Friday, July 15, 2011

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်

၁။ မြတ်စွာဘုရားရှင်၏ ပညတ်တော်အရ ရဟန်းတော်များ ၀ါတွင်းသုံးလ ၀ါဆိုဝါကပ်တော် မူသည်ကို အကြောင်းပြု၍ ၀ါဆိုလဟု မည်တွင်သည်။

၂။ သက္ကရာဇ် ၁၀၃ ၀ါဆိုလပြည့် စနေနေ့ညတွင် မြတ်စွာဘုရားသခင်သည် ဗာရာဏသီပြည် မိဂဒါဝုန် တောဝယ် ပဉ္စ၀ဂ္ဂီ ငါးဦးအား ဓမ္မစကြာတရားတော်ကို ဟောကြားခဲ့သဖြင့် ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ဟူ၍ သတ်မှတ်ခြင်းဖြစ်သည်။

ဝါဆိုဝါလ ၀ိသေသ

ဝါဆိုလပြည့်နေ့တွင် မြတ်စွာဘုရား အလောင်းတော် သန္ဓေယူတော်မူသည်။ ထိုနေ့မှာပင် တောထွက်တော် မူသည့်အပြင် ဘုရားအဖြစ်ကို ရတော်မူသည့် အခါတွင်လည်း တရားဦး ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောတော်မူသည်။ ထို့ကြောင့် " သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ ဟောမြွက် လ၀ါဆို " ဟူ၍ ဆိုစမှတ် ပြုခြင်းဖြစ်သည်။

ရဟန်းတော်များ ၀ါဆိုတော်မူခြင်း

ဝါတွင်းကာလ၌ ရဟန်းတော်များ ၀ါဆိုကြခြင်းမှာ မြတ်စွာဘုရား ပညတ်ခဲ့၍ ဖြစ်သည်။ မြတ်စွာ ဘုရား ပညတ်တော် မမူစဉ်က ရဟန်းတော်များ ၀ါဆိုဝါကပ်ခြင်းမပြုကြပေ။ မြတ်စွာ ဘုရားရှင် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံး နေတော်မူစဉ် သာကီဝင်အနွယ်များ ဖြစ်ကြသော ရဟန်းတော်များသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးလုံး ခရီးလှည့်လည် သွားလာ နေကြသည်။ မိုးဥတု၌ တစ်ရပ်မှ တစ်ရပ်သို့​ ဒေသစာရီ လှည့်လည်ခြင်း ပြုကြရာ ပြည်သူတို့ စိုက်ပျိုးထားသော​ ကောက်နှံသီးကင်းများကို ဖြတ်ကျော် နင်းနယ်သဖြင့် ပျက်စီးလေသည်။ ထိုအခါ ပြည်သူများက " မိုးတွင်းကာလတွင် အယူလွဲမှား မိစ္ဆာဒိဋ္ဌိများပင် ခရီးသွားလာခြင်း မပြုကြ။ တိရိစ္ဆာန် ငှက်များသည် ပင်လျှင် အသိုက်ပြောင်းခြင်း မပြုကြ။ ကျွန်ုပ်တို့ ကိုးကွယ်သော သာကီ နွယ်ဖွား ရဟန်းတော်များကား အများ ပြည်သူတို့ စိုက်ပျိုးထားသည့် ကောက်ပဲ သီးနှံများကို နင်းနယ် ဖျက်ဆီးလျက် နွေ မိုးမရှောင် ခရီးသွားကြလေသည်တကား " စသည်အားဖြင့် အပြစ်တင်ကြလေသည်။

ဤအကြောင်းကို မြတ်စွာဘုရားရှင် ကြားသိတော် မူသောအခါ ရဟန်းတော်များအား ၀ါတွင်းသုံးလ ကာလပတ်လုံး မိမိတို့၏ကျောင်းတိုက် အ၀န်းအ၀ိုင်း အတွင်း၌သာ ၀ါဆို ၀ါကပ်ခြင်းပြု၍ ရဟန်း တရားကို အားထုတ်နေကြရန်၊ ၀ါကျိုး ၀ါပြတ် ၀ါမကပ်ဘဲ ညဥ့်အိပ် ညနေ ခရီးသွားသော ရဟန်းများအား ဒုက္ကဋ် အာပတ်သင့်စေရန် အာဏာဓမ္မစက် သိက္ခာပုဒ် ပညတ် တော်မူခဲ့သည်။ ထိုသည်မှစ၍ ရဟန်းတော်များသည် ၀ါဆိုလပြည့်ကျော် တစ်ရက်နေ့တွင် ၀ါဆိုခြင်း ပြုသည်။ သီတင်းကျွတ် လပြည့်နေ့တွင် ပြီးဆုံး ကျွတ်လွတ်လေသည်။ ၀ါဆို ၀ါကပ်ခြင်း သဘောမှာ သတ်မှတ်ထားသော မိမိတို့၏ ကျောင်းတိုက် အဆောက်အဦ အရံအတားမှ အရပ်တစ်ပါးသို့ ညဥ့်အိပ် ညနေ မသွားပါ ဟုကတိပြု ကြခြင်းပင် ဖြစ်သည်။ ၀ါဆိုအတွင်း ၀ါပန်၍ ညဥ့်အိပ်ညဥ့်နေ (၇) ရက်မှ ကျော်၍ မသွားနိုင်ပေ။

ဓမ္မစကြာ အခါတော်နေ့

မြတ်စွာဘုရား အလောင်းတော်သည်​ ရွှေထီးရွှေနန်းကို စွန့်၍ ၀ါဆိုလပြည့်နေ့တွင် တောထွက် တော်မူသည်။ ပဉ္စ၀ဂ္ဂီ ငါးဦးခြံရံကာ တရား ကျင့်တော်မူသည်။ ဒုက္ကရစရိယာ ခြောက်နှစ် တိုင်တိုင် ကျင့်တော်မူသော်လည်း ဘုရားမဖြစ်ပေ ။ ထို့ကြောင့် မိမိ တစ်ပါးတည်း လမ်းခွဲကာ တရားဖြည့် ကျင့်တော်မူ၏။သဗ္ဗညုတ ရွှေဥာဏ်တော်ကို ရရှိ၍ ဘုရား ဖြစ်တော်မူသောအခါ "ငါဘုရား သိပြီးသော သစ္စာလေးပါး တရားတော်သည် နူးညံ့ သိမ်မွေ့ နက်နဲလွန်းသည်။ သတ္တ၀ါတို့၏ သဏ္ဌာန်ကား လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန ထူပြောလှသည်။ ဤသတ္တ၀ါစုကို ငါဘုရား တရားဟောသော်လည်း အချည်းနှီးသာ ဖြစ်လိမ့်မည်။ တရားမဟောဘဲ ဆိတ်ဆိတ်နေတော့မည်" ဟုကြံရွယ်တော် မူလေသည်။ ရွှေစိတ်တော် ရွှင်ပြခြင်းမရှိ၊ ဆုတ်နစ်တော် မူလေသည်။

ဤအကြောင်းကို သဟံပတိ ဗြဟ္မာမင်းက သိရှိသဖြင့် ဗြဟ္မာ့ပြည်မှ ဆင်းလတ်၍ ဘုရားရှင်ထံ ခစားသည်။ သဟံပတိ ဗြဟ္မာမင်းသည် ဘုရားရှင်အား " အရှင်ဘုရား၊ သတ္တ၀ါများကို ငဲ့ညှာသော အားဖြင့် အရှင်ဘုရား ပိုင်းခြားထင်ထင် သိမြင်တော်မူသော တရားတော်ကို ဟောတော်မူပါဘုရား" ဟူ၍ ( နဿ တိဝတတော လောကော ) ဟူသော ဂါထာကို သုံးကြိမ် ရွတ်၍ လျှောက်ထားသည်။ လောက၌ အရှင်ဘုရား၏ တရားတော်တို့ကို နာယူ ထိုက်သူပေါင်း များစွာ ကျန်ရှိပါသေးသည် ဟု လျှောက်ထားလေသည်။ ဤတွင်မှ မြတ်စွာဘုရားလည်း တရားဟောတော့အံ့ဟု ကတိပြုလေ သည်။

မြတ်စွာဘုရားသည် သစ္စာလေးပါး တရားထူး တရားဦးကို ဟောတော်မူရန် ဗုဒ္ဓဂါယာ ဗောဓိ မဏ္ဍိုင်မှ ပဉ္စ၀ဂ္ဂီ ငါးဦးရှိရာ မိဂဒါဝုန်တောသို့ ကြွတော်မူ လေသည်။ ခရီးလမ်းတွင် ဥပက အမည် ရှိသော တကာတစ်ဦးနှင့်တွေ့သည်။ ဥပကမှာ ဘုရားရှင်၏ တရားကို နာကြားထိုက်သူ မဟုတ် သဖြင့် ဘုရားရှင်ကို ရှေးဦးစွာ ဖူးမြင်ရပါလျှက် "ငါ့ရှင်အဘယ်သူနည်း၊ အဘယ်ကိုရည်၍ ရဟန်းပြုပါသနည်း" စသည်ဖြင့် မေးမြန်း စုံစမ်းခြင်းသာ ပြုလေ၏။

မိဂဒါဝုန်တောသို့ ရောက်တော်မူသောအခါ ပဉ္စ၀ဂ္ဂီ ငါးဦးကို အမှူးထားလျက် မရေမတွက် နိုင်သော နတ်ဗြဟ္မာတို့အား ဓမ္မစကြာ တရားဦးကို ဟောကြားတော် မူလေသည်။ မြတ်စွာဘုရားရှင်သည် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်း လေးထောင်မျှသော တရားတော်များကို ဟောကြားခဲ့ရာ ဤဓမ္မစကြာ တရားတော်သည် ရှေးဦးပထမ ဟောကြား တော်မူသော တရားတော်ဖြစ်၍ အလွန် ထူးမြတ်သော တရားတော်ဖြစ်လေသည်။

ဓမ္မစကြာမှာ- ဓမ္မစက္ကပ၀တ္တန ဟူသောပါဠိမှ ဆင်းသက်လာသော ဝေါဟာရဖြစ်ပြီး
ဓမ္မ - သစ္စာလေးပါးအမှန်တရား
စက္က - အဖန်ဖန်အထပ်ထပ် လှည့်တတ်သောစက်
ပ၀တ္တန- ဖြစ်ခြင်း ....အနက်ရှိသဖြင့် "သစ္စာလေးပါး အမှန်တရားကို စက်လှည့်၍
အဖန်ဖန် အထပ်ထပ် ဟောတော်မူခြင်း " ဟု အဓိပ္ပါယ် ရလေသည်။

မြတ်စွာဘုရား၏ ဓမ္မစကြာ တရားတော်ကို နာကြားရသဖြင့် ကောဏ္ဍည၊ ၀ပ္ပ၊ ဘဒ္ဓိယ၊ မဟာနံ၊ အဿဇိ တည်းဟူသော ပဉ္စ၀ဂ္ဂီ ငါးဦးနှင့်တကွ များစွာသော နတ်ဗြဟ္မာတို့ အကျွတ်တရား ရရှိကြ သည်။ ပဉ္စ၀ဂ္ဂီ ငါးဦးလည်း မြတ်စွာဘုရားထံတွင် ရဟန်းအဖြစ်ကို ပြုခွင့် ပန်ကြ၏။ မြတ်စွာ ဘုရား ခွင့်ပြုသဖြင့် ဧဟိဘိက္ခု ရဟန်း အဖြစ်ကို ရရှိကြသည်။ ဧဟိဘိက္ခု ရဟန်း ဆိုသည်မှာ ဘုရားရှင် က ရဟန်းဖြစ်စေဟု မိန့်တော်မူသဖြင့် ပရိက္ခရာ အစုံအလင်ဖြင့် ချက်ချင်း ရဟန်း အဖြစ်ကို ရခြင်းပင် ဖြစ်သည်။

ဤသို့ ပဉ္စ၀ဂ္ဂီငါးဦးအား အမှူးထား၍ ဓမ္မစကြာ တရားဦးကို ဟောကြားခြင်း၊ ပဉ္စ၀ဂ္ဂီငါးဦးအား ဧဟိဘိက္ခု ရဟန်းအဖြစ်သို့ ခေါ်ဆောင်တော် မူခြင်းမှာ ဤ၀ါဆိုလပြည့်နေ့ပင် ဖြစ်၍ ၀ါဆို လပြည့်နေ့ကို ဓမ္မစကြာ အခါတော်အဖြစ်ဖြင့် သတ်မှတ်ကြခြင်း ဖြစ်သည်။ ၀ါဆိုလတွင် ပဉ္ဇင်းခံ ရှင်ပြုခြင်းကို ရှေးအခါက ပြုခဲ့ကြခြင်း ဖြစ်သည်။

(မြန်မာ့ရေးရာ သုတပဒေသာမှ ကောက်နှုတ် တင်ပြပါသည်)

နိဗ္ဗာန်အကြောင်းအနည်းအကျဉ်း

ကျနော်တခုလောက်မေးချင်ပါတယ်။ နိဗ္ဗာန်ဝင်တော့မယ့် အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သူပရိနိဗ္ဗာန်ပြု ခါနီး နိဗ္ဗာန်ကိုကြိုပြီးမြင်ရပါသလား…. ?။ ဘယ်လိုမြင်ရပါသလဲ….?။ ဘာကြောင့်နိဗ္ဗာန် လို့ ပြောနိုင် တာလဲ...?
မေးမြန်းသူ ဇော်မင်းထွန်း (စစ်တွေ)

နိဗ္ဗာနံ သစ္ဆိကာတဗ္ဗံ၊ နိဗ္ဗာနံ သစ္ဆိကိရိယာ ဆိုသည့်ပုဒ်တို့ကို မြန်မာဘာသာသို့ပြန်ဆိုမည်ဆိုပါက နိဗ္ဗာန်ကို မျက်မှောက်ပြုသင်တယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း ဆိုပြီးအဓိပ္ပာယ်ထွက် လာပါတယ်။ မြန်မာဝေါဟာရ အရ မျက်မှောက်ပြုသည်ဆိုသည်မှာလည်း “မျက်စိမှ အောက်မျက်မှအောက် ခုခေတ်မျက်မှောက်ဆို” ဆိုသည်အတိုင်း မျက်စိရှေ့မှောက်တွင်ရှိသောအရာများကို မြင်သည့်အခါတွင် သုံးနှုန်းသည့် ဝေါဟာ ရပင် ဖြစ်ပေသည်။ ဥပမာ ကိုယ့်ရှေ့မှာ လူရှိနေသည်ကို မြင်သဖြင့် လူကိုမြင်သည် စသဖြင့် သုံးနှုန်းသကဲ့သို့ ပင်။ ယခုတင်ပြမည့် “နိဗ္ဗာနံ သစ္ဆိကာတဗ္ဗံ၊ သစ္ဆိကိရိယာ” ပုဒ်တို့၌ပါသော မျက်မှောက်ပြုခြင်းဟု အနက်အဓိပ္ပာယ်ထွက်သော သစ္ဆိကာတဗ္ဗ၊ သစ္ဆိကိရိယာ ပုဒ်တို့ကို မြန်မာဘာသာဖြင့် မဟုတ်ဘဲ အင်္ဂလိပ် ဘာသာဖြင့် ပြန်ဆိုမည်ဆိုပါက Realization တဖန် realization ၏အဖွင့်ကို ပြန်ပြီးကြည့်ပါက when you understand something that you had not understood before ဟုတွေ့ရပါမယ်။ ဆိုလိုတာကတော့ အသိဉာဏ်တခုခု ခေါင်းထဲမှာရောက်လာတာကို ဆိုလိုတာပါ။ ဒီလောက်ဆိုလျှင် နိဗ္ဗာနံ သစ္ဆိကိယ ပုဒ်သဘောကို တီးမိခေါက်မိလိုက်ပါပြီ။ ပုစ္ဆာပါ နိဗ္ဗာန်ဝင်တော့မည့် အရိယာပုဂ္ဂိုလ်တစ်ယောက်သည် သူပရိနိဗ္ဗာန်ပြုခါနီးအခါ နိဗ္ဗာန်ကိုကြိုမြင်ရပါ၏လော ဆိုသည့်အကြောင်းကို ဖြေရှင်းရမည်ဆိုပါက အရိယာ ပုဂ္ဂိုလ်သည် သူပထမဦးဆုံး အရိယာဖြစ်သည့် အချိန်မှစ၍ပင် နိဗ္ဗာန်ကို မျက်မှောက်ထင်ထင် ဉာဏ်ဖြင့်မြင်ရပြီဖြစ်ပေသည်။ ထို့ကြောင့် ပရိနိဗ္ဗာန်ပြုခါနီးမှ နိဗ္ဗာန်ကိုမြင်သည်မဟုတ်ပေ။ 

“နိဗ္ဗာနံ ပန လောကုတ္တရသင်္ခါတံ စတုမဂ္ဂဉာဏေန သစ္ဆိကာတဗ္ဗံ”ဟူသော ပါဠိတော်ကိုထောက်ဆခြင်းဖြင့် နိဗ္ဗာန်ကို ပကတိမျက်စိဖြင့်ကား မြင်နိုင်မည် မဟုတ်ပေ။ သစ္စဉာဏ်ဖြင့်သာ ပိုင်းခြား၍ မြင်နိုင်ပေသည်။ 

ဘာကြောင့်နိဗ္ဗာန်ဟုပြောနိုင်တာလဲဆိုသည့် အမေးကို ဖြေဆိုရသော် ရှေးဦးစွာ နိဗ္ဗာန်ဟူသော ဝေါဟာရ အကြောင်းကို တင်ပြလိုပါသေးသည်။ မြန်မာဝေါဟာရသုံး နိဗ္ဗာန်ဆိုသော စကားမှာ ပါဠိသတ်ဝေါဟာရ တခုမျှသာဖြစ်ပါသည်။ ယင်းကို ပါဠိစာပေ၌ နိဗ္ဗာန ဟုသုံးနှုန်းထားပါသည်။ တဖန် ယင်းနိဗ္ဗာန ပုဒ်ကို ခွဲခြမ်းစိပ်ဖြာလိုက်မည်ဆိုပါက နိဝါန ဟုရပါသည်။ နိ ဆိုသည်မှာ negative အနက်ထွက်ပြီး ၀ါန ပုဒ်ကိုတော့ craving; lust Left ဆိုပြီးဘာသာပြန်ပါသည်။ ထိုမှတဆင့် နိဗ္ဗာန်ဟူသောပုဒ်သို့ ဘာသာဗေဒ နည်းအားဖြင့်ပြောင်းလည်းသွားခြင်းဖြစ်ပေသည်။ တဖန် “၀ါနသင်္ခါတာယ တဏှာယ နိက္ခန္တတ္တာ နိဗ္ဗာနန္တိ ပ၀ုစ္စတိ” စကားကို ထောက်ဆပြီး ၀ါနလို့ခေါ်တဲ့ တဏှာတို့မှ ထွက်မြောက်ရာသည် နိဗ္ဗာန်ပင်ဖြစ်ပေသည်။ ယင်းနိဗ္ဗာန်သည် ရာဂစသည်တို့ကုန်သဖြင့် ဆင်းရဲခပ်သိမ်း ငြိမ်းအေးကြောင်း၏အဖြစ် ကိလေသာပူပန်မှု ငြိမ်းအေးခြင်းဟူသော လက္ခဏာရှိ၏။ ငြိမ်းအေးခြင်းပင်ကိုယ်သဘောကို မစွန့်လွှတ်သဖြင့် ငြိမ်းအေးခြင်း သဘောမှ ရွေ့လျောမှုမရှိခြင်းဟူသော သမ္ပတ္တိရသ ရှိ၏။ (တနည်း) ကိစ္စရသရှိ၏။ ယင်းသို့ဆိုခြင်းမှာ ရွေ့လျောမှုမရှိခြင်းကို ပြုဖွယ်ကိစ္စကဲ့သို့ ခေါ်ဝေါ်၍ ပရိယာယ်အားဖြင့် ဆိုခြင်းသာဖြစ်ပါ သည်။ ရွေ့လျောမှု မရှိခြင်းဆိုသည်မှာလည်း မိမိ၏ ငြိမ်းအေးခြင်းသဘောကို မစွန့်ခြင်း၊ ငြိမ်းအေးခြင်း သဘောမှ မဖောက်ပြန်ခြင်းပင်ဖြစ်ပါသည်။ တနည်းအားဖြင့် သံသရာဝဋ်ဆင်းရဲမှ ငြိးငွေ့သော စိတ်ရှိသော ပုဂ္ဂိုလ်၏ သက်သာရာကို ပြုသကဲ့သို့ ဖြစ်သောကြောင့် သက်သာရာ သက်သာမှုကို ပြုခြင်းဟူသော ကိစ္စရသ ရှိ၏။ ရုပ်ဝေဒနာသညာသင်္ခါရ ၀ိညာဉ်ဟူသော ခန္ဓနိမိတ်မှ ကင်းဆိတ်သည်၏အဖြစ်ကြောင့် ခန္ဓာမဟုတ်ဟု ယူအပ်သည်ဖြစ်၍ ခန္ဓနိမိတ်မှကင်းဆိတ်သောတရားဟု ယောဂီပုဂ္ဂိုလ်၏ဉာဏ်အားရှေးရှုထင်သော အခြင်းအရာ အနိမိတ္တ ပစ္စုပဋ္ဌာန်ရှိ၏။ ၀ဋ်ဆင်းရဲမှ ထွက်မြောက်ကြောင်းဖြစ်သော အရိယာမဂ်သည် နိရောဓသစ္စာမဟာအသင်္ခတ နိဗ္ဗာန်သို့ ရောက်စေတတ်သော သမ္ပာပက အကြောင်းဖြစ်၍ နိဗ္ဗာန်၏ ပဒဋ္ဌာန်ဖြစ်ပေသည်။

ယင်းနိဗ္ဗာန်သည် အကြောင်းတရားတို့ မပြုပြင် မစီရင် မချယ်လှယ်အပ်သော သဘောအားဖြင့် တစ်မျိုးတည်းသာရှိပါသည်။ အကြောင်းပရိယာယ်အားဖြင့်ကား 
  1. ကံ ကိလေသာတို့သည် အကျိုး၏ အဖြစ်ဖြင့်ယူအပ်သော ၀ိပါက်နာမက္ခန္ဓာ ကဋတ္တာရုပ် ဟူသော အကြွင်းအကျန်နှင့်တကွဖြစ်သော သဥပါဒိသေသ နိဗ္ဗာန်။
  2. ယင်းခန္ဓာအကြွင်းအကျန်မရှိသော အနုပါဒိသေသ နိဗ္ဗာန်ဟု နှစ်ပါးပြားပါသည်။
အာသဝေါကင်းကွာ ရဟန္တာပုဂ္ဂိုလ်သည် နောက်ဆုံးဘ၀၏ အကြောင်းကံ မကုန်သေးသမျှ စက္ခုစသော ဣနြေ္ဒ ငါးပါးတို့ နောက်တဖန်ဖြစ်မှု မရှိအောင် ချုပ်ခြင်းဖြင့် မချုပ်သေးဘဲ တည်ရှိနေသည်ဖြစ်၍ ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ကို တွေ့ကြုံခံစားရ၏။ ချမ်းသာ ဆင်းရဲကို ခံစားကြရ၏။ ယင်းရဟန္တာပုဂ္ဂိုလ်၏ ရာဂ ဒေါသ မောဟတို့၏ စင်စစ်မဖြစ်တော့ဘဲ ကုန်ခမ်းခြင်းကို သဥပါဒိသေသ နိဗ္ဗာန်ဟု ခေါ်ဆိုရ၏။ ယင်းရဟန္တာပုဂ္ဂိုလ်၏သန္တာန် ဤပစ္စုပ္ပန်အတ္တဘော၌ သုခစသော အဗျာကတဝေဒနာအားလုံး၊ ခန္ဓာငါးပါးအားလုံးတို့သည် တဏှာစသည်တို့ဖြင့် နှစ်သက်မှု မရှိတော့သည်ဖြစ်၍ စင်စစ်ငြိမ်းအေးကုန် မည်ဖြစ်ပြီး ဆက်စပ်ခြင်းကင်းချုပ်ငြိမ်းခြင်းဖြင့်လည်း ချုပ်ငြိမ်းကြကုန်လိမ်မည်သာ။ ခန္ဓာအားလုံးချုပ်ငြိမ်းအေးခြင်းသဘောကို အနုပါဒိသေသနိဗ္ဗာန်ဟု ခေါ်ဆိုရ၏။ အချုပ်အားဖြင်ဆိုရသော် ကိလေသာငြိမ်းအေးမှု နိဗ္ဗုတိသဘာဝသည် သဥပါဒိသေသ နိဗ္ဗာန်မည်ပြီး ခန္ဓာငြိမ်းအေးမှု ခန္ဓနိဗ္ဗာန်သည် အနုပါဒိသေသ နိဗ္ဗာန်မည်ပါသည်။

ဤသည်တို့ကား နိဗ္ဗာန်၏ အနည်းငယ်မျှသော သဘောသဘာဝတို့ကိုတင်ပြခြင်းသာ ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် နိဗ္ဗာန်၏ အကြောင်းကို တင်ပြရမည်ဆိုပါက ကုန်အံ့နိုင်မည်မထင်သလို စာရေးသူကိုယ်၌ပင် နိဗ္ဗာန်ကို ရောက်ဖူးသူ မဟုတ်သည်အတွက် အဆုံးအစွန်အထိ လိုက်မှီနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် အနည်းငယ်မျှလောက်သော အကြောင်းအရာတို့ကို ရှေးသူတော်ကောင်း တို့ ပြောဟောထားသည်များမှ ရှာဖွေပြီးတင်ပြလိုက်ရပါသည်။

Thursday, July 14, 2011

အမျှဝေစာတန်းပါ သတ္တ၀ါသ ဘုံကိုးဝနှင့်ဝိညာဏဌိတိ တည်ရှိခုနစ်ပါးဟူသည်

ဝိညာဏဌိတိ၊ တည်ရှိခုနစ်ပါးအကြောင်းကို မပြောခင် သုံးဆယ့်တစ်ဘုံအကြောင်းကို တင်ပြမှသာလျှင် စာရှုသူအနေဖြင့် ၀ိညာဏဌိတိကို ကောင်းစွာနားလည်နိုင်ပါမည်။ ဒါကြောင့် ရှေးဦးစွာ သုံးဆယ့်တစ်ဘုံ အကြောင်းကို တင်ပြပေးပါမည်။ ထိုသုံးဆယ့်တစ်ဘုံကား…….
၁.အပါယ်ဘုံ -၎
၂-လူဘုံ-၁
၃-နတ်ဘုံ -၆
(ယင်းသုံးဘုံကို ပေါင်းပြီး ကာမဆယ့်တစ်ဘုံဟုလည်း သုံးပါသေးသည်)
၎-ရုပ်နာမ်ရှိ(ရူပ)ဘုံ -၁၅
၅-၇ုပ်သက်သက်ရှိ(အသညဘတ်)ဘုံ -၁
၆-နာမ်သက်သက်ရှိ(အရူပ)ဗြဟ္မာဘုံ -၄ အားဖြင့်
ပေါင်း ၃၁ ဘုံ ဖြစ်ပါတယ်။

တဖန် သုံးဆယ့်တစ်ဘုံ၏တည်နေရာ တည်နေပုံကို ပြောပြချင်ပါသေးသည်။ ယေဘုယျနည်းအားဖြင့် လူတိုင်း ၃၁ ဘုံတွင် ကျင်လည် ခဲ့ဖူးကြသည်မှာ အသေအချာပင် ဖြစ်ပါသည်။

ငရဲဘုံ ၈ ဘုံ

သိဉ္ဇိုစ်း၊ ကာလသုတ်၊ သံင်္ဃာတ၊ ရောရုဝ ၊ မဟာရောရုဝ။  ။ တာပန ၊ မဟာတာပန ၊ အ၀ီစိ ငရဲ တို့ ဖြစ်သည်။ ယင်း ၈- ဘုံကို ပေါင်းပြီး ငရဲဘုံ ဟု ဘုံတစ်ဘုံ အဖြစ် ခေါ်ဝေါ်ပါသည်။

တစ်ချို့ ပါဠိများ၌ ငရဲ ၊ တိရိစ္ဆာန်၊ ပြိတ္တာ ဟုအပါယ်သုံးဘုံသာ ဟောပြ၏။ အသူရကယ်ကို တာဝတိသာနတ်တို့တွင် ရောသွင်း၍ ထိုသို့ သုံးဘုံသာ ဟောပြဟန်တူသည်။ အများသောအားဖြင့်ကား အပါယ်လေးဘုံသာဟု ခေါ်ဝေါ်ကြသည်။

ယင်းတို့၏ တည်နေရာကား ကမ္ဘာမြေပြင်မှအောက် ယူဇနာတစ်သောင်းငါးထောင် ကွာဝေးသောအရပ်၌ သိဉ္ဇိုစ်း ငရဲတည်ရှိ၏။

ယင်း၏အောက် အဆင့်ဆင့်၌ယူဇနာ တစ်သောင်းငါးထောင်စီခြားကွာဝေး၍ ကာလသုတ် စသော ကျန်ငရဲဘုံများ အဆင့်ဆင့် တည်ရှိကြပါသည်။

ငရဲဘုံတွင် မီးဟုန်းဟုန်း တောက်လောင်နေသော သံမြေများ၊ ကျိုက်ကျိုက်ဆူ ပွက်နေသော ရေများရှိ သည်ဟု ကျမ်းဂန် တို့  ၌ ပြဆိုထားပါသည်။သိပ္ပံပညာရှင်တို့က ကမ္ဘာမြေ၏ထုထည်သည် မိုင်သန်းပေါင်း နှစ်သိန်းခြောက်သောင်း ရှိသည်။ မြေပြင်မှ ၆၆ မိုင်ခန့်ထူသော ကျောက်လွှာကြီးနှစ်ထပ်အတွင်း ၌ အရည်ပျော်နေသော သံနစ်ကဲလ် နှင့်  ကိုဘောလ် သတ္တုများကို ထိန်းချုပ်ထားသည်။ကမ္ဘာ၏ဗဟိုချက်သည် အရည်လော အစိုင်အခဲလော-ဟူ၍ ယနေ့ ထိ သိပ္ပံပညာရှင်တို့  မပြောနိုင်ကြသေးပေ။

အပါယ်ဘုံသားတို့ သည် သက်တမ်းသတ်မှက်ချက်မရှိ ပြုလုပ်ခဲ့ သော အကုသိုလ်ကံ အနည်းအများ အလိုက် ခံနေကြရလေသည်။

တိရစ္ဆာန်ဘုံကား သီခြားမရှိ လူတို့ ဘုံ၌ပင်နေကြလေသည်။တိကစ္ဆာန်တို့ ၏အစုဝေးကို တိရစ္ဆာန်ဘုံ ဟုခေါ်ဝေါခြင်းဖြစ်သည်။

ပြိတ္တာတို့ကား တောကြီးတောင်ကြီး စသည်တို့၌ နေထိုင်ကြသည်။ ယင်းတို့ကို လူတို့ မမြင်နိုင်ကြချေ။ ယင်းတို့က ကိုယ်ထင်ပြမှသာမြင်ကြရသည်။ ယင်းတို့သည်လူတို့လောက်ဘုန်းကံ မကြီး ၍ခြောက်လှန့် ၍လည်း ကြောက်လန့် စရာ မလိုပေ။

ဤလူ့ဘုံ၏အထက် ယူဇနာ လေးသောင်းနှစ်ထောင် ဝေးသောအရပ် (ယုဂန္ဓိုရ်တောင်ထိပ်)၌ စတုမဟာ ရာဇ်ရှိ၏။ နတ်ခြောက်ဘုံအနက် အောက်ဆုံးဘုံဖြစ်သည်။ စတုမဟာရာဇ်အထက်ယူဇနာလေးသောင်း နှစ်ထောင်ဝေးသော အရပ်(မြင်းမိုရ်တောင်ထိပ်) ၌တာဝတိံသာ နတ်ပြည်၊ ယင်းအထက် ယာမာ ၊ တုသိတာ ၊ နိမ္မာနရတိ ၊ ယင်းအထက် ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံတို့ သည် ယူဇနာ လေးသောင်း နှစ်ထောင် စီခြာင်းကွာလျက် အဆင့် ဆင့် တည်ရှိကြသည်။

ပရနိမ္မိတ၀သ၀တ္တီနတ်ဘုံ၏ အထက် ယူဇနာငါးသန်းငါးသိန်းရှစ်ထောင်ဝေးသော အရပ်၌အောက် ဆုံး ဗြဟ္မာဘုံသုံးဘုံ သည်ဘေးတိုက် စီတည်ရှိ၏။ ဗြဟ္မာပါရိသဇ္ဇာ၊ဗြဟ္မာပုရောဟိတာ၊ မဟာဗြဟ္မာဘုံ တို့ ဖြစ်သည်။ ယင်းတို့ ကို ပထမ ဈာန် သုံးဘုံဟုခေါ်သည်။

ပထမဈာန်သုံးဘုံအထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင်ဝေးသောအရပ်၌ ပရိတ္တာဘာ၊အပ္ပမာဏဘာ၊ ဘာဘဿရာ ဟူ၍ ဒုတိယ ဈာန် သုံးဘုံ တပြေးညီ ဘေးတိုက်တည်ရှိကြသည်။ ယင်းအထက်ဖော်ပြပါ အတိုင်းအကွာအဝေးတူညီသော အရပ်၌ ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာ မည်သော တတိယ ဈာန် ဘုံတို့ ဘေးတိုက် တည်ရှိကြသည်။
 
ယင်းဖော်ပြပါအတိုင်း အကွာအဝေးတူညီသောအရပ် ၌ ဝေဟပ္ပိုလ်ဘုံ၊ အသညသတ်ဘုံ နှင့် သုဒ္ဓါဝါသ ငါးဘုံတို့  တစ်ပြေးညီ တည်ရှိကြသည်။ ယင်းခုနစ်ဘုံကို စတုတ္ထဈာန် ဘုံဟုခေါ်၏။ ထိုတွင် အသညသတ်ဘုံရှိ ဗြဟ္မာများကား ရုပ်သာ ရှိ၍ နာမ် မရှိပေ။

စတုတ္ထဈာန် ခုနစ် ဘုံ၏အထက် ယူဇနာ ငါးသန်း ငါးသိန်း ရှစ်ထောင် ဝေးသော အရပ် မှစ၍ အာကာသာ နဉ္စာယတနဘုံ၊ ၀ိညာဏဉ္စာယတနဘုံ၊ အာကိဉ္စညာယတနဘုံ နှင့် နေ၀သညာနနာသညယတနဘုံ တို့ သည် ယူဇနာ ငါးသန်းငါးသိန်း ရှစ်ထောင် စီ ထက်အောက် ခြားကွာလျက် အဆင့် ဆင့် တည်ရှိကြသည်။ ယင်းလေးဘုံ ကို အရူပ (ရုပ်မရှိ၊ နာမ်သာရှိ) ဗြဟ္မာဘုံ ဟုခေါ်ပါသည်။

ဖော်ပြပါ ရုပ်သက်သက် တစ်ဘုံ၊ နာမ်သက်သက် လေးဘုံ မှတစ်ပါး ကျန်ဗြဟ္မာ ဘုံ ၁၅ ဘုံသည် ရုပ်နာမ် အစုံရှိ ဗြဟ္မာဘုံများဖြစ်ကြသည်။ ဖော်ပြခဲ့ သည့်  အထက်ဆုံး ဗြဟ္မာဘုံ နှင့်  လူ့ ဘုံသည် ယူဇနာ ပေါင်း ၂၂၂.၂၈၄.၀၀၀ (နှစ်ကုဋေ နစ်သန်း နှစ်သိန်း ရှစ်သောင်း လေးထောင် ) ကွာဝေးသည်။

ဤသည်တို့မှာ သာသနာတော်ပြန့် ပွားရေး ဦးစီးဌာနမှ ထုတ်သော ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်မှဖြစ်ပါသည်။ အခုလောက်ဆိုရင် သုံးဆယ့်တစ်ဘုံကို အကြမ်းဖျင်းအားဖြင့် တီးမိခေါက်မိလောက်ပါပြီ။ ဒီတော့ မြန်မာပြည်သုံး အမျှဝေစာတမ်းမှာပါတဲ့ သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဌိတိ၊ တည်ရှိခုနစ်ပါး ဆိုတဲ့စာပိုဒ်ပါ ၀ိညာဏဌိတိ ခုနစ်ပါးဟူသည် ပဋိသန္ဓေ၀ိညာဏ်ရဲ့တည်ရာ ခုနှစ်ပါးကို ဆိုလိုပါတယ်။ ၀ိညာဏဌိတိ ဆိုသည်မှာ ၀ိညာဏပုဒ်ရယ် ဌိတိပုဒ်ရယ်ကို ပေါင်းပြီးတော့ ၀ိညာဏံ တိဋ္ဌတိ ဧတ္ထာတိ ၀ိညာဏဌိတိဟု (ဒိ၊ ဌ၊ ၂။ ၉၉။ ဒီ၊ ဌ၊ ၃၊ ၂၀၃။ သာရတ္ထ၊ ၁။ ၂၄၃။ သံ၊ ဋီ၊ ၂၊ ၂၂၃) တို့မှာ ပြထားပါတယ်။ နောက်တခါ တိဋ္ဌတိ ဧတ္ထာတိ ဌိတိ၊ ၀ိညာဏဿ ဌိတိ ၀ိညာဏဌိတိ ဆိုပြီး  ပဋိသန္ဓေ၀ိညာဉ်၏တည်ရာ (၀ိညာဏဌိတိ ၇ ပါး)ဆိုပြီး ပြထားတာတွေ့ရပါတယ။် တခါ ဘုရားရှင်က "သတ္တခေါ အာနန္ဒ ၀ိညာဏဌိတိယော" ဆိုပြီး (ဒီ၊ ၂၊၅၈-၉) မိန့်ထားတာကိုလည်း တွေ့ရပါတယ်။ ယင်းဝိညာဏဌိတိကို တရားကိုယ်အားဖြင့် ယူမယ်ဆိုပါက ပဋိသန္ဒေ၀ိညာဉ်နှင့်တကွ ခန္ဓာ ၅ ပါး။


တစ်နည်း ပဉ္စဝေါကာရ(ခန္ဓာငါးပါးအပြည့်အစုံရှိသော)ဘုံ၌ ရုပ်၊ ဝေဒနာ၊ သညာ၊ သင်္ခါရ လို့ခေါ်တဲ့ ခန္ဓာ ၄ပါး။အဘယ့်ကြောင့် ခန္ဓာငါးပါးရှိပါလျှက်နှင့် လေးပါးသာရရသနည်းဟူမူကား ပဋိသန္ဓေ၀ိညာဉ်ကို ခန္ဓာဖွဲ့မည်ဆိုပါက သင်္ခါရက္ခန္ဓာသာ ဖွဲ့ရသောကြောင့်သာဖြစ်ပါသည်။ စတုဝေါကာရဘုံ၌ ဝေဒနာ သညာ သင်္ခါရလို့ခေါ်တဲ့ ခန္ဓာ သုံးပါးကို ဆိုလိုပါတယ်။ 

ယင်းဝိညာဏဌိတိ ၇-ပါးတို့ကို ရေတွက်ရသော်

၁။ နာနတ္တကာယ နာနတ္တသညီ = နာနတ္တကာယနာနတ္တသညီပုဂ္ဂိုလ်၊ မတူ-ထူးခြား-ကွဲပြား-သော ကိုယ်ရှိသည်ဖြစ်၍ မတူ-ထူးခြား-ကွဲပြား-သော (ပဋိသန္ဓေ) သညာရှိသော၊ သူ။ (ကာမသုဂတိ ၇ ဘုံ၌ဖြစ်သောပုဂ္ဂိုလ်များ) ကာမသုဂတိ(၇)ဘုံဟူသည် လူဘုံနှင့်၊နတ်ပြည်ခြောက်ထပ်ကိုဆိုလိုပါသည်။

၂။ နာနတ္တကာယ ဧကတ္ထသညီ = နာနတ္တကာယဧကတ္တသညီပုဂ္ဂိုလ်၊ မတူ-ထူးခြား-ကွဲပြား-သော ကိုယ်ရှိသည်ဖြစ်၍ တူသော (ပဋိသန္ဓေ)သညာရှိသော၊ သူ။ (ပထမဈာန် ၃ ဘင့်အပုံနှါယ် ၄ ဘုံ၌ ဖြစ်သူများ)

၃။ ဧကတ္တကာယ နာနတ္တသညီ-တူသောခန္ဓာကိုယ်ရှိသော်လည်း ပဋိသန္ဓေသညာကွဲပြားသောပုဂ္ဂိုလ်

၎။ ဧကတ္တကာယ ဧကတ္တသညီ-တူသောခန္ဓာကိုယ်လည်းရှိ တူသောပဋိသန္ဓေသညာလည်းရှိသောပုဂ္ဂိုလ်

၅။ အာသာသာနဉ္စာယတနုပဂ= အာကာသာနဉ္စာယတနဘုံ၌ဖြစ်သောပုဂ္ဂိုလ်

၆။ ၀ိညာဏဉ္စာယတနုပဂ= ၀ိညာဏဉ္စာယတနဘုံ၌ဖြစ်သောပုဂ္ဂိုလ်

၇။ အာကိဉ္စညာယတနုပဂ= အာကိဉ္စာယတနဘုံ၌ဖြစ်သောပုဂ္ဂိုလ်

ထိုတွင် လူ၊ ကာမာဝစရနတ်၊ အပါယ် ၄ဘုံမှ လွတ်သော ဥတ္တရမာတာ၊ ပိယင်္ကရမာတာစတဲ့ အချို့သော ဝေမာနိက ပြိတ္တာတို့သည် ခန္ဓာကိုယ်၏ အသွင်အပြင် အမူအရာစသည် ကွဲပြားကြသောကြောင့် နာနတ္တကာယ တိဟိတ်၊ ဒွိဟိတ်၊ အဟိတ် ဟူသော ပဋိသန္ဓေသညာ ကွဲပြားကြသောကြောင့် နာနာတ္တသညီ မည်ပါတယ်။

ဗြဟ္မပါရိသဇ္ဇာ၊ ဗြဟ္မပုရောဟိတာ၊ မဟာဗြဟ္မာ ဟူသော ပဌမဈာန်ဗြဟ္မာတို့သည် အကြီး၊ အငယ်စသော အထူးထူးသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် နာနာတ္တကာယ ပဌမဈန်ဝိပါက်ဟူသော တူသော ပဋိသန္ဓေသညာရှိကြသောကြောင့် ဧကတ္တသညီမည်ပါတယ်။

ပရိတ္တာဘာ၊ အပ္ပမာဏာဘာ၊ အဘဿရာဟူသော ဒုတိယဈာန်ဗြဟ္မာတို့သည် တူညီသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် ဧကတ္တကာယ အ၀ိတက္က၀ိစာရမတ္တ၊ အ၀ိတက္က အ၀ိစာရ ဟူသော ပဋိသန္ဓေသညာကွဲပြားကြသောကြောင့် နာနတ္တသညီမည်ပါတယ်။

ပရိတ္တသုဘာ၊ အပ္ပမာဏသုဘာ၊ သုဘကိဏှာဟူသော တတိယဈာန်ဗြဟ္မာတို့သည် တူညီသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် ဧကတ္တကာယ စတုက္ကနည်းအားဖြင့် ရူပါဝစရ တတိယဈာန်ဝိပါက် ပဋိသန္ဓေသညာ၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရ စတုတ္ထဈာန် ၀ိပါက်ပဋိသန္ဓေသညာ တူညီကြသောကြောင့် ဧကတ္တသညီ မည်ပါတယ်။

ထို့အတူ ဝေဟပ္ဖိုလ်ဗြဟ္မာ၊ သုဒ္ဓါဝါသဗြဟ္မာတို့သည်လည်း တူညီသော ကိုယ်သဏ္ဍာန်ရှိကြသောကြောင့် ဧကတ္တကာယ စတုက္ကနည်းအားဖြင့် ရူပါဝစရစတုတ္ထဈာန်ဝိပါက်ပဋိသန္ဓေသညာ၊ ပဉ္စကနည်းအားဖြင့် ရူပါဝစရပဉ္စမဈာန် ၀ိပါ ပဋိသန္ဒေသညာ တူညီကြသောကြောင့် ဧကတ္တသညီမည်ပါတယ်။

အာကာသာနဉ္စာယတန ဗြဟ္မာတို့သည် အာကာသာနဉ္စာယတနုပဂ၀ိညာဏဌိတိ မည်ပါတယ်။ ၀ိညာဏဉ္စာ ယတန ဗြဟ္မာတို့သည် ၀ိညာဏဉ္စာယတနုပဂ၀ိညာဏဌိတိ မည်ပါတယ်။ အာကိဉ္စညာယတန ဗြဟ္မာတို့သည် အာကိဉ္စညာယတနုပဂ၀ိညာဏဌိတိ မည်ပါတယ်။ 

အထက်ပါ ဖော်ပြပါတိုသည်ကား ၀ိညာဏဌိတိ= ပဋိသန္ဓေ၀ိညာဉ်၏ တည်ရာ (၇) ပါးတို့ပင်ဖြစ်ပါတယ်။

ယခု တဖန် ဘုံဆိုသည်မှာလည်း မြေ။ မြေအပြင်။ အရာ။ အာရုံ။ ဖြစ်ရာဘုံဟု အဓိပ္ပာယ်ရပါတယ်။ ထို့ကြောင့် သတ္တာဝါတို့၏ ဖြစ်တည်ရာ ဘုံကိုးဝဆိုသည်မှာ အထက်ပါ (၇) ပါးတွင် နေ၀သညာနာသညာ ဘုံတစ်ပါးနဲ့အသညသတ်ဘုံတို့ကိုပေါင်းထည့်လိုက်ပါက ဘုံအားဖြင့် ကိုးပါးရပါကြောင်းတင်ပြရင်းဖြင့် အမျှဝေစာတမ်းမှာပါတဲ့ “သတ္တ၀ါသ၊ ဘုံကိုးဝနှင့်၊ ၀ိညာဏဌိတိ၊ တည်ရှိခုနစ်ပါး” ဆိုတဲ့အကြောင်းအရာလေးကို အနားသပ်လိုက်ရပါတော့သတည်း။

Thursday, July 7, 2011

ဘုံဆိုင်ကို ကိုယ်ပိုင်မမှတ်လင့်

စွဲလမ်းခြင်းတို့ စွဲလမ်းမှုတို့ဆိုသည်မှာ လောကအတွင်းရှိ သူသူငါငါ ပုဂ္ဂိုလ်သတ္တ၀ါမရွေး ကြုံတွေ့နေကြရသော အမှန်တရားတခုဟု ဆိုချင်က ဆိုနိုင်ပါသည်။ စွဲလမ်းခြင်းဆိုတာကို ပါဠိစာပေမှာတော့ “ဥပါဒါန”ဟု သုံးထားပါတယ်။ ဒါကို ကြောင်းကျိုးဆက်နိယာမ သဘောအရပြန်ကောက်ကြည့်မယ်ဆိုပါက  “တဏှာပစ္စယာ ဥပါဒါနာ”ဟု ဆိုသည့်အတိုင်း တဏှာကြောင့် ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာရဲ့သဘောက တွယ်တာတယ်။ သာယာတယ်။ တပ်မက်တယ်။ နောက်ပြီး ရောင့်ရဲတင်းတိမ်းနိုင်ခြင်း သဘောလည်း မရှိပါ။ အဲဒိလို တွယ်တာမှု၊ သာယာမှု၊ တပ်မက်မှု၊ မရောင့်ရဲနိုင်မှုတို့ကြောင့် အစွဲအလမ်း ဥပါဒါန်ဖြစ်ရပါတယ်။ တဏှာ ဘာ့ကြောင့် ဖြစ်ရသနည်းမေးလျှင် “ဝေဒနာ ပစ္စယာ တဏှာ ဟုဆိုသည့်အတိုင်းဝေဒနာကြောင့် တဏှာဖြစ်ရ၏။ ခံစားမှုကြောင့် တဏှာဖြစ်ရ၏။ မျက်စိ၊ နား၊ နှာ၊ လျှာ၊ ကိုယ်၊ စိတ်ဒွါရခြောက်ပါးလုံးက အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့၊ သဘောတရားဟူသော အာရုံခြောက်မျိုးလုံးကို ခံစားပါတယ်။ ထိုခံစားမှုတွေကြောင့် တဏှာ ဖြစ်ရပါတယ်။

ဘယ်လိုလဲ “ဒုက္ခီ သုခံ ပတ္ထယတိ- ဆင်းရဲတော့ ချမ်းသာကို တောင့်တ၏”ဆိုတဲ့အတိုင်း ဆင်းရဲတဲ့လူတန်းစားက ချမ်းသာ ချင်ကြပါတယ်။ အဲဒိတော့ ဆင်းရဲခြင်းဆိုတဲ့ ဒုက္ခဝေဒနာကြောင့် ချမ်းသာခြင်းကို လိုချင်တပ်မက်တဲ့ တဏှာဖြစ်ရပါတယ်။ တခါ “သုခီ ဘိယျောပိ ဣစ္ဆတိ- ချမ်းသာသူက ပို၍တိုး၍ ချမ်းသာ ချင်၏”ဆိုတဲ့အတိုင်း သုခဝေဒနာကြောင့်လည်း တဏှာ ဖြစ်ရပြန်ပါသေးတယ်။ “ဝေဒနာ နိရောဓာ တဏှာနိရောဓော”တဲ့ ဆိုလိုတာက ဝေဒနာချုပ်မှသာ တဏှာချုပ်မည်။ တဖန်“တဏှာ နိရောဓာ ဥပါဒါနာ နိရောဓော” တဲ့ တဏှာ ချုပ်လျှင် စွဲလမ်းမှုဥပါဒါန်တွေ ချုပ်ပါမယ်။ စွဲလမ်းမှု အဲဒိ ဥပါဒါန်တွေချုပ်မှ သာလျှင် ကိလေသာအာသဝေါ အချုပ်အချယ်တွေမှ ကင်းလွတ်နိုင်ပါမည်။ ဒါ့ကြောင့် ကိလေသာ အာသဝေါကင်းဖို့အတွက်ဆိုရင်တော့ အစွဲအလမ်းလည်းကင်းဖို့လိုပါတယ်။ 

         စွဲလမ်းခြင်း (ဥပါဒါန်)ဆိုတာကို ခွဲခြမ်းစိပ်ဖြာကြည့်ပါက အမျိုးအစားအားဖြင့် (၄)မျိုး ရှိကြောင်း တွေ့နိုင် ပါတယ်။ အဲဒါတွေကတော့

၁။ ကာမုပါဒါနံ= ကာမဂုဏ်၌ စွဲလမ်းခြင်း။
၂။ ဒိဋ္ဌုပါဒါနံ= မှားယွင်းသော မိစ္ဆာဒိဋ္ဌိ အယူဝါဒ၌ စွဲလမ်းခြင်း။
၃။ သီလဗ္ဗတုပါဒါနံ= မှားယွင်းသော ကျင့်စဉ်၌ စွဲလမ်းခြင်း။
၎။ အတ္တ၀ါဒုပါဒါနံ= အတ္တ၀ါဒ၌ စွဲလမ်းခြင်း။

ဆိုပြီးလာပါတယ်။ ဒီနေရာမှာ ကာမုပါဒါန်အကြောင်းလေးကို ဗဟုသုတအနေနဲ့ တင်ပြပေးချင်ပါတယ်။ ကာမုပါဒါန်ကား ကာမပုဒ်နဲ့ ဥပါဒါန ပုဒ်နှစ်ပုဒ်တို့ကို ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ ကာမ ဆိုသည်မှာလည်း ၀တ္ထုကာမရယ် ကိလေသာကာမရယ်ဆိုပြီး နှစ်မျိုးကွဲသွားပြန်ပါသေးတယ်။ ၀တ္ထုကာမရဲ့ မြန်မာလိုသဘော ကတော့ စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အားရုံ ၅-ပါး။ အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်သော အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ စသည့်ဝတ္ထုပစ္စည်း။ တဏှာ၏-တည်ရာ-အာရုံ-ဖြစ်သော တေဘူမဝဋ် တရားဆိုပြီး အဓိပ္ပာယ်ရပါတယ်။ ကိလေသာကာမကတော့ လောဘနဲ့ ဆန္ဒပဲဖြစ်ပါတယ်။
     
    “၀တ္ထုကာမ၊ သဘာဝကား၊ ကာရှည်ကြာသုံးမိပါက၊ ပမာဒစု၊ လွှမ်းမိုးမှုကြောင့်၊ သူ့ဟာကိုပင်၊ ကိုယ့်ဟာထင်၏” ဆိုတဲ့လင်္ကာလေးအတိုင်း သက်ရှိလူသားတိုင်းရဲ့စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အားရုံ ၅-ပါးတရားတွေ။ တဖန် အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်တဲ့ အသုံးအဆောင် အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ, တိုက်တာအဆောက်အဦ စသည့်ဝတ္ထုပစ္စည်းတွေ အပေါ်မှာ စွဲလမ်းမှုတွေ အားကြီးသွားပြီဆိုပါက မဖြစ်သင့်တာတွေ ဖြစ်သွားနိုင်ပါတယ်။

  ဒီလိုပါ။ တခါက တောရွာတစ်ရွာရဲ့ ရွာဦးကျောင်းမှာ ကျောင်းထိုင်တဲ့ ဆရာတော်ကြီး တစ်ပါးရှိပါတယ်။ ကျောင်းထိုင်ဆရာတော်ဟာ အကျင့်သီလသိက္ခာနဲ့ပြည့်စုံတဲ့အတွက် ရွာနီးစပ်ချုပ်မှာ အင်မတန်မှကို နာမည်ကျော်ကြား လူသိများပါသတဲ့။ လူသိလည်း များသလို ကြည်ညိုလေးစားကြတဲ့လူတွေ ကလည်း မနည်းပါဘူးတဲ့။ ဒကာ၊ ဒကာမတွေကလည်း သူတို့ရွာကျောင်းက ဆရာတော်ကို ရဟန္တာသမျှ သတ်မှတ်ကြပါတယ်။ ဆရာတော်သာပျံတော်မူလို့ကတော့ နတ်ပြည်ကို ရောက်မှာ သေချာတယ် ဆိုပြီး ပြော ကြပါတယ်တဲ့။ ဆရာတော်ကြီးဟာ အသက်အရွယ်ရလာတာနဲ့အမျှ ကောင်းမှုကုသိုလ်တွေ ကိုလည်း ဆထက်ထမ်းပိုးတိုးလို့ လုပ်ပါတယ်။ အရပ်ထဲက ဒကာတွေ ဒကာမတွေပြောတာကိုလည်း ဆရာတော်ကြီးက ငါသာ နတ်ပြည်ရောက်လို့ကတော့ ရွာကျောင်းက ကြေးစည်တွေ၊ အုန်းမောင်းတွေကို လာခေါက်ပြီး နင်တို့ကို အသိပေးမယ်ဆိုပြီး ပြန်ပြန်ပြောလေ့ရှိပါတယ်။ ဒီလိုနဲ့ပဲ ဆရာတော်ကြီးဟာ ကျောင်းမှာနေရင်း ပျင်းပျင်းရှိ တာနဲ့ ကျောင်းခေါင်းရင်းမှာ ကြံပင်လေးစိုက်ပါတယ်တဲ့။ ရွာကျောင်းက ဆရာတော်ဆိုတော့လည်း အလုပ် လုပ်စရာက ထွေထွေထူးထူးသိပ်မရှိလှတော့ အချိန်ရှိတိုင်း လူကြီးတွေရဲ့ ထုံးစံအတိုင်း ကိုယ်စိုက်ထားတဲ့ ကြံပင်လေးကို ရေလောင်းပေးလိုက်၊ ပေါင်းသင်ပေးလိုက်နဲ့လုပ်ရင်းပဲ ဆရာတော်စိုက်ထားတဲ့ ကြံပင်ကြီးဟာ အပြုအစုအယုအယကောင်းတဲ့အတွက်ကြောင့် အင်မတန်မှကို သန်မာထွားကျိုင်းလာပါတယ်။ ဒါကို ကျောင်း က ကိုရင်၊ ကပ္ပိယ၊ ကျောင်းသားတွေက ဆရာတော်ရဲ့ ကြံပင်ကြီးကို သဘောကျနေတော့ မျက်စောင်းတထိုး ထိုးနဲ့ပေါ့။ ဆရာတော်ကိုကြောက်ရတော့လဲ ခုတ်မစားဝံ့ကြရှာဘူး။ ဒီလိုနဲ့ သိပ်မကြာခင်မှာပဲ ကံလည်းကုန် နေ့လည်းစေ့တော့ ရွာကျောင်းက ဆရာတော်ကြီးလည်း ပျံတော်မူပါရောတဲ့။ ရွာထဲကလူတွေ ကလည်း ဆရာတော်ပျံတော်မူပြီဆိုတော့ ဆရာတော် ပျံတော်မမူခင်က ပြောထားတဲ့အတိုင်း သူတို့ကိုအသိ များပေးမလား ပေးမလားဆိုပြီးတော့ စောင့်နေကြတယ်တဲ့။ ရဟန္တာသမျှ ထင်ထားကြတာကိုး။ သူတို့က သာ မျှော်နေကြတာပါ။ ပျံတော်မူသွားတဲ့ ဆရာတော်ကြီးကတော့ ကျောင်းက ကြေးစည်တွေ၊ အုန်းမောင်းတွေကိုလည်း လာမတီးသေးပါဘူး။ ရက်လည်တွေ၊ ဘုန်းကြီးပျံပွဲတွေ ပြီးတဲ့အထိလည်း မတီးသေးဘူးတဲ့။ ရက်လေးနဲနဲကြာလာတော့ ကပ္ပိယကြီးက လက်ဦးမှု ယူပြီး ကျောင်းခေါင်းရင်းက ဆရာတော်စိုက်ထားတဲ့ ကြံပင်ကြီးကို စားချင်ဇောကြီးကြီးနဲ့ ခုတ်လိုက်တဲ့အခါမှာ ကြံပင်ကြီးထဲမှာ ထိုးနေတဲ့ ကြံပိုးကြီးကို ဓားနဲ့ ပိုင်းလိုက်မိသွားဖြစ်သွားပါရောတဲ့။ အဲဒိအချိန်ရောက်မှ ကျောင်းမှာရှိတဲ့ ကြေးစည်တွေ၊ အုန်းမောင်းတွေလည်း အလိုလို ထပြီးမြည်ပါတော့သတဲ့။
    
      ဒါကြောင့်မို့ ပြောတာပါ။ မစွဲလမ်းသင့်တာတွေ စွဲလမ်းမိမယ်ဆိုရင် မဖြစ်သင့် တာတွေ ဖြစ်သွားနိုင် ပါတယ်ဆိုတာကို။ ဒီပုံပြင်လေးထဲမှာပါတဲ့ဆရာတော်ကြီးဟာ သီလသိက္ခာတွေနှင့် ပြည့် စုံတဲ့အတွက်ကြောင့် နတ်ပြည်ကိုရောက်ဖို့အတွက် အထောက်အပံ့တွေ ရှိတယ်လို့ ဆိုနိုင်ပါတယ်။ သို့သော်လည်း အာသန္နကံရဲ့ သဘောအတိုင်းပင် သေခါနီးကာလမှာ ပြုလုပ်မိလိုက်တဲ့ စွဲလမ်းစရာ ၀တ္ထုကာမတွေကြောင့် နတ်ပြည် သို့ရောက်ဖို့ ကံရှိနေပေမယ့် ချက်ချင်းလက်ငင်းမရောက်နိုင်သေးဘဲ မိမိစွဲလမ်းရာ အာရုံနောက်ကို လိုက်ပြီးတော့ ကြံပင်မှာထိုးနေတဲ့ ကြံပိုးကြီး (ပြိတ္တာ) ဘ၀ကိုရောက်သွား ခဲ့ပါတယ်။ 

    ဒါကိုထောက်ဆခြင်းအားဖြင့် ကိလေသာအာသဝေါကင်းဖို့ကို အပထား။ ကိုယ်ပြုထားတဲ့ ကံလေး အတိုင်း ကောင်းသုဂတိကို ဖြောင့်ဖြောင်တန်းတန်းလေး ရောက်စေချင်တယ်ဆိုရင်တော့ ယနေ့ပတ် ၀န်းကျင်မှာသွားလာလှုပ်ရှားနေကြတဲ့ လူသားတိုင်း လူသားတိုင်း သေခါနီးအခါမှာ အစွဲအလမ်း ကင်းဖို့။ နောက်ပြီး အများနဲ့သက်ဆိုင်တဲ့အရာတွေဖြစ်တဲ့  ၀တ္ထုကာမ (စိတ်နှလုံးကို တိုးပွါးစေတတ်သော ရူပါရုံစသည့်အာရုံ။ အလိုရှိ-နှစ်သက်-မြတ်နိုး-အပ်သော အခင်း, အရုံ, လယ်, ယာ, ရွှေ,ငွေ,တိုက်,ခြံ,ကား စသည့်ဝတ္ထုပစ္စည်း) ကို ကိုယ့်ဥစ္စာလို့ အထင်မမှတ်မိစေဖို့၊ ဒါတွေကို ငါပိုင်တာပဲ လို့ မစွဲလမ်းမိစေဖို့ အင်မတန်မှကို အရေးကြီးလှပါကြောင်း တင်ပြလိုက်ရပါတော့သည်။

Monday, July 4, 2011

ဥပုသ်တစ်ရက်

စပါးမွှေနှင့် ထင်းခွေရေခပ်
မအားလပ်သေး ဆင်ခြင်ပေး၍
လပြည့်ရက်လျှင် ပျက်ကွက်ဥပုသ်ကြိမ်ကြိမ်ယုတ်ခဲ့။  
 
စီးပွားရေးနှင့် လူရေးပွေရှုပ်
အိမ်အလုပ်နှင့် တော်ရာရှောင်ထွက်
လကွယ်ရက်လျှင် ပျက်ကွက်ဥပုသ်ကြိမ်ကြိမ်ယုတ်ခဲ့။  
 
တိုင်းရေးပြည်ရေး
စည်းအဝေးနှင့် ပြေးကာလွှားကာ ကာလကြာပေါ့
ဆန်းဆုပ်ရှစ်ရက် ဤနှစ်ရက်လည်း
ပျက်ကွက်ဥပုသ် ကြိမ်ကြိမ်ယုတ်ခဲ့။  
 
သြော် …….. မစောင့်သီလ
ဒါနမထုံ မေထုန်မှီဝဲ
လောကထဲဝယ် အမြဲနှစ်မြုပ်
ခန္ဓာနာမ်ရုပ် မဟာဘုတ်လည်း
ဆုတ်ခဲ့လျော့ရဲ မခိုင်မြဲတော့
မွဲခဲ့မှုံသည် မကြည်မျက်စိ
နားစရေထွက် ထိုအခါမှလျှင်
နောင်တအသိ ရင်ဝယ်ပြည့်လျှက် 
မချိဝမ်းနည်း ပုတီးဆွဲကာ
လက်ဝယ်ဆွမ်းအုပ် လဘက်သုပ်ဖြင့် 
ဥပုသ်တစ်ရက် စောင့်သည်တဲ့…………။

Tuesday, June 28, 2011

စုမိစုရာ ဟာသလေးများ

သူတို့မသိဘူး

မိမိကိုယ်မိမိ စပါးစေ့ဟု ထင်နေသော စိတ်ဝေဒနာရှင် တစ်ယောက် စိတ်ရောဂါ အထူးကု ဆေးရုံသို့ ရောက်လာသည်။

လအနည်းငယ်ကြာ ကုသမှု ခံယူပြီးနောက် မိမိကိုယ်မိမိ လူဖြစ်သည်ဟု အသိအမှတ်ပြုသောကြောင့် ဆေးရုံမှ

ဆင်းခွင့်ပေးလိုက်သည်။ သို့သော် ဆေးရုံမှ ထွက်ပြီး မိနစ်ပိုင်းအတွင်း ကြောက်လန့်တကြားဖြင့် ဆေးရုံထဲ

ငှင်းပြန်ပြေးဝင်လာသည်။ ဆရာဝန်ကမေးသည်။

"ဘာဖြစ်လာတာလဲဗျ"

"လမ်းပေါ်မှာ ကြက်တွေ တွေ့လို့ဗျ"

"အဲဒါ ဘာဖြစ်လဲ၊ ခင်ဗျား ဘာကို ကြောက်စရာလိုလဲ အခုခင်ဗျားဟာ လူဖြစ်တယ် စပါးစေ့ မဟုတ်ဘူးဆိုတာ ခင်ဗျား

သိနေတာပဲ"

"ဒါပေမဲ့ ကြက်တွေ အဲဒါကို မသိဘူးခင်ဗျ"

စိုးရိမ်လို့ပါ..

ရောဂါကြီးသဖြင့် လုံးဝ မျှော်လင့်ချက်မရှိတော့သော လူနာအဖြစ် ဆရာဝန်များ လက်လျှော့ထားကြသော ကိုမေတ္တာက

ဇနီးသည်ကို ပြောသည်။

ယောက်ျား။ ။"မင်း ငါ့အပေါ် တစ်သက်လုံး သစ္စာစောင့်ခဲ့တဲ့ မိန်းမ ဖြစ်ကောင်းဖြစ်မယ်။ သစ္စာဖောက်ခဲ့တာလည်း

ဖြစ်ချင်ဖြစ်နိုင်တယ်။ ဘယ်လိုလိုပဲဖြစ်ဖြစ် ငါမသေခင် အမှန်ကို သိသွားချင်တယ်ကွာ.. ငါ့ကို

မှန်မှန်ပြောပါ။ ငါ့ကိုမင်း သစ္စာ ဖောက်ခဲ့ဖူးသလား"

မိန်းမ။ ။"မတော်တဆ ရှင်မသေရင် ဘယ့်နှယ် လုပ်မလဲ"


 "ကလေးတွေကြောင့် မဟုတ်ပါ."

တခါတုန်းကပေါ့။ စာတွေ ကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာဆရာမ မလုံလောက်၊ စာသင် အထောက်အကူပစ္စည်းတွေ မစုံလင်တဲ့ ခေတ်ဆိုပါစို့။ ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။ သိတဲ့အတိုင်း မြန်မာနိုင်ငံမှာက ဘာဝန်ကြီး ညာဝန်ကြီး ဆိုရင် လက်အုပ် ကလေးတွေချီပြီး အရိုအသေပေးကြတာပေါ့။ ဒီလိုနဲ့ အတန်းတတန်းထဲ ၀င်ကြည့်တော့ အခန်းထဲမှ ကမ္ဘာလုံးတလုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ ပညာရေးအခြေအနေ စစ်ဆေးဖို့ အကြံရလိုက်တယ်။ ဒါကြောင့် ကျောင်းသား တယောက်ကို

"ဒီကမ္ဘာလုံးကြီးဟာ ဘာလို့ နှစ်ဆယ့်သုံး နှစ်ပိုင်းတပိုင်း ဒီဂရီ တိမ်းစောင်းနေရတာလဲကွ" ဆိုပြီး မေးလိုက်ပါသတဲ့။

အမေးခံရတဲ့ ကျောင်းသားလည်း ပျာပျာသလဲနဲ့ "ဒါကျွန်တော်လုပ်တာ မဟုတ်ပါဘူး" ပြန်ဖြေလိုက်ပါတယ်။

ဝန်ကြီးလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို တော်တော်လေး စိတ်ညစ်သွားတယ်။ ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။ အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး "ကျွန်တော်က ဒီနေ့မှ ဒီအခန်းကို ပြောင်းလာတာ။ကျနော်လုပ်လာ မဟုတ်ဘူး" လို့ပြန်ဖြေတယ်။

ဝန်ကြီးလည်း ကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသ ထွက်လာတာပေါ့။ ဒါကြောင့် အနားက ကျောင်းဆရမ ဖက်လှည့်ပြီး "ဒါဘယ်လို ဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။ ဆရာမက လက်အုပ်ကလေးချီပြီး လေသံပျော့လေးနဲ့ "ဒါ ကလေးတွေ လုပ်တာမဟုတ်ပါဘူးရှင်။ ဒီကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲ စောင်းနေတာပါ" တဲ့

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဖက် လှည့်ကြည့်လိုက်ပါတယ်။ အစအဆုံး အခြေအနေကို သိနေတဲ့ ကျောင်းအုပ်ကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလို ရှင်းပြလိုက်ပါသတဲ့ဗျာ..
"၀န်ကြီးခင်ဗျာ၊ ပြောရမှာတော့ ခက်ပါတယ်။ ပွင့်ပွင့်လင်းလင်းတင်ပြရရင် ကျနော်တို့ ကျောင်းကရံပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ တိမ်းစောင်းနေတာပါ" တဲ့ဗျာ...

 နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲ

တခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတကျောင်းကို စစ်ဆေးရင်း ကျောင်းသားလေး တယောကို မေးလိုက်ပါတယ်။

"နတ်ရှင်နောင်ကို ဘယ်သူ သတ်သလဲကွ"

ကျောင်းသားလေးဟာ တော်တော်လေး ကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး "ကျ ကျနော် မသတ်ဘူး" တဲ့။

ပညာရေးအရာရှိဟာ ကလေးရဲ့ ပညာရေးအခြေအနေအပေါ် အတော်လေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင် ဆရာမကို လှည့်ကြည့်လိုက်တယ်။ အတန်းပိုင် ဆရာမလည်း ကမန်းကတမ်းနဲ့ ကျောင်းသားလေးအတွက် စိတ်ပူပြီး ကျောင်းသားလေးဖက်က ကာကွယ်ပြီး ပြောလိုက်တာက-

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာ သိပ်အေးပါတယ်ဆရာ။ ကျောင်းသားတွေ အချင်းချင်းတောင် ရန်ဖြစ်တာ မရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူးထင်ပါတယ်ရှင်" တဲ့။

စစ်ဆေးရေး အရာရှိလည်း ဘာမှ ဆက်မပြောတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။ နောက်တော့ဖြစ်ကြောင်း ကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာသင်လိုက်သတဲ့။ ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်ရှင်နောင် သေတာလည်းကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့" တဲ့ဗျာ။

ဗိုလ်ချုပ်ကြီး

အတန်းပိုင်ဆရာမက ပီတာလေးကို ဆူသည်။

"မောင်ပီတာ၊ မင်းဟာ လွန်လွန်းပြီကွယ့်၊ မနေ့က လေ့ကျင့်ဖို့လေ့ကျင့်ခန်း စာအုပ်မပါဘဲ ကျောင်းကိုလာတယ်၊ ဒီနေ့ ကျောင်းသုံးစာလုပ် ပါမလာပြန်ဘူး၊ လက်နက်မပါတဲ့ စစ်သားကို ဘယ်လိုခေါ်သလဲ သိလား"

"သိပါတယ်၊ ဗိုလ်ချုပ်ကြီး"

၂။ ဂျက်၊ ကွင်း၊ ကင်း( Jack, Queen, King)

ဆရာမက ကျောင်းသားများကို မေးသည်။
"ကလေးတို့ရေ၊ ဘုရင်စနစ် (Monarchy) ဆိုတာ ဘာလဲကွယ် သိတဲ့လူလက်ညှိုးထောင်ပါ"
ပီတာလေးလက်ညှိုးထောင်သည်။

"ဘုရင်စနစ်ဆိုတာ တိုင်းပြည်ကို ဘုရင်က အုပ်ချုပ်တဲ့ စနစ်ပါ"
"မှန်တယ်၊ ကောင်းပြီ၊ တကယ်လို့ ဘုရင်ကွယ်လွန်သွားရင်ကောကွယ်"
"အဲဒါဆို ဘုရင်မ အုပ်ချုပ်ပါလိမ့်မယ်"
"ဟုတ်ပြီ၊ ဘုရင်မလည်း ကွယ်လွန်သွားရင်ကောကွယ့်"
"အဲဒါဆို ဂျက်ပဲ ကျန်ပါမယ်"

ကိုယ်ချင်းစာကြည့်ပေါ့

ဆရာမသည် အတန်းသားများကိုခေါ်ကာ တိရစ္ဆာန်ရုံသို့သွားသည်၊ တိရစ္ဆာန်ရုံသို့ ရောက်သောအခါ ကလေးများသည် မျောက်များရှိရာဘက်သို့ ပြေးသွားကြသည်၊ သို့သော် မျောက်တစ်ကောင်ကိုမှ မတွေ့ချေ၊ သို့နှင့် ဆရာမက တိရစ္ဆာန်ရုံဝန်ထမ်းအား အကြောင်းရင်းကို မေးရာ ဌင်းက ပြောသည်။

"ဒီလိုပါ အခုချိန်ဟာ မျောက်တွေ မိတ်လိုက်တဲ့ အချိန်ပါ။ အခုလူတွေ မမြင်အောင် သူတို့ လှောင်အိမ်ထဲ ၀င်နေကြပါတယ်"

ဆရာမသည် ရှက်သွေးဖြာသွားသည်၊ သို့သော် က္ကုနြေ္ဒကို ဆယ်လိုက်ပြီး ၀န်ထမ်းကိုပြောသည်။

"ဟုတ်ကဲ့ ကျမနားလည်ပါတယ်၊ ဒါပေမယ့်ရှင်၊ ကလေးတွေက သနားပါတယ်၊ သူတို့ခမျာ မျောက်ကို တွေ့ဖူးချင်ကြလွန်းလို့ခဏခဏပူဆာနေတာနဲ့ ကျွန်မအခု ခေါ်လာတာရှင့်၊ ဌက်ပျောသီးတွေ ပစ်ပေးပြီး မျှားခေါ်ရင်ကော သူတို့ ထွက်လာမယ်ထင်သလားဟင်"

တိရစ္ဆာန်ရုံဝန်းထမ်းက ပြန်ပြောသည်။

"ကျနော်တော့ သိပ်မထင်ဘူးဗျ။ ကိုယ်ချင်းစာကြည့်ပေါ့ဆရာမရယ်"

စာကြွင်း။ ။ မောင်ကောင်းထိုက် ဟာသစာအုပ်လေးထဲက ကူးယူဖော်ပြပါတယ်.. အားလုံး ပျော်ရွှင်နိုင်ပါစေဗျာ..
အပန်းပြေသော ဟာသလေးများ (၄)

ကိုယ်ကျိုးနည်းပါပြီ

ယင်ကောင်မသည် ဆင်တကောင်နှင့် လက်ထပ်လိုက်သည်။ လက်ထပ်ပြီး နောက်တနေ့တွင် ဆင်သေသွားသည်။ ယင်ကောင်မ ငိုယိုနေသည်ကို မြင်သဖြင့် အိမ်နီးချင်းများက ဖျောင်းဖျကြသည်။

ဒီလောက်ထိ ကိုယ့်ကိုယ်ကို မညှင်းဆဲပါနဲ့ကွယ်၊ မင်းတို့ နှစ်ယောက် အတူနေခဲ့ကြရတာလဲ ကြာမှ မကြာဘဲနဲ့

မကြာတာတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် သူ့ကို မြေမြုပ်ဖို့အတွက် ကျမ တသက်လုံး တွင်းတူးရမှာရှင့် ၊ အောက်မလေး ကိုကိုဆင်ရယ် ၊ ဘယ်သူ့အားကိုးနဲ့ ကျွန်မကို တယောက်တည်း ထားခဲ့ရက်တာတုန်း၊ ဟီးးးးးးး ဟီးးးးးးးး

သနားကြပါ။

တိရစ္ဆာန်ရုံမှ ကုလားအုပ် တကောင်ပျောက်သွားသည်။ ၃-ရက်အတွင်း ဌင်းကို ရအောင် ရှာရမည်ဟု မြို့နယ်ရဲမှုးကို အထက်အာဏာပိုင်များက အမိန့်ပေးလေသည်။ ၃-ရက်ကြာသောအခါ ကုလားအုပ် တွေ့ပြီဖြစ်ကြောင်း မိမိ၏ ရုံးခန်းအတွင်း လာယူနိုင်ပါကြောင်း ရဲမှုးက အစီရင်ခံသည်။ မကြာမီ ရုံးခန်းသို့ သတင်းထောက်များ ရောက်လာကြသည်။

ကုလားအုပ်ကို ယူလာရန် မိမိ၏လက်ထောက်ကို ရဲမှုးက ပြောလိုက်သည်။ ရဲကြပ်ကြီးသည် စက္ကူပုံးလေးတခုကို အခန်းထဲသို့ ယူလာသည်။ ပုံးကို ဖွင့်လိုက်လေသည်။ ပုံးထဲတွင် ယုန်တကောင် ထိုင်နေသည်ကို တွေ့လိုက်ကြရသည်။ အံ့အားသင့်နေသော သတင်းထောက်များက မေးကြသည်။

ဘယ်မှာလဲ ကုလားအုပ်

ဤတွင် ယုန်က ရှိုက်ကြီးတငင် ငိုယိုပြီး ပြောသည်

ကျနော် ကုလားအုပ်ဖြစ်တယ်ဆိုတာ ထပ်ပြီး ၀န်ခံပါတယ် ၊ ဒါပေမဲ့ ခြေထောက်ကြီးတွေနဲ့ ကျနော့်ကို ထပ်မကန်ပါနဲ့ ခင်ဗျာ

ဝတ္တုတိုင်း ကောင်းတာမဟုတ်ဘူး

ရထားပေါ်မှ စကားဝိုင်း …….. လူတယောက်က ပြောသည်။

ကျတော့ မိန်းမ ကိုယ်ဝန်ရှိတော့ 'ကပတိန် နှစ်ယောက် စာအုပ်ဖတ်မိတယ်။ မကြာပါဘူး အမွှာပူး မွေးတာပဲ'

ဒုတိယလူက ထောက်ခံပြောသည်။

"ဟုတ်တယ် ၊ ကျုပ်မိန်းမလဲ မမွေးခင်မှာ ပျင်းလို့ဆိုပြီး 'လူစွမ်းကောင်း သုံးယောက်' စာအုပ်ဖတ်တယ်၊ မွေးတော့ သုံးမွှာပူးဗျ"

တတိယလူ၏ မျက်နှာသည် ဖြူဖတ်ဖြူရော်ဖြစ်ပြီး ရေတောင်းသောက်သည်။

"ဟေ့လူ ဘာဖြစ်တာလဲ ၊ နေမကောင်းဘူးလား"

"ကျနော့် မိန်းမ ရက်စေ့လစေ့ ဖြစ်နေပြီ၊ တလောကပဲ သူ "အလီဘာဘာနဲ့ ခိုးသားလေးဆယ်"ကို ဖတ်ထားတယ်ဗျာ"

မထူးပါဘူး

ငရဲ နှင့် နတ်ပြည်သွားမည့် တံခါးပေါက်ရှေ့တွင် မိန်းမအားလုံးကို သိကြားမင်းက စုစည်းစေသည်။

"အားလုံးတန်းစီလိုက်ကြစမ်း၊ ကိုင်း ဟုတ်ပြီ၊ ကိုယ်ယောက်ျားကို တကြိမ်တခါလောက်မှ သစ္စာမဖောက်ခဲ့တဲ့သူ ရှေ့တလှမ်းတိုးစမ်း"

မိန်းမအားလုံးလိုလို ရှေ့တိုးလိုက်ကြသည်။ သစ္စာရှိသော မိန်းမတစ်ဦးသာ နေရာမှ မရွှေ့ဘဲ ရပ်နေသည်။ သိကြားမင်းက အမိန့်ပေးလိုက်သည်။

"အားလုံးကို ငရဲပြည်ပို့လိုက်၊ ဟိုဆွံ့အ နားမကြားတယောက်ကိုပါ ပို့လိုက်"

ငါမရူးဘူး

စိတ်ရောဂါ အထူးကု ဆေးရုံကြီတွင် ဖြစ်သည်။ ဆေးကော်မတီရှင်က လူနာတို့၏ အခြေအနေကို အောက်ပါအတိုင်း စစ်ဆေးသည်။ လူနာများကို ငါးမျှားတံ တစ်ချောင်းစီ ပေးကာ ရေဆွဲအိမ်သာတစ်ခုစီ၏ ရှေ့တွင်ထိုင်ခိုင်းသည်။ ထိုနောက် တယောက်ချင်းစီထံ သွားကာ ငါးတွတ်လားဟု မေးလေသည်။ လူနာအားလုံးလိုလိုက ငါးတွတ်ကြောင်းပြန်ပြောလေသည်။ တစ်ဦးကသာ ငါးမတွတ်ကြောင်း ပြန်ပြောလေသည်။ ဆေးကော်မတီအဖွဲ့ဝင်များ အစည်းအဝေးလုပ်ကာ ငါးမတွတ်ဟု ဖြေသော လူနာကိုသာ လူကောင်းအဖြစ် သတ်မှတ်ပြီး ဆေးရုံမှ ဆင်းခွင့်ပြုရန် ဆုံးဖြတ်လိုက်ကြသည်။

ထိုလူနာဆေးရုံမှ မဆင်းမီ အခန်းဖော်များက ၎င်းအားမေးလေသည်။

"ခင်ဗျားက ဘာလို့ ငါးမတွတ်ဘူးလို့ ဖြေရတာတုန်း"

လူနာက ပြန်ပြောလေသည်

"ငါးတွတ်တဲ့နေရာကို သူတို့ကိုပြောရအောင် ကျနော် အရူးမှ မဟုတ်တာဘဲ"

မျဉ်းပြိုင်များ


ဟိတောပဒေသတက်တုန်းက မှတ်ခဲ့ဖူးတဲ့ စာသားလေးပါ “အသမ္ဘာဗျံ န ၀တ္တဗ္ဗံ၊ ပစ္စက္ခမပိ ပဿိတံ” တဲ့ အဓိပ္ပာယ်ကတော့ ဘယ်လောက်ပင် မျက်မြင်ကိုယ်တွေ့ဖြစ်နေပါစေတဲ့ ပတ်ဝန်းကျင်က မယုံကြည့်နိုင် လောက်တဲ့ စကားမျိုးဆိုရင် မပြောရဘူးတဲ့။ ပြောမယုံကြုံဖူးမှသိဆိုတဲ့ စကားလိုပါပဲ ကိုယ်တွေ့အဖြစ်အပျက် လေးကြုံလိုက်တော့မှ ခံစားတတ်သွားပါတယ်။ ခံစားဖူးတော့ ကိုယ်ချင်းလည်း စာတတ်သွားသလိုပါပဲ။ ဒီလိုပါ…။

သီဟိုဠ်ကိုရောက်တော့ တက္ကသိုလ်ကို တစ်ပါတ်မှာလေးရက်သွားရပါတယ်။ သွားရတဲ့ လေးရက်လုံး ကလဲ နေ့ခင်းပိုင်းတွေပါ့။ နေ့ခင်း 12 နာရီခွဲဆိုရင် စပြီးကျောင်းသွားရပါပြီ ဒါမှလည်း 1 နာရီမှာ စမည့်သင်တန်းချိန်ကို မှီမှာပါ။ ဒါကြောင့်မို့ နေ့တိုင်းလိုလို နေ့ခင်း 12 နာရီခွဲပြီဆိုတာနဲ့ ကျောင်းသွားတဲ့ လုပ်ငန်းစဉ်ကို လုပ်ရပါတယ်။ သီဟိုဠ်ရဲ့ ထုံးစံအတိုင်း နေ့ခင်းကျောင်းသွား ချိန်ဆိုရင် သူတို့ရဲ့ တန်းကျောင်းတွေကလည်း ဆင်းတဲ့အချိန်ဆိုတော့ ကားအရမ်းရှုပ်ပါတယ်။ traffic အချိန်တော်တော်ကြာ ပါတယ်။ လမ်းမှာမြင်တွေ့နေရတဲ့ ရှုခင်းတွေကလည်း နေ့စဉ်ရက်ဆက်ဆိုတော့ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် အထူးအဆန်းမဟုတ်တာတွေထဲကမှ ထူးဆန်းနေတဲ့ ရှုခင်းလေးတခု ကတော့ ဘယ်နေရာပဲရောက်ရောက်၊ ဘာကောင်ကြီးပဲဖြစ်ဖြစ်၊ ဘာတွေကိုပဲ လုပ်နေလုပ်နေ ကိုယ့်ရင်ထဲ မှာတော့ မေ့ဖျောက်နိုင်မည်မဟုတ်ပေ။ ထိုအရာကား school service car ပေါ်က ငါးနှစ်ခြောက်နှစ် အရွယ်ကလေးတွေရဲ့ ကိုယ့်ကိုမြင်ပြီဆိုတာနဲ့ လက်အုပ်ကလေးချီပြီး "ဆာဓု….ဆာဓု….ဆာဓု…." လို့ အော်အော်သွားတာလေးတွေပေါ့။ တခါတရံ ကားချင်းဘေးချင်းယှဉ်ရပ်မိပြီဆိုရင် ကိုယ့်ကို လှမ်းကြည့်ရင်း ပြုံးလို့ ပျော်လို့ ကလေးတွေရဲ့သဘာဝအတိုင်း အပူအပင်ကင်းတဲ့ဟန်၊ နွေးထွေးမှုပြည့်ဝတဲ့ အပြုံးလေးတွေနဲ့ပေါ့။ သူတို့လေးတွေရဲ့ ဆာဓု ဆာဓု ဆာဓု လုပ်သွားလိုက်တဲ့ အချိန်တိုင်းအချိန်တိုင်းလည်း ကိုယ့်ရင်ထဲမှာ ကြည်နူးမှုရနေသည်သာကတော့ အမှန်ပင်။ ကိုယ်မှလားဆိုတော့ကား မဟုတ်ပေ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေရဲ့ သန္တာန်မှာလည်း အပြုံးရိပ်တွေ သန်းနေကြပါတယ်။ ဂုဏ်ယူနေသည်လား၊ ကြွားနေသည်လားဆိုသည်ကိုတော့ တပ်အပ်မခန့်မှန်းနိုင်ချေ။ ထိုကျောင်းသားကျောင်းသူကလေးလေးတွေရဲ့ စိတ်ထဲမှာတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် ရှိခိုးပြီး ဆာဓုလုပ်ရမယ်ဆိုတဲ့ အသိထက်ပိုတဲ့ သမဏာနဉ္စ ဒဿနဆိုတာကိုလည်းသိမည်မဟုတ်။ "အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ" ဆိုတာကိုလည်း နားလည်မည်မဟုတ်ပေ။ အဲဒိလို မသိပင် မသိငြားသော်လည်း ဗုဒ္ဓဘာသာအပေါ်ထားသည့် သူတို့လေးတွေရဲ့ သဒ္ဓါတရားကတော့ အရွယ်နှင့်ပင် မလိုက်ဖက်ပေဟု ဆိုရမည်ပင်။ ချီးကျူးထိုက်ပါပေစွ အလင်္ကာရဲ့ မျိုးဆက်သစ်တွေ။

ဒီလိုနှင့် တစ်နှစ်ကျောင်းတက်အပြီး ကျောင်းအားလပ်ရက်တွေမှာတော့ အမိမြန်မာပြည် ကို ခေတ္တခဏ အလည်ပြန်သွားဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာနေတုန်းကလည်း ကိုယ်က မြို့မှာအနေများတာ ဆိုတော့ မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမတွေနဲ့က သိပ်ကို မတွေ့ဖြစ်ပါဘူး။ ဒါကြောင့် တွေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့သူပါ။ ဖြစ်ချင်တော့ ရောက်ရောက်ပြီးချင်းဆိုသလိုပါပဲ။ အမေကြီးကို တွေ့ ချင်လို့ဆိုပြီး သူတို့အိမ်ကို အသွားပေါ့။ အဲဒိမှာအိမ်မှာက ဦးလေးရဲ့သား ငါးနှစ်လောက်ရှိပြီဖြစ်တဲ့ ညီဝမ်း ကွဲလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ ကိုယ်လည်း ကိုယ့်ညီဆိုတော့ ပြုံးပြလိုက်တာပေါ့။ ဒါပေမယ့် သူကတော့ ကိုယ့်ကို မသိသလိုမျိုးဘဲ။ ဘယ်သိမလဲ သူနှစ်နှစ်သားလောက်ကမှ အဲဒိကို တစ်ခေါက်ရောက်ဖြစ်တာ အခုမှတစ်ခေါက်ပြန်လာတာဆိုတော့ ဘယ်မှတ်မိပါ့မလဲ။ အဲဒိမှာ သူပြောလိုက်တဲ့ မှတ်သားစရာ စကားလေးတွေက “ဟေ့ကောင် ငါတို့အိမ်မလာနဲ့ တို့အဖေနဲ့အမေ မရှိဘူး တောထဲသွားတယ်”ဆိုပြီး ပြောပါတယ်။ ကိုယ်လည်း ဖာသိဖာသာပါပဲ အိမ်ထဲလည်း ၀င်ထိုင် လိုက်ရော အမေကြီးဖြစ်တဲ့ သူကို လှမ်းခေါ်ပါရော။ “အမေကြီး အမေကြီး” ဆိုတော့ အမေကြီးလုပ်တဲ့ သူက “ဘာတုန်း”ပေါ့။ အဲဒီမှာ ကလေးကဆက်ပြီးပြောပါတယ်။ “ဒီကောင့်ကို ပြန်ခိုင်းလို့လဲမရဘူး၊ အခု အိမ်ထဲဝင် ထိုင်နေပြီ”တဲ့ အဲဒိတော့မှ အမေကြီးလုပ်တဲ့သူကလဲ မီးဖိုးချောင်ဘက်ကနေ ပြာယိပြာယာနဲ့ ထွက်လာပြီး “ဟဲ့ ဘယ်သူတုန်း ဘယ်မှာတုန်း”ဆိုတော့ “ဟော..ဟိုမှာထိုင်နေတာ မတွေ့ဘူးလား” ဆိုပြီး လက်ညှိုးထိုးပြပါတယ်။ အဲဒိရောက်တော့မှ အမေကြီးက မြင်ပြီး “အယ် အဲဒိလို မပြောရဘူး။ ငရဲကြီးတတ်တယ်။ အဲဒါ မင်းတို့ အကိုကြီး” ဆိုပြီး ပြောပြပါတယ်။ သူ့ပုံကြည့်ရတာ သိပ်သဘောကျ ပုံတော့မရပေ။ အမေကြီးက ပြောလို့သာ လက်ခံလိုက်ရတဲ့ပုံမျိုးနဲ့ တခြားအိမ်ဘက်ကိုထွက်ပါတယ်။ 

ကိုယ်လည်း ခေါင်းထဲမှာအတွေးတွေဆို အတန်းစီပြီးတော့ကို ထွက်လာပါတယ်။ ဒီလိုနဲ့ မီးခိုးကြွက်လျှောက်ဆိုသလို လိုက်ပြီး နှိုင်းယှဉ်ကြည့်မိပါတယ်။ သီဟိုဠ်မှာ မြင်တွေ့ရတဲ့ ကလေးတွေရဲ့ အနေအထား၊ အမူအရာ စတာတွေနဲ့ အခု ကိုယ့်ပြည် ကိုယ့်ရွာမှာတွေ့လိုက်ရတဲ့ကိုယ့်ရဲ့ ညီဝမ်းကွဲဆိုတဲ့ ကလေးရဲ့ အနေအထား၊ အမူအရာ စတာတွေကိုပေါ့။ ဘာကြောင့် ဒီလောက်ကွာသွားရတာလဲပေါ့။ ဒီကလေးလည်း ကျောင်းနေနေပြီပဲဟာကို အနည်းဆုံးတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် အရိုအသေပေးရ မယ်ဆိုတာကိုကျောင်းက ဆရာဆရာမတွေကလည်း သင်ပြပေးမှာပါ။ နောက်ပြီး သူ့ရဲ့မိဘတွေကလည်း သင်ပြပေးမှာပါပေါ့။ ကိုယ်လည်း ဒီအသိုင်းအ၀ိုင်းကပေါက်ဖွားလာတာပဲ ဒီလောက်တော့ မဖြစ်ခဲ့ဖူးပါဘူးပေါ့ စသဖြင့်စသဖြင့် တွေးနေမိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းကဆို အခုလို ကျောင်းပိတ် တဲ့အချိန်တိုင်းအချိန်တိုင်း ရွာက ဘုန်းကြီးကျောင်းမှာ ယဉ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းတွေ တက်ရတဲ့အ တွက် ဒီအကြောင်းကတော့ သိပြီးသားတွေပေါ့။ မှတ်မှတ်ရရပါ ကိုယ်တို့ငယ်ငယ်တုန်းက ၀င်းဦးကားထဲမှာ ဗိမ္ဗိသာရမင်း ခြေဖ၀ါးကို ဓားနဲ့ အခွဲခံရတဲ့အခန်းရောက်တော့ ကြောက်လိုက်တာများ မပြော ပါနဲ့။ ကြောက်တာပေါ့ အရှင်လတ်လတ်ကြီးကို ဓားနဲ့ခွဲတာကိုး။ အဲဒိတုန်းက အမေက ပြောဖူးတယ်။ အဲဒါ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ဖိနပ်စီးလို့ ခြေဖ၀ါး ဓားနဲ့ အခွဲခံရတာတဲ့။ အဲဒိလို မဖြစ်ချင်ဘူးဆိုရင် ဘုန်းကြီးကျောင်းဝိုင်းထဲကို ဖိနပ်မစီးရဘူးဆိုပြီး ပြောပြထားတာ။  ကြောက်တာဆိုတော့ ဘယ်စီးရဲမလဲ ငယ်ငယ်တုန်းကပေါ့။ နဲနဲလေး ကြီးလာတော့မှ သိသွားတာ ဘုန်းကြီးကျောင်းထဲမှာ ဖိနပ်စီးချင်ရင် ဘုန်းကြီးဝတ်ရတယ်ဆိုတော့ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးချင်တာနဲ့ ဘုန်းကြီးဘ၀ရောက်သွားပါလေရော။ အဲဒိအချိန်ကနေစပြီး ရပ်နဲ့ရွာနဲ့ ဝေးပြီးရင်း ဝေးရင်း ဖြစ်လာလိုက်တာ အခုလို တခြားတိုင်းပြည် ကို ရောက်တဲ့အထိပါပဲ။

ဟုတ်ပါပြီ။ အခုရွာက ကလေးတွေ ဘာလို့ အဲဒိလိုဖြစ်နေတာလဲဆိုတာကို တကယ်တမ်းပြန်ပြီး ဆန်းစစ်ကြည့်လိုက်မိတဲ့အခါမှာတော့ နောက်ဆုံး ကိုယ့်ပေါင်ကို လှန်ထောင်းနေသလိုပါပဲ။ ကိုယ်လည်း မြို့တက်ပြီး စာတွေပေတွေသာ သင်ထားတာ ကိုယ့်ရပ်ကိုယ်ရွာအတွက် အနည်းဆုံး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆိုတာကိုလည်း အခုအချိန်အထိကို တခါဆိုမှ တခါမှကို မသင်ပေးဖူးသေးပါဘူး။ ဘယ်အတန်းအောင်ပြီးရင် ဘယ်အတန်းအောင်ရမယ်။ ဘယ်ဘွဲ့ရပြီးရင် ဘယ်ဘွဲ့ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲလျှောက်သွားနေလိုက်တာ အခုတော့ ကိုယ့်အိမ်မှာကို အခြေအနေတော်တော်ဆိုးနေတဲ့ အနေအထားကိုပင် ရောက်ခဲ့လေပြီ။ စဉ်းစားမိပါတယ် တခါတခါ ကိုယ့်အတွက်ချည်းပဲ လုပ်လုပ်နေတာ ဆိုတော့ တကိုယ်ကောင်းများဆန်နေပြီးလားပေါ့။ တကယ်လို့ အဲဒိလို တကိုယ်ကောင်းဆန်တယ်ဆိုရင်လည်း အဲဒါက အများအတွက် ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီးလည်း ပြန်ပြန်တွေးမိပါတယ်။ 

ဒီလိုအချိန်မျိုးမှာ သီဟိုဠ်က ဗုဒ္ဓဘာသာဝင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကျောင်းသားကျောင်းသူမှန်ရင် တနင်္ဂနွေနေ့တိုင်း ဘုန်းကြီးကျောင်းသွားပြီး ဗုဒ္ဓဘာသာသင်ခန်းစာတွေ ကိုသင်ယူရတယ်ဆိုတဲ့ အကြောင်းတွေ၊ ကလေးလေးပင်ဖြစ်လင့်ကစား ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းလာပြီး ဥပုသ်စောင့်ကြတဲ့ အကြောင်းတွေကို ကိုယ့်ရွာက ကလေးတွေကို ပြန်ပြောပြရင် ယုံမှ ယုံကြည်နိုင်ပါ့မလား၊ လက်ရောခံနိုင်ပါ့ မလားဆိုတာကို တွေးရင်း တွေးရင်းနှင့်ပင်။ အမည်မသိ စာဆိုတစ်ဦးရေးထားခဲ့တဲ့ ကဗျာလေးကိုပင် သတိရမိပါတော့သည်။

စာပေ ပရိယတ် ကျမ်းဂန် တတ်မှ
မြင့်မြတ် ပေမည် ကြံတွေး ရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါတယ်ဘုရား…….။

ဖခမည်းနှင့် သားကြီးမယ်တော်
နေ့စဉ်မျှော်၍.........
ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက် နေရပါတယ်ဘုရား……..။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားရိုက် ကစားလိုက်နှင့်
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည်
တွေးရင်း ရင်လေးမိပါတယ်ဘုရား.....။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား.........။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင် ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိကင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်နိုင်ပါလိမ့်
ပင်သာသက်သက် ခက်လက်မဖြာ
သာသနာသည် ရောင်ဝါမလင်းနိုင်တော့ပါဘုရား………။

သာသနာရင်းမြစ် တောကဖြစ်လျှက်
တောပစ် မြို့ပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်၍
လျှင်လျှင်မြန်မြန် တောရပ်ထံသို့
ပြန်ကြွခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား........။
(အမည်မသိ စာဆို)

ဗုဒ္ဓသာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော= ငါသည် ဗုဒ္ဓသာသနာ၏ တာဝန်ကို မချွတ်ဧကန် ထမ်းဆောင်ရမည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More