Thursday, July 7, 2011

ဘုံဆိုင်ကို ကိုယ်ပိုင်မမှတ်လင့်

စွဲလမ်းခြင်းတို့ စွဲလမ်းမှုတို့ဆိုသည်မှာ လောကအတွင်းရှိ သူသူငါငါ ပုဂ္ဂိုလ်သတ္တ၀ါမရွေး ကြုံတွေ့နေကြရသော အမှန်တရားတခုဟု ဆိုချင်က ဆိုနိုင်ပါသည်။ စွဲလမ်းခြင်းဆိုတာကို ပါဠိစာပေမှာတော့ “ဥပါဒါန”ဟု သုံးထားပါတယ်။ ဒါကို ကြောင်းကျိုးဆက်နိယာမ သဘောအရပြန်ကောက်ကြည့်မယ်ဆိုပါက  “တဏှာပစ္စယာ ဥပါဒါနာ”ဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာရဲ့သဘောက တွယ်တာတယ်။ သာယာတယ်။ တပ်မက်တယ်။ နောက်ပြီး ရောင့်ရဲတင်းတိမ်းနိုင်ခြင်း သဘောလည်း မရှိပါ။ အဲဒိလို တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှု၊ မရောင့်ရဲနိုင်မှုတို့ကြောင့် အစွဲအလမ်း ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာ ဘာ့ကြောင့် ဖြစ်ရသနည်းမေးလျှင် “ဝေဒနာ ပစ္စယာ တဏှာ ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစားပါတယ်။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရပါတယ်။

ဘယ်လိုလဲ “ဒုက္ခီ သုခံ ပတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏”ဆိုတဲ့အတိုင်း ဆင်းရဲတဲ့လူတန်းစားက ချမ်းသာ ချင်ကြပါတယ်။ အဲဒိတော့ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဝေဒနာကြောင့် ချမ်းသာခြင်းကို လိုချင်တပ်မက်တဲ့ တဏှာဖြစ်ရပါတယ်။ တခါ “သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏”ဆိုတဲ့အတိုင်း သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်ပါသေးတယ်။ “ဝေဒနာ နိရောဓာ တဏှာနိရောဓော”တဲ့ ဆိုလိုတာက ဝေဒနာချုပ်မှသာ တဏှာချုပ်မည်။ တဖန်“တဏှာ နိရောဓာ ဥပါဒါနာ နိရောဓော” တဲ့ တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်ပါမယ်။ စွဲလမ်းမှု အဲဒိ ဥပါဒါန်တွေချုပ်မှ သာလျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်နိုင်ပါမည်။ ဒါ့ကြောင့် ကိလေသာ အာသဝေါကင်းဖို့အတွက်ဆိုရင်တော့ အစွဲအလမ်းလည်းကင်းဖို့လိုပါတယ်။ 

         စွဲလမ်းခြင်း (ဥပါဒါန်)ဆိုတာကို ခွဲခြမ်းစိပ်ဖြာကြည့်ပါက အမျိုးအစားအားဖြင့် (၄)မျိုး ရှိကြောင်း တွေ့နိုင် ပါတယ်။ အဲဒါတွေကတော့

၁။ ကာမုပါဒါနံ= ကာမဂုဏ်၌ စွဲလမ်းခြင်း။
၂။ ဒိဋ္ဌုပါဒါနံ= မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ၌ စွဲလမ်းခြင်း။
၃။ သီလဗ္ဗတုပါဒါနံ= မှားယွင်းသော ကျင့်စဉ်၌ စွဲလမ်းခြင်း။
၎။ အတ္တ၀ါဒုပါဒါနံ= အတ္တ၀ါဒ၌ စွဲလမ်းခြင်း။

ဆိုပြီးလာပါတယ်။ ဒီနေရာမှာ ကာမုပါဒါန်အကြောင်းလေးကို ဗဟုသုတအနေနဲ့ တင်ပြပေးချင်ပါတယ်။ ကာမုပါဒါန်ကား ကာမပုဒ်နဲ့ ဥပါဒါန ပုဒ်နှစ်ပုဒ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ကာမ ဆိုသည်မှာလည်း ၀တ္ထုကာမရယ် ကိလေသာကာမရယ်ဆိုပြီး နှစ်မျိုးကွဲသွားပြန်ပါသေးတယ်။ ၀တ္ထုကာမရဲ့ မြန်မာလိုသဘော ကတော့ စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အားရုံ ၅-ပါး။ အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်သော အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ စသည့်ဝတ္ထုပစ္စည်း။ တဏှာ၏-တည်ရာ-အာရုံ-ဖြစ်သော တေဘူမဝဋ် တရားဆိုပြီး အဓိပ္ပာယ်ရပါတယ်။ ကိလေသာကာမကတော့ လောဘနဲ့ ဆန္ဒပဲဖြစ်ပါတယ်။
     
    “၀တ္ထုကာမ၊ သဘာဝကား၊ ကာရှည်ကြာသုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာထင်၏” ဆိုတဲ့လင်္ကာလေးအတိုင်း သက်ရှိလူသားတိုင်းရဲ့စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အားရုံ ၅-ပါးတရားတွေ။ တဖန် အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်တဲ့ အသုံးအဆောင် အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ, တိုက်တာအဆောက်အဦ စသည့်ဝတ္ထုပစ္စည်းတွေ အပေါ်မှာ စွဲလမ်းမှုတွေ အားကြီးသွားပြီဆိုပါက မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပါတယ်။

  ဒီလိုပါ။ တခါက တောရွာတစ်ရွာရဲ့ ရွာဦးကျောင်းမှာ ကျောင်းထိုင်တဲ့ ဆရာတော်ကြီး တစ်ပါးရှိပါတယ်။ ကျောင်းထိုင်ဆရာတော်ဟာ အကျင့်သီလသိက္ခာနဲ့ပြည့်စုံတဲ့အတွက် ရွာနီးစပ်ချုပ်မှာ အင်မတန်မှကို နာမည်ကျော်ကြား လူသိများပါသတဲ့။ လူသိလည်း များသလို ကြည်ညိုလေးစားကြတဲ့လူတွေ ကလည်း မနည်းပါဘူးတဲ့။ ဒကာ၊ ဒကာမတွေကလည်း သူတို့ရွာကျောင်းက ဆရာတော်ကို ရဟန္တာသမျှ သတ်မှတ်ကြပါတယ်။ ဆရာတော်သာပျံတော်မူလို့ကတော့ နတ်ပြည်ကို ရောက်မှာ သေချာတယ် ဆိုပြီး ပြော ကြပါတယ်တဲ့။ ဆရာတော်ကြီးဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကောင်းမှုကုသိုလ်တွေ ကိုလည်း ဆထက်ထမ်းပိုးတိုးလို့ လုပ်ပါတယ်။ အရပ်ထဲက ဒကာတွေ ဒကာမတွေပြောတာကိုလည်း ဆရာတော်ကြီးက ငါသာ နတ်ပြည်ရောက်လို့ကတော့ ရွာကျောင်းက ကြေးစည်တွေ၊ အုန်းမောင်းတွေကို လာခေါက်ပြီး နင်တို့ကို အသိပေးမယ်ဆိုပြီး ပြန်ပြန်ပြောလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ဆရာတော်ကြီးဟာ ကျောင်းမှာနေရင်း ပျင်းပျင်းရှိ တာနဲ့ ကျောင်းခေါင်းရင်းမှာ ကြံပင်လေးစိုက်ပါတယ်တဲ့။ ရွာကျောင်းက ဆရာတော်ဆိုတော့လည်း အလုပ် လုပ်စရာက ထွေထွေထူးထူးသိပ်မရှိလှတော့ အချိန်ရှိတိုင်း လူကြီးတွေရဲ့ ထုံးစံအတိုင်း ကိုယ်စိုက်ထားတဲ့ ကြံပင်လေးကို ရေလောင်းပေးလိုက်၊ ပေါင်းသင်ပေးလိုက်နဲ့လုပ်ရင်းပဲ ဆရာတော်စိုက်ထားတဲ့ ကြံပင်ကြီးဟာ အပြုအစုအယုအယကောင်းတဲ့အတွက်ကြောင့် အင်မတန်မှကို သန်မာထွားကျိုင်းလာပါတယ်။ ဒါကို ကျောင်း က ကိုရင်၊ ကပ္ပိယ၊ ကျောင်းသားတွေက ဆရာတော်ရဲ့ ကြံပင်ကြီးကို သဘောကျနေတော့ မျက်စောင်းတထိုး ထိုးနဲ့ပေါ့။ ဆရာတော်ကိုကြောက်ရတော့လဲ ခုတ်မစားဝံ့ကြရှာဘူး။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ကံလည်းကုန် နေ့လည်းစေ့တော့ ရွာကျောင်းက ဆရာတော်ကြီးလည်း ပျံတော်မူပါရောတဲ့။ ရွာထဲကလူတွေ ကလည်း ဆရာတော်ပျံတော်မူပြီဆိုတော့ ဆရာတော် ပျံတော်မမူခင်က ပြောထားတဲ့အတိုင်း သူတို့ကိုအသိ များပေးမလား ပေးမလားဆိုပြီးတော့ စောင့်နေကြတယ်တဲ့။ ရဟန္တာသမျှ ထင်ထားကြတာကိုး။ သူတို့က သာ မျှော်နေကြတာပါ။ ပျံတော်မူသွားတဲ့ ဆရာတော်ကြီးကတော့ ကျောင်းက ကြေးစည်တွေ၊ အုန်းမောင်းတွေကိုလည်း လာမတီးသေးပါဘူး။ ရက်လည်တွေ၊ ဘုန်းကြီးပျံပွဲတွေ ပြီးတဲ့အထိလည်း မတီးသေးဘူးတဲ့။ ရက်လေးနဲနဲကြာလာတော့ ကပ္ပိယကြီးက လက်ဦးမှု ယူပြီး ကျောင်းခေါင်းရင်းက ဆရာတော်စိုက်ထားတဲ့ ကြံပင်ကြီးကို စားချင်ဇောကြီးကြီးနဲ့ ခုတ်လိုက်တဲ့အခါမှာ ကြံပင်ကြီးထဲမှာ ထိုးနေတဲ့ ကြံပိုးကြီးကို ဓားနဲ့ ပိုင်းလိုက်မိသွားဖြစ်သွားပါရောတဲ့။ အဲဒိအချိန်ရောက်မှ ကျောင်းမှာရှိတဲ့ ကြေးစည်တွေ၊ အုန်းမောင်းတွေလည်း အလိုလို ထပြီးမြည်ပါတော့သတဲ့။
    
      ဒါကြောင့်မို့ ပြောတာပါ။ မစွဲလမ်းသင့်တာတွေ စွဲလမ်းမိမယ်ဆိုရင် မဖြစ်သင့် တာတွေ ဖြစ်သွားနိုင် ပါတယ်ဆိုတာကို။ ဒီပုံပြင်လေးထဲမှာပါတဲ့ဆရာတော်ကြီးဟာ သီလသိက္ခာတွေနှင့် ပြည့် စုံတဲ့အတွက်ကြောင့် နတ်ပြည်ကိုရောက်ဖို့အတွက် အထောက်အပံ့တွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း အာသန္နကံရဲ့ သဘောအတိုင်းပင် သေခါနီးကာလမှာ ပြုလုပ်မိလိုက်တဲ့ စွဲလမ်းစရာ ၀တ္ထုကာမတွေကြောင့် နတ်ပြည် သို့ရောက်ဖို့ ကံရှိနေပေမယ့် ချက်ချင်းလက်ငင်းမရောက်နိုင်သေးဘဲ မိမိစွဲလမ်းရာ အာရုံနောက်ကို လိုက်ပြီးတော့ ကြံပင်မှာထိုးနေတဲ့ ကြံပိုးကြီး (ပြိတ္တာ) ဘ၀ကိုရောက်သွား ခဲ့ပါတယ်။ 

    ဒါကိုထောက်ဆခြင်းအားဖြင့် ကိလေသာအာသဝေါကင်းဖို့ကို အပထား။ ကိုယ်ပြုထားတဲ့ ကံလေး အတိုင်း ကောင်းသုဂတိကို ဖြောင့်ဖြောင်တန်းတန်းလေး ရောက်စေချင်တယ်ဆိုရင်တော့ ယနေ့ပတ် ၀န်းကျင်မှာသွားလာလှုပ်ရှားနေကြတဲ့ လူသားတိုင်း လူသားတိုင်း သေခါနီးအခါမှာ အစွဲအလမ်း ကင်းဖို့။ နောက်ပြီး အများနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တဲ့  ၀တ္ထုကာမ (စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အာရုံ။ အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်သော အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ,တိုက်,ခြံ,ကား စသည့်ဝတ္ထုပစ္စည်း) ကို ကိုယ့်ဥစ္စာလို့ အထင်မမှတ်မိစေဖို့၊ ဒါတွေကို ငါပိုင်တာပဲ လို့ မစွဲလမ်းမိစေဖို့ အင်မတန်မှကို အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတော့သည်။

1 comments:

လူဆိုတာအတ္တကိုရှေ့တန်းးတင်တတ်သာသဘာဝပါ

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More