Sunday, June 19, 2011

လွတ်လပ်သူ.....။

ဗုဒ္ဓဘာသာက ဘယ်သူ့ကိုမှ တခြားဘာသာတွေမှာ ဟောကြားထားတဲ့ တရားတွေကို မလေ့လာရ ဘူးလို့ မတားဆီးပါ။ မတားရုံသာမက ဗုဒ္ဓဘုရားရှင်က တခြားဘာသာတွေရဲ့သင်ကြား ချက် တွေကို ဒေသနာတွေကို လေ့လာပြီး သူ့ဘာသာမှာ ဟောကြားထားတဲ့ တရာတွေနဲ့နှိုင်း ယှဉ်လေ့လာပါဆိုပြီးတောင် အားပေးထားတာတွေ့ရပါတယ်။
. 
ဗုဒ္ဓဘုရားရှင်က တခြားဘာသာကျမ်းဂန်တွေထဲမှာ ယုတ္တိရှိတဲ့တရားတွေ ပညာပါတဲ့သင်ကြား ချက်တွေပါလို့ရှိရင် အဲဒိတရားတွေကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လွတ်လပ်စွာ လေ့လာဆည်းပူးနိုင်တယ် လို့ ဟောတော်မူထားပါတယ်။ တချို့ဘာသာရေး ဆရာကြီးတွေက သူတို့ဘာသာဝင်များကို အမှောင် ထဲမှာ ချောင်ပိတ်ထားလိုကြတာများလည်း ရှိပါတယ်။ အဲဒီဒေသနာတွေကို လေးစားသမှု ပြဖို့မှာလည်း လွတ် လွတ်လပ်လပ်ပြုခွင့်ပေးထားပါတယ်။ တချို့ဘာသာများဆိုရင် တခြားဘာသာဝင်တွေနဲ့ အတို့အထိတောင် မလုပ်ရပါဘူးရယ်။ တခြားဘာသာတွေရဲ့ ကျမ်းဂန်တွေ ကိုလည်း မလေ့လာရဘူးဆိုပြီး ပိတ်ပင်တားဆီးထား ပါတယ်။ ပိုဆိုးတာက သူတို့ဘာသာထဲမှာပါတဲ့ တရားတွေဟာ ဘယ်လောက်ပဲ ဘ၀င်မကျစရာတွေ သံသယဖြစ်စရာတွေ ဖြစ်နေပါနေပါစေ၊ သူတို့ဘာသာက ဟောထားတဲ့တရားကိုပဲ နားထောင်ရမယ်၊ လုံးဝ ကို သံသယစိတ်မထားရဘူးလို့ပဲ သွန်သင်ပေးပါတယ်။ သူတို့က သူတို့နောက်လိုက်တွေကို တစ်လမ်းသွား တစ်စိတ်မွေးခိုင်းနိုင်လေလေ ဒီနောက်လိုက် ဘာသာဝင်တွေကို ထိန်းချုပ်ထားနိုင်ဖို့ လွယ်ကူလေလေ ပဲဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်က လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ကျင့်သုံးလာလို့ရှိရင် သူဟာ တစ်ချိန်လုံးအမှောင်ထုထဲကို ရောက်နေတာပါလားလို့ သိနားလည်လာလို့ရှိရင် ဒါဟာ မိစ္ဆာကောင်က သူ့စိတ်ကိုဝင်ပြီး နှောက်ယှက်ဖျက်ဆီးတာပဲလို့ စွပ်စွဲခံရတော့တာပါပဲ။ သနားစရာ လူသားဟာ သူ့ရဲ့ပင်ကိုယ်စိတ်ကိုရော သင်ထားတဲ့ ပညာတွေကိုရော ပင်ကိုယ်ဥာဏ်တွေကိုရော သုံးခွင့်မရအောင် လုပ်ထားပါတယ်။ တချို့လူတွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေ ကို ပြောင်းလဲချင်လာ ပြီဆိုရင်လည်း သူတို့ကို မိမိတို့ရဲ့ လွတ်လွတ်လပ်လပ်တွေးခေါ်ဆုံးဖြတ်တတ်တဲ့ ဥာဏ်ကို သုံးရလောက်အောင် ပါရမီဓာတ်ခံမရင့်ကျက်သေးဘူး ဆိုပြီးလည်း ပြောကြပါသေးတယ်။

ဗုဒ္ဓဘုရားရှင်ကတော့ ဘာသာရေးဟာလူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ်မှာ တည်ရှိစေရမယ်လို့ သဘောထားတော်မူပါတယ်။ ဘာသာရေးဟာ အစိုးရမင်းများ ချမှတ်ထားတဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါက ဥာဏ်ပညာနဲ့ တိုင်းထွာပြီးမှ လက်ခံနိုင်တဲ့ ကိုယ်ကျင့်သီလ စည်းကမ်းနည်း လမ်းတွေပဲ ဖြစ်တယ်လို့ ယူဆတော်မူပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် မှာတော့ ဘာသာရေးမူဝါဒ သဘောထားတွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာ ထာဝရဘုရားဆီကနေပီ ကျလာတဲ့ ကောင်းကင်ကျ တရားတွေလည်း မဟုတ်ပါဘူး။ လူတွေလုပ်ထားတဲ့ တရားဥပဒေ တွေလည်း မဟုတ်ပါဘူး။ ဒါဟာ သဘာဝ ဥပဒေသတွေ လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနေ့ ကမ္ဘာပေါ်မှာက ဘယ်အစိတ်အပိုင်းမှာမှ စစ်မှန်တဲ့ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ မရှိပါဘူးရယ်။ လူမှာ လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်တောင်မှ မရှိဘူး။ လူတစ်ယောက်ဟာ သူကိုးကွယ်နေတဲ့ ဘာသာအပေါ် စိတ်တိုင်းမကျတော့ဘူး။ သူသိချင်တဲ့ ပြဿနာတွေ အတွက် ကျေနပ်ဖွယ် ဖြေရှင်းချက်တွေ ကိုလည်း အဲဒိ ဘာသာက မပေးနိုင်လို့ အဲဒိဘာသာကို သူက မနှစ်သက်တော့တဲ့အတွက် တခြားဘာသာတစ်ခုခုကို ကူးပြောင်းပြီး ကိုးကွယ်ချင်ရင်တောင်မှ သူ့မှာ လက်ရှိဘာသာကို လွတ်လွတ်လပ်လပ် စွန့်ပယ်နိုင်တဲ့အခွင့် အရေး တခြားဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ချင်လို့ ကိုးကွယ်နိုင်တဲ့ အခွင့်အရေးမျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီအခွင့်အရေးကို ဘာသာရေးဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ မိသာစုအသိုင်းအ၀ိုင်းက သူ့ဆီကနေပြီး တနည်းအားဖြင့် ယူထားလို့ပဲ ဖြစ်ပါတယ်။ တချို့လူတွေဟာ ဘာသာတစ်ခုကိုနားလည်လို့ မဟုတ်တော့ဘဲ အချစ်ရေးအတွက် စွန့်လွှတ်တာမျိုးလည်း ရှိပါတယ်။ ဟိုတလောကပဲ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ကြား မှာ နေထိုင်ကြတဲ့ မရမာလူငယ်လေး ရှစ်ယောက် ခရစ်ယာန်ဘာသာကို ပြောင်းသွားတယ်ဆို တဲ့အကြောင်းကို ဘာလို့ပြောင်းသွားရတာလဲဆိုတဲ့အကြောင်းကို သူ့မိဘတွေကိုမေးကြည့်တော့ ရခိုင်လူမျိုး ခရစ်ယာန်တရားဟောဆရာတစ်ယောက်က ပညာရေးအတွက်အထောက်အပံ့ပေးမယ်၊ နောက်ပြီး နိုင်ငံခြား ကိုလည်း ပို့ပေးမယ်ဆိုလို့ပါတဲ့။ တကယ်ဆိုရင် ဘာသာရေးကို လူသားရဲ့ အားနည်းချက်နဲ့ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ဖို့ ကိစ္စမှာ ခုတုံးတော့ မလုပ်သင့်ပါဘူးရယ်။ ဘာသာတစ်ခုက တစ်ခု ကို ပြောင်းဖို့အရေးမှာ လူတစ်ယောက်ဟာ သေသေချာချာ စုံစုံလင်လင် ခရေစေ့တွင်းကျ စဉ်းစားဆင်ခြင် သင့်ပါတယ်။ ဘာသာရေးဟာ ဈေးအလျှော့အတင်း လုပ်စရာပစ္စည်း မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတစ်ခုကို ကိုယ်ရေးကိုယ်တာ၊ အိမ်ထောင်ရေး၊ ပညာရေး၊ အချစ်ရေး၊ လောကီစည်းစိမ် ချမ်းသာရရေးအတွက် လွယ်လင့်တကူ မပြောင်းလဲသင့်ပါဘူး။ ဘာသာရေးကို မိမိရဲ့ ဘာသာရေးစိတ်ဓာတ်မြင့်မားရေး၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရရေး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ဘ၀လွတ်မြောက်ရေး ကိစ္စအတွက်ပဲ အသုံးချ သဘောထားသင့်ပါတယ်။

ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေကတော့ တခြားဘာသာဝင်တွေအပေါ်ကို လောကီစည်းစိမ်ချမ်း သာတွေကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာထဲကို ၀င်လာအောင် ဘယ်တော့မှ မလုပ်ပါဘူးရယ်။ ဆင်းရဲ့တာတို့၊ နာမကျန်းဖြစ်နေတာတို့၊ စာမတတ်တာတို့၊ မသိနားမလည်တာတို့ကို အမြတ်ထုတ် ခေါင်းပုံဖြတ်ပြီး ဗုဒ္ဓဘာသာဝင်လူဦးရေတိုးပွားလာအောင်လည်း ဗုဒ္ဓဘာသာ ၀င်တွေဟာ ဘယ်တော့မှမလုပ်ပါဘူး။ အဲဒိလိုမက်လုံးပေးပြီးတော့ လုပ်စရာလည်း ကျနော်တို့ဘာသာမှာမရှိပါဘူးရယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘာသာကိုက ကျနော်အရင်က ရေးခဲ့တဲ့ ပို့စ်ထဲမှာ ပြောခဲ့တဲ့အတိုင်း Detachment & Development မှာ Detachment ပဲပေးနိုင်တာမို့ပါ။ ဗုဒ္ဓဘုရားရှင်က သူ့ထံမှာ ဥပါသကာအဖြစ်ခံယူချင်တဲ့အရိပ်အရောင် ပြလာတဲ့ ဥပါလိတို့လို၊ စိတ္တသူကြွယ်တို့လို လူမျိုးတွေ ကို တွေ့ တာတောင်မှ မိမိရဲ့ဒေသနာတော်တွေကို အရင်စလို လက်ခံခြင်းမပြုဖို့ကို ဆုံးမတော်မူပါတယ်။ အဲဒီလိုလူမျိုးတွေကို ဗုဒ္ဓဘုရားရှင်က ဂရုတစိုက်စဉ်းစားကြဖို့ အချိန်ပေးပါတယ်။ ပြီးမှ ဒီဘာသာကို ကိုးကွယ်လို့ လက်တွေ့အကျိုးရှိမရှိကို ဆုံးဖြတ်ခိုင်းတော်မူပါတယ်။

ဗုဒ္ဓဘာသာက အပြင်ပန်းအားဖြင့် ပူဇော်သက္ကာရတို့၊ ဗုဒ္ဓဘာသာဝင်ပါလို့ ပါးစပ်ပြောခံယူတာတို့ဟာ မဂ်ဥာဏ်ဖိုလ်ဥာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးကိစ္စမှာ လုံလောက်ခြင်း မရှိဘူးလို့ သဘောထားပါတယ်။ ဒီအနေအထားကို ကြည့်မယ်ဆိုရင် ငါဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီလို့ ပြောရုံသက်သက်နဲ့တော့ ဘာမှ အဓိပ္ပာယ် ရှိမှာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို အင်အားသုံးပြီး ပြန့်ပွားအောင် လုပ်တာဟာ ပါးစပ်ကတော့ တရားမျှတကြောင်း၊ မေတ္တာထားကြောင်း ဟန်ဆောင်ပြောပြီး လက်တွေ့ကျတော့ ဖိနှိပ်တာ၊ မတရားလုပ်တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အစစ်တစ်ယောက်အနေနဲ့ လူတွေကကိုယ့်ကို ဗုဒ္ဓဘာသာ ၀င်လို့ ပြောတာ မပြောတာဟာ ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားရ မှာက နာမည်ခံတာမဟုတ်ဘဲ သစ္စာဥာဏ်ရှိပြီး ပွားများ အားထုတ်ခြင်းအားဖြင့်သာ ဘုရားဟောတဲ့ နိဗ္ဗာန်ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘာသာဝင်တွေတိုင်းရဲ့အထဲမှာ တစ်ယူသန်သူ၊ အစွန်းရောက်သူတွေကတော့ များသောအားဖြင့် ရှိတတ်ကြတာချည်းပါပဲ။ ဒီလိုအဖွဲ့အစည်းမျိုးကို မပြောပါနဲ့ဦး။ ကိုယ့်မိသားစုအသိုင်းအ၀ိုင်းလေးအတွင်းမှာတောင်မှ သိုးမဲ (Black Sheep) လေးတွေပါ တတ်ကြပါတယ်။ ဒီလို ဘာသာရေး တစ်ယူသန်အစွန်းရောက်မှုဟာ တကယ်တမ်းတွေးကြည့်မယ်ဆို ရင် ဘေးရန် အန္တရာယ်များစေပါတယ်။ အဲဒိလို တယူသန်သူဟာလည်း ဆင်ခြင်ဥာဏ်ဆိုတာကို မသုံးနိုင်ပါ ဘူး။ သိပ္ပံနည်းကျ လေ့လာပြီး ခွဲခြမ်းစိပ်ဖြာခြင်းကိုလည်း ပြုနိုင်မှာမ ဟုတ်ပါဘူးရယ်။ ဘုရားရှင်ရဲ့အယူ ကတော့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ လွတ်လပ်သူဖြစ်ရမယ်။ ဖွင့်ထားတဲ့ စိတ်နှလုံးရှိသူဖြစ်ရမယ်။ ကိုယ့်ရဲ့ ဘာသာရေး ဘ၀ဖွဲ့ဖြိုးတိုးတက်ရေးမှာ ကိုယ်ကလွဲပြီး ဘယ်သူ့ရဲ့ အစေအပါး အလုပ်အကျွေးပြုသူမှ မဖြစ်စေရပါဘူး။ နောက်ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုပြီး ဘုရားကိုကိုးကွယ် တယ်ဆိုတာကလည်း ကယ်တင်ခြင်းကို ခံရဖို့အတွက်မဟုတ်ပါဘူး။ အလွန်မွန်မြတ်တဲ့ လမ်းညွှန်ဦးဆောင် မှုပြုသူ၊ ဘ၀လွတ်မြောက်ရေးအတွက် အားတက်စေသူအဖြစ် ကိုးကွယ်ဆည်းကပ်ခြင်းသာ ဖြစ်ပါတယ်။ ဘာသာရေး ကို မျက်ကန်း ကိုးကွယ်နည်းနဲ့ ကိုးကွယ်တာ မဟုတ်ရပါဘူး။ အသိဥာဏ်သိနားလည်မှုနဲ့ ကိုးကွယ်ခြင်း သာ ဖြစ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင်မှာ ဗုဒ္ဓဘုရားရှင်ဟာ ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ လူ့အသွင်နှင့် ကောင်းကင်ဘုံ ဖေဖေဘုရားထံကနေပြီး ဆင်းသက်လာတဲ့ လူဝင်စားဘုရား လည်းမဟုတ် ပါဘူး။ လူသားတွေလုပ်ထားတဲ့ အပြစ်တွေကို ဆေးကြောသုတ်သင် သန့်စင်ပေးဖို့ ပွင့်လာသူလည်း မဟုတ်ပါဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓကို ဆရာတစ်ဆူအဖြစ်ပဲ သဘောထားတာဖြစ်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘုရားရှင်ဟာ ဘ၀ဆင်းရဲခပ်သိမ်း လွတ်မြောက်ရာအမှန် နိဗ္ဗာန်လမ်းပြသူ သာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားက လူသားတွေကို ဘာသာရေးရဲ့ ကျေးကျွန်များအဖြစ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။ လူသားများကို နတ်ဆရာ၊ ဘုန်းကြီး လုပ်စားတဲ့လူတွေရဲ့ လက်ဝါးကြီးအုပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်နေ လွတ်မြောက်စေခဲ့ပါတယ်။ နောက်ပြီး လူသားတွေကို ဆင်ခြင်တုံအဓိက၀ါဒ ပြုဖို့နဲ့ ဘာမှမသိနားမလည်တဲ့ တိရစ္ဆာန်တွေလို သူများသွေးဆောင် မောင်းနှင်ရာကို ဘာသာရေးအယူသီး အစွဲသန်မှုနဲ့ သဘောလွယ်စွာ မလိုက်ပါကြဖို့ကို ဆုံးမတော်မူခဲ့ပါတယ်။ တကယ်ဆိုရင် ဗုဒ္ဓဟာ ဆင်ခြင်တုံ ပဓာန၀ါဒ၊ ဒီမိုကရေစီနှင့်လက်တွေ့အကျိုးပြုမှုရှိပြီး ကိုယ်ကျင့်သီလရှိတဲ့ အပြုအမူများ ဘာသာတရားထဲမှာ ပါရှိရေးအတွက် ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး၊ ဘာသာတရားကို လူများက လူသိက္ခာနဲ့အညီ ကျင့်သုံးလိုက်နာကြဖို့ မိတ်ဆက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်မြတ်ပဲဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘုရားရှင်က သူ့ရဲ့ ဘာသာဝင်တွကို ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သေသေချာချာ စဉ်းစားသုံးသပ်ခြင်း မရှိဘဲနဲ့ လက်ခံခြင်း မပြုကြဖို့ ဆုံးမထားတာကိုလည်း ကာလာမ ဒေသနာမှာ လာတဲ့အချက်ဆယ်ချက်နဲ့ လမ်းညွှန်ထားတာ အတိအလင်းရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်အစစ်ကတော့ ကိုယ့်ဘ၀လွတ်မြောက်ရေး ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရေး အတွက် ပြင်ပက ဘယ်တန်ခိုးရှင်မျိုးကိုမှ အားမကိုးပါဘူး။ မမြင်ရတဲ့ မသိရတဲ့ တန်ခိုးဣဒ္ဓိပါတ်တော်က လာပြီး ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို ကြားဝင်ဖြေရှင်းပေးမယ်လို့လဲ မမျှော်ကိုးပါဘူး။ တကယ်တမ်းလက်တွေ့ ကျကျ စဉ်းစားကြည့်မယ်ဆိုရင် အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတာမှန် သမျှဟာ တကယ်အရှိတရား မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာအချို့မှာတော့ ဒီသဘောတရားလေးတွေ ကူးစက်ခံနေရတာတွေ့ရတတ်ပါတယ်။ နိဂုံးအနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ အားလုံး တကယ်စစ်ပြီ လား မစစ်ဘူးလားဆိုတာကို ဆန်းစစ်ဖို့လိုလာပါပြီ။ အဲဒိလို ကိုယ့်ကိုယ်ကို ဆန်းစစ်လို့ ရပြီဆိုရင် ကျနော်အပါအ၀င်ပေါ့ သူငယ်ချင်းတွေ အားလုံးလည်း လွတ်လပ်ခွင့်ရှိသူလား မရှိသူလားဆိုတာကို ကောက်ချက်ချနိုင်သွားပါပြီ။ ဆရာကြီးလုပ်ချင်လို့ အခုလိုရေးတာတော့မဟုတ်ပါဘူး။ ကျနော်ထမင်းစားနေတဲ့အချိန်ရောက်လာတာမို့ စားသွားပါဦးလို့ လောက၀တ်အနေနဲ့ ဖိတ်ခေါ်လိုက်တာ ပါ။ တော်သေးပြီဆိုရင်လည်း ခဏတော့ ထိုင်စောင့်ကြဦးပေါ့…………..။
အားလုံးကို လေးစားစွာဖြင့်……။
.Post အဟောင်းလေးပါ။ ရေးထားတာတော့ တော်တော်ကြာပါပြီ။ အခုမှ ရှာတွေ့လို့ ပြန်တင်လိုက်ပါသည်။

Saturday, June 18, 2011

တူးဒီနှင့်ယနေ့ ကမ္ဘာ

ယနေ့ စာသင်ခန်းသို့ 10-မိနစ်ခန့် နောက်ကျမှရောက်သွားပါသည်။ မည်သည့်အကြောင်းအရာသင်နေ သည်ကား မသိရသေး။ ထို့ကြောင့် ဆရာ့ထံမှ hand-out လေးယူကြည့်လိုက်သည့်အခါ အရိယပရိယေသန သုတ်အကြောင်းသင်နေမှန်း သိလိုက်ရပါသည်။ ယင်းသုတ်တော်သည် ဗုဒ္ဓဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဟောကြားခဲ့ခြင်းဖြစ်ပါသည်။ အကြောင်းအရာ အားဖြင့် မြင့်မြတ်သောသူတို့၏ ရှာဖွေခြင်း အကြောင်းဖြစ်ပါသည်။ ထို့ကြောင်းလည်း အရိယပရိယေသန သုတ်ဟု နာမည်တွင်ခြင်းဖြစ်ပါသည်။ အမှန်အားဖြင့်ကား ဤသုတ်၏ အမည်သည် ပါသရာသိသုတ်ဖြစ်ပြီး မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သြပမ္မ၀ဂ်၌လာ၏။ အရိယပရိယေသန(မြတ်သောရှာဖွေခြင်း)ဟုသာ ဆိုထားသော်လည်း ဤခေါင်းစဉ်အောက်၌ကား ရှာဖွေခြင်း (၂) မျိုးအကြောင်းကို ဟောထားပါသည်။ ယင်းတို့ကား

၁။ အနရိယပရိယေသန = မမြင့်မြတ်သောရှာဖွေခြင်းနှင့်
 
၂။ အရိယပရိယေသန= မြင့်မြတ်သောရှာဖွေခြင်း ဟူ၍ဖြစ်၏။

မမြင့်မြတ်သောရှာဖွေခြင်း ဟူသည်မှာ မိမိကိုယ်တိုင်က ဖြစ်ခြင်းပျက်ခြင်းတည်းဟူသော ဖောက်ပြန်မှုအစဉ်၊ မရပ်မနားတရစပ်ကြဉ်လည်ကာ စိုးရိမ်ပူဆွေးငိုကြွေးရခြင်းတည်းဟူသော ညစ်နွမ်းခြင်းသဘောရှိပါလျှက် ထိုသို့ဖြစ်ရှိရေးကိုသာ ရှာမှီးခြင်းသည်မမြတ်သောရှာမှီးခြင်းဖြစ်၏။ ယင်းသို့သော ဖြစ်-အို-နာ-သေ စိုးရိမ် ပူဆွေးညစ်နွမ်းရေးတရားတို့ဆိုသည်မှာ သား၊ မယား၊ ကျွန်၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဆင်၊ မြင်း၊ ရွှေ၊ ငွေ စသော လူသုံးပစ္စည်းတို့သာတည်း။ ထိုဝတ္ထုအာရုံကာမဂုဏ်တို့ကို တပ်မက်စွဲလန်း မူးမေ့သက်ဝင်ကာ ရှာမှီးနေကြခြင်းသည် မမြတ်သောရှာမှီးခြင်းသာ ဖြစ်၏။
 
မြင့်မြတ်သောရှာမှီးခြင်းကား . . . ယင်းကဲ့သို့မဟုတ်။
ထိုဖြစ်ခြင်း၊ ပျက်ခြင်း ဖောက်ပြန်မှုအစဉ်၊ တခန်းရပ်အားဖြင့် မရပ်မနားတရစပ်ကြဉ်လည်ကာ စိုးရိမ်ပူဆွေးငိုကြွေးရခြင်း၊ညစ်နွမ်းခြင်းသဘောစသည်တို့၏ အပြစ်တို့ကိုရှုကာ ၎င်းတို့မှလွတ်ကင်းသည့် အကြွင်းမဲ့လုံ့လကုန်ရာနိဗ္ဗာန်ကို ရှာမှီး ခြင်းပေတည်း။
 
ယင်းရှာမှီးခြင်း နှစ်မျိုးကို ဆရာက ရှင်းပြပြီးချိန်၌ ခေါင်းထဲတွင် တွေးစရာလေး များ ပေါ်လာသည်နှင့်တပြိုင် နက်တည်း မိမိဘာသာမိမိ မှတ်စုလေး အတိုချုပ်ထုတ်လိုက်မိပါသည်။ ယင်းတို့မှာ ပထမ အချက်ဖြစ်သော အနရိယပရိယေသနဆိုသည့် အချက်ကို Development ဟူသည့် ခေါင်းစဉ်ဖြင့် တေးမှတ်ထားလိုက်ပြီး ဆန့်ကျင်ဘက် ဒုတိယအချက်ဖြစ်သည့် အရိယပရိယေသန အချက်ကို Detachment ဟု မှတ်ထားလိုက်မိပါသည်။
 
ဟုတ်ပါသည်။ လောကတွင်းရှိ ပုပုရွရွသတ္တ၀ါတို့တွင် လူသားသည် အသိဉာဏ်ရှိသူပီပီ မိမိတို့၏ဘ၀အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အပတ်တကုတ် ကြံစည်တွေးခေါ်ကြ၏။ ကြိုးစားအား ထုတ်ကြ၏။ တီထွင်ဆန်းသစ်ကြ၏။ ဤသို့ဤပုံဖြင့် BC 600 ခန့်တွင် ဂရိနိုင်ငံမှ စတင်ကာ အနောက်တိုင်း ဒဿနပညာရပ်သည် ပေါ်ပေါက်လာခဲ့၏။ ဤနေရာ၌ ဒဿန= Philosophy ဟူသည်မှာ ဂရိဘာသာ စကားမှ ဆင်းသက်လာပါသည်။ အဓိပ္ပာယ်အားဖြင့် ဉာဏ်ပညာကို နှစ်သက်မြတ်နိုးခြင်း (love of wisdom) ဟူ၍ဖြစ်ပါသည်။
 
ယင်းအနောက်တိုင်း ဒဿနပညာရပ်ဖြင့် ဂရိတွေးခေါ်ရှင်တို့သည် ပြဿနာအမျိုးမျိုးကို ဖြေရှင်းခဲ့ကြပါ သည်။ ထိုသို့ဖြေရှင်းရာ၌လည်း ရှေးဦးဂရိတွေးခေါ်ရှင်တို့သည် သာမန်ပြဿနာရပ်များကိုသာတင်ပြ
ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပိုမိုခက်ခဲနက်နဲသော ပြဿနာရပ်များကို တင်ပြဆွေးနွေးနိုင် ခဲ့ကြပေသည်။ ထို့ကြောင့် ယင်းတို့၏ အတွေးအခေါ်သမိုင်းတွင် တိုးတက်ပြောင်းလဲမှုများကို ထင်ထင်ရှား ရှားတွေ့ရပေသည်။ ထိုတွေးခေါ်ရှင်ကြီးများသည် အမှန်တရားကို လိုလာနှစ်သက်ကြသူများပီပီ အမှန်တရားကို မြတ်နိုးကြ၏။ ရှာဖွေကြ၏။ ထိုသို့ရှာဖွေရာတွင်လည်း သူတို့သည် လွတ်လပ်စွာ တွေးခေါ် တတ်ကြပေသည်။ ယင်းခေတ်ကို Ancient Greed ဟု သတ်မှတ်ကြပါသည်။ Thailes, Anaximander စသော တွေးခေါ်ရှင်တို့၏ ခေတ်ပါ။ ထို့နောက် BC- 500 ခန့်မှာတော့ ဆော့က္ကရတ္တီး (Socrates)၊ ပလေတို (Plato)၊ အာရစ္စတိုတရ် (Aristotle)စတဲ့ ဆိုဖစ် (Sophists) များပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုမှနောက် တွင် Middle Age၊ Modern Age နှင့် Contemporary (western Philosophy ) မျက်မှောက်ခေတ်အထိ အတွေးခေါ်ရှင်များ တိုးထွက်လာခဲ့ကြပါသည်။ Middle Age မတိုင်မီအချိန် ဆိုဖစ်ဆိုသူများ ပေါ်ပေါက် လာပုံကို လေ့လာကြည့်မည်ဆိုပါက ဂရိနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော အခြေအနေအရပ်ရပ်တို့နှင့် ပတ်သက်ဆက်နွှယ်နေကြောင်း တွေ့ရပါမည်။ ထိုအချိန်၌ ဂရိတွင် နိုင်ငံရေး အခြေအနေများ ပြောင်းလဲနေပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း အာဏာရမှုးမတ်များသည် လူအများစု၏ အခွင့်အရေးများကို ဖိနှိပ်ချုပ်ခြယ်ကြသောကြောင့် လူအများစုက မခံနိုင်သဖြင့် တောင်းဆိုလာကြ၏။ ထိုမှ တဆင့်ဆင့် အထက်တန်းလွှာမူးမတ်များ အာဏာကျဆုံးပြီး အေသင်မြို့၌ ဒီမိုကရေစီအသွင် ကူးပြောင်း လာခဲ့ပါသည်။ သို့သော် ထိုသို့ပေါ်ပေါက်လာသော ဒီမိုကရေစီသည် စည်းကမ်းမရှိခဲ့ပေ။ ထိုအချိန်မှစတင်၍ ဂရိတို့သည် သိပ္ပံနှင့် ဒဿနပညာကို လိုက်စားကြ၏။ ဘာသာရေးနှင့် ထုံးဓလေ့အယူအဆများကို ဆန့်ကျင်တော်လှန်ပြီး ခေတ်နှင့်အညီ အသိပညာ၊ အတတ်ပညာတို့ကို လိုလိုလားလားရှာမှီးလာကြ၏။
 
ထိုသို့ကူးပြောင်းလာသောအခါ၌ နိုင်ငံရေးကျင့်ထုံးဥပဒေများလည်း ပြောင်းလဲလာခဲ့သည်။ နိုင်ငံရေးလုပ်ငန်းရပ်များတွင် မည်သူမဆို ခေတ်ပညာတတ်ခြင်း၊ နိုင်ငံရေးအရာ၌ ကျွမ်းကျင်ခြင်း၊ စကားအဟောအပြောကောင်းခြင်း စသော အရည်အချင်းများပြည့်စုံပါက ရာထူးများရ၍ ဌာနအကြီးအကဲများဖြစ်လာနိုင်သည်။ ထို့ကြောင့် ပညာတတ်လူငယ်များက ထိုအခွင့်အရေးမျိုးကို ရည်မှန်းချက်ထားလာကြသည်။ လူငယ်များ နိုင်ငံရေး လုပ်ဆောင်လိုစိတ် ပြင်းထန်လာကြ၏။ သို့သော် မျှော်လင့်ထားသော နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက် ဖို့ရန်အတွက်ကား ခေတ်ပညာ အရပ်ရပ်ကို တက်မြောက်ဖို့ရန်ကား လိုသေး၏။ ထိုအချိန်ထိုအခါတွင်ပဲ လူငယ်လူရွယ်များ လိုလားတောင့်တအပ်သောပညာရပ်များကို သင်ကြားပေးမည့် ဆိုဖစ်ဆိုသူများ လည်း ပေါ်ပေါက်လာခဲ့သည်။ ဤ၌ ဆိုဖစ်ဟူသော စကားလုံးတွင် ပညာရှိကြီးများ၊ ပါရဂူကြီးများဟူသော အဓိပ္ပာယ်ရှိသည်။ သို့သော် ဆိုဖစ်များသည် အမှန်တကယ် အမျှော်အမြင်ပညာနှင့်ပြည့်စုံသော ပညာရှင်ကြီးများကား မဟုတ်ပေ။ အမှန်တရားကို ရှာလိုသော ဒဿနပညာရှင်ကြီးမျိုးလည်း မဟုတ်ပေ။ လက်ရှိအခြေအနေကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးကိုသာ အဓိကထားသည့် သဘောတရားအယူအဆများ ကို သင်ကြားပို့ချပေးသော ဆရာများသာဖြစ်သည်။
 
ထိုခေတ်များမှသည် တဖြည်းဖြည်းစတင်ခဲ့သော သိပ္ပံပညာသည် ယနေ့ ခေတ်အခါသို့ရောက်ရှိလာသော အခါ လူသားအားလုံးတို့၏ လေးစားအားထားရာ၊ ခိုကိုးရာဖြစ်လာခဲ့၏။ ထိုသို့ဖြစ်လာသည် အားလျှော်စွာပင် လူသားတို့၏ ရည်မှန်းချက်သည်လည်း သိပ္ပံပညာ၏ လှပ၊ ထူးဆန်းသော တီထွင်ဆန်းသစ်မှုများနောက်ကို တကောက်ကောက်လိုက်ရင်း လိုက်ရင်း လိုက်လာကြရာမှသည် ကမ္ဘာသည်ပင် ရွာအဖြစ်သို့ရောက်ရှိလာ ခဲ့ပေသည်။ ထို့ကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးစသည်တို့သည် လည်း ပြောင်းလည်းလာကြ၏။ နှိုင်းယှဉ်ခံစားလာနိုင်ကြ၏။ သူ့ထက်ငါ အလုအယက်တုပယှဉ်ပြိုင်လာကြ၏။ သို့ဖြစ်၍ နိုင်ငံတစ်နိုင်ငံမှသည် မြို့ပြ ကျေးလက် လူ့အသိုင်းအ၀ိုင်းများအထိ သူ့ထက်ငါ သာလွန်စေရန် လုပ်ဆောင်မှုများဖြစ်လာကြ၏။ ယင်းသို့ သူ့ထက်ငါ သာစေရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်မိသားစု ကောင်းစားရေးအတွက် လုပ်ဆောင်ကြရာမှာလည်း လူတိုင်းကိုယ်စီ အောင်မြင်နေကြသည်ကား မဟုတ်။ ဘ၀ဆိုသည့် တိုက်ပွဲကြားမှာ အောင်မြင်သူများ ရှိသကဲ့သို့ ကျရှုံးသူများမှာလည်း အပုံအပင် ထုနှင့်ဒေးပင်။ သို့သော် ရပ်တန့်၍ကား မသွား မိမိတို့အလိုရှိ အပ်သော၊ မျှော်လင့်ချက်ဖြစ်သော၊ အားထားရာဖြစ်သော ရာထူး၊အာဏာ၊ ဂုဏ်သိရ်၊ စီးပွားဥစ္စာ များနောက်သို့ လိုက်မြဲကားလိုက်လျက်ရှိ၏။ ကောင်းသောနည်းလမ်း၊ မကောင်းသောနည်းလမ်း စသဖြင့် နည်းအမျိုးမျိုး စိတ်ကူးအဖုံအဖုံတို့ဖြင့် Development နယ်ပယ်ထဲတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် ရုန်းကန်လှုပ်ရှားလာရင်း စိတ်ဓာတ်တို့သည်လည်းပဲ တဖြည်းဖြည်း ပျက်ပြားလာခဲ့ကြလေသည်။
 
တစ်ဖန် အနောက်တိုင်း ဒဿနများ ပေါ်ပေါက်လာသကဲ့သို့ အရှေ့တိုင်း တရုတ်၊ အိန္ဒိယ စသော နိုင်ငံများတွင်လည်း ဒဿနပညာရှင်အများအပြားပေါ်ပေါက်ခဲ့ကြလေသည်။ ဤတွင် အိန္ဒယဒဿန ပညာရှင်များအကြောင်းကို ဆိုချင်ပါသည်။ အိန္ဒိယနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာမှသည် ပေါ်ပေါက် ခဲ့သော ဝေဒကျမ်းဂန်များရှိ၏။ BC- 600 ခန့်တွင် ထိုဝေဒကျမ်းအစဉ်အလာကို လက်မခံသော ဂိုဏ်းကြီး သုံးခုပေါ်ပေါက်ခဲ့ပါသည်။ ထိုဂိုဏ်းကြီးသုံးဂိုဏ်းမှာ 

၁။ စာရာဝကအတွေးအခေါ်ဂိုဏ်း (Cārvāka — materialism)
 
၂။ မဟာဝီရ (ဂျိန်းဂိုဏ်း) Mahavira (599–527 BCE) — heavily influenced Jainism, the 24th Tirthankara of Jainism နှင့်
 
၃။ သိဒ္ဓတ္ထဂေါတမ (ဗုဒ္ဓဘာသာဂိုဏ်း) Siddhartha Gautama (circa 563–483 BCE) — founder of Buddhism တို့ဖြစ်ပါသည်။
 
ထိုသုံးဂိုဏ်းအနက် စာရာဝကဂိုဏ်းသည် အိန္ဒိယအတွေးအခေါ်ပညာရှင်များမှ ဆက်သက်လာပြီး အများပေါင်းစုတည်ထောင်ထားသော ဂိုဏ်းဖြစ်၏။ ယင်းဂိုဏ်း၏ အယူဝါဒမှာ ရုပ်တရားအဓိက၀ါဒဖြစ်၏။ မျက်မှောက်ခေတ် အိန္ဒိယသုတေသီများကလည်း စာရာဝရ ဆိုသည်မှာ ရုပ်ဝါဒီ ဟု အဓိပ္ပာယ်ရကြောင်း ဆိုကြ၏။ စာရာဝကဂိုဏ်းသားတို့သည် ဝေဒကျမ်းဂန်များကိုသာမက အခြားအခြားသော ကျမ်းဂန်များကို လည်း ယုံကြည်လက်ခံခြင်းမရှိကြပေ။ ၎င်းတို့၏ အဆိုအရ လောက၌ ၀ိညာဉ်ဟူ၍ မရှိ၊ သိမှုခံစားမှု စသည် မှာလည်း ရုပ်တရား၏ အရည်သွေးတစ်မျိုးအဖြစ် မှတ်ယူကာ ဓာတ်ကြီးလေးပါးကို အဓိကထားသော ၀ါဒဖြစ်ပါသည်။ ယင်းစာရ၀က၀ါဒကို ကွန်မြူနစ်ဝါဒဟု သတ်မှတ်မည်ဆိုပါက သတ်မှတ်နိုင်လိမ့်မည်သာ။
 
တဖန် နိဂဏ္ဍနာဋပုတ္တခေါ် မဟာဝီရ တည်ထောင်ထားသော ယနေ့ထိတိုင် ထင်ရှားရှိသော ဂျိန်းဂိုဏ်းသည် ပုဂ္ဂိုလ်၊ သတ္တ၀ါတို့အား ဘုရားသခင်မှ ဖန်ဆင်းသည်ဟူသော အယူကို လက်မခံသော ဂိုဏ်းဖြစ်သည်။ သို့သော် ယင်းဂျိန်းဂိုဏ်းသည်ကား အတ္တရှိသည်ဟူသော အယူကို လက်ခံသောဂိုဏ်းဖြစ်၏။ ထိုဂိုဏ်းဝင် ပုဂ္ဂိုလ်တို့၏ နောက်ဆုံးရည်မှန်းချက်မှာ သံသရာမှ လွတ်မြောက်ရေးပင်ဖြစ်၏။ ထို့အတူ သံသရာမှ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး နောက်ထပ် ထွက်ပေါ်လာသော ဂိုဏ်းမှာ သိဒ္ဓတ္ထဂေါတမ ဟုခေါ်သော ဗုဒ္ဓဘုရားရှင် တည်ထောင်တော်မူခဲ့သော ဗုဒ္ဓဘာသာဂိုဏ်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းမှုဝါဒကို လက်မခံသလို အတ္တကိုလည်း လက်မခံပေ။ နောက်ဆုံးပန်းတိုင်ကား သံသရာမှ လွတ်မြောက်ရေးပင်ဖြစ်၏။
 
ဤတွင် တင်ပြချင်သည်မှာ ဗုဒ္ဓဘာသာအကြောင်းပင်ဖြစ်ပေသည်။ ဗုဒ္ဓဘုရားရှင် 45 ၀ါပတ်လုံး ဟောကြား ခဲ့တော်မူသော ဒေသနာတော်များကို အနှစ်ချုပ်ကြည့်မည်ဆိုပါက သံသရာမှ လွတ်မြောက်ရေးကိုသာ အဓိကထားသော ဒေသနာတော်များကို အများဆုံးတွေ့ကြရမည်သာဖြစ်သည်။ ဘုရားရှင်ကိုယ်တိုင်သည်ပင် ယနေ့ခေတ်တွင် အာသာငမ်းငမ်းဖြစ်နေကြသော မင်းစည်စိမ်ဟူသော စည်းစိမ်၊ ဥစ္စာများကို စွန့်လွှတ်ကာ သံသရာမှ လွတ်မြောက်ရေးလမ်းစဉ်ကို ပဓာနထားခဲ့ပေသည်။ ဘုရားရှင်သည်သာမက နောက်လိုက် သာဝကများသည်လည်း ဖြစ်၊ အို၊ နာ၊ သေ ပူဆွေးသောက အစဉ်တို့၏ ကျက်စားရာ သံသရာတခွင်မှ လွတ်မြောက်မှုအတွက် ကြိုးစားအားထုတ်တော်မူခဲ့ကြသည်ကို သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုခြင်း အားဖြင့် သိသာနိုင်ပေသည်။ အချုပ်အားဖြင့် ဆိုရသော် အနောက်တိုင်းဒဿနပညာရှင်များနည်းတူ အရှေ့တိုင်း၌ပေါ်ပေါက်ခဲ့သော ပညာရှင်များသည် ရုပ်ဝတ္ထု တိုးတက်မှုကို ဦးစားမပေးဘဲ ဘ၀လွတ်မြောက်ရေးလမ်းစဉ်ကို အဓိက ဦးစားပေးခဲ့ကြသည်။
ထိုသို့ ဘုရားရှင်ကိုယ်တော်တိုင် Attachment ဖြစ်စရာအားလုံးကို Detachment ဖြစ်အောင်လုပ် ပြီး ဖော်ထုတ်ခဲ့သော ဗုဒ္ဓ၀ါဒသည် ယနေ့ခေတ် (ရုပ်ဝတ္ထုကြီးစိုးတိုးတက်သောခေတ်)တွင် မည်မျှပင်တိုးပွား လာသည်ဟုဆိုစေကာမူ မလူးသာအလွန့်သာ အနေအထားသို့ရောက်နေမည်မှာတော့ ဧကန်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာအမည်ခံနိုင်ငံ၊ တိုင်းပြည်၊ လူမျိုး အားလုံးသည်ပင် Development သဘောတရားနှင့် မကင်းနိုင်ကြ။ အနည်းနှင့်အများထိတွေ့နေကြရ၏။ သို့သော် Development ဖြစ်ခြင်းအပေါ်မှာ တပ်မက် တွယ်တာမှုမျိုး နည်းပါးအောင် နှလုံးသွင်းနိုင်မည်ဆိုပါက ကောင်း၏။ အကယ်၍ နှလုံးမသွင်းနိုင်ပါကမူ ဗုဒ္ဓဘုရားရှင်ရှာဖွေဖော်ထုတ်ခဲ့သော လွတ်မြောက်ရေးလမ်းသည်လည်း ကျဉ်းမြောင်းသွားပေတော့မည်။ ထိုသို့ ကျဉ်းမြောင်းသွားမည်ဆိုပါက အနောက်တိုင်း ဒဿနသည်လည်း တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျင် ဗုဒ္ဓဘုရားရှင်၏ ၀ါဒသည်လည်း…ဘယ်လဲ? ဘာလဲ? ဆိုတာကို မေးခွန်းထုတ်ရပေတော့ပါမည်။
 
အထက်တွင် ဆိုခဲ့သည့်အတိုင်း အရှေ့တိုင်း ဒဿန ( Detachment )နှင့် အနောက်တိုင်း ဒဿန (Development) နှစ်မျိုးကို ခြုံငုံသုံးသပ်မည်ဆိုပါက ယင်းတို့ နှစ်မျိုးလုံးသည်ပင် လူသားတို့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်းစွမ်းရှိသည်ကို တွေ့ရပေမည်။ အဘယ့်ကြောင့်ဆိုသော် စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိရ်၊ အခြံအရံများစွာနှင့် ပြည့်စုံနေသော လူတစ်ယောက်အနေဖြင့် လောကအလည်တွင် တင့်တယ်နေမည်၊ အခိုက်အတန့်အားဖြင့် အတိုင်းအတာတခုအထိ လိုအင်ဆန္ဒပြည့်ဝနေပေလိမ့်မည်။ ထို့ကြောင့်လည်း Development သဘောတရားသည် လူသားတို့အတွက် လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်သောအရာ၊ လူသားတို့ အာသာငမ်းငမ်းဖြစ်ကာ လိုလားနှစ်သက်သော အရာအဖြစ် ရပ်တည်ပြီးနေရာယူခဲ့ဟန်တူပါသည်။ ထို Development ၏ ဆန့်ကျင်ဘက် Detachment သဘောတရားသည်လည်းပဲ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံမည်ဆိုပါက လူသားတို့အတွက် ကျေနပ်နှစ်သက် စရာပင်။ အဘယ့်ကြောင့်ဆိုသော် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တရားများကို ခေါင်းပါးအောင် တဏှာ၊ ရာဂတရားများကို အစေးမကပ်နိုင်အောင် ကျင့်ကြံအားထုတ်ထားသူအဖို့ ထိုတရားများကို အခြေခံပြီး ဖြစ်ပေါ်လာသော ပူဆွေးသောက၊ ဗျာပါဒတရားများသည်လည်း ဖြစ်ခွင့်မရှိတော့သည့်အတွက် ငြိမ်းချမ်းသွားမည်သာ။ ထို့ကြောင့်လည်း ရှေးသူတော်ကောင်းများသည် Detachment သဘောတရားကို ဦးစားပေးကျင့်သုံးခဲ့ဟန်တူပါသည်။
 
မည်သို့ပင်ဖြစ်စေ ဤ ဒဿနနှစ်မျိုးကို ရွေးချယ်ရာတွင် ရွေးချယ်သူအပေါ်၌သာ မူတည်ပြီး မိမိ၏ ရည်မှန်းချက်ကို အထမြောက်အောင်မြင်ခြင်းသို့ရောက်သည့်တိုင်အောင် အသုံးချသွားမည်ဆိုပါက အကျိုးကျေးဇူးအနေဖြင့်ကား ခံစားကြရမည်သာတည်း။ သို့သော် အစစ်နှင့်အတု၊ အမှန်နှင့်အမှား၊ တဒင်္ဂနှင့်ထာဝရကိုကား ခွဲခြားသင့်ပေသည်။ ထို့ကြောင့် ဘ၀သံသရာကို ခဏစံစရာနှင့် အလဲအလှယ် မလုပ်မိစေရန် သတိထားပြီး ဘ၀ခရီးကြမ်းကို လျှောက်လှမ်းသင့်ပေတော့ပါသတည်း။

Friday, June 17, 2011

နဂျီကောင်.........။

နဂျီကောင်လေးတစ်ကောင်ရဲ့အကြောင်းလေးပါ။ တစ်ရက်သား ကျနော့ငယ်ဆရာရယ် ကျနော်ရယ်…. ခရီးအတူထွက်ဖြစ်ခဲ့ပါတယ်။ မတွေ့ရတာကလည်း ကြာနေပီဆိုတော့….ကားပေါ်မှာ စကားတွေ လည်းတော်တော်ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီထဲမှာမှ ဒီအချိန်အထိ စွဲကျန်နေတာကတော့ ဆရာပြောခဲ့တဲ့ နဂျီကောင်ပုံပြင်လေးတစ်ပုဒ်ပါပဲ။ ဆရာက ကျနော့ကို ပုံပြောတဲ့နေရာမှာ အမေးအဖြေပုံစံမျိုးလေးနဲ့ ပြောပြ သွားခဲ့ပါတယ်။ ဒါကြောင့် အဲဒါလေးကိုပဲ ကျနော် ပြန်ပြီးမျှဝေမယ်ဆိုပီး အတွေးလေးပေါ်လာလို့ ရေးဖြစ် သွားပါတယ်။ ဆရာနဲ့ကျနော်နဲ့ ပြောကြတဲ့အထဲမှာတော့ ဟိုမရောက်ဒီမရောက် စကားတွေလဲ အများ ကြီးတော့ပါပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့….ကျနော်က ပုံပြင်ပြောပြတဲ့ နေရာလေးကိုပဲ တင်ပြချင် ပါတယ်။ လိုရင်းက သူဖြစ်နေတာကိုး။ ဆရာက ကျနော့ကို မေးပါတယ်။

ဆရာ။  ။ မင်းနဂျီကောင်လေးတွေကိုသိလား။

ကျနော်။          ။ ဟုတ်ကဲ့။ သိပါတယ်ဆရာ။

ဆရာ။  ။ အင်း….ဒါဆို မင်းကိုငါ နဂျီကောင်ပုံပြင်လေးတစ်ပုဒ် ငါ မင်းကို ပြောပြမယ်။

ကျနော်။          ။ဟုတ်ကဲ့။

ဆရာ။  ။ အဲဒီနဂျီကောင်လေးတွေက သူတို့ရဲ့သားသမီးလောင်းလျာလေးတွေကို သူတို့ရဲ့ နဂျီအိမ်ထဲမှာ အစားအသောက်တွေနဲ့အတူတူ ပိတ်ပီးတော့ ထားခဲ့တယ်တဲ့။ အထဲမှာရှိတဲ့ န၈ျီကောင် သန္ဓေသားလေးဟာ အစားအသောက်တွေကို စားသောက်ပြီး အကောင်အဖြစ်ပေါက်ချိန်တန်တဲ့အခါမှာ သူတို့ရဲ့ နဂျီအိမ်ကို ထိုးဖောက်ပြီး အပြင်ကိုထွက်ရတယ်တဲ့ကွ။

ကျနော်။          ။ ဟုတ်ကဲ့။

ဆရာ။  ။ ဒါနဲ့ နဂျီအိမ်ကို လုပ်တာရော မင်းမြင်ဖူးတယ်ဟုတ်။

ကျနော်။          ။ ဟုတ်ကဲ့ ဆရာ ။ မြင်ဖူးပါတယ်။ ရွှံ့လေးတွေနဲ့ လုပ်ကြတာပါ။

ဆရာ။  ။ အစပိုင်းတော့ အဲဒီရွှံ့လေးတွေက အပျော့လေးတွေ မဟုတ်လား။

ကျနော်။          ။ ဟုတ်ပါတယ်ဆရာ။

ဆရာ။  ။ ဒါဆို နောက်ပိုင်းရော။

ကျနော်။          ။ မာသွားပါတယ် ဆရာ။

ဆရာ။  ။ အင်းဟုတ်ပြီ။ အဲဒီလို မာနေတဲ့ ရွှံ့ခဲကြီးတစ်ခုအတွင်းကနေ အပြင်လောကကို ရောက်ချင်နေတဲ့ နဂျီကောင် လောင်းလျာလေးဟာ သူ့အသားနုနုလေးတွေနဲ့ပဲ အဲဒီမာနေတဲ့ ရွံ့ခဲကြီးကို ထိုးဖောက်ပြီး ထွက်ရတယ်တဲ့ကွ။

ကျနော်။          ။ ဟုတ်။ အဲဒီလို ထိုးထွက်နေတာလေးကို မြင်တော့မြင်ဖူးပါတယ် ဆရာ။

ဆရာ။  ။ ဒီလိုဖောက်ထွက်တော့ ဘယ်လိုနေမလဲဆိုတာကို မင်းအနေနဲ့ တွေးကြည့်စမ်းပါ။ သူ့နေရာမှာဝင်ပြီးတော့ပေါ့ ။

ကျနော်။          ။ အာ…ဆရာကလည်း ဒီလောက်အသားနုနုလေးတွေနဲ့ မာတောင်နေတဲ့ ရွှံ့ခဲကြီးကို ထိုးထွက်မှတော့ သူ့နှုတ်သီးထိပ်လေးတွေ နာမှာပေါ့ ဆရာရဲ့။ နောက်ပြီး သူ့အတွက်လည်း ခက်ခက်ခဲခဲကြီးဖြတ်သန်းရမှာရယ်။

ဆရာ။  ။ အင်း ဟုတ်ပါတယ်။ နာတာကတော့ နာမှာပေါ့။ ဒါပေမယ့် သူက အပြင်ဘက်ကို ရောက်ချင်နေတဲ့သူဆိုတော့ နာလည်း ထိုးထွက်ရမှာပဲ၊ ခက်ခဲလည်း ထိုးထွက်ရမှာပဲ မဟုတ်လား။

ကျနော်။          ။ ဟုတ်ကဲ့။

ဆရာ။  ။ အေး…..အဲဒီလို ထိုးထွက်ပြီး အပြင်လောကကိုရောက်လာတဲ့ အဲဒီနဂျီကောင်လေးကတော့ သန်သန်မာမာနဲ့ပဲ နဂျီကောင်လောကမှာ ရပ်တည်နိုင်မယ်တဲ့။

ကျနော်။          ။ ဟုတ်ကဲ့။

ဆရာ။  ။ ဥပမာကွာ အဲဒီနဂျီကောင်လေးထိုးထွက်နေတာကို မင်းကမြင်ရလို့ ဒီအကောင်လေးတိုးထွက်နေရတာပင်ပန်းပါတယ်လေ ဆိုပြီး သူထွက်နေတဲ့အပေါက်ကို မင်းက သွားချဲ့ပေးလိုက်မယ်ဆိုရင် အဲဒီထွက်နေတဲ့ နဂျီကောင်လေးအတွက် ဘယ်လိုနေမလဲ။

ကျနော်။          ။ အခုနကအကောင်လို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ထွက်စရာမလိုတော့ဘဲ အပြင်ကို ရောက်နိုင်ပါတယ် ဆရာ။

ဆရာ။  ။ အေး အပြင်လောကကို ရောက်တာချင်းလဲ အတူတူပဲမဟုတ်လား။

ကျနော်။          ။ ဟုတ်ပါတယ်ဆရာ။

ဆရာ။  ။ နောက်ပြီး နဂျီကောင်ဖြစ်တာချင်းလဲ အတူတူပဲမဟုတ်လား။

ကျနော်။          ။ဟုတ်။

ဆရာ။  ။ အေး….ဒါပေမယ့်ကွ။ သူတို့မှာ မတူညီတဲ့ ရပ်တည်ချက်တွေကတော့ ရှိသွားတယ်ကွ။

ကျနော်။          ။ ဟုတ်။

ဆရာ။  ။ ပထမအကောင်တုန်းက သူ့အားကို သူကိုးပြီး ထွက်လိုက်တဲ့အတွက်ကြောင့် အပြင်လောက ကို ရောက်တဲ့ အချိန်မှာ သူဟာ အားကောင်းမောင်းသန် ဖြစ်နေပြီး နဂျီကောင်လောကမှာ တွေ့ကြုံလာရ မယ့် လောကဓံတွေကို ခံနိုင်ရည်စိတ်အပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် စွမ်းအားတွေ သူ့မှာရှိနေပြီလေ။ အင်း….
နောက်တစ်ကောင်ကတော့ သူထွက်နေတဲ့အချိန်မှာ မင်းကနေ ထွက်နေတဲ့အပေါက်လေးကို ချဲ့ပေးလိုက် တာဖြစ်ခြင်းကြောင့် သူ့အနေနဲ့ အလွယ်တကူတော့ ထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူအတွက်တော့ ခွန်အားကို ကောင်းကောင်းအသုံးမပြုလိုက်ရတဲ့အတွက်ကြောင့် အဲဒီအကောင်လေးဟာ နဂျီကောင်လောက မှာ ပိုလီယိုသမားနဂျီကောင်းလေးအဖြစ်နဲ့ပဲ ဖြတ်သန်းရတော့မှာပေါ့ကွာ။

ကျနော်။          ။ ဟုတ်ကဲ့ ဆရာ။ သနားစရာပါပဲနော်။

ဆရာ။  ။ မင်းရော ပိုလီယိုသမားလေး မဖြစ်ချင်ဘူးလား။

ကျနော်။          ။ အာ ဆရာကလည်း ဘယ်ဖြစ်ချင်မှာလဲ။ ကောင်းမှ မကောင်းတာကြီးကိုနော့။

ဆရာ။  ။ အင်း….မဖြစ်ချင်ရင် မင်းဘာလုပ်ရမယ်ဆိုတာကို သဘောပေါက်တယ်ဟုတ်။

ကျနော်။          ။ ဟုတ်ကဲ့ဆရာ ပေါက်ပါတယ်။

ဆရာ။  ။ အင်း ငါဆိုလိုချင်တာကတော့ကွာ။ အခု ဒီမှာ ထိုင်ပြီး စကားပြောနေတဲ့ ငါလည်း နဂျီကောင်၊ မင်းလည်း နဂျီကောင်ပေါ့ကွာနော့။

ကျနော်။          ။ ဟုတ်ကဲ့ဆရာ။

 ဒီမှာပဲ ဆရာကျနော့ကို ပြောခဲ့တဲ့ ပုံပြင်လေးကတော့ ပြီးသွားခဲ့ပါပြီ။ ခေါင်းထဲမှာကတော့ တွေးစ ရာလေးတွေ တော်တော်များများတော့ ကျန်နေခဲ့ပါတယ်။ 
ကဲ……..စာဖတ်သူတို့ရော………….?????????

Thursday, June 16, 2011

မြန်မာနိုင်ငံနှင့် နတ်ကိုးကွယ်မှု


နတ် ဆိုသည်မှာ “နာထ” ဟူသော ပါဠိမှ ဆင်းသက်လာသည်ဟု သုတေသီတို့ ဆိုကြပါသည်။ နတ်သည် သုံးမျိုးသုံးစားရှိပါသည်။ ယင်းတို့မှာ ၀ိသုဒ္ဓိနတ်၊ ဥပပတ္တိနတ်နှင့် သမုတိ နတ်ဟု သုံးမျိုးရှိ၏။ ယခုရေးသားသော ခေါင်းစဉ်ပါ နတ်ကိုးကွယ်မှု ဆိုသည်မှာ ဥပပတ္တိနတ်ကို ဆိုလိုပါသည်။
         
နတ်ကိုးကွယ်မှုသည် ကမ္ဘာဦးလူတို့နှင့် မရှေးမနှောင်းပေါ်ပေါက်ခဲ့သည်ဟု ပညာရှင်တို့ ခန့်မှန်းကြ ပါတယ်။ အဲဒိအဆိုအရ ကမ္ဘာဦးလူတို့သည် အသိပညာကောင်းစွာ မဖွံ့ဖြိုးသေးပေ။ မိမိတို့ ပတ်ဝန်းကျင်ရှိ ထိတွေ့နေကြရသော သစ်ပင်၊ တော၊ တောင်၊ မြစ်၊ ချောင်း၊ အင်းအိုင်၊ ရေ၊ နေ၊ လေ၊ မိုးစသော သဘာဝ ပစ္စည်းတို့တွင် ၀ိညာဉ်ရှိသည်ဟု ထင်မှတ်ကြ၏။ ထို့ပြင် ယင်းသဘောတရားတို့သည် မိမိတို့၏ ကောင်းကျိုး ဆိုးပြစ်ကိုလည်း ဖန်တီးနိုင်စွမ်းရှိသည်။ သူတို့ နှစ်လိုလျှင် ကောင်းကျိုးကို ဖန်တီးပြီး မနှစ်သက်က အဖျက် အဆီးပြုတတ်သည်။ မိမိတို့သည် ယင်းသဘာဝတရားတို့အပေါ်မှာ လုံးဝမှီခိုးအားထားနေကြရသည် ဟုလည်း အယူရှိကြပြန်ပါတယ်။ ဒါ့ကြောင့် သဘာဝတရားကို မိမိတို့၏ အကျိုးကိုဆောင်ပြီး အဆိုးကို ရှောင်ရန် ကိုးကွယ်ဆည်းကပ်လာခဲ့ကြပါတယ်။
          
 ဒါကို ဗုဒ္ဓဘုရားရှင်းကလည်း ရှေးဦးလူတို့ သဘာ၀၀တ္ထုကို ကိုးကွယ်မှုပြုခဲ့ကြသည်ဟု မိန့်ကြားခဲ့ ကြောင်း အောက်ပါအတိုင်း တွေ့ရပါသည်။
          ဗဟုံ ဝေ သရဏံ ယန္တိ၊ ပဗ္ဗတာနိ ၀နာနိစ။
          အာရမ္မရုက္ခစေတျာနိ၊ မနုဿာ ဘယ တဇ္ဇိတာ။ (ဓမ္မပဒ၊ ၁၈၀)

အဲဒိလို သဘာဝတရားတွင် ၀ိညာဉ်ရှိသည် အထင်နှင့် ကိုးကွယ်လာကြရာမှ ကြာလာသောအခါ ၀ိညာဉ်မှ နတ်အသွင်သို့ ပြောင်းလဲသွား၏။ ရှေးလူတို့သည် ယင်းနတ်တို့ကို မီးဖြင့်၎င်း၊ ပစ္စည်းဥစ္စာစသည့် ၀တ္ထု တို့ဖြင့်၎င်း ပူဇော်ကြရုံမျှမက လူ၊ တိရိစ္ဆာန်တို့၏ အသက်သွေးများစွာတို့ဖြင့်ပင် မှောက်မှားစွာ ပူဇော်ခဲ့ကြ၏။ နောက်တဖြည်းဖြည်း အသိဥာဏ်ရင့်သန်လာသည်နှင့်အမျှ ယဉ်ကျေးလာကြပြီးလျင် ဘာသာတရားအသီးသီး လည်း ပေါ်ထွန်းလာသောအခါ နတ်ကိုးကွယ်မှုမှာ တစတစ မှေးမှိန်သွားခဲ့၏။ မယဉ်ကျေးမှီကမူ လူမျိုး အသီးသီးတို့သည် နတ်တို့ကိုပင် ကိုးကွယ်ခဲ့ကြ၏။ ရှေးဂရိလူမျိုးများက သူတို့၏ နတ်ကို “ဇု” ဟူ၍၎င်း၊ ရောမလူမျိုးများက “ဂျူပီတာ” ဟူ၍၎င်း၊ ရဟူဒီလူမျိုးများက “အဒိုနေ” ဟူ၍၎င်း၊ ခရစ်ယာန်တို့က “ဂျီယိုးဗား” ဟူ၍၎င်း အသီးသီးအမည်ပေးကာ ကိုးကွယ်ကြသည်ဟု သိရ၏။
          
 ရှေမြန်မာတို့သည်လည်း အစကနဦးက နတ်တို့ကို ကိုးကွယ်ခဲ့ကြ၏။ ဦးစွာ သစ်ပင်၊ တောင်၊ တောင်စသော အ၀ိညာဏကများကို အစောင့်အဖြစ်ကိုးကွယ်ကြရာမှ ကြာသော် သက်ရှိတို့မှ ဖြစ်ပေါ်လာသော “မင်းမဟာဂီရိ” အစရှိသည့် နတ်များကို ကိုးကွယ်လာခဲ့ကြ၏။ နောင်အခါ ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာတို့နှင့် ထိတွေ့လာကြသောအခါ နတ်ကိုးကွယ်မှု မှိန်ဝါးသွားသော်လည်း လုံးဝပပျောက်မ သွားခဲ့ပေ။ မြန်မာတို့သည် ဗုဒ္ဓဘာသာကို ကြည်ညိုသကဲ့သို့ ရိုးရာနတ်ကိုလည်း လက်မလွှတ်လိုသဖြင့် ရိုးရာနတ်များတွင် ဟိန္ဒူနတ်၊ ဗုဒ္ဓဘာသာနတ်တို့ကို ဖြည့်စွက်ရောယှက်ကာ ကိုးကွယ် လာကြတော့၏။ သို့သော် မြန်မာတို့သည် ဗုဒ္ဓ ဘာသာကိုသာ ပဓာနပြုကိုးကွယ်ခြင်းဖြစ်၍ နတ်ကိုမူ သာမညမျှသာကိုး ကွယ်ကြ၏။ အချို့ကမူ သာမည အဖြစ်မျှပင် မကိုးကွယ်ချင်ကြဘဲ စတိမျှသာ ကိုးကွယ်ကြ၏။ သို့ရာတွင် ငြိတွယ်နေသော အမြစ်ကမူ နှုတ်မရ လှုပ်မရအောင်ခိုင်မြဲလှ၏။ ပုဂံအနော်ရထာမင်း၊ ဘုရင့်နောင်ဆင်ဖြူရှင်မင်းနှင့် အင်းဝအနောက်ဖက်လွန် မင်းတို့သည် နတ်ကိုးကွယ်မှုကို နှိပ်ကွပ်ခဲ့ကြ၏။ သို့ရာတွင် အမြစ်ပြတ်မသွားဘဲ ယနေ့အထိ စွဲမြဲစွာကိုး ကွယ်လျက် ရှိကြ၏။

မြန်မာတို့ ကိုးကွယ်သောနတ်များတွင် ၃၇ မင်း နတ်သည် အထင်အရှားဆုံးဖြစ်၏။ မူလက ၃၆ မင်းသာဖြစ်၏။ ပုဂံ အနော်ရထာမင်းသည် နတ်ကိုးကွယ်မှုကို နှိမ်နင်းသော်လည်း မရသဖြင့် ထို ၃၆ မင်းတွင် သိကြာမင်းကို ထိပ်ဆုံးတင်ကာ ဗုဒ္ဓဘာသာနတ်များနှင့် ဖျင်းကြီး ဖျင်းငယ်နတ် စသည်တို့ကို ရောစွက်၍ ၃၇ မင်းအဖြစ် ပြင်ဆင်ခဲ့၏။

အာဋာနာဋိယသုတ်လာ နတ်စစ်သူကြီး ၃၇ ယောက်ကို အတုယူ၍ ပြုလုပ်ဟန်ရှိ သည်။ မြန်မာ့ယဉ်ကျေးမှုတွင် ၃၇ ဂဏန်းသည် လွန်စွာအသုံးများ၏။ အသံ ၃၇ ချင်း၊ ဓားရေး ၃၇ ချင်း၊ တက်ရေး ၃၇ ချင်း စသည်တို့ဖြစ်ကြ၏။ အနော်ရထာမင်းသည် နတ်ရုပ်များကို ရွှေစည်ခုံ ဘုရားအုဌ်တံတိုင်းအတွင်း အပြင်တို့၌ထားကာ ကိုးကွယ်စေခဲ့၏။ နတ်ဝါဒကို ဗုဒ္ဓဘာသာလောင်းရိပ်အောက် သွင်းလိုက်ခြင်းပင်ဖြစ်ပေသည်။ ထိုအခါမှစ၍ အတွင်း ၃၇ မင်း၊ အပြင် ၃၇ မင်း ဟုခေါ်တွင်ခဲ့၏။

အတွင်း ၃၇ မင်းတွင် သိကြာမင်း၊ ဓတရဋ္ဌစသော နတ်မင်းကြီး ၄ ပါး၊ စန္ဒီ၊ သူရဿသီ၊ မဟာပိန္နဲ၊ မြင်းဖြူရှင် စသည်တို့ပါဝင်ကြ၏။ အပြင် ၃၇ မင်းတွင် သိကြား၊ မဟာဂီရိ၊ ဖျင်းကြီး ဖျင်းငယ်၊ မန္တလေးဘိုးတော်၊ တပင်ရွှေထီး၊ ယွန်းဘုရင်၊ မင်းရဲအောင်ဒင် စသည်တို့ပါဝင်ကြ၏။ ထို ၃၇ မင်းကို ခေတ်အဆက်ဆက်၌ နတ်ဟောင်းအချို့ကိုပယ်၍ နတ်သစ်တို့ဖြင့် အစားထိုးပြင်ဆင်ခဲ့ကြ၏။ ၃၇ မင်း အရေအတွက်ကိုတော့ ပြင်လိုဟန်မတူပေ။ ထိုအရေအတွက် သည်လည်း ရွှေစည်းခုံနတ် ထိန်းကြီး မူ၊ မြ၀တီဦးစမူ၊ ၀န်ကြီးပဒေသ ရာဇာမူ စသည်ဖြင့် ကွဲပြားလျက်ရှိပြန်၏။ ထို့ပြင် ထိုနတ်စာရင်းပါ နတ်များ သည် တဦးနှင့်တဦး ဆွေမျိုးတော် စပ်နေသည်ကိုလည်း တွေ့ရ၏။ ဥပမာအားဖြင့် မင်းမဟာဂီရိ သည် မောင်တင့်တယ်ဖြစ်၏။ ရွှေမျက်နှာနတ်သည် မောင်တင့်တယ်၏ နှမကြီးဖြစ်၏။ သုံးပန်လှနတ် သည် မောင်တင့်တယ်၏ နှမငယ်ဖြစ်၏။ မနှဲလေးသည် မောင်တင့်တယ်၏ တူမဖြစ်၏။ ရွှေနဘေ သည် မောင်တင့်တယ်၏ ဇနီးဖြစ်၏။ တောင်မကြီး ရှင်ဖြူနှင့်ရှင်ညိုတို့သည် မောင်တင့်တယ်၏ သားများဖြစ် ကြ၏။ တော်စပ်ပုံနှင့်ပတ်သက်၍ မူကွဲများလည်းရှိသေး၏။ အခြားသောနတ်များလည်း ဤသို့ပင် အမျိုး မျိုးတော်စပ်နေကြသည်ကိုလည်း တွေ့ကြ၏။ အဖြစ်အပျက် တို့မှာလည်း ရောယှက်ရှုပ်ထွေးလျက်ရှိ၏။ အမည်နှင့်ပတ်သက်၍လည်း ဆင်ဖြူ၊ မြင်းဖြူ၊ ကျော်စွာ စသည်တို့မှာ တဦးမကဘဲ ရောထွေးလျက်ရှိ၏။

ထို ၃၇ မင်းအပြင် အခြားသော ဒေသဆိုင်ရာ ရိုးရာနတ်များလည်းတွေ့ရ၏။ ယင်းတို့မှာ ပခန်း ဦးမင်းကျော်၊ အနောက်မယ်တော် ရေယဉ်ကတော်၊ အလုံဘိုးတော်၊ နန်းကရိုင်းမယ်တော်၊   ရေငံပိုင် ဦးရှင်ကြီးစသည်တို့ဖြစ်ကြသည်။ ( လောကီကျမ်းနှင့် ဗြာဟ္မဏကျမ်းတို့၌ ဖူးစာရေးနတ်၊ ကျက်သရေစောင့် နတ်၊ သူရဿတီနတ် စသည်ရှိ၏။ ကိုယ်စောင့်နတ် ၁၁ ယောက်ရှိသည်ဟုပင် ဆို၏။)

နတ်ကိုးကွယ်နေသူ တော်တော်များများသည် ထိုနတ်တို့၏ အတ္ထုပ္ပတ္တိကိုပင် ကျကျနနမသိကြချေ။ အချို့မှာ ပြောရမှာ ကြောက်သလိုလိုရှိ၏။ ထိုနတ်များ အများစုသည် လူ့ဘ၀က အစိမ်းသေ သေခဲ့ကြသူ များဖြစ်၏။ ကြေကွဲဖွယ် ရုတ်တရက်သေသူများဖြစ်ကြ၏။

ထိုနတ်တို့ကို ခြုံ၍လေ့လာလျင် ခေတ်အားဖြင့် ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူခေတ် တို့၌ ဖြစ်ကြ၏။ ယောက်ျား မိန်းမ အစုံပါ၏။ အမျိုးအစားအားဖြင့် ရှင်၊ လူ၊ သိကြား အစုံပါဝင်၏။ လူမျိုး အားဖြင့် ဗမာ၊ မွန်၊ ရှမ်း၊ ကုလား၊ ယွန်း၊ ပုဏ္ဏားတို့ကို တွေ့ရ၏။ အရပ်ဒေသ အားဖြင့် မြန်မာနိုင်ငံအနှံ့အပြားနှင့် အိမ်နီးချင်းနိုင်ငံများမှဖြစ်ကြ၏။ အဆင့်အတန်းအားဖြင့် သိကြား၊ ဘုရင်၊ မင်းသား၊ မင်းနွယ်၊ မိဖုရား၊ အမတ်၊ အမှုထမ်း၊ ကုန်သည်၊ ဆင်းရဲသား အစုံပါ၏။ သေခဲ့ကြပုံမှာလည်း ကျားကိုက်၊ မြွေကိုက်၊ မီးလောင်၊ စိတ္တဇဖြစ်၊ ကွပ်မျက်ခံရခြင်း၊ ဖျားနာခြင်း၊ ဘိန်း အရက်စွဲခြင်း၊ ကုဋ္ဌနူ နာဖြစ်ခြင်း စသည်တို့ဖြစ်ကြ၏။ အချို့နတ်များမှာ သမိုင်းပင် မယ်မယ်ရရ မရှိချေ။

ထိုနတ်တို့ကို ပူဇော်ရာ၌ ယင်းတို့၏ ဒေသနှင့်လူဖြစ်စဉ်က အကြိုက်စရိုက်တို့ကို လိုက်၍ပူဇော်ကြ ၏။ များသောအားဖြင့် အုန်းသီး၊ ငှက်ပျောသီး၊ လဘက်နှင့် သပြေခက် တို့မှာ ပင်တိုင်ဖြစ်၏။ လူ့ဘ၀က အရက်သမားဖြစ်ပါက အရက်ပါရ၏။ ထိုနတ်တို့ကို အမှုဖြစ်သောအခါ၊ စာမေးပွဲဖြေသောအခါ၊ စီးပွားရေး ပြိုင်ဆိုင်သောအခါတို့၌ ပူဇော်ရမည်ဟု ဆိုထား၏။ ပူဇော်ပြီးသော နတ်ပွဲကျများကိုမူ နတ်မယုံ သူများ၊ ဆွေမျိုးမ တော်သူများကို မကျွေးရဟုဆိုထား၏။ ဆွမ်းမလောင်းရဟုလည်း ဆိုထားသေး၏။

နတ်မယုံသူတို့က ဤနတ်တို့သည် စင်စစ်မရှိကြ ဘုရင်နှင့်ပြည်သူတို့၏ လုပ်ကြံနတ်များ သာဖြစ်ကြောင်း ဘုရင်နှင့်ပြည်သူတို့သည် ယင်း ၃၇ မင်းတို့ကို အောက်ဖော်ပြပါ အကြောင်းများကြောင့် နတ်စာရင်းတွင် သွင်းခဲ့ကြသဖြင့် နတ်ဖြစ်လာကြဟန်တူသည်ဟု ယူဆကြ၏။

၁။ သူတို့၏ ကြေကွဲဖွယ်၊ အံ့သြဖွယ် ရုတ်တရက် အုပ်အော်သောင်းနင်း သေဆုံးကြမှုတို့ကို အသနားပိုကာ အမှတ်တရ တသသဖြစ်နေကြရာမှ နတ်ဖြစ်သည်ဟု ဖြေသိမ့်ပြောဆိုရင်း နတ်စာရင်းဝင်ဖြစ်လာခဲ့ကြ၏။

၂။ ပြည်သူတို့သည် ပဒေသရာဇ် ဧကရာဇ်တို့၏ မတရားသဖြင့် သတ်ဖြတ်ညှဉ်းဆဲကြသည့် အဖြစ်ကို တိုက်ရိုက်ပြန်ပြောခွင့်၊ မှတ်တမ်းတင်ခွင့် မရကြသဖြင့် ဘုရင်တို့၏ မတရားမှုကို နတ်သမိုင်း၊ နတ်ချင်းတို့မှ တဆင့် ကမ္ဘာတည်သရွေ့ သိစေလိုသဖြင့် နတ်ဖြစ်သည်ဟု လုပ်ဇာတ်ခင်းရာမှ နတ်စာရင်းဝင်ဖြစ်လာကြ၏။

၃။ ဘုရင်တို့သည် ပြည်သူတို့ကို မိမိတို့ စိတ်လိုက်မာန်ပါ သတ်ဖြတ်ပြီးသောအခါ သေသူတို့၏ အသိုင်းအ၀ိုင်းက တုံ့ပြန်ပုံကန်တော်လှန်မည်ကို စိုးရိမ်ကြ၏။ ထို့ကြောင့် ယင်းလူတို့၏ အာရုံကို ပြောင်းလွှဲပေးရန်၎င်း၊ ယင်းလူတို့ တနည်းတဖုံ ကျေနပ်မှု ပြေပြစ်မှုရှိရန်၎င်း ရာဇပရိယာယ် သုံးကာ နတ်ဖြစ်သွားသည်ဟု လုပ်ကြံပြောဆိုရာမှ နတ်စာရင်းဝင်ဖြစ်လာခဲ့ကြ၏။

၎။ လူတို့သည် ယင်းတို့၏ လူ့ဘ၀ကြီးကျယ်မှု စွမ်းဆောင်နိုင်မှုတို့ကို အားကျကာ သူတို့ သေပြီးနောက်ပိုင်းမှာလည်း သူတို့ကို ဆက်လက်အားကိုးသဖြင့် နတ်စာရင်းသွင်းခဲ့ကြ၏။

နတ်ယုံသူတို့ကမူ ဤနတ်တို့သည် ဧကန်အမှန်ရှိရုံသာမက ယင်းနတ်အချို့သည် မြန်မာ တို့နှင့်ကောင်းတူ ဆိုးဖက်များဖြစ်ကြသည်ဟု ဆို၏။ မြန်မာနိုင်ငံကို နိုင်ငံခြားစစ်တပ်များ ကျူးကျော် လာသောအခါ အချို့နတ်များ မြန်မာစစ်သားများနှင့် အတူတွဲ၍ စစ်တိုက်ကြောင်း၊ ဒုတိယကမ္ဘာစစ် (ဂျပန်ခေတ်) အတွင်း မန္တလေးမြို့ ဗုံးကြဲ၍ မီးလောင်စဉ်က ရွှေဖျင်းညီနောင်တို့သည် ပြည်သူတို့နှင့်အတူ မီးငြှိမ်းနေသည်ကို ယုံကြည်သူတို့မြင်ကြရ ကြောင်း၊ သီပေါမင်းပါတော်မူသောအခါ ၃၇ မင်းနတ်ရုပ်တို့ မျက်ရည်ကျကြောင်းဆိုကြ၏။ မြန်မာရာဇ၀င်တို့၌လည်း နတ်များသည် မြန်မာမင်းများနှင့်အဆက်အဆံ ရှိ ကြောင်း ဖော်ပြကြ၏။

အချို့သောပညာရှင်များကမူ မိရိုးဖလာ ၃၇ မင်းစသည်တို့သည် အမှန်တကယ်ရှိသော် လူတို့၏ ကောင်းကျိုး ဆိုးကျိုးကို ဖန်တီးနိုင်သလော၊ တွေ့ကြုံဖူးသည်ဆိုလျင် နတ်ကြောင့်ဟု ဧကန်ဆိုနိုင် သလော၊ တိုက်ဆိုင်မှုမျိုး မဖြစ်နိုင်သလော။ အဆင့်ဆင့် စိစစ်သင့်ကြောင်းဆိုကြ၏။ အမျိုးသားပညာဝန် ဦးဖိုးကျားကမူ “ နတ်ဖြစ်သည် ဆိုသူများ တကယ်ဖြစ် မဖြစ် မသိကြောင်း၊ ယုံကြည်သူများ၏ စိတ်ထဲမှာတော့ ရှိနေကြောင်း၊ နတ်ကယ်ဖြစ် သည်ထား သင်္ခါရနယ်သားများဖြစ်၍ ယခုရှိသေးပါ၏လော” ဟု ဝေဖန်သုံးသပ်ထား၏။

ယခု ဆိုခဲ့သော နတ်ဝါဒနှင်ပတ်သက်၍ သုံးသပ်ချက်ချပြရသော် ဗုဒ္ဓဘာသာပိဋကတ်တော်လာ နတ်များ၊ ၃၇ မင်းစသော ရိုးရာနတ်များနှင့် ယင်းတို့ကို ကိုးကွယ်နေသူတို့၏ အခြေအနေမှန်ကို ယထာဘူတကျကျ လေ့လာသုံးသပ်ရမည်ဖြစ်ပါသည်။ ပိဋကတ်တော်၌ နတ်များပါဝင်နေ၍ နတ်ဟူသော သတ္တ၀ါ တစ်မျိုးရှိကြောင်း လက်ခံရပေမည်။ သို့ရာတွင် ၃၇ မင်းစသော ရိုးရာနတ်များ သည် ကြောင်းကျိုးယုတ္တိယုတ္တာအားဖြင့် လွန်စွာ အားနည်းသည်ကို တွေ့ရ၏။ ရှေးလူများ ယဉ်ကျေးမှုမထွန်း ကားမီက သဘာဝတရားကို ကိုးကွယ်ခြင်းနှင့်ဆက် စပ်နေရကား အသိဉာဏ်နှင့်အတွေးအခေါ် ရင့်ကျက်သူအများစုက နတ်ပူဇော်မှုကို လက်မခံလိုကြပေ။ ထို့ကြောင့်ပင် ရှေးမင်းကောင်းမင်းမြတ်အချို့က နတ်ကိုးကွယ်မှုကို နှိပ်ကွပ်ခဲ့ကြခြင်းဖြစ်သည်။ သို့ရာတွင် အစွဲလန်းကြောင့်သော်၎င်း၊ အစဉ်လာကြောင့်သော်၎င်း၊ မသေချာသော်လည်း “အကယ်၍ ရှိခဲ့သော်” ဟူသော သံသယဖြင့် ကြောက်ရွံ့သောကြောင့်၎င်း၊ ဖြတ်လမ်းနည်းဖြင့် လျှင်မြန်စွာ ကြီးပွားချမ်းသာလိုသောကြောင့် ၎င်း နတ်ကိုးကွယ်မှုကို မစွန့်နိုင်ဘဲ ဖြစ်နေ ကြသည်ကို တွေ့ရ၏။

ဗုဒ္ဓဘာသာပညာရှင်အများစုက ကေသမုတ္တိသုတ်လာ “အစဉ်အဆက်ဖြစ်ကာမျှနှင့်လည်း မယူလင့်၊ ပိဋကတ် စာပေနှင့် ညီညွတ်ပေသည်ဟုလည်း အမှန်မယူလင့်ဦး” ဟူသော သြ၀ါဒအရ နတ်ကိုးကွယ်မှုအစဉ်အလာကို ဝေဘန်စိစစ်သင့်ကြောင်း ဖော်ပြကြ၏။ ကုသိုလ်ကောင်းမှုပြုသည့်အခါ၌ နတ်များအားလုံးကိုလည်း အမျှဝေသင့် သည်ဟု ဗုဒ္ဓမြတ်စွာညွှန်ကြားခဲ့သည်မှာ မှန်၏။ သို့ရာတွင် ယ္ခုကာလကိုးကွယ်နေကြသကဲ့သို့ နတ်များကို ကိုးကွယ်ရမည်ဟု ပိဋကတ်တော်၌ ဟောတော်မူချက် မရှိကြောင်းထောက်ပြကြ၏။ ရံခါ ပူဇော်ပသမှုကို ခွင့်ပြုသော်လည်း နတ်တိုင်းကို ပူဇော်သင့် မသင့် စဉ်းစားသင့်ကြောင်း၊ လူ့လောကတွင် လူတိုင်းပင် ပူဇော်ထိုင်သည်မဟုတ်၊ လူအချို့သာ ပူဇော်ခံထိုက်၏။ ထို့အတူ နတ်များတွင်လည်း ဤသဘောမျိုးသာ ရှိကြမည်ဖြစ်ကြောင်းဝေဘန်ကြ၏။ ဘာမဆို ကံကိုယုံပြီးပုံထားသူများကဲ့သို့ နတ်ကိုယုံပြီးပုံ၊ ပုံလှူမျိုးမပြု ထိုက်ကြောင်း၊ နတ်ရူး​ရူးသည်ဟုဆိုရလောက်အောင် လွန်လွန်ကဲကဲဖြစ်မှုမျိုးကား လိုလားအပ်သော ကိစ္စ မဟုတ်ကြောင်း၊ အချို့သောသူတို့သည် ဘုရားကို ဆွမ်းတော်တင်ရန် သတိမရ။ နတ်ပွဲကိုမူကား မနွမ်းရအောင် တယုတယပြုလေ့ရှိကြကြောင်း ဝေဘန်သုံးသပ်ကြ၏။

မာန်လည်ဆရာတော်၊ ရှင်မဟာသီလ၀ံသ၊ ရှင်မဟာရဋ္ဌသာရတို့ကလည်း နတ်ကိုးကွယ်မှု ကို ပြင်းပြင်း ထန်ထန်ဝေဘန်ထားကြ၏။ နတ်ကြောင့် ဘေးအန္တရာယ်ကင်းခြင်းမရှိဘူးပုံ၊ နတ်ကကိုယ်တိုင် လာ၍ ဥစ္စာ ပေးခြင်းမရှိဘူးပုံတို့ကို၎င်း၊ ကံကြောင့်ရလာသည့် လူ့ဘ၀ကြီးကို အလှူပေးခြင်း၊ သီလဆောက် တည်ခြင်း စသော ကံသစ်များဖြင့် မကူဘဲ နတ်ပွဲများကျင်းပ၍ နတ်ကိုအားကိုနေကြခြင်းမှာ ရယ်ဖွယ်ရှက် ဖွယ်ကောင်း ကြောင်း။ ယင်းတို့ ရေးသားထားသော သံဝေဂခန်းပျို့၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့ တို့၌ ဖော်ပြထားကြ၏။

ယ္ခုခေတ်၌လည်း နတ်ပွဲများကို နေ့ရှည်ရက်များကျင်းပကာ မူးယစ်သောက်စားပျော်ပါးခြင်း၊ တီးမှုတ် ကခုံ ဟစ်အော်ဆူညံခြင်း၊ ဦးမင်းကျော်၊ အမေဂျမ်းစသည်တို့ကဲ့သို့ ရိုင်းပြစွာပြုမူပြောဆိုကြခြင်း၊ ကြီးပွားချမ်းသာ အောင် မစပါမည့်အကြောင်း ပူဇော်ပသခယတောင်းပန်ခြင်း စသည်တို့ကို ဘာသာရေးသ ဖွယ်ပြုလုပ်နေကြသည်မှာ ဗုဒ္ဓဘာသာ၏ ဂုဏ်သိက္ခာနှင့် မြန်မာလူမျိုးတို့၏ ဆင်ခြင်တုံတရားအပေါ် အမည်း စက်ကြီးဖြစ်နေ ပေသည်။ နတ်နှင့်လူဆက်ဆံရေးသည် ပုဂ္ဂိုလ်သတ္တ၀ါအချင်းချင်း တဦးနှင့်တဦး အပြန် အလှန်အသိမှတ်ပြုကာ လေးလေးစားစားဆက်ဆံသည့်သဘောမျိုးသာဖြစ်သင့်ပေသည်။ ထို့ထက်ပို၍ ကယ်တင်ရှင်၊ ကျေးဇူးရှင်၊ တန်ခိုးရှင်ဟူ၍ ကိုးကွယ်ပသမှု မပြုသင့်ပေ။ ပုဂ္ဂိုလ်သတ္တ၀ါအချင်းချင်း ဆက်ဆံသကဲ့သို့ ဟူရာ၌လည်း နတ်နှင့် ဆက်ဆံရေးသည် လူအချင်းချင်း ဆက်ဆံရေးကဲ့သို့ မသေချာ မေ၇ရာသည်ကိုလည်း သတိပြုရမည်ဖြစ်၏။ လက်တွေ့အကျိုးကျေးဇူးပိုင်းအနေဖြင့်မူ လုံးဝယုံကြည်အားထား၍ မရလောက်အောင် ဒိဋ္ဌဓမ္မသဘောလွန်စွာ နည်းပါးနေသည်ကိုလည်း တွေ့နိုင်၏။

မည်သို့ပင်ဖြစ်စေ “ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ၊ သံဃော မေ သရဏံ အညံ နတ္ထိ” ဟု ခံယူထားကြသော ဗုဒ္ဓဘာသာဝင်များအဖို့ ရတနာသုံးပါးမှတပါး အခြားသောကိုးကွယ်ရာကို မရှာ သင့်ကြပေ။

Wednesday, June 15, 2011

ပညာရှိသူတော်ကောင်းများနှင့်သာ သိကျွမ်းခင်မင်ရပါလို၏ ဘုရား


G-talk Custom Message Box လေးမှာ အမြဲတမ်း တင်ထားတဲ့ ဆုတောင်းစာသားလေး အကြောင်းကို မေးလာတဲ့အတွက် ဒီပို့စ်လေးကို ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဆုတောင်းထားတာလေးက ဒီလိုပါ ``ပညာရှိသူတော်ကောင်းများနှင့်သာ သိကျွမ်းခင်မင်ရပါလို၏ဘုရား´´ဆိုပြီးတော့ ရေးထားတာပါ။ ဘာလို့ခင်ချင်တာလဲ…..စိတ်ချမ်းသာလို့ပါ ပေါ့။ ဘယ်လိုလူက ပညာရှိသူတော်ကောင်းလဲ…..ပညာရှိတဲ့လူက ပညာရှိပေါ့။ သူတော်ကောင်းက သူတော်ကောင်းပေါ့လို့ အပြီးစလွယ်ဖြေမယ်ဆိုရင်လည်း ဖြေလို့တော့ရပါတယ်။ ဒါပေမယ့် တစ်ဖက်လူကတော့ ဘာမှသိသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးကိုလည်း မျှဝေပြီးသားဖြစ်အောင်လို့၊ နောက်ပြီး ကိုယ့်အတွက်လည်း မှတ်စုလေးကျန်အောင်လို့ ဆိုပြီး ရေးဖြစ်သွားခဲ့ပါတယ်။ လောကမှာ လူလေးမျိုးရှိပါတယ်တဲ့။
အဲဒါတွေကတော့
၁။ ပညာတတ်သော်လည်း သူတော်ကောင်းစိတ်မရှိသူ၊
၂။ သူတော်ကောင်းစိတ်ရှိသော်လည်း ပညာမတတ်သူ၊
၃။ ပညာလည်းမတတ် သူတော်ကောင်းစိတ်လည်းမရှိသူ၊
၎။ ပညာလည်းရှိ သူတော်ကောင်းစိတ်လည်း ရှိသူ-
ဆိုပြီး လူလေးမျိုးလာပါတယ်။ ပညာရှိပြီး သဒ္ဓါတရားမရှိရင် ပညာတတ် လူမိုက်ဖြစ်တတ်ပါတယ်။ နောက်ပြီး သဒ္ဓါတရားတော့ရှိပါတယ် ပညာမရှိဘူးဆိုပြန်ရင်လည်း သူတော်ကောင်း လူအကြီးဖြစ်တတ်ပါတယ်။ ဒီတော့ အားလုံးအနေနဲ့ ပညာရှိသူတော်ကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ပညာရှိသူတော်ကောင်း တွေနဲ့ပေါင်းသင်းရတဲ့အတွက်၊ ခင်မင်ရတဲ့အတွက် အောက်ပါ အကျိုးတွေကို ရရှိနိုင်ပါတယ်။ ဘာတွေလဲ ဆိုတော့
၁။ လူကောင်းသူကောင်းဖြစ်ရခြင်း၊
၂။ အသိအလိမ္မာ ဥာဏ်ပညာရရှိခြင်း၊
၃။ ပူပင်သောက မဖြစ်ရခြင်း၊
၎။ ဆွေမျိုးအလယ်၌ တင့်တယ်ရခြင်း၊
၅။ နတ်ပြည်၌ ကြာမြင့်စွာနေရခြင်း နဲ့
၆။ ဒုက္ခပေါင်းစုံမှ ကင်းလွတ်ရခြင်းတို့ ဖြစ်ပါတယ်။  ဒါကတော့ ပေါင်းသင်းရကျိုးလေးတွေပါ။
ဒီနေရာမှာ ပြောချင်တာကတော့ ကိုယ်တွေ့အဖြစ်အပျက်လေး တစ်ခုပါ။ ဖြစ်ပုံလေးက ဒီလိုပါ။ ၂၀၀၉၊ ဒီဇင်ဘာမှာ ဘုရားဖူးအနေနဲ့ ဗုဒ္ဓဂယာကိုရောက်ဖြစ်သွားပါတယ်။ အဲဒီအချိန်ကလည်း တကယ့် ဘုရားဖူးတဲ့လူတွေ အလာများတဲ့အချိန်ဆိုတော့ မြန်မာပြည်က ဘုရားဖူးတွေတော်တော်များများတွေ့ရပါတယ်။ ဗုဒ္ဓဂယာမှာ တစ်လနီးနီးနေတာဆိုတော့ ညနေတိုင်းညနေတိုင်း ဘုရားပွင့်ခဲ့တဲ့နေရာကို သွားပြီး ဘုရားဖူးပါတယ်။ တစ်ရက်မှာတော့ မြန်မာပြည်ဘုရားဖူးအဖွဲ့ထဲက အသက်လေးဆယ့်ငါးဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံဖြစ်ပါတယ်။ အဲဒီမှာ သူကမေးပါတယ်။ ဗောဓိညောင်ရွက်ရောင်းတဲ့ နေရာမရှိဘူး လားဆိုပြီး လာမေးပါတယ်။ ဒါနဲ့ ဗောဓိညောင်ရွက်ရောင်း တဲ့နေရာတော့ မသိဘူး။ ညောင်ရွက် တွေရောင်းတာကတော့ ဟော ဟိုဟာပဲ ဆိုပြီး ညွှန်ပြလိုက်ပါတယ်။ အဲဒီအချိန်က အဲဒီမှာရောက်နေတာ အရက် ၂၀ ၀န်းကျင်လောက်ရှိနေပါပြီ။ ကိုယ်လည်း သူတို့လိုပါပဲ။ ဗောဓိညောင်ရွက် လိုချင်လွန်းလို့ဆိုပြီး ညောင်ပင်အောက်သွားသွားပြီး ထိုင်စောင့်နေပါတယ်။ ညောင်ရွက်ကြွေကြတာကို စောင့်နေတာပါ။ ခက်တာက အဲဒီညောင်ပင်က ညောင်ရွက်ကတော်တော်ကို ကြွေခဲပါတယ်။ သူတို့ကတော့ အချိန်မပေးနိုင်တဲ့ အတွက်ကြောင့်မို့ ရောင်းတဲ့ဆိုင်တွေကပဲ ၀ယ်သွား လေ့ရှိပါတယ်။ တစ်ရက်မှာ ဘုရားဝန်းကျင် အပြင်အရံတွေအထိလမ်းလျှောက်သွားကြည့်လိုက်တော့ တွေ့လိုက်ရပါတယ်။ ညောင်ကိုင်းတွေ ဟုတ်ပါတယ်။ ညောင်ကိုင်းတွေပါ။ ညောင်ကိုင်းတွေကို ခုတ်ထားပြီး ရေကန်ထဲမှာ စိမ်ထားတဲ့ မြင်ကွင်း။ အဲဒီလိုပါပဲ တနေရာမှာတော့ တချို့ဆွေးနေတဲ့အရွက်တွေကို သူတို့က ရောင်းဖို့အတွက် ပလပ်စတစ်နဲ့ လောင်းနေတာကိုသွားတွေ့ရပါတယ်။ အော်….ဘုရားနားက ရောင်းနေတာ ဒီညောင်ရွက်တွေပါလားပေါ့။ အစက အထင်တော့ အထင်သားရယ်။ ဒီလောက်အကြွေခက်တဲ့ ညောင်ရွက်တွေက ဘာကြောင့် ဒီလောက်တောင်ပေါနေရလဲပေါ့။ အခုမှပဲ အဖြေက ရှင်းတော့တယ်။ ပေါမှာပေါ့။ ဘယ်ညောင်ပင်ကမှန်းမသိတဲ့ညောင်ကိုင်းတွေကို ခုတ်ပြီးတော့ ညောင်ရွက်တွေကို ဗောဓိညောင်ရွက်လုပ်ရောင်းနေတာကိုး။ ဒီမှာပဲ တွေးမိပါတယ်။ မြန်မာတွေရဲ့သဒ္ဓါတရားကိုပါ။ တစ်နည်းပြောရရင် သူတော်ကောင်းစိတ်ပေါ့ဗျာ။ ထက်သန်လှပါတယ်။ ဟုတ်တာမဟုတ်တာ အပထားတော့….အဓိကအနေနဲ့ သူယုံကြည်ရာကို လုပ်မယ်ဆိုတဲ့ ပုံစံမျိုးလေးပေါ့။ လုပ်တာကတော့ ကောင်းတော့ကောင်းပါတယ်။ ယုံကြည်ချက်တစ်ခုတည်းကိုတော့ အားကိုးလို့ မကောင်းဘူးထင်ပါတယ်။
ဒီနေရာမှာ ဆရာတော် အရှင်ဇနကာဘိဝံသရေးထားတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်ထဲက စကားလေးကို နဲနဲဆိုချင်ပါတယ်။ ဆရာတော်ကတော့ ဒီလို မိန့်ထားပါတယ်။ ``သဒ္ဓါနဲ့ ပညာကွာခြားပုံ= သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုး)ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့အရေးကို အထူးတလည် တွေးမနေတော့ပြီ။ ဤသို့လျှင် သဒ္ဓါနှင့်ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်းကွာလာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်းမဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်းမကောင်းပင်။ နှစ်ဖက်စုံကြည့်တတ်မှသာ ကောင်းပါသည်။ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ဟု ကျမ်လာဆိုရိုးရှိပါသည်´´ ဆိုပြီး ရေးသားထားပါတယ်။
          အခုတွေ့လိုက်ရတဲ့ အဖြစ်အပျက်လေးကို ပြန်ပြီးတွေးမယ်ဆိုရင် ဘုရားပွင့်ခဲ့တဲ့ညောင်ပင်က အရွက်ပဲဆိုတဲ့ ယုံကြည်ချက် (သဒ္ဓါ)တစ်ခုကိုသာ ဦးစားပေးပြီး ဒီညောင်ရွက်ဟာ ဟုတ်နိုင်၏။ မဟုတ်နိုင်၏ ဆိုတဲ့ ဆင်ခြင်သုံးသပ်ချက် (ပညာ) မပါတဲ့အတွက်ကြောင့်မို့``သူတော်ကောင်းလူညံ့´´ဆိုတဲ့ အနေအထားမျိုးကိုရောက်သွားပါတယ်။ ဒါက အိန္ဒိယမှာတွေ့ခဲ့ရတဲ့ မြင်ကွင်းလေးပါ။ နောက်ပြီး ပြည်တွင်းမှာဆိုရင်လည်း တွေ့ဖူးကြ၊ ကြားဖူးကြမှာပါ။ အကျိုးရှိနိုင်၏။ မရှိနိုင်၏ဆိုတာကို ဦးစားမပေးတော့ဘဲနဲ့ လှူလိုက်ကြတာ တန်းလိုက်ကြတာတွေ တစ်ပုံကြီးပါ။ လှူတာကိုတော့ မလှူနဲ့လို့တော့ မဆိုချင်ပါဘူး။ အဓိကက စဉ်းစားတွေးခေါ်ပြီး လှူစေဒါန်းစေချင်ပါတယ်။ နောက်ပြီး ယုံကြည်မှုအပိုင်းမှာလည်းပဲ အဲဒိအတိုင်းပါပဲ။ သေချာစဉ်းစားတွေးခေါ်ပြီးမှ လုပ်စေချင်ပါတယ်။ အထက်က ပြောခဲ့သလိုလေးတွေ တွေ့နေမြင်နေရတော့ ရင်ထဲမှာ ``ဒို့မြန်မာတွေထဲမှာ သူတော်ကောင်းလူညံ့ကြီးတွေ ဘယ်လောက်များနေပြီလဲ´´ မသိဘူးဆိုပြီး စိုးရိမ်စိတ်ဝင်မိပါတယ်။
ပညာသမားကျပြန်တော့လည်း ``ငါတို့က လှူစရာမလိုတော့ပါဘူး။ သူများလှူတာကို သာဓုခေါ်လိုက်ရင်လဲ။ ကုသိုလ်ရပြီးသားပဲ´´ဆိုပြီး ကုသိုလ်ကို ဈေးတွက်တွက်နေတာတွေလည်း တွေ့ဖူးပါတယ်။ ဒီလိုကျပြန်တော့လည်း ပညာတတ်လူမိုက်ကြီးဖြစ်သွားပြန်ပါရောလား။ သဒ္ဓါနဲ့ပညာဟာ ချိန်ခွင်လျှာလို ညီမျှနေကာမှ ကိုယ်လုပ်တဲ့ ကောင်းမှုကလည်း အကျိုးပေးသန်မှာပါ။ ဒါမှလည်း ``ပညာရှိသူတော်ကောင်း´´ဆိုတဲ့ နာမည်ရမှာပါ။
          ဒါကြောင့် ရွှေမြန်မာတွေအနေနဲ့ ဒီနေ့ကစပြီး ပညာရှိသူတော်ကောင်းများ ဖြစ်နိုင်အောင် တိုက်တွန်းချင်ပါတယ်။ လှူတဲ့နေရာမှာလည်း တကယ်အကျိုးရှိနိုင်မယ့် ပညာရေးတို့၊ ကျန်းမာရေးတို့လို နေရာမျိုးတွေကို သဒ္ဓါနဲ့ပညာဦးဆောင်တဲ့ စိတ်လေးနဲ့ လှူဒါန်းပေးကြဖို့တိုက်တွန်းရင်း ``ပညာရှိသူတော်ကောင်း´´စာရင်းဝင်နိုင်ကြပါစေ။

Tuesday, June 14, 2011

"သူတပါးစကားနှင့်လမ်းမဆုံးပါစေလင့်"

ဒီနေ့တော့ ကျောင်းက ဆင်းပြီဆိုတာနဲ့ပဲ ကိုယ်ပိုင်ဘလော့ဂ်အသစ်စက်စက်လေးပေါ်မှာ ဘာတွေ ရေးချရရင် ကောင်းမလဲဆိုတာကိုတွေးရင်း ကျောင်းသွားကျောင်းပြန်ခရီးကို မြေကြောရှုံ့မိရက်သား ဖြစ်သွားတယ်။အခန်းပြန်ရောက်တော့ ခဏနားပြီးနောက် ကွန်ပျူတာဖွင့်ပြီးတော့ ကောင်းနိုးရာရာ အကြောင်းအရာလေးတွေကို လိုက်ရှာရင်း ငါးရာ့ငါးဆယ်နိပါတ်ထဲက ဧကနိပါတ်မှာပါတဲ့ အပဏ္ဏဇာတ်တော်တစ်ခုကို ဖတ်လိုက်ရတဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်သွားတယ်ဆိုတဲ့အကြောင်းကို ၀န်ခံပါရစေ။ အကြောင်းအရာလေးကတော့ ဒီလိုပါ….။
တခါက ကာသိတိုင်း၊ ဗာရာဏသီပြည်မှာ လှည်းတွေနဲ့ကုန်တွေတင်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်ကြတဲ့ ကုန်သည် သူငယ်ချင်းနှစ်ယောက်ရှိခဲ့ကြပါတယ်။ တစ်ရက်သားမှာတော့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ တခြားတိုင်းပြည်တစ်ခုကို ကုန်သွယ်သွားဖို့အတွက် တိုင်ပင်ဖြစ်ခဲ့ပါတယ်။ အဲဒီလို တိုင်းပင်ပြီးသွားမယ့် ရက်တွေသတ်မှတ်ပြီးတဲ့အခါမှာတော့ သူတို့ဟာ မိမိတို့ သွားမယ့် တိုင်းပြည်မှာ ရောင်းဝယ်ဖောက်ကားဖို့အတွက် ကုန်တွေဝယ်ပြီး လမ်းခရီးအတွက် ပြင်ဆင်ကြပါတယ်။ သွားရမယ့် လမ်းခရီးကလည်း သဲကန္တာရတစ်ခုကို ဖြတ်သန်းပြီးသွားရမှာဆိုတော့ လမ်းမှာသုံးဖို့အတွက် ထင်းတွေ၊ ရေတွေစတဲ့ စားနပ်ရိက္ခာတွေကို လှည်းပေါ်မှာ အလုံအလောက်တင်ပြီး ခရီးအတွက် ပြင်ဆင်ထားခဲ့ကြတာပေါ့။ အဲဒီမှာ သူတို့နှစ်ယောက်တည်းက တစ်ယောက်သော လှည်းကုန်သည်မှုးကတော့ တိုင်ပင်ထားတဲ့ ရက်မရောက်ခင် တစ်ရက်အလိုမှာ သူငယ်ချင်းဖြစ်သူနဲ့တိုင်ပင်ထားတဲ့ ကတိကိုဖျက်ကာ တစ်ရက်ကြိုပြီး လှည်းငါးရာနဲ့အတူ ခရီးထွက်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ ခရီးနှင်ရင်း နှင်ရင်းနဲ့ပဲ သူတို့မြို့နဲ့ အလှမ်းဝေးတဲ့ဆီကို ရောက်လာပြီး ဖြတ်ကျော်သွားရမည့် သဲကန္တာရထဲကို တဖြည်းဖြည်းနဲ့ ရောက်လာပါတယ်။ သဲကန္တာရကို ဖြတ်ကျော်နေပြီး အတန်ငယ်ကြာချိန်မှာတော့ အဲဒိလှည်းကုန်သည်တွေနဲ့ မျက်နှာချင်းဆိုင်အရပ်ဆီမှာ မိုးသားတိမ်တောင်တွေတက်ပြီး မိုးရွာနေတဲ့ မြင်ကွင်း၊ သူတို့ဦးတည်သွားနေတဲ့ တူရူဆန့်ကျင်ဘက်ဒေသမှာ ညှို့မှိုင်နေတဲ့ တောအုပ်တစ်ခုကို ကန္တာရထဲမှာ ထူးဆန်းစွာပဲ လှမ်းမြင်နေရပါတယ်တဲ့။

ဒီလိုနဲ့ ခရီးနှင်ရင်း နှင်ရင်း မျက်နှာချင်းဆိုင်အရပ်ရဲ့ ခပ်လှမ်းလှမ်းဆီကနေ လှည်းယာဉ်တစ်စီးမောင်းနှင်လာတာကို သတိထားမိသွားပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒိလှည်းယာဉ်ဟာ ကုန်သည်တွေရဲ့ လှည်းတွေအနီးကို ရောက်လာကြပါတယ်။ လှည်းပေါ်မှာ ပါလာတဲ့ လူတွေကလည်း မိုးရေတွေ စိုရွှဲနေကာ ကြာပန်းတွေကို ခူးပြီးယူဆောင်လာတာကိုတွေ့ရပါတယ်။ တချို့ကလည်း ကြားရိုးကြာနွယ်တွေကို စားလိုစားနဲ့ပေါ့။  အဲဒီလှည်းပေါ်က လူတွေကပဲ လှည်းကုန်သည်မှုးကို လှမ်းပြီးတော့ နှုတ်ခွန်းဆက်စကားဆိုပါတယ်။ “အမောင်တို့ ဘယ်အရပ်ကလာပြီး ဘယ်အရပ်ကို ခရီးနှင်မလို့တုန်း”ပေါ့။ ဒီမှာ လှည်းကုန်သည်မှုးက “မိမိတို့ဟာ တခြားတိုင်းပြည်ကို ကုန်သွယ်သွားမယ်ဆိုတဲ့အကြောင်း”ကို ပြောပြလိုက်ပါတယ်။ ဒီတော့ မျက်နှာချင်းဆိုင်မှ လာတဲ့လှည်းပေါ်ကလူတွေကနေ ပြောပါတယ်။ “အမောင်တို့နဲ့ဗျာ… ဒီလောက်မိုးကောင်းရေများနေတဲ့အရပ်ကိုသွားမှာတောင် ဘာဖြစ်လို့ အမောင်တို့လှည်းပေါ်မှာ ရေတွေအပြည့်တင်လာရတာလဲ။ အလကားနေရင်း နွားတွေပင်ပန်းပါတယ်။ ရေတွေကို သွန်ပစ်လိုက်ပါ။ ရှေ့မှာလည်းမိုးတွေရွာနေတာတွေ့တယ်မဟုတ်ဘူးလား” ဆိုပြီး ပြောတဲ့အခါမှာ လှည်းသားငါးရာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လှည်းကုန်သည်မှုးဟာ သူလည်းမြင်နေရတာဖြစ်ခြင်းကြောင့် လှည်းပေါ်မှာပါလာတဲ့ ရေတွေကို သွန်လိုက်ပြီး ခရီးကိုယ်စီ ဆက်ခဲ့ကြပါတယ်။ သူတို့ဟာ ခရီးနှင်ရင်းနှင်ရင်းနဲ့ပဲ…. အခုနက မြင်နေရတဲ့ တောအုပ်ဟာနီးနီးမလာဘဲ ဝေးဝေးသွားတာကို သတိထားမိလာပါတယ်။

အဲဒီမှာပဲ ပြဿနာတက်တော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ချက်ပြုတ်စားသောက်ဖို့အတွက် ရေကမရှိတော့ဘူးဆိုတော့ ဒုက္ခရောက်ပါပြီ။ နောက်ဆုံးတော့ လှည်းကုန်သည် ဦးစီးတဲ့ လှည်းသားငါးရာဟာလည်း ပင်ပန်းနွမ်းနယ်ပြီး အခုနကတွေ့ခဲ့တဲ့ လူယောင်ဖန်ဆင်းထားတဲ့ လှည်းပေါ်က ဘီလူးတွေရဲ့စားသောက်ခြင်းကို ခံလိုက်ကြပါရပါတယ်။

နောက်တစ်ရက်မှာတော့ တိုင်းပြည်မှာ ကျန်နေခဲ့တဲ့ လှည်းကုန်သည်မှုးတို့အဖွဲ့ဟာ သဲကန္တာရခရီးကို ထွက်ခဲ့ကြပါတယ်။ ဒီမှာလည်း ရှေးကအတိုင်း လှည်းသမားနဲ့တွေ့ပါတယ်။ ပြောကြဆိုကြ ပေါ့။ ဒါပေမယ့် ဒီတစ်ခါလာတဲ့လှည်းကုန်သည်မှုးက လှည်းယာဉ်နဲ့လာတဲ့ လှည်းသမားတွေကို အကဲခတ်ကြည့်လိုက်ပါတယ်။ အခြေအနေသိပ်မဟန်တဲ့အနေအထားကိုတွေ့ရတာကြောင့်မို့ သူတို့ ပြောတဲ့အတိုင်း ရေတွေကို မသွန်ပစ်ဘဲ ခရီးနှင်ခဲ့ပါတယ်။ အတိုချုံးပြောရရင်တော့ သူတို့အဖွဲ့ဟာ….. အောင်မြင်စွာနဲ့ ခရီးဆက်နိုင်ခဲ့တဲ့အပြင် ရှေးကသွားထားတဲ့ အဖွဲ့ကကျန်တဲ့ ပစ္စည်းတချို့ကိုလည်း ရလိုက်ကြပါတယ်။ 

ဇာတ်လမ်းလေးကတော့ ပြီးသွားခဲ့ပါပြီ။ ဒီနေရာမှာ တွေးစရာလေးတွေပါလာခဲ့ပါတယ်။ လှည်းကုန်သည်မှုးနှစ်ယောက်ရဲ့ မတူညီတဲ့ ခံယူချက်၊ တူညီတဲ့အတွေ့အကြုံ၊ မတူညီတဲ့ အဖြစ်အပျက်လေးတွေပေါ့။ ပထမလှည်းကုန်သည်မှုးကတော့ သူများပြောလိုက်တဲ့စကားကို ယုံကြည့်မိခဲ့လို့ မဖြစ်ချင်တဲ့အနေအထားနဲ့ အကြုံတွေ့သွားခဲ့ရပါတယ်။ ဒုတိယတစ်ယောက်ကတော့ မယုံကြည်ခဲ့လို့ လွတ်မြောက်ခဲ့ရပါတယ်။ ခေါင်းဆောင်တဲ့လူဟာ စဉ်းစားဥာဏ်မဲ့ပြီဟေ့ဆိုလျှင် နောက်လိုက်တွေပါ အလိုလိုအော်တိုမစ်တစ် ပြုတ်သွားရတဲ့ အနေအထားလေးပါ။နောက်ပြီး ဘယ်အရာကိုမှ အမြင်နဲ့ ဆုံးဖြတ်ချက်ချလို့မရဘူးဆိုတာကိုလည်း တွေ့လိုက်ရပါတယ်။

 ဒါလေးကို ဒီနေ့ခေတ်အနေနဲ့ပြန်ပြီး တွေးကြည့်မိပါတယ်။ ဒီနေ့ခေတ်လူတော်တော်များများဟာ သူတစ်ပါးစကားနဲ့ လမ်းဆုံးနေကြတာတွေကို တွေ့ရပါတယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး စတဲ့ လောင်းကစားတွေပေါ့။ ဒီနေ့တော့ဖြင့် ဘာတစ်လုံးကောင်းတယ်။ ဒီအပါတ်တော့ဖြင့် ထိပ်စည်းက ဘာတဲ့၊ နောက်ပိတ်က ညာတဲ့ စသည်ဖြင့် ကြားနေရတဲ့အသံတွေ၊ ဒီည ဘယ်အသင်းက ဘယ်လိုပုံစံနဲ့ကန်မယ်….ဘယ်သူတွေပါမယ်ဆိုတဲ့ သတင်းတွေ။ ကိုကလည်းထင်နေ သူတို့ကလည်း ပြောနေဆိုတော့ အဟုတ်မှတ်ပြီးတွယ်လိုက်ရော…..ထွက်လာတဲ့အဖြေနဲ့က တခြားစီ။ နောက်ပြီး စီးပွားရေးနယ်ပယ်မှာလည်း သူက အာစီဆို ကိုယ်ကလည်း လိုက်စီ၊ သူက နောက်ဆုံးပေါ်ကားဆို ကိုယ်ကလည်း လိုက်ကားနဲ့ နောက်ဆုံးတော့…..ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတော့ဘဲ ဘယ်လိုအနေ အထားတွေတွေ့ရသလဲဆိုတော့ ဖတ်ဖတ်မောပြီး လျှာထွက်နေတဲ့ အနေအထားရောက်သွားတာတွေကို တပုံကြီးတွေ့ရပါတယ်။ နောက်ပြီး လူငယ်တွေ တော်တော်များများရဲ့ ပညာရေးနယ်ပယ်မှာ တက်သမျှ သင်တန်းကတော့ အစုံပါပဲ။ သူများက ကွန်ပျူတာဆို လိုက် တာ၊ အင်တာနက်ဆိုလည်း လိုက်နက်လိုက်၊ သူများက စပီကင်ဆို လိုက် ကင်၊ သူများက နိုင်ငံခြားဆို လိုက် ခြားလိုက်ရော နောက်ဆုံး ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀ဟာ တစ်ထပ်တည်းကျမလာတဲ့အခါရောက်တော့ ဘာလုပ်ရမှန်းအဖြေကရှာမရတော့ဘူး။ လမ်းကဆုံးနေပြီ။

ဒီနေ့ခေတ်မှာ ဘီလူးကတော့ အထက်ကပြောခဲ့တဲ့အထဲကလို ဘီလူးတော့ မဟုတ်တော့ပါ။ ခေတ်ကလည်း တိုးတက်လာတဲ့အလျောက် ဘီလူးတွေကလည်းတိုးတက်လာခဲ့ပါတယ်။ ဒီနေ့ခေတ်သစ်ဘီလူးတွေက လူယောင်မဖန်ဆင်းတော့ဘဲ လိုချင်တက်မက်ဖွယ်ရာ အရာဝတ္ထုတွေအဖြစ်ဖန်ဆင်းထားကြပါတယ်။ တကယ်လို့သာ အဲဒါတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားနေမယ်ဆိုရင်တော့ အထက်မှာပြောခဲ့တဲ့အထဲကလိုပဲ ဘီလူစားခံရတော့မှာ သေချာပါတယ်။  ဒါကြောင့်မို့ ဒီနေ့ခေတ်မှာ ဘီလူးအစားမခံကြရအောင် ဘုရားရှင် မိန့်ကြားခဲ့တဲ့ ``မာအနုဿဝေန=သူတပါးစကားနဲ့ မိမိဘ၀လမ်းမဆုံးပါစေနဲ့´´ဆိုတဲ့ စကားလေးကို လက်ဆောင်ပါးရင်း.......။

မှတ်ချက်/ ကေသမုတ္တိသုတ်လာ ``မာအနုဿဝေန´´ဟူသော စကားကို အပဏ္ဏကဇာတ်နှင့် တင်ပြလိုက်ပါသည်။

ဓမ္မလွင်ပြင်



နာမည်က “ဓမ္မလွင်ပြင်”တဲ့။ ဒီဘလော့ဂ်လေးကို ဖန်တီးပေးလိုက်တဲ့သူက “ဆန်နီနေမင်း” လို့ လူသိများတဲ့ ဦးကောမလ ပါ။ တစ်ရက်သား မြန်မာကျောင်းကို ကိစ္စတခုနဲ့ ရောက်သွားရင်း “ဦးကောမလရေ…..အရှင်ဘုရား အချိန်ရမယ်ဆိုရင် တပည့်တော်အတွက် ဘလော့ဂ်လေးတစ်ခုလောက် လုပ်ပေးပါဦး….ဘုရား” ဆိုပြီး အကူအညီတောင်းလိုက်ပါတယ်။ လွယ်လွယ်ကူကူပါပဲ ညနေပိုင်းရောက်တော့ ဒီဘလော့ဂ်လေးကို ဖန်တီးပြီးသွားခဲ့ပါတယ်။ ဟုတ်ပါသည်။ ဒီလောက်နည်းပညာတွေတိုးတက်နေတဲ့ခေတ်ထဲမှာ ကြဉ်လည်လည်း ကြဉ်လည်နေရ၊ နိုင်ငံခြားဆိုတဲ့ နေရာမှာလည်း နေနေပြီးတော့မှ အနည်းဆုံး Blog တစ်ခုတောင် မပိုင်ဘူးဆိုလျှင် လူပြောစရာဖြစ်တော့မည်။ သူသူကိုယ်ကိုယ် Blog တွေဖွင့်ပြီး ကိုယ့်ခံစားချက်၊ ကိုယ့်အတွေ့အကြုံတွေကို ရေးပြီးမျှဝေနေကြတဲ့အထဲမှာ ကိုယ့်မှာတော့ ခံစားချက်မရှိသလိုမျိုး ၊ မျှဝေစရာမဲ့နေသလိုမျိုးဆိုလျှင်လည်း မကောင်းတော့ပေ။ အခုတော့ ဦးကောမလရဲ့အကူအညီနဲ့ ဖိတ်စာလည်း မကမ်းလိုက်ရ၊ ကွမ်း, ဆေးလဲ မကမ်းလိုက်ရဘဲနဲ့ “ဓမ္မလွင်ပြင်” ဆိုတဲ့ နာမည်လေးကို ဦးကောမလကပဲ ရွေးပေးပြီး ကင်ပွန်းတပ်လိုက်ပါတယ်။ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်းပေါ့။
“ဓမ္မလွင်ပြင်” ဆိုတဲ့ နာမည်ကိုကြည့်ပြီး ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ရင် ကောင်းပါ့မလဲလို့ စဉ်းစားကာ လိုက်ရှာကြည့်လိုက်တော့ ပထမဦးဆုံး ဓမ္မဆိုတဲ့ ပုဒ်ရဲ့ အနက်တွေကို လိုက်ကြည့်မိပါတယ်။ အဲဒိထဲမှာမှ ကိုယ်ကြိုက်တဲ့ အနက်တခုဖြစ်တဲ့ “အကြောင်း” ဆိုတာလေးကိုရွေးပြီး၊ နောက်က “လွင်ပြင်” ဆိုတဲ့ ပုဒ်ကိုတော့ “ရိုးရှင်းသော” ဆိုတဲ့ အနက်ကိုယူကာ Post noun modifier သဘောမျိုးလေးနဲ့ “ရိုးရှင်းသော အကြောင်း” ဆိုပြီး အဓိပ္ပာယ် ဖွင့်မိလိုက်ပါတယ်။
အဓိပ္ပာယ်ကတော့ ဖွင့်သွားပြီးပါပြီ။ ကိုယ်ဖွင့်ထားတဲ့ အဓိပ္ပာယ်က ကိုယ်ရေးမည့် အကြောင်းအရာကို ဘောင်ခတ်ထားသလိုမျိုးဖြစ်နေမှာကိုလည်း စဉ်းစားရသေးသည်။ မည်သို့ပင်ဖြစ်စေ “ဓမ္မလွင်ပြင်” ဆိုတာကို မြင်လိုက်လျှင်ပင် ဒီခေါင်းစဉ် အောက်မှာလာမည့် အကြောင်းအရာတွေကလည်း ဓမ္မနှင့်သက်ဆိုင်သော၊ ပတ်သက်သော၊ ဆက်နွှယ်နေသော အကြောင်းအရာများသာ ဖြစ်မည်မှာ ဧကန်မလွဲပါ။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More