျွမ်းဘားထိုးရင်း က ပြကြပါတယ်။ တစ်နေ့ကျတော့ ဆရာလုပ်တဲ့သူက သူ့ရဲ့အလုပ်သင်တပည့်ဖြစ်သူကို ဒီလိုပြောပါတယ်။ ``ကဲ…….ငါ့တပည့်၊ ငါ့ ပခုံးပေါ်တက်ပြီး ၀ါးလုံးတိုင်ကို တက်ပါ´´ပေါ့။ အလုပ်သင်တပည့်ကလည်း ဆရာပြောတဲ့အတိုင်း တိုင်ပေါ်ကို တက်သွားတဲ့အခါ ဆရာလုပ်သူက ``အခု မင်းငါ့ကို ကာကွယ်ရင် မင်းကိုယ်မင်းလည်း ကာကွယ်ပြီးသားဖြစ် လိမ့်မယ်´´ လို့ ပြောပါတယ်။ ဒီလို တစ်ဦးကို တစ်ဦး စောင့်ရှောက်ကာကွယ် ကြရင်ငါတို့ဟာ ငါတို့အလုပ်ကို ဘေးမ သီရန်မခဘဲ ကောင်းကောင်း က ပြနိုင်မယ်။ ငါတို့လည်း ကောင်းကောင်း အကျိုးခံစားရမယ်။ မင်း လည်း အောက်ကို ဘေးမသီရန်မခဘဲ လုံလုံခြုံခြုံ စိတ်ချလက်ချ ပြန်ဆင်းနိုင်လိမ့်မယ်´´ ဆိုပြီး ပြောပါ တယ်။ အဲဒီလိုဆရာကပြောတော့ တပည့်ဖြစ်တဲ့သူက ``မဟုတ်သေးဘူး ဆရာ၊ ဆရာက ဆရာ့ကိုယ်ဆရာသာ ကာကွယ်ပါ။ ကျနော်က ကျနော့ဘာသာကျနော်ကာကွယ်မယ်ပေါ့။ ဒီလို ကိုယ့်ကိုယ်ကို ကိုယ်စီကာကွယ်စောက်ရှောက်မှသာ ကိုယ့်မှာ လုံခြုံစိတ်ချရမယ်။ ပွဲကို လည်း ကောင်းကောင်း က ပြနိုင်မယ်´´လို့ ပြန်ပြောပါတယ်။

ဒီနေရာမှာ ဘုရားရှင်ကတော့ အဲဒါနည်းလမ်းမှန်တယ် ဆိုပြီး မိန့်တော်မူပါတယ်။ ပြီးမှ ဘုရားရှင်က ဆက်ပြီး ဟောပုံမှာ အလုပ်သင်တပည့်ပြောသလို မိမိကိုယ်ကို မိမိကာကွယ် ဆိုတာလိုပဲ ကိုယ့်ရဲ့သမာဓိ အခြေခံကို ရအောင် ကျင့်ရမယ်။ ကိုယ့်ကိုယ်ကို ကာကွယ်စောင့်ရှောက်ခြင်းအားဖြင့်သာလျှင် သူတပါးကိုလည်း ကာကွယ်စောင့်ရှောက်ရာ ရောက်ကြောင်းကို ဟောတော်မူပါတယ်။ စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ ဘုရားရှင်က သံယုတ္တနိကာယ်မှာဟောထားပါတယ်။ ဒီမှာ ကျနော့်အနေနဲ့ ရုပ်ပိုင်းဆိုင်ရာကိုပဲ ဦးတည်လိုက်ပါမယ်။ ယနေ့ခေတ် လူမှုရေးတာဝန်ဆိုတဲ့စကားကို အထူး အလေးပေး ပြောကြားကြရာမှာ လူတွေအနေနဲ့ ကိုယ်ပြောလိုရင်း အချက်ကို လေးနက်စေဖို့စာ ကိုးစာကား ထုတ်ပြောကြတဲ့အခါ ဒုတိယအကြောင်းဖြစ်တဲ့ ``သူများကို ကာကွယ်မှ ကိုယ့်ကိုယ်ကို ကာကွယ်ရာ ရောက်တယ်´´ဆိုတဲ့ စကားကိုသာ အကိုးအကားထုတ်တတ်ကြပါတယ်။ ဒီလိုတစ်ဖက် သတ်ကိုးကားတာဟာ မြတ်ဗုဒ္ဓရဲ့ ဖော်ပြချက်ကို အဓိပ္ပာယ်တလွဲကောက်ယူစေနိုင်ပါတယ်။ အခုအထက် က ပြောခဲ့တဲ့ ၀တ္ထုမှာ ဘုရားရှင်က အလုပ်သင်တပည့်ပြောတာက ကိုယ့်ကိုယ်ကိုသာ ကာကွယ်ပါ။ သူတပါး ကို ဘေးရန်က ကာကွယ်ချင်ရင် ကိုယ့်ခြေလှမ်းကိုသာ ကိုယ်က ဂရုစိုက်သင့်ပါတယ်။ ဒီစကားမှာ ကိုယ့်ကိုကို ကာကွယ်ပါဆိုတာ တစ်ကိုယ်ကောင်းဆန်တဲ့သဘောမဟုတ်ပါဘူး။ ဒါက ကိုယ့်ကိုယ်ကို ကောင်းအောင် ကိုယ်ကျင့်တရားအရ၊ ဘာသာရေးအရ ပြုစုပျိုးထောင်ရမယ်ဆိုတဲ့ သဘောကိုပြောတာပါ။

ကိုယ့်ကိုယ်ကို ကာကွယ်မှ သူတပါးကို ကာကွယ်ရာရောက်တယ်ဆိုတဲ့ စကားရဲ့မှန်ကန်မှုဟာ ရိုးရိုးရှင်းရှင်းပါပဲ။ လက်တွေ့ကျတာ တွေ့ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာသဘောအရ ပြောရရင် ဒီသဘောဟာ သိပ်ကိုမှန်ကန်ကြောင်းပေါ်လွင်ထင်ရှားပါတယ်။ ဥပမာ ကိုယ့်ကျန်းမာရေးကို ကိုယ်က ဂရုစိုက်လိုက်တော့ ကိုယ်နဲ့နီးစပ်သူတွေအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေအတွက်ပါ အထူးသဖြင့်ကူးစက်တတ် တဲ့ ရောဂါမျိုး ကိစ္စမှာ ပိုပြီး ကိုယ့်ကိုယ်ကို ကာကွယ်ဖို့လိုအပ်ကြောင်းထင်ရှားပါတယ်။ ကိုယ်လုပ်သမျှ ကိုင်သမျှကို ဂရုစိုက်ပြီး နေရင် သူများကိုပါ ကာကွယ်ရာ ရောက်ပါတယ်။ သူများကိုပါ ရောဂါ အန္တရာယ် မကျအောင် ကူညီစောင့်ရှောက်ရာ ရောက်ပါတယ်။

ကိုယ့်ကိုယ်ကို မစောင့်ရှောက်ပဲ သတိလက်လွတ် ပေါ့ပေါ့လျော့လျော့နေလိုက်ရင် တခြားလူတွေ ကိုပါ ရောဂါကူးစက်ပြီး အန္တရာယ်ကျရောက်နိုင်ပါတယ်။ နောက်ဥပမာအနေနဲ့ ကားဒရိုင်ဘာတစ်ယောက်ပဲ ဆိုပါတော့ သူလည်း ကားမောင်းတဲ့အခါ ကိုယ့်ကိုယ်ကိုကာကွယ်ပြီး သောက်စားခြင်းမရှိဘဲဂရု စိုက်မောင်းခြင်းအားဖြင့် သူတပါးကို ဘေးရန်ကျရောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။ အကြမ်းဖက်မှုဖြစ် ပွားနိုင်တဲ့ ကိစ္စမျိုးမှာ ကိုယ်ကသာ ကိုယ့်ကိုယ်ကို ထိန်းချုပ် ကာကွယ်နိုင်ရင် ဒီနည်းနဲ့ရော တခြားနည်းပေါင်းများစွာနဲ့ပါ ကိုယ့်ကိုယ်ကို ကာကွယ်ရင်း သူတပါးကိုလည်း ကာကွယ်နိုင်တာဖြစ်ပါတယ်။ ဒီတရား မှန်ကန်ကြောင်းကို ကိုယ့်ကျင့်တရားအဆင့်မှာလည်း ကျနော်တို့ တွေ့နိုင်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ကျင့်သီလကို ထိန်းသိမ်းစောင့်ရှောက်ခြင်းအားဖြင့် သူတပါးကို စောင့်ရှောက်ရာ ရောက်ပါတယ်။ လူတစ်ဦးချင်း အတွက်ရော လူ့ဘောင်တစ်ခုလုံးအတွက်ပါ မိမိရဲ့ အထိန်းအကွပ်မရှိတဲ့ တစ်ကိုယ်ကောင်းစိတ်၊ ရာဂ တက်မက်မှုတွေကို ဆန့်ကျင်ဘက် လုပ်မှသာ အများကို ကာကွယ်စောင့်ရှောက်ရာ ရောက်ပါတယ်။ မကောင်းမှု အားလုံးရဲ့ ရေသောက်မြစ်ဖြစ် တဲ့ လောဘ၊ ဒေါသ၊ မောဟ တရားတွေကို ကိုယ့်ရင်ထဲမှာ အတားအဆီးမရှိ ဖြစ်တည်ခွင့် ပြုထားရင်တော့ ဒီတရားတွေက အခြေခံပေါက်ဖွားလာတဲ့ မကောင်းတဲ့ အကုသိုလ်ကံတွေဟာ တောထဲက နွယ်ရိုင်းတွေလို သစ်ကောင်းဝါးကောင်းတွေကို အသက်ရှူကျပ်လာအောင် လုပ်ပြီးသတ်ပစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့အားလုံးက ဒီကိလေသာ ဒုစရိုက် အခြေခံတရား သုံးပါးကို ကာကွယ်စောင့်ရှောက်နိုင်ကြရင် ဘ၀တူလူသားတွေအားလုံးဟာလည်း ကိုယ့်ရဲ့အတားအဆီးမရှိ ပိုင်ဆိုင်လိုမှု၊ အာဏာ တန်ခိုးကြီးလိုမှု၊ အထိန်းအကွပ်မဲ့နေတဲ့ ကျနော်တို့ရဲ့ တဏှာ၊ လောဘ၊ ဣဿာ၊ မစ္ဆရိယစိတ်တွေရဲ့ အန္တရာယ်က ကင်းဝေးပြီး လုံခြုံစိတ်ချမှုကို ရကြမှာပါ။ ဒါမှသာ သူတို့ဟာ အနှောက်အယှက်ကင်းမယ်။ အဖျက်အဆီးကင်းစွာ၊ အသတ်အဖြတ်ကင်းစွား၊ မုန်းတီးမှုနဲ့ ရန်ငြိုးထားမှုက ကင်းစွာ၊ ပဋိပက္ခဖြစ်မှုတွေက ကင်းစွာ နေနိုင်ကြမှာပါ။

သူတပါးတို့အပေါ်သက်ရောက်သော ကျနော်တို့ရဲ့ လောဘနဲ့ ဒေါသအကျိုးဆက်တွေဟာ ကျနော် တို့ရဲ့ လောဘနှင့်ဒေါသသားကောင်ဖြစ်ရသူအပေါ်တွင် အကန့်အသတ်မရှိတော့ပါ။ လောဘနဲ့ဒေါသသည် ကူးစက်တတ်တဲ့သဘောရှိပါတယ်။ မကောင်းတဲ့အကျိုးကို တိုးပွားများပြားအောင်လုပ်တတ်ပါတယ်။ တကယ်လို့ ကျနော်တို့ရဲ့ စိတ်မှာ လိုချင်တက်မက်မှု၊ လက်ရောက်ရလိုမှုမှတပါး အခြားကိစ္စကို မစဉ်းစားဘဲ ရဖို့၊ ပိုင်ဆိုင်ဖို့ ဆုပ်ကိုင်မိဖို့ တွယ်တာစွဲလမ်းဖို့လောက်ကိုသာ အရေးထားစဉ်းစားနေပါရင် အဲဒိပိုင်ဆိုင်တဲ့ စိတ်ဆန္ဒဟာ သူတပါး ပိုင်ဆိုင်မှုကိုပါ ရလို ပိုင်ဆိုင်လိုတဲ့ ဣဿာစိတ်ဓာတ်မျိုး အား ကောင်းစွာဖြစ် လာနိုင်ပါတယ်။ အဲဒီလို ယုတ်မာညစ်နွမ်းတဲ့ စိတ်ဓာတ်တွေဟာ ကိုယ့်ပတ်ဝန်းကျင်ဖြစ် တဲ့ နောင်လာနောင်သား ကလေးသူငယ်များ၊ လုပ်ဖော်ကိုင်ဖက်များရဲ့ အမြင်မှာ နမူနာယူစရာ၊ အတုယူစရာ အကျင့်သီလ စံနှုန်းများအဖြစ်သို့ရောက်သွားနိုင်ပါတယ်။ ကျနော်တို့ရဲ့ အပြုအမူကို အခြားလူများကပါ နှစ်သက်သဘောကျပြီး လိုက်လုပ်ချင်လာအောင် အတုမြင်အတတ်သင်သဘောမျိုး လုပ်လာအောင် စိတ်ဓာတ်နှိုးဆော်ပေးသလို ဖြစ်ပြီး အဲဒီလူများက ကျနော်တို့ထက်ပင် သာအောင်ပြိုင် ဆိုင်ပြုလုပ်ချင်စိတ်များဖြစ်လာစေနိုင်ပါတယ်။ ကျနော်တို့ကသာ လောဘ ရမ္မက်ကြီးသူ၊ ကာမဂုဏ်လိုက် စားကြူးသူများဖြစ်ကြလျှင် တခြားသူများကို အလိုရမ္မက်ကြီးသူများ ဖြစ်လာအောင် အလင်းတိုင်မီးညှိ ထွန်းပေးသလို ဖြစ်စေနိုင်ပါတယ်။ ကျနော်တို့ရဲ့အမုန်းဟာ တခြားလူများကိုလည်း မုန်းတတ်လာအောင် ရန်ငြိုးထားတတ်လာအောင် လှုံ့ဆော် ပေးနိုင်ပါတယ်။ ကိုယ်က သူများကိုလည်း မုန်းတီးစိတ် ၀င်အောင် ရန်ငြိုးထားလာအောင် ကူညီ အားပေးသလိုဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် အခုလိုအခြေအနေမျိုးလေး မှာရှိနေတုန်း ကျနော်တို့အားလုံးဟာလည်း ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကို ဂရုစိုက်သင့်နေပါပြီ။ တချို့ ပြောကြပါတယ် ``ပတ်ဝန်းကျင်ကို ဂရုစိုက်နေရင် လောကကြီးက ကျဉ်းကျဉ်းလေးဖြစ်သွားမှာပေါ့´´တဲ့ ဒါကို ပြောင်းပြန်လေးပြန်တွေးကြည့်စေချင်ပါတယ်။ ``လောကကြီးက ကျဉ်းကျဉ်းလေးဖြစ်သွားမှလည်း ပတ်ဝန်းကျင်က မင်းကို ပြန်ဂရုစိုက်နိုင်မယ်´´ဆိုတာလေးကိုပါ။

ဒါ့ကြောင့် ယခုကစပြီး ကိုယ့်ကိုယ်ကို ရှက်ခြင်းအားဖြင့် ပတ်ဝန်းကျင်ကိုလည်း ရှက်ပြီးသားလေးဖြစ် သွားအောင် အထက်မှာပြောခဲ့သလို ကိုယ့်ကိုယ်ကို ကာကွယ်ခြင်းဖြင့် ပတ်ဝန်းကျင်ကို ကာကွယ်တဲ့နေနဲ့ လောဘ၊ ဒေါသ တရားတွေ၊ ငြူစူခြင်း၊ သူတစ်ပါး တိုးတက်, ကြီးပွါး, ပြည့်စုံနေသည်ကို-မနာလို-မကြားလို-မကြည့်လို-မမြင်လို-ခြင်း သဘောရှိတဲ့ ဣဿာ စေတသိက် တရား။ နောက်ပြီး မိမိအားသာလျှင် အံ့ဩဖွယ်ဖြစ်စေလို၍ သူတပါးအား မဖြစ်စေလိုမှု၊ နှမြောစေးနှဲမှု၊ ဝန်တိုမှုသဘောရှိတဲ့ မစ္ဆရိယ။ လူကိုလူလိုမထင်ခြင်တဲ့ သဘောရှိတဲ့ မာန တရားတွေကိုယ့်ရဲ့သန္တာန်မှာဖြစ်ပေါ်လာပြီဆိုရင် အဲဒါတွေကိုဖြစ်ခွင့်မပေးတော့ဘဲ ကာကွယ်ရင်း ပတ်ဝန်ကျင်းကို အလှဆင်နိုင်ကြပါစေလို့…..။

Tuesday, June 21, 2011

တကိုယ်ကောင်းဆန်တာ အများအတွက်ပါ

ကမ္ဘာ့ကိုးကွယ်မှုဆိုင်ရာ အယူဝါဒများကို အကြမ်းဖျဉ်းအုပ်စုဖွဲ့ဖော်ပြရသော်
(၁) ဟိန္ဒူဘာသာ
(၂) ဗုဒ္ဓဘာသာ
(၃) ခရစ်ယာန်ဘာသာ
(၄) အစၥလာမ္ဘာသာဟူ၍ ဘာသာႀကီး(၄)မ်ဳိး
(၅) အခြားဘာသာငယ်လေးများ (ဂျိမ်းဘာသာ၊ ဆစ်ခ်ဘာသာ၊ ဇိုရိုအက်စတာဘာသာ၊ ရှင်တိုဘာသာ စသည်များ)
(၆) နတ်တင်၊ နတ်ပသဘာသာ
(၇) ဘာသာမဲ့ဘာသာဟူ၍ (၇)အုပ်စုခန့်ရှိကြောင်း လေ့လာမှတ်သားရဘူးပါသည်။

ထိုဘာသာအုပ်စု(၇)မျိုးတို့တွင်
(၁) ဟိန္ဒူဘာသာ၏ အယူဝါဒ
ဗြာဟ္မဏတို့ ဟောကြားထားအပ်သော “ဝေဒကျမ်းစာ”လာ အဆိုအမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံး ဖန်ဆင်းနိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် မဟာ ဗြဟ္မာ”ထာဝရဘုရား သခင်ကို ယုံကြည်သတ်မှတ်ဆည်းကပ်ကိုးကွယ်၏။

(၂) ဗုဒ္ဓဘာသာ၏ အယူဝါဒများ
ဗုဒ္ဓနှင့် ဗုဒ္ဓသားတော်တို့ ဟောကြားအပ်သော “ပိဋကတ်ကျမ်းစာ”လာ အဆိုအမိန့်များကို လိုက်နာကျင့်သုံး ၏။ ဗုဒ္ဓ၊ ဓမ္မ၊ သံဃာရတနာသုံးပါးကို အသိအမှတ်ပြုဆည်းကပ်ကိုးကွယ်၏။ သို့ရာတွင် “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန်ဆင်းရှင်” ဟု အလေးအနက်ယုံကြည်၏။

(၃) ခရစ်ယာန်ဘာသာ၏ အယူဝါဒမှာ
တမန်တော်ယေရှုခရစ်နှင့် ယင်း၏ သာဝကတို့ ဟောကြားထားအပ်သော “သမ္မာကျမ်းစာ” လာ အဆိုအမိန့် များကို လက်ခံ၊ လိုက်နာကျင့်သုံး၏။ သက်ရှိသက်မဲ့အရာအားလုံးကို ဖန်ဆင်းနိုင် စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင် ဂျီယိုးဗား (ယေဟိုးဝါး)” ထာဝရဘုရားသခင်ကို ယုံကြည်သတ်မှတ်ဆည်းကပ်ကိုးကွယ်၏။

(၄) အစၥလာမ္ဘာသာ၏အယူ၀ါဒမွာ
တမန်တော်မိုဟာမက်နှင့် ယင်း၏သာဝကတို့ ဟောကြားထားအပ်သော “ကိုရ်အာန်ကျမ်းစာ” လာ အဆို အမိန့်များကို လက်ခံလိုက်နာကျင့်သုံး၏။ သက်ရှိ၊ သက်မဲ့အရာအားလုံးကို ဖန်ဆင်း နိုင်စွမ်းရှိသည်ဆိုသော “ဖန်ဆင်းရှင်အလ္လာ” ထာဝရဘုရားသခင်ကို ယုံကြည်သတ်မှတ်ဆည်းကပ်ကိုးကွယ်၏။

ယင်းဘာသာကြီး(၄)မျိုးတွင် ဗုဒ္ဓဘာသာတစ်ခုသည်သာ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားမရှိ” ဟု အတိအလင်းငြင်းဆိုပြီး ကြွင်းဘာသာကြီး(၃)မျိုးကား “အတ္တ၀ါဒ” များချည်းဖြစ်၍ “မိမိမှတပါး အခြားဖန်ဆင်းရှင် ထာဝရဘုရားသခင်ရှိ၏” ဟု လက်ခံကြပါတယ်။ ဒါလေးကို ထပ်ပြီးရှင်း ရှင်းလေးအနှစ်ချုပ်ပြီးပြောရမယ်ဆိုရင် "ယနေ့ကမ္ဘာပေါ်မှာ ဘာသာတွေ ၀ါဒတွေ ဘယ်လောက်ပဲ များနေများနေပါစေ ကိုယ့်ကိုယ်ကို အားကိုးတဲ့ဝါဒရယ်၊ သူတပါးကို အားကိုးတဲ့ဝါဒရယ်" ဆိုပြီး နှစ်ခုပဲဖြစ်သွားပါတယ်။ ဒီနေရာမှာ “မိမိသည်သာမိမိ၏ ဘုရားသခင်ဖန် ဆင်းရှင်” ဆိုတာလေး ကိုတော့ “အတ္တာဟိ အတ္တနော နာထော= မိမိကိုယ်သာကိုးကွယ်ရာ” ဆိုပြီးဟောထားတာရယ် မဟာသတိပဋ္ဌာနသုတ်တော်မှာ ဘုရားရှင်က “သတိပဋ္ဌာန်လေးပါးတရားကို ကိုယ်တိုင်ကျင့်ကြံသော ပုဂ္ဂိုလ်သာလျှင် နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြောင်း” ဆိုပြီးအတိအလင်းဟောထားတာတွေ ကို ထောက်ရှုခြင်းအားဖြင့် သုံးနှုန်းထားခြင်းကို နားလည်လိမ့်မယ်လို့ ယူဆပါတယ်။ ဗုဒ္ဓဘာ သာမှာ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာရမယ်ဆိုတာတွေ အတိ အလင်းလာပါတယ်။ နောက်ဆုံးကိုယ့်ရဲ့ ကောင်းတဲ့အလုပ် မကောင်းတဲ့အလုပ်တွေကပဲ စီရင်ချက်ချမှာပါ။ တချို့ဘာသာတွေမှာတော့ ကြားဖူးထားပါတယ်။ ကိုယ်က ကောင်းတာပဲလုပ်လုပ် ဆိုးတာပဲလုပ် လုပ် နောက်ဆုံးစီရင်ချက်ချပေးမယ့်သူဟာ ရှိနေပါတယ်။

မိမိသည်သာပဓာနဖြစ်ကြောင်းကို ဖြစ်စဉ်လေးတစ်ခုနဲ့တင်ပြချင်ပါတယ်။  မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနီးဆဲဆဲအချိန်မှာ ဘုရားရှင်အနီးအပါးကို အရပ်ရပ်က ရောက်လာကြတဲ့သာဝကတွေရှိကြပါတယ်။ တခြားသာဝကတွေက ဘုရားသခင်ကိုယ်တော်မြတ်ကြီးအနားထိုင်ပြီး မျက်ရည်လည်ရွဲ စိုရွှဲနေတဲ့ မျက်နှာနဲ့ မိမိတို့ရဲ့ ဆရာသခင် ကျေးဇူးရှင်ကိုယ်တော်မြတ်ကြီး ပရိနိဗ္ဗာန်ပြုတော့မှာကို မျှော်မှန်းပြီး ၀မ်းနည်းကြေကွဲနေကြရှာ ပါတယ်။ ဒီအချိန်မှာ “အတ္တဒတ္တ”လို့ခေါ်တဲ့ ရဟန်းတစ်ပါးကတော့ ပရိသတ်နဲ့လွတ်ရာ သူ့ရဲ့အိပ်ယာ တိုက်ခန်းဆီသွားပြီး ၀ိပဿနာကမ္မဋ္ဌာန်းတရားကို အားထုတ်နေပါတယ်။ ဒါကို တခြားရဟန်းတော်တွေက သိတဲ့အခါ ဒီရဟန်းဟာ မြတ်ဗုဒ္ဓရဲ့ အကျိုးကို ဂရုမစိုက်ဘူးဆိုပြီး မကျေမနပ်ဖြစ်ကြပါတယ်။ ဒီကိစ္စကို ဘုရားရှင်ကို သွားပြီးလျှောက်ထားကြပါတယ်။ ဒီအခါ “အတ္တဒတ္တ” ရဟန်းက ပြန်လည်လျှောက်ထားတဲ့ အခါမှာ “မြတ်စွာဘုရားသည် မကြာမီမှာပင် ပရိနိဗ္ဗာန်ပြုတော့မည်။ ငါသည် ဘုရားရှင် ပရိနိဗ္ဗာန်မပြုမီ သက်တော်ထင်ရှားရှိစဉ်ကာလမှာပဲ အရဟတ္တမဂ်ဖိုလ်သို့ရောက်အောင် ကျင့်ကြံပွားများအားထုတ်၍ နေခြင်း သည်သာ ဘုရားရှင်ကို ဂုဏ်ပြုရာရောက်သည်ဟု ထင်ကြောင်း” လျှောက်ထားပါတယ်။ ဒီစကားကို ကြားရ တဲ့အခါ မြတ်စွာဘုရားက ဒီရဟန်းရဲ့သဘောထားနဲ့ အပြုအမူကို လွန်စွာ နှစ်သက်တော်မူပါတယ်။ ပြီးတော့ ဘုရားရှင်က “သူတစ်ပါး အကျိုးအတွက် မိမိရဲ့အကျိုးဖြစ်တဲ့ အရဟတ္တမဂ်ဖိုလ်ရောက်အောင် အားထုတ်ခြင်း ကို မစွန့်လွှတ်သင့်ဘူး”လို့ မိန့်မှာတော်မူပါတယ်။

ဒီဝတ္ထုအဖြစ်အပျက်မှာ သရုပ်ဖော်တင်ပြထားတာဟာ ဗုဒ္ဓဘာသာရဲ့ အရေးပါလှတဲ့ အချက်ဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အစဉ်သဖြင့် ကိုယ့်ရဲ့ဘ၀ဆင်းရဲလွတ်မြောက်ကြောင်းကိုသာ မမေ့မလျော့ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ပြီးတော့ သံသရာဝဋ်ဆင်းရဲ လွတ်မြောက်ကြောင်း ကိစ္စဟာလည်း သူများ ကို အားကိုးလုပ်လို့ မရပါဘူး။ ကိုယ့်အားကိုယ်ကိုးပြီး ကိုယ်တိုင် ဆောင်ရွက်ရတဲ့ ကိစ္စမျိုးဖြစ်ပါတယ်။ သူ့အနေနဲ့ အပြင်ပက ဘယ်တန်ခိုးတော်ရှင်ရဲ့ အမအစနဲ့ နိဗ္ဗာန်ရောက်ရေးကိုလည်းမျှော်ကိုးလို့ မရဘူးဆို တာပဲဖြစ်ပါတယ်။

တချို့ ဗုဒ္ဓဘာသာရဲ့သဘောကို နားမလည်တဲ့ လူတွေကတော့ ဗုဒ္ဓဘာသာကို ဝေဖန်ပြီး ဗုဒ္ဓဘာသာဟာ တစ်ကိုယ်ကောင်းဝါဒ ဖြစ်တယ်။ ဒီဘာသာက မိမိရဲ့ဆင်းရဲလွတ်မြောက်ရေး ကိစ္စကိုပဲ ရှေ့တန်းတင်ပြီး အရေးတယူ ပြောဆိုလေ့ရှိတယ် ဆိုပြီး ဝေဖန်တတ်တာတွေ တွေ့ဖူးကြားဖူးကြမှာပါ။ အဲဒီလို ဝေဖန်တာဟာ လုံးဝမမှန်ပါဘူးလို့ပဲ ပြောပါရစေ။ ဘာဖြစ်လို့လဲ။ ဗုဒ္ဓဘုရားရှင်က ရှင်းရှင်းပဲ ဟောထားတာက လူဟာ လူသားတိုင်းရဲ့ စိတ်ပိုင်းနဲ့ရုပ်ပိုင်း သက်သာချောင်ချိရေးကို မရပ်မနား ဆောင်ရွက်ရမယ်လို့ ဟောထား ပါတယ်။ ဒီလိုဆောင်ရွက်ရင်းပဲ သတိပဋ္ဌာန်တရားကို ကျင့်ကြံပွားများပြီးသကာလ မိမိရဲ့ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရာဖြစ်တဲ့ နိဗ္ဗာန်ကို မရောက်ရောက်အောင် အားထုတ်သွားကြရမယ်ဆိုတာကို လည်း ဟောတော်မူ တာပါ။ ဗုဒ္ဓဘုရားရှင်ဟာ ကိုယ်ကျိုးမဖက်တဲ့ အများအကျိုးပြု လုပ်ငန်းတွေကို အထူးထောက်ခံ အားပေးတော်မူပါတယ်။ ပြီးတော့ ဗုဒ္ဓဘာသာကိုနားမလည်သူများ မေးနိုင်သေးတာ တစ်ခုက “ကံကောင်း အကြောင်းလှသူတွေ အတွက်တော့ နိဗ္ဗာန်ရောက်အောင် စိတ်ရော ကိုယ်ပါ အပြည့်အ၀ လုပ်နိုင်တာပေါ့။ ဒါပေမယ့် စိတ်ပိုင်းအရရော ရုပ်ပိုင်းအရရော ပစ္စည်းဥစ္စာအရရော ချို့တဲ့တဲ့လူတွေအတွက်ကျတော့ ဘယ်လိုလုပ်မလဲ” တဲ့။ “ဒီလိုကိုယ်တိုင်မစွမ်းနိုင်သူတွေအတွက် အပြင်အပက ကူညီမစဖို့ မလိုဘူးလား”တဲ့။ “လူမစွမ်း နတ် မ မှဖြစ်တာမဟုတ်လား”တဲ့။ မေးကြတာတွေရှိပါတယ်။

ဒီမေးခွန်းကို အဖြေပေးရရင် ဗုဒ္ဓဘာသာဝင်တွေရဲ့ အသိစိတ်ထဲမှာ ဒုက္ခခပ်သိမ်း ငြိမ်းရာ နိဗ္ဗာန်ကို ဒီတစ်ဘထဲမှာပဲ ရရမယ်လို့ သဘောထားမျိုးမရှိကြပါဘူး။ ဒါက ဘ၀ဆက်ကာ ဆောင်ရွက်ရတဲ့လုပ်ငန်း မျိုး၊ ဖြစ်စဉ်မျိုးလည်းဖြစ်ပါတယ်။ အတိတ်ကံ နည်းသူ ခေသူတွေဟာ တစ်ဘ၀ထက် တစ်ဘ၀မိမိရဲ့ ကိုယ်စွမ်းဥာဏ်စွမ်းတိုးတက်ဖြစ်ထွန်း ထက်မြက်လာအောင် ကြိုးပမ်းသွားလို့ ရပါတယ်။ ဘယ်လောက်အထိ ဖွင့်ပေးထားသလဲဆိုရင် နောက်ဆုံး ဘုရားရှင်ဘ၀ကိုတောင် ရယူနိုင်တဲ့ အဆင့်အထိကို ရှိပါတယ်။ ဒါကြောင့် စိတ်ပိုင်း ချွတ်ယွင်းနေသူတွေတောင် သေးတာငယ်တာ ပဓာနမထားတော့ဘဲ မိမိရဲ့ ဆင်းရဲခပ် သိမ်းချုပ်ဖို့ ကိစ္စကို တဖြည်းဖြည်းစတင်ဆောင်ရွက်သွားရင် ဖြစ်ပါတယ်။ အရေးကြီးတာက စတင် လုပ်ဆောာင်မိဖို့ပဲဖြစ်ပါတယ်။ သံသရာစက်တွေ လည်တာနဲ့ လူပုဂ္ဂိုလ်တစ်ယောက်ဟာ ကိုယ့်ကိုယ်ကို အားကိုးပြီး ဘ၀လွတ်မြောက်မှုကို ရှာဖွေမယ်ဆိုတဲ့ စိတ်ကိုမွေးပြီး တဖြည်းဖြည်း တိုးတက်လာအောင် စတင်ဆောင်ရွက်နိုင်ပါတယ်။ သေးငယ်တဲ့ ညောင်စေ့ကလေးကလည်း တစ်နေ့ကျတော့ အင်မတန်ကြီးမား တဲ့ ညောင်ပင်ကြီး အဖြစ်ကြီးထွားပေါ်ပေါက်လာနိုင်တာပါပဲ။ ဒါပေမယ့် ဒီလိုဖြစ်အောင် နေ့ချင်းညချင်းတော့ လုပ်လို့တော့ မဖြစ်နိုင်ပါဘူး။ ဒီလိုခက်ခက်ခဲခဲ ဆောင်ရွက်ရတဲ့အလုပ်မှာ သည်းခံတဲ့ စိတ် (ခန္တီ)တော့ ရှိထားဖို့လိုအပ်ပါတယ်။ ဥပမာဆိုကြပါစို့ဆိုရင် မိဘတွေဟာ ကိုယ့်သားသမီးတွေကို သူတို့မျှော်လင့်သလိုဖြစ် လာအောင် နှစ်ပေါင်းလပေါင်းများစွာ ပြုစုပျိုးထောင်ယူကြရတာ လူတိုင်းမှာ အတွေ့အကြုံရှိကြပါတယ်။ ဒါတောင်မှ ဒီကလေးတွေ ကြီးပြင်းလာတဲ့အခါကျတော့ သူတို့ဖြစ်ချင်သလိုဖြစ်သွားကြတာပဲဟာ။ မိဘတွေ ဖြစ်ချင်သလို ဖြစ်လာကြတာက ရှားပါးပါတယ်။

ဗုဒ္ဓဘာသာမှာ ကျနော်တို့ယုံကြည်ကြတာက တခြားလူတွေက လူ တစ်ယောက်အပေါ်မှာ သြဇာလွှမ်းမိုးနိုင် တယ်ဆိုပေမယ့် နောက်ဆုံးတော့ ဒီလူဟာ သူ့ကံကြမ္မာ သူဖန်တီးရတာပါ။ သူပြုတဲ့ ကံ ကံရဲ့အကျိုးအတွက် သူ့မှာပဲ တာဝန်ရှိတယ် ဆိုတာကို ယုံကြည်ထားကြပါတယ်။ လူတစ်ယောက်ဟာ နောက်ဆုံးပိတ် ဘ၀ လွတ်မြောက်ရေး အမှန် နိဗ္ဗာန်ကို အားထုတ်ရာမှာ ဘယ်လူ တစ်ယောက်၊ ဘယ်နတ်တစ်ပါးကမှ စိုးမိုးထိန်း ချုပ်ပြီး လမ်းညွှန်နိုင်တာမျိုးလည်း မရှိပါဘူး။ ဒါဟာ ကိုယ့်ကိုယ်ကိုသာ အားကိုးရာ ရှိတယ်ဆိုတဲ့ သဘောရဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာ က လူတစ်ယောက်ကို တစ်ကိုယ်ကောင်းဆန်ရမယ်လို့ သင်ကြား တဲ့ အဓိပ္ပာယ်မရပါဘူး။ ဗုဒ္ဓဘာသာမှာ လူတစ်ယောက်ဟာ သူ့ကိုယ်သူ နိဗ္ဗာန် ရအောင် ရောက်အောင် အားထုတ်တဲ့အခါ သူ့အနေနဲ့ သူ့အသက်ကို သတ်ဖြတ်ခြင်း၊ သူ့ဥစ္စာကို ခိုးယူခြင်း၊ မုသားပြောဆိုခြင်း၊ သူတပါးအိမ်ရာကို ကျူးလွန်ခြင်း၊ ကိုယ့်စိတ်ကို အထိန်းအကွပ်မဲ့စေတဲ့ မူးယစ်သောက်စားခြင်းတွေ ကို ဝေးစွာရှောင်ကြဉ်ဖို့ ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာ ချထားရပါတယ်။ သူ့ကိုယ်သူ ထိန်းသိမ်းစောင့်ရှောက်ခြင်း အားဖြင့် သူဟာ တခြားသူများရဲ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်နိုင်ရေးကို အကျိုးပြုရာရောက်ပါတယ်။ ဒါဆိုရင် သူတို့ပြောပြောနေတဲ့ “တစ်ကိုယ်ကောင်း လုပ်ခြင်း” ဟာ တခြားလူတွေရဲ့ဘ၀သာယာချမ်းမြေ့ရေး အတွက် ကောင်းတဲ့အလုပ်ဖြစ်သွားမယ်လို့ ထင်ပါတယ်။ ပြောလို့ရပါတယ်ပေါ့။

ဒီလောက်ဆိုရင် ဘယ်သူတွေက ဘယ်ဝါဒကို ကိုးကွယ်ပြီး ဘယ်သူတွေက ဘယ်ဝါဒကို ကိုးကွယ်တယ်ဆိုတာကို ခွဲခြားနိုင်လောက်မယ် ထင်ပါတယ်။ နောက်ပြီး ဘယ်သူက ကိုယ့်ဘ၀ရဲ့ ဖန်တီးရှင် ဥယျာဉ်မှုးဆိုတာကိုလည်း သဘောပေါက်လောက်ပါပြီ။ ထို့ကြောင့် ဗုဒ္ဓဘာသာသာဟာ တကိုယ်ကောင်း ဆန်သော ၀ါဒ မဟုတ်ကြောင်းတင်ပြရင်း… ကိုယ့်အားကို ကိုးနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Sunday, June 19, 2011

လွတ်လပ်သူ.....။

ဗုဒ္ဓဘာသာက ဘယ်သူ့ကိုမှ တခြားဘာသာတွေမှာ ဟောကြားထားတဲ့ တရားတွေကို မလေ့လာရ ဘူးလို့ မတားဆီးပါ။ မတားရုံသာမက ဗုဒ္ဓဘုရားရှင်က တခြားဘာသာတွေရဲ့သင်ကြား ချက် တွေကို ဒေသနာတွေကို လေ့လာပြီး သူ့ဘာသာမှာ ဟောကြားထားတဲ့ တရာတွေနဲ့နှိုင်း ယှဉ်လေ့လာပါဆိုပြီးတောင် အားပေးထားတာတွေ့ရပါတယ်။
. 
ဗုဒ္ဓဘုရားရှင်က တခြားဘာသာကျမ်းဂန်တွေထဲမှာ ယုတ္တိရှိတဲ့တရားတွေ ပညာပါတဲ့သင်ကြား ချက်တွေပါလို့ရှိရင် အဲဒိတရားတွေကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လွတ်လပ်စွာ လေ့လာဆည်းပူးနိုင်တယ် လို့ ဟောတော်မူထားပါတယ်။ တချို့ဘာသာရေး ဆရာကြီးတွေက သူတို့ဘာသာဝင်များကို အမှောင် ထဲမှာ ချောင်ပိတ်ထားလိုကြတာများလည်း ရှိပါတယ်။ အဲဒီဒေသနာတွေကို လေးစားသမှု ပြဖို့မှာလည်း လွတ် လွတ်လပ်လပ်ပြုခွင့်ပေးထားပါတယ်။ တချို့ဘာသာများဆိုရင် တခြားဘာသာဝင်တွေနဲ့ အတို့အထိတောင် မလုပ်ရပါဘူးရယ်။ တခြားဘာသာတွေရဲ့ ကျမ်းဂန်တွေ ကိုလည်း မလေ့လာရဘူးဆိုပြီး ပိတ်ပင်တားဆီးထား ပါတယ်။ ပိုဆိုးတာက သူတို့ဘာသာထဲမှာပါတဲ့ တရားတွေဟာ ဘယ်လောက်ပဲ ဘ၀င်မကျစရာတွေ သံသယဖြစ်စရာတွေ ဖြစ်နေပါနေပါစေ၊ သူတို့ဘာသာက ဟောထားတဲ့တရားကိုပဲ နားထောင်ရမယ်၊ လုံးဝ ကို သံသယစိတ်မထားရဘူးလို့ပဲ သွန်သင်ပေးပါတယ်။ သူတို့က သူတို့နောက်လိုက်တွေကို တစ်လမ်းသွား တစ်စိတ်မွေးခိုင်းနိုင်လေလေ ဒီနောက်လိုက် ဘာသာဝင်တွေကို ထိန်းချုပ်ထားနိုင်ဖို့ လွယ်ကူလေလေ ပဲဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်က လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ကျင့်သုံးလာလို့ရှိရင် သူဟာ တစ်ချိန်လုံးအမှောင်ထုထဲကို ရောက်နေတာပါလားလို့ သိနားလည်လာလို့ရှိရင် ဒါဟာ မိစ္ဆာကောင်က သူ့စိတ်ကိုဝင်ပြီး နှောက်ယှက်ဖျက်ဆီးတာပဲလို့ စွပ်စွဲခံရတော့တာပါပဲ။ သနားစရာ လူသားဟာ သူ့ရဲ့ပင်ကိုယ်စိတ်ကိုရော သင်ထားတဲ့ ပညာတွေကိုရော ပင်ကိုယ်ဥာဏ်တွေကိုရော သုံးခွင့်မရအောင် လုပ်ထားပါတယ်။ တချို့လူတွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေ ကို ပြောင်းလဲချင်လာ ပြီဆိုရင်လည်း သူတို့ကို မိမိတို့ရဲ့ လွတ်လွတ်လပ်လပ်တွေးခေါ်ဆုံးဖြတ်တတ်တဲ့ ဥာဏ်ကို သုံးရလောက်အောင် ပါရမီဓာတ်ခံမရင့်ကျက်သေးဘူး ဆိုပြီးလည်း ပြောကြပါသေးတယ်။

ဗုဒ္ဓဘုရားရှင်ကတော့ ဘာသာရေးဟာလူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ်မှာ တည်ရှိစေရမယ်လို့ သဘောထားတော်မူပါတယ်။ ဘာသာရေးဟာ အစိုးရမင်းများ ချမှတ်ထားတဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါက ဥာဏ်ပညာနဲ့ တိုင်းထွာပြီးမှ လက်ခံနိုင်တဲ့ ကိုယ်ကျင့်သီလ စည်းကမ်းနည်း လမ်းတွေပဲ ဖြစ်တယ်လို့ ယူဆတော်မူပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် မှာတော့ ဘာသာရေးမူဝါဒ သဘောထားတွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာ ထာဝရဘုရားဆီကနေပီ ကျလာတဲ့ ကောင်းကင်ကျ တရားတွေလည်း မဟုတ်ပါဘူး။ လူတွေလုပ်ထားတဲ့ တရားဥပဒေ တွေလည်း မဟုတ်ပါဘူး။ ဒါဟာ သဘာဝ ဥပဒေသတွေ လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနေ့ ကမ္ဘာပေါ်မှာက ဘယ်အစိတ်အပိုင်းမှာမှ စစ်မှန်တဲ့ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ မရှိပါဘူးရယ်။ လူမှာ လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်တောင်မှ မရှိဘူး။ လူတစ်ယောက်ဟာ သူကိုးကွယ်နေတဲ့ ဘာသာအပေါ် စိတ်တိုင်းမကျတော့ဘူး။ သူသိချင်တဲ့ ပြဿနာတွေ အတွက် ကျေနပ်ဖွယ် ဖြေရှင်းချက်တွေ ကိုလည်း အဲဒိ ဘာသာက မပေးနိုင်လို့ အဲဒိဘာသာကို သူက မနှစ်သက်တော့တဲ့အတွက် တခြားဘာသာတစ်ခုခုကို ကူးပြောင်းပြီး ကိုးကွယ်ချင်ရင်တောင်မှ သူ့မှာ လက်ရှိဘာသာကို လွတ်လွတ်လပ်လပ် စွန့်ပယ်နိုင်တဲ့အခွင့် အရေး တခြားဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ချင်လို့ ကိုးကွယ်နိုင်တဲ့ အခွင့်အရေးမျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီအခွင့်အရေးကို ဘာသာရေးဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ မိသာစုအသိုင်းအ၀ိုင်းက သူ့ဆီကနေပြီး တနည်းအားဖြင့် ယူထားလို့ပဲ ဖြစ်ပါတယ်။ တချို့လူတွေဟာ ဘာသာတစ်ခုကိုနားလည်လို့ မဟုတ်တော့ဘဲ အချစ်ရေးအတွက် စွန့်လွှတ်တာမျိုးလည်း ရှိပါတယ်။ ဟိုတလောကပဲ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ကြား မှာ နေထိုင်ကြတဲ့ မရမာလူငယ်လေး ရှစ်ယောက် ခရစ်ယာန်ဘာသာကို ပြောင်းသွားတယ်ဆို တဲ့အကြောင်းကို ဘာလို့ပြောင်းသွားရတာလဲဆိုတဲ့အကြောင်းကို သူ့မိဘတွေကိုမေးကြည့်တော့ ရခိုင်လူမျိုး ခရစ်ယာန်တရားဟောဆရာတစ်ယောက်က ပညာရေးအတွက်အထောက်အပံ့ပေးမယ်၊ နောက်ပြီး နိုင်ငံခြား ကိုလည်း ပို့ပေးမယ်ဆိုလို့ပါတဲ့။ တကယ်ဆိုရင် ဘာသာရေးကို လူသားရဲ့ အားနည်းချက်နဲ့ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ဖို့ ကိစ္စမှာ ခုတုံးတော့ မလုပ်သင့်ပါဘူးရယ်။ ဘာသာတစ်ခုက တစ်ခု ကို ပြောင်းဖို့အရေးမှာ လူတစ်ယောက်ဟာ သေသေချာချာ စုံစုံလင်လင် ခရေစေ့တွင်းကျ စဉ်းစားဆင်ခြင် သင့်ပါတယ်။ ဘာသာရေးဟာ ဈေးအလျှော့အတင်း လုပ်စရာပစ္စည်း မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတစ်ခုကို ကိုယ်ရေးကိုယ်တာ၊ အိမ်ထောင်ရေး၊ ပညာရေး၊ အချစ်ရေး၊ လောကီစည်းစိမ် ချမ်းသာရရေးအတွက် လွယ်လင့်တကူ မပြောင်းလဲသင့်ပါဘူး။ ဘာသာရေးကို မိမိရဲ့ ဘာသာရေးစိတ်ဓာတ်မြင့်မားရေး၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရရေး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ဘ၀လွတ်မြောက်ရေး ကိစ္စအတွက်ပဲ အသုံးချ သဘောထားသင့်ပါတယ်။

ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေကတော့ တခြားဘာသာဝင်တွေအပေါ်ကို လောကီစည်းစိမ်ချမ်း သာတွေကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာထဲကို ၀င်လာအောင် ဘယ်တော့မှ မလုပ်ပါဘူးရယ်။ ဆင်းရဲ့တာတို့၊ နာမကျန်းဖြစ်နေတာတို့၊ စာမတတ်တာတို့၊ မသိနားမလည်တာတို့ကို အမြတ်ထုတ် ခေါင်းပုံဖြတ်ပြီး ဗုဒ္ဓဘာသာဝင်လူဦးရေတိုးပွားလာအောင်လည်း ဗုဒ္ဓဘာသာ ၀င်တွေဟာ ဘယ်တော့မှမလုပ်ပါဘူး။ အဲဒိလိုမက်လုံးပေးပြီးတော့ လုပ်စရာလည်း ကျနော်တို့ဘာသာမှာမရှိပါဘူးရယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘာသာကိုက ကျနော်အရင်က ရေးခဲ့တဲ့ ပို့စ်ထဲမှာ ပြောခဲ့တဲ့အတိုင်း Detachment & Development မှာ Detachment ပဲပေးနိုင်တာမို့ပါ။ ဗုဒ္ဓဘုရားရှင်က သူ့ထံမှာ ဥပါသကာအဖြစ်ခံယူချင်တဲ့အရိပ်အရောင် ပြလာတဲ့ ဥပါလိတို့လို၊ စိတ္တသူကြွယ်တို့လို လူမျိုးတွေ ကို တွေ့ တာတောင်မှ မိမိရဲ့ဒေသနာတော်တွေကို အရင်စလို လက်ခံခြင်းမပြုဖို့ကို ဆုံးမတော်မူပါတယ်။ အဲဒီလိုလူမျိုးတွေကို ဗုဒ္ဓဘုရားရှင်က ဂရုတစိုက်စဉ်းစားကြဖို့ အချိန်ပေးပါတယ်။ ပြီးမှ ဒီဘာသာကို ကိုးကွယ်လို့ လက်တွေ့အကျိုးရှိမရှိကို ဆုံးဖြတ်ခိုင်းတော်မူပါတယ်။

ဗုဒ္ဓဘာသာက အပြင်ပန်းအားဖြင့် ပူဇော်သက္ကာရတို့၊ ဗုဒ္ဓဘာသာဝင်ပါလို့ ပါးစပ်ပြောခံယူတာတို့ဟာ မဂ်ဥာဏ်ဖိုလ်ဥာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးကိစ္စမှာ လုံလောက်ခြင်း မရှိဘူးလို့ သဘောထားပါတယ်။ ဒီအနေအထားကို ကြည့်မယ်ဆိုရင် ငါဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီလို့ ပြောရုံသက်သက်နဲ့တော့ ဘာမှ အဓိပ္ပာယ် ရှိမှာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို အင်အားသုံးပြီး ပြန့်ပွားအောင် လုပ်တာဟာ ပါးစပ်ကတော့ တရားမျှတကြောင်း၊ မေတ္တာထားကြောင်း ဟန်ဆောင်ပြောပြီး လက်တွေ့ကျတော့ ဖိနှိပ်တာ၊ မတရားလုပ်တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အစစ်တစ်ယောက်အနေနဲ့ လူတွေကကိုယ့်ကို ဗုဒ္ဓဘာသာ ၀င်လို့ ပြောတာ မပြောတာဟာ ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားရ မှာက နာမည်ခံတာမဟုတ်ဘဲ သစ္စာဥာဏ်ရှိပြီး ပွားများ အားထုတ်ခြင်းအားဖြင့်သာ ဘုရားဟောတဲ့ နိဗ္ဗာန်ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘာသာဝင်တွေတိုင်းရဲ့အထဲမှာ တစ်ယူသန်သူ၊ အစွန်းရောက်သူတွေကတော့ များသောအားဖြင့် ရှိတတ်ကြတာချည်းပါပဲ။ ဒီလိုအဖွဲ့အစည်းမျိုးကို မပြောပါနဲ့ဦး။ ကိုယ့်မိသားစုအသိုင်းအ၀ိုင်းလေးအတွင်းမှာတောင်မှ သိုးမဲ (Black Sheep) လေးတွေပါ တတ်ကြပါတယ်။ ဒီလို ဘာသာရေး တစ်ယူသန်အစွန်းရောက်မှုဟာ တကယ်တမ်းတွေးကြည့်မယ်ဆို ရင် ဘေးရန် အန္တရာယ်များစေပါတယ်။ အဲဒိလို တယူသန်သူဟာလည်း ဆင်ခြင်ဥာဏ်ဆိုတာကို မသုံးနိုင်ပါ ဘူး။ သိပ္ပံနည်းကျ လေ့လာပြီး ခွဲခြမ်းစိပ်ဖြာခြင်းကိုလည်း ပြုနိုင်မှာမ ဟုတ်ပါဘူးရယ်။ ဘုရားရှင်ရဲ့အယူ ကတော့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ လွတ်လပ်သူဖြစ်ရမယ်။ ဖွင့်ထားတဲ့ စိတ်နှလုံးရှိသူဖြစ်ရမယ်။ ကိုယ့်ရဲ့ ဘာသာရေး ဘ၀ဖွဲ့ဖြိုးတိုးတက်ရေးမှာ ကိုယ်ကလွဲပြီး ဘယ်သူ့ရဲ့ အစေအပါး အလုပ်အကျွေးပြုသူမှ မဖြစ်စေရပါဘူး။ နောက်ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုပြီး ဘုရားကိုကိုးကွယ် တယ်ဆိုတာကလည်း ကယ်တင်ခြင်းကို ခံရဖို့အတွက်မဟုတ်ပါဘူး။ အလွန်မွန်မြတ်တဲ့ လမ်းညွှန်ဦးဆောင် မှုပြုသူ၊ ဘ၀လွတ်မြောက်ရေးအတွက် အားတက်စေသူအဖြစ် ကိုးကွယ်ဆည်းကပ်ခြင်းသာ ဖြစ်ပါတယ်။ ဘာသာရေး ကို မျက်ကန်း ကိုးကွယ်နည်းနဲ့ ကိုးကွယ်တာ မဟုတ်ရပါဘူး။ အသိဥာဏ်သိနားလည်မှုနဲ့ ကိုးကွယ်ခြင်း သာ ဖြစ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင်မှာ ဗုဒ္ဓဘုရားရှင်ဟာ ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ လူ့အသွင်နှင့် ကောင်းကင်ဘုံ ဖေဖေဘုရားထံကနေပြီး ဆင်းသက်လာတဲ့ လူဝင်စားဘုရား လည်းမဟုတ် ပါဘူး။ လူသားတွေလုပ်ထားတဲ့ အပြစ်တွေကို ဆေးကြောသုတ်သင် သန့်စင်ပေးဖို့ ပွင့်လာသူလည်း မဟုတ်ပါဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓကို ဆရာတစ်ဆူအဖြစ်ပဲ သဘောထားတာဖြစ်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘုရားရှင်ဟာ ဘ၀ဆင်းရဲခပ်သိမ်း လွတ်မြောက်ရာအမှန် နိဗ္ဗာန်လမ်းပြသူ သာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားက လူသားတွေကို ဘာသာရေးရဲ့ ကျေးကျွန်များအဖြစ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။ လူသားများကို နတ်ဆရာ၊ ဘုန်းကြီး လုပ်စားတဲ့လူတွေရဲ့ လက်ဝါးကြီးအုပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်နေ လွတ်မြောက်စေခဲ့ပါတယ်။ နောက်ပြီး လူသားတွေကို ဆင်ခြင်တုံအဓိက၀ါဒ ပြုဖို့နဲ့ ဘာမှမသိနားမလည်တဲ့ တိရစ္ဆာန်တွေလို သူများသွေးဆောင် မောင်းနှင်ရာကို ဘာသာရေးအယူသီး အစွဲသန်မှုနဲ့ သဘောလွယ်စွာ မလိုက်ပါကြဖို့ကို ဆုံးမတော်မူခဲ့ပါတယ်။ တကယ်ဆိုရင် ဗုဒ္ဓဟာ ဆင်ခြင်တုံ ပဓာန၀ါဒ၊ ဒီမိုကရေစီနှင့်လက်တွေ့အကျိုးပြုမှုရှိပြီး ကိုယ်ကျင့်သီလရှိတဲ့ အပြုအမူများ ဘာသာတရားထဲမှာ ပါရှိရေးအတွက် ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး၊ ဘာသာတရားကို လူများက လူသိက္ခာနဲ့အညီ ကျင့်သုံးလိုက်နာကြဖို့ မိတ်ဆက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်မြတ်ပဲဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘုရားရှင်က သူ့ရဲ့ ဘာသာဝင်တွကို ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သေသေချာချာ စဉ်းစားသုံးသပ်ခြင်း မရှိဘဲနဲ့ လက်ခံခြင်း မပြုကြဖို့ ဆုံးမထားတာကိုလည်း ကာလာမ ဒေသနာမှာ လာတဲ့အချက်ဆယ်ချက်နဲ့ လမ်းညွှန်ထားတာ အတိအလင်းရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်အစစ်ကတော့ ကိုယ့်ဘ၀လွတ်မြောက်ရေး ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရေး အတွက် ပြင်ပက ဘယ်တန်ခိုးရှင်မျိုးကိုမှ အားမကိုးပါဘူး။ မမြင်ရတဲ့ မသိရတဲ့ တန်ခိုးဣဒ္ဓိပါတ်တော်က လာပြီး ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို ကြားဝင်ဖြေရှင်းပေးမယ်လို့လဲ မမျှော်ကိုးပါဘူး။ တကယ်တမ်းလက်တွေ့ ကျကျ စဉ်းစားကြည့်မယ်ဆိုရင် အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတာမှန် သမျှဟာ တကယ်အရှိတရား မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာအချို့မှာတော့ ဒီသဘောတရားလေးတွေ ကူးစက်ခံနေရတာတွေ့ရတတ်ပါတယ်။ နိဂုံးအနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ အားလုံး တကယ်စစ်ပြီ လား မစစ်ဘူးလားဆိုတာကို ဆန်းစစ်ဖို့လိုလာပါပြီ။ အဲဒိလို ကိုယ့်ကိုယ်ကို ဆန်းစစ်လို့ ရပြီဆိုရင် ကျနော်အပါအ၀င်ပေါ့ သူငယ်ချင်းတွေ အားလုံးလည်း လွတ်လပ်ခွင့်ရှိသူလား မရှိသူလားဆိုတာကို ကောက်ချက်ချနိုင်သွားပါပြီ။ ဆရာကြီးလုပ်ချင်လို့ အခုလိုရေးတာတော့မဟုတ်ပါဘူး။ ကျနော်ထမင်းစားနေတဲ့အချိန်ရောက်လာတာမို့ စားသွားပါဦးလို့ လောက၀တ်အနေနဲ့ ဖိတ်ခေါ်လိုက်တာ ပါ။ တော်သေးပြီဆိုရင်လည်း ခဏတော့ ထိုင်စောင့်ကြဦးပေါ့…………..။
အားလုံးကို လေးစားစွာဖြင့်……။
.Post အဟောင်းလေးပါ။ ရေးထားတာတော့ တော်တော်ကြာပါပြီ။ အခုမှ ရှာတွေ့လို့ ပြန်တင်လိုက်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More