Tuesday, June 28, 2011

မျဉ်းပြိုင်များ


ဟိတောပဒေသတက်တုန်းက မှတ်ခဲ့ဖူးတဲ့ စာသားလေးပါ “အသမ္ဘာဗျံ န ၀တ္တဗ္ဗံ၊ ပစ္စက္ခမပိ ပဿိတံ” တဲ့ အဓိပ္ပာယ်ကတော့ ဘယ်လောက်ပင် မျက်မြင်ကိုယ်တွေ့ဖြစ်နေပါစေတဲ့ ပတ်ဝန်းကျင်က မယုံကြည့်နိုင် လောက်တဲ့ စကားမျိုးဆိုရင် မပြောရဘူးတဲ့။ ပြောမယုံကြုံဖူးမှသိဆိုတဲ့ စကားလိုပါပဲ ကိုယ်တွေ့အဖြစ်အပျက် လေးကြုံလိုက်တော့မှ ခံစားတတ်သွားပါတယ်။ ခံစားဖူးတော့ ကိုယ်ချင်းလည်း စာတတ်သွားသလိုပါပဲ။ ဒီလိုပါ…။

သီဟိုဠ်ကိုရောက်တော့ တက္ကသိုလ်ကို တစ်ပါတ်မှာလေးရက်သွားရပါတယ်။ သွားရတဲ့ လေးရက်လုံး ကလဲ နေ့ခင်းပိုင်းတွေပါ့။ နေ့ခင်း 12 နာရီခွဲဆိုရင် စပြီးကျောင်းသွားရပါပြီ ဒါမှလည်း 1 နာရီမှာ စမည့်သင်တန်းချိန်ကို မှီမှာပါ။ ဒါကြောင့်မို့ နေ့တိုင်းလိုလို နေ့ခင်း 12 နာရီခွဲပြီဆိုတာနဲ့ ကျောင်းသွားတဲ့ လုပ်ငန်းစဉ်ကို လုပ်ရပါတယ်။ သီဟိုဠ်ရဲ့ ထုံးစံအတိုင်း နေ့ခင်းကျောင်းသွား ချိန်ဆိုရင် သူတို့ရဲ့ တန်းကျောင်းတွေကလည်း ဆင်းတဲ့အချိန်ဆိုတော့ ကားအရမ်းရှုပ်ပါတယ်။ traffic အချိန်တော်တော်ကြာ ပါတယ်။ လမ်းမှာမြင်တွေ့နေရတဲ့ ရှုခင်းတွေကလည်း နေ့စဉ်ရက်ဆက်ဆိုတော့ ကိုယ့်အတွက်တော့ အထူးအဆန်းမဟုတ်တော့ပေ။ သို့သော် အထူးအဆန်းမဟုတ်တာတွေထဲကမှ ထူးဆန်းနေတဲ့ ရှုခင်းလေးတခု ကတော့ ဘယ်နေရာပဲရောက်ရောက်၊ ဘာကောင်ကြီးပဲဖြစ်ဖြစ်၊ ဘာတွေကိုပဲ လုပ်နေလုပ်နေ ကိုယ့်ရင်ထဲ မှာတော့ မေ့ဖျောက်နိုင်မည်မဟုတ်ပေ။ ထိုအရာကား school service car ပေါ်က ငါးနှစ်ခြောက်နှစ် အရွယ်ကလေးတွေရဲ့ ကိုယ့်ကိုမြင်ပြီဆိုတာနဲ့ လက်အုပ်ကလေးချီပြီး "ဆာဓု….ဆာဓု….ဆာဓု…." လို့ အော်အော်သွားတာလေးတွေပေါ့။ တခါတရံ ကားချင်းဘေးချင်းယှဉ်ရပ်မိပြီဆိုရင် ကိုယ့်ကို လှမ်းကြည့်ရင်း ပြုံးလို့ ပျော်လို့ ကလေးတွေရဲ့သဘာဝအတိုင်း အပူအပင်ကင်းတဲ့ဟန်၊ နွေးထွေးမှုပြည့်ဝတဲ့ အပြုံးလေးတွေနဲ့ပေါ့။ သူတို့လေးတွေရဲ့ ဆာဓု ဆာဓု ဆာဓု လုပ်သွားလိုက်တဲ့ အချိန်တိုင်းအချိန်တိုင်းလည်း ကိုယ့်ရင်ထဲမှာ ကြည်နူးမှုရနေသည်သာကတော့ အမှန်ပင်။ ကိုယ်မှလားဆိုတော့ကား မဟုတ်ပေ။ ကားပေါ်မှာပါလာတဲ့ တခြားခရီးသည်တွေရဲ့ သန္တာန်မှာလည်း အပြုံးရိပ်တွေ သန်းနေကြပါတယ်။ ဂုဏ်ယူနေသည်လား၊ ကြွားနေသည်လားဆိုသည်ကိုတော့ တပ်အပ်မခန့်မှန်းနိုင်ချေ။ ထိုကျောင်းသားကျောင်းသူကလေးလေးတွေရဲ့ စိတ်ထဲမှာတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် ရှိခိုးပြီး ဆာဓုလုပ်ရမယ်ဆိုတဲ့ အသိထက်ပိုတဲ့ သမဏာနဉ္စ ဒဿနဆိုတာကိုလည်းသိမည်မဟုတ်။ "အဘိဝါဒန သီလိဿ၊ နိစ္စံ ၀ုဍ္ဎ ပစာယိနော၊ စတ္တာရော ဓမ္မာဝဍ္ဎန္တိ၊ အာယု ၀ဏ္ဏော သုခံ ဗလံ" ဆိုတာကိုလည်း နားလည်မည်မဟုတ်ပေ။ အဲဒိလို မသိပင် မသိငြားသော်လည်း ဗုဒ္ဓဘာသာအပေါ်ထားသည့် သူတို့လေးတွေရဲ့ သဒ္ဓါတရားကတော့ အရွယ်နှင့်ပင် မလိုက်ဖက်ပေဟု ဆိုရမည်ပင်။ ချီးကျူးထိုက်ပါပေစွ အလင်္ကာရဲ့ မျိုးဆက်သစ်တွေ။

ဒီလိုနှင့် တစ်နှစ်ကျောင်းတက်အပြီး ကျောင်းအားလပ်ရက်တွေမှာတော့ အမိမြန်မာပြည် ကို ခေတ္တခဏ အလည်ပြန်သွားဖြစ်ခဲ့ပါတယ်။ မြန်မာပြည်မှာနေတုန်းကလည်း ကိုယ်က မြို့မှာအနေများတာ ဆိုတော့ မိဘ ဘိုးဘွား ညီအစ်ကို မောင်နှမတွေနဲ့က သိပ်ကို မတွေ့ဖြစ်ပါဘူး။ ဒါကြောင့် တွေ့ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပြန်လာခဲ့သူပါ။ ဖြစ်ချင်တော့ ရောက်ရောက်ပြီးချင်းဆိုသလိုပါပဲ။ အမေကြီးကို တွေ့ ချင်လို့ဆိုပြီး သူတို့အိမ်ကို အသွားပေါ့။ အဲဒိမှာအိမ်မှာက ဦးလေးရဲ့သား ငါးနှစ်လောက်ရှိပြီဖြစ်တဲ့ ညီဝမ်း ကွဲလေးတစ်ယောက်ကို တွေ့လိုက်ပါတယ်။ ကိုယ်လည်း ကိုယ့်ညီဆိုတော့ ပြုံးပြလိုက်တာပေါ့။ ဒါပေမယ့် သူကတော့ ကိုယ့်ကို မသိသလိုမျိုးဘဲ။ ဘယ်သိမလဲ သူနှစ်နှစ်သားလောက်ကမှ အဲဒိကို တစ်ခေါက်ရောက်ဖြစ်တာ အခုမှတစ်ခေါက်ပြန်လာတာဆိုတော့ ဘယ်မှတ်မိပါ့မလဲ။ အဲဒိမှာ သူပြောလိုက်တဲ့ မှတ်သားစရာ စကားလေးတွေက “ဟေ့ကောင် ငါတို့အိမ်မလာနဲ့ တို့အဖေနဲ့အမေ မရှိဘူး တောထဲသွားတယ်”ဆိုပြီး ပြောပါတယ်။ ကိုယ်လည်း ဖာသိဖာသာပါပဲ အိမ်ထဲလည်း ၀င်ထိုင် လိုက်ရော အမေကြီးဖြစ်တဲ့ သူကို လှမ်းခေါ်ပါရော။ “အမေကြီး အမေကြီး” ဆိုတော့ အမေကြီးလုပ်တဲ့ သူက “ဘာတုန်း”ပေါ့။ အဲဒီမှာ ကလေးကဆက်ပြီးပြောပါတယ်။ “ဒီကောင့်ကို ပြန်ခိုင်းလို့လဲမရဘူး၊ အခု အိမ်ထဲဝင် ထိုင်နေပြီ”တဲ့ အဲဒိတော့မှ အမေကြီးလုပ်တဲ့သူကလဲ မီးဖိုးချောင်ဘက်ကနေ ပြာယိပြာယာနဲ့ ထွက်လာပြီး “ဟဲ့ ဘယ်သူတုန်း ဘယ်မှာတုန်း”ဆိုတော့ “ဟော..ဟိုမှာထိုင်နေတာ မတွေ့ဘူးလား” ဆိုပြီး လက်ညှိုးထိုးပြပါတယ်။ အဲဒိရောက်တော့မှ အမေကြီးက မြင်ပြီး “အယ် အဲဒိလို မပြောရဘူး။ ငရဲကြီးတတ်တယ်။ အဲဒါ မင်းတို့ အကိုကြီး” ဆိုပြီး ပြောပြပါတယ်။ သူ့ပုံကြည့်ရတာ သိပ်သဘောကျ ပုံတော့မရပေ။ အမေကြီးက ပြောလို့သာ လက်ခံလိုက်ရတဲ့ပုံမျိုးနဲ့ တခြားအိမ်ဘက်ကိုထွက်ပါတယ်။ 

ကိုယ်လည်း ခေါင်းထဲမှာအတွေးတွေဆို အတန်းစီပြီးတော့ကို ထွက်လာပါတယ်။ ဒီလိုနဲ့ မီးခိုးကြွက်လျှောက်ဆိုသလို လိုက်ပြီး နှိုင်းယှဉ်ကြည့်မိပါတယ်။ သီဟိုဠ်မှာ မြင်တွေ့ရတဲ့ ကလေးတွေရဲ့ အနေအထား၊ အမူအရာ စတာတွေနဲ့ အခု ကိုယ့်ပြည် ကိုယ့်ရွာမှာတွေ့လိုက်ရတဲ့ကိုယ့်ရဲ့ ညီဝမ်းကွဲဆိုတဲ့ ကလေးရဲ့ အနေအထား၊ အမူအရာ စတာတွေကိုပေါ့။ ဘာကြောင့် ဒီလောက်ကွာသွားရတာလဲပေါ့။ ဒီကလေးလည်း ကျောင်းနေနေပြီပဲဟာကို အနည်းဆုံးတော့ ဘုန်းကြီးရဟန်းသံဃာမြင်ရင် အရိုအသေပေးရ မယ်ဆိုတာကိုကျောင်းက ဆရာဆရာမတွေကလည်း သင်ပြပေးမှာပါ။ နောက်ပြီး သူ့ရဲ့မိဘတွေကလည်း သင်ပြပေးမှာပါပေါ့။ ကိုယ်လည်း ဒီအသိုင်းအ၀ိုင်းကပေါက်ဖွားလာတာပဲ ဒီလောက်တော့ မဖြစ်ခဲ့ဖူးပါဘူးပေါ့ စသဖြင့်စသဖြင့် တွေးနေမိပါတယ်။ ဟုတ်ပါတယ်။ ကိုယ်တို့ ငယ်ငယ်တုန်းကဆို အခုလို ကျောင်းပိတ် တဲ့အချိန်တိုင်းအချိန်တိုင်း ရွာက ဘုန်းကြီးကျောင်းမှာ ယဉ်ကျေးမှုဗုဒ္ဓဘာသာသင်တန်းတွေ တက်ရတဲ့အ တွက် ဒီအကြောင်းကတော့ သိပြီးသားတွေပေါ့။ မှတ်မှတ်ရရပါ ကိုယ်တို့ငယ်ငယ်တုန်းက ၀င်းဦးကားထဲမှာ ဗိမ္ဗိသာရမင်း ခြေဖ၀ါးကို ဓားနဲ့ အခွဲခံရတဲ့အခန်းရောက်တော့ ကြောက်လိုက်တာများ မပြော ပါနဲ့။ ကြောက်တာပေါ့ အရှင်လတ်လတ်ကြီးကို ဓားနဲ့ခွဲတာကိုး။ အဲဒိတုန်းက အမေက ပြောဖူးတယ်။ အဲဒါ ဘုန်းကြီးကျောင်းဝိုင်းထဲမှာ ဖိနပ်စီးလို့ ခြေဖ၀ါး ဓားနဲ့ အခွဲခံရတာတဲ့။ အဲဒိလို မဖြစ်ချင်ဘူးဆိုရင် ဘုန်းကြီးကျောင်းဝိုင်းထဲကို ဖိနပ်မစီးရဘူးဆိုပြီး ပြောပြထားတာ။  ကြောက်တာဆိုတော့ ဘယ်စီးရဲမလဲ ငယ်ငယ်တုန်းကပေါ့။ နဲနဲလေး ကြီးလာတော့မှ သိသွားတာ ဘုန်းကြီးကျောင်းထဲမှာ ဖိနပ်စီးချင်ရင် ဘုန်းကြီးဝတ်ရတယ်ဆိုတော့ ဘုန်းကြီးကျောင်းထဲ ဖိနပ်စီးချင်တာနဲ့ ဘုန်းကြီးဘ၀ရောက်သွားပါလေရော။ အဲဒိအချိန်ကနေစပြီး ရပ်နဲ့ရွာနဲ့ ဝေးပြီးရင်း ဝေးရင်း ဖြစ်လာလိုက်တာ အခုလို တခြားတိုင်းပြည် ကို ရောက်တဲ့အထိပါပဲ။

ဟုတ်ပါပြီ။ အခုရွာက ကလေးတွေ ဘာလို့ အဲဒိလိုဖြစ်နေတာလဲဆိုတာကို တကယ်တမ်းပြန်ပြီး ဆန်းစစ်ကြည့်လိုက်မိတဲ့အခါမှာတော့ နောက်ဆုံး ကိုယ့်ပေါင်ကို လှန်ထောင်းနေသလိုပါပဲ။ ကိုယ်လည်း မြို့တက်ပြီး စာတွေပေတွေသာ သင်ထားတာ ကိုယ့်ရပ်ကိုယ်ရွာအတွက် အနည်းဆုံး ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းဆိုတာကိုလည်း အခုအချိန်အထိကို တခါဆိုမှ တခါမှကို မသင်ပေးဖူးသေးပါဘူး။ ဘယ်အတန်းအောင်ပြီးရင် ဘယ်အတန်းအောင်ရမယ်။ ဘယ်ဘွဲ့ရပြီးရင် ဘယ်ဘွဲ့ရရမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ပဲလျှောက်သွားနေလိုက်တာ အခုတော့ ကိုယ့်အိမ်မှာကို အခြေအနေတော်တော်ဆိုးနေတဲ့ အနေအထားကိုပင် ရောက်ခဲ့လေပြီ။ စဉ်းစားမိပါတယ် တခါတခါ ကိုယ့်အတွက်ချည်းပဲ လုပ်လုပ်နေတာ ဆိုတော့ တကိုယ်ကောင်းများဆန်နေပြီးလားပေါ့။ တကယ်လို့ အဲဒိလို တကိုယ်ကောင်းဆန်တယ်ဆိုရင်လည်း အဲဒါက အများအတွက် ဟုတ်မှ ဟုတ်ပါ့မလားဆိုပြီးလည်း ပြန်ပြန်တွေးမိပါတယ်။ 

ဒီလိုအချိန်မျိုးမှာ သီဟိုဠ်က ဗုဒ္ဓဘာသာဝင်ဟုတ်ဟုတ် မဟုတ်ဟုတ် ကျောင်းသားကျောင်းသူမှန်ရင် တနင်္ဂနွေနေ့တိုင်း ဘုန်းကြီးကျောင်းသွားပြီး ဗုဒ္ဓဘာသာသင်ခန်းစာတွေ ကိုသင်ယူရတယ်ဆိုတဲ့ အကြောင်းတွေ၊ ကလေးလေးပင်ဖြစ်လင့်ကစား ဥပုသ်နေ့တိုင်း ဘုန်းကြီးကျောင်းလာပြီး ဥပုသ်စောင့်ကြတဲ့ အကြောင်းတွေကို ကိုယ့်ရွာက ကလေးတွေကို ပြန်ပြောပြရင် ယုံမှ ယုံကြည်နိုင်ပါ့မလား၊ လက်ရောခံနိုင်ပါ့ မလားဆိုတာကို တွေးရင်း တွေးရင်းနှင့်ပင်။ အမည်မသိ စာဆိုတစ်ဦးရေးထားခဲ့တဲ့ ကဗျာလေးကိုပင် သတိရမိပါတော့သည်။

စာပေ ပရိယတ် ကျမ်းဂန် တတ်မှ
မြင့်မြတ် ပေမည် ကြံတွေး ရည်၍
ထိုဤ မြို့သို့ သားတော်ပို့သည်
လွမ်းလို့ နေရပါတယ်ဘုရား…….။

ဖခမည်းနှင့် သားကြီးမယ်တော်
နေ့စဉ်မျှော်၍.........
ပေါ်လာလိမ့်နိုး လာလိမ့်နိုးဖြင့်
လက်ချိုးရေတွက် နေရပါတယ်ဘုရား……..။

မြေးသားနုထွေး ငယ်နုသေးသည့်
ကလေးအများ ချောင်းလျှိုကြားမှာ
ငါးရှာ ဖားရိုက် ကစားလိုက်နှင့်
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည်
တွေးရင်း ရင်လေးမိပါတယ်ဘုရား.....။

ရပ်သူရွာသား လူအများမှာ
တရားရေအေး တိုက်ကျွေးမည့်သူ မရှိမူ၍
လူသည် လူ့အသိ မရှိကြတော့ပါဘုရား.........။

သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ
ကျောင်းသားကိုပင် မတွေ့မြင်ရ
ကိုရင် ဘယ်မှာ ဖြစ်ထွန်းပါလိမ့်
သာမဏေ၀ါဝင်း မရှိကင်းသော်
ပဉ္ဇင်းဘယ်မှာ ဖြစ်နိုင်ပါလိမ့်
ပင်သာသက်သက် ခက်လက်မဖြာ
သာသနာသည် ရောင်ဝါမလင်းနိုင်တော့ပါဘုရား………။

သာသနာရင်းမြစ် တောကဖြစ်လျှက်
တောပစ် မြို့ပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်၍
လျှင်လျှင်မြန်မြန် တောရပ်ထံသို့
ပြန်ကြွခဲ့ပါတော့ သားတော် မောင်ပဉ္ဇင်းဘုရား........။
(အမည်မသိ စာဆို)

ဗုဒ္ဓသာသနဿ ဘာရော အ၀ဿံ ၀ဟိတဗ္ဗော= ငါသည် ဗုဒ္ဓသာသနာ၏ တာဝန်ကို မချွတ်ဧကန် ထမ်းဆောင်ရမည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More