Tuesday, June 14, 2011

"သူတပါးစကားနှင့်လမ်းမဆုံးပါစေလင့်"

ဒီနေ့တော့ ကျောင်းက ဆင်းပြီဆိုတာနဲ့ပဲ ကိုယ်ပိုင်ဘလော့ဂ်အသစ်စက်စက်လေးပေါ်မှာ ဘာတွေ ရေးချရရင် ကောင်းမလဲဆိုတာကိုတွေးရင်း ကျောင်းသွားကျောင်းပြန်ခရီးကို မြေကြောရှုံ့မိရက်သား ဖြစ်သွားတယ်။အခန်းပြန်ရောက်တော့ ခဏနားပြီးနောက် ကွန်ပျူတာဖွင့်ပြီးတော့ ကောင်းနိုးရာရာ အကြောင်းအရာလေးတွေကို လိုက်ရှာရင်း ငါးရာ့ငါးဆယ်နိပါတ်ထဲက ဧကနိပါတ်မှာပါတဲ့ အပဏ္ဏဇာတ်တော်တစ်ခုကို ဖတ်လိုက်ရတဲ့အတွက် ဒီပို့စ်လေးကို ရေးဖြစ်သွားတယ်ဆိုတဲ့အကြောင်းကို ၀န်ခံပါရစေ။ အကြောင်းအရာလေးကတော့ ဒီလိုပါ….။
တခါက ကာသိတိုင်း၊ ဗာရာဏသီပြည်မှာ လှည်းတွေနဲ့ကုန်တွေတင်ပြီး ကုန်ရောင်းကုန်ဝယ်လုပ်ကြတဲ့ ကုန်သည် သူငယ်ချင်းနှစ်ယောက်ရှိခဲ့ကြပါတယ်။ တစ်ရက်သားမှာတော့ သူတို့ သူငယ်ချင်းနှစ်ယောက်ဟာ တခြားတိုင်းပြည်တစ်ခုကို ကုန်သွယ်သွားဖို့အတွက် တိုင်ပင်ဖြစ်ခဲ့ပါတယ်။ အဲဒီလို တိုင်းပင်ပြီးသွားမယ့် ရက်တွေသတ်မှတ်ပြီးတဲ့အခါမှာတော့ သူတို့ဟာ မိမိတို့ သွားမယ့် တိုင်းပြည်မှာ ရောင်းဝယ်ဖောက်ကားဖို့အတွက် ကုန်တွေဝယ်ပြီး လမ်းခရီးအတွက် ပြင်ဆင်ကြပါတယ်။ သွားရမယ့် လမ်းခရီးကလည်း သဲကန္တာရတစ်ခုကို ဖြတ်သန်းပြီးသွားရမှာဆိုတော့ လမ်းမှာသုံးဖို့အတွက် ထင်းတွေ၊ ရေတွေစတဲ့ စားနပ်ရိက္ခာတွေကို လှည်းပေါ်မှာ အလုံအလောက်တင်ပြီး ခရီးအတွက် ပြင်ဆင်ထားခဲ့ကြတာပေါ့။ အဲဒီမှာ သူတို့နှစ်ယောက်တည်းက တစ်ယောက်သော လှည်းကုန်သည်မှုးကတော့ တိုင်ပင်ထားတဲ့ ရက်မရောက်ခင် တစ်ရက်အလိုမှာ သူငယ်ချင်းဖြစ်သူနဲ့တိုင်ပင်ထားတဲ့ ကတိကိုဖျက်ကာ တစ်ရက်ကြိုပြီး လှည်းငါးရာနဲ့အတူ ခရီးထွက်သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ ခရီးနှင်ရင်း နှင်ရင်းနဲ့ပဲ သူတို့မြို့နဲ့ အလှမ်းဝေးတဲ့ဆီကို ရောက်လာပြီး ဖြတ်ကျော်သွားရမည့် သဲကန္တာရထဲကို တဖြည်းဖြည်းနဲ့ ရောက်လာပါတယ်။ သဲကန္တာရကို ဖြတ်ကျော်နေပြီး အတန်ငယ်ကြာချိန်မှာတော့ အဲဒိလှည်းကုန်သည်တွေနဲ့ မျက်နှာချင်းဆိုင်အရပ်ဆီမှာ မိုးသားတိမ်တောင်တွေတက်ပြီး မိုးရွာနေတဲ့ မြင်ကွင်း၊ သူတို့ဦးတည်သွားနေတဲ့ တူရူဆန့်ကျင်ဘက်ဒေသမှာ ညှို့မှိုင်နေတဲ့ တောအုပ်တစ်ခုကို ကန္တာရထဲမှာ ထူးဆန်းစွာပဲ လှမ်းမြင်နေရပါတယ်တဲ့။

ဒီလိုနဲ့ ခရီးနှင်ရင်း နှင်ရင်း မျက်နှာချင်းဆိုင်အရပ်ရဲ့ ခပ်လှမ်းလှမ်းဆီကနေ လှည်းယာဉ်တစ်စီးမောင်းနှင်လာတာကို သတိထားမိသွားပါတယ်။ တဖြည်းဖြည်းနဲ့ အဲဒိလှည်းယာဉ်ဟာ ကုန်သည်တွေရဲ့ လှည်းတွေအနီးကို ရောက်လာကြပါတယ်။ လှည်းပေါ်မှာ ပါလာတဲ့ လူတွေကလည်း မိုးရေတွေ စိုရွှဲနေကာ ကြာပန်းတွေကို ခူးပြီးယူဆောင်လာတာကိုတွေ့ရပါတယ်။ တချို့ကလည်း ကြားရိုးကြာနွယ်တွေကို စားလိုစားနဲ့ပေါ့။  အဲဒီလှည်းပေါ်က လူတွေကပဲ လှည်းကုန်သည်မှုးကို လှမ်းပြီးတော့ နှုတ်ခွန်းဆက်စကားဆိုပါတယ်။ “အမောင်တို့ ဘယ်အရပ်ကလာပြီး ဘယ်အရပ်ကို ခရီးနှင်မလို့တုန်း”ပေါ့။ ဒီမှာ လှည်းကုန်သည်မှုးက “မိမိတို့ဟာ တခြားတိုင်းပြည်ကို ကုန်သွယ်သွားမယ်ဆိုတဲ့အကြောင်း”ကို ပြောပြလိုက်ပါတယ်။ ဒီတော့ မျက်နှာချင်းဆိုင်မှ လာတဲ့လှည်းပေါ်ကလူတွေကနေ ပြောပါတယ်။ “အမောင်တို့နဲ့ဗျာ… ဒီလောက်မိုးကောင်းရေများနေတဲ့အရပ်ကိုသွားမှာတောင် ဘာဖြစ်လို့ အမောင်တို့လှည်းပေါ်မှာ ရေတွေအပြည့်တင်လာရတာလဲ။ အလကားနေရင်း နွားတွေပင်ပန်းပါတယ်။ ရေတွေကို သွန်ပစ်လိုက်ပါ။ ရှေ့မှာလည်းမိုးတွေရွာနေတာတွေ့တယ်မဟုတ်ဘူးလား” ဆိုပြီး ပြောတဲ့အခါမှာ လှည်းသားငါးရာရဲ့ ခေါင်းဆောင်ဖြစ်တဲ့ လှည်းကုန်သည်မှုးဟာ သူလည်းမြင်နေရတာဖြစ်ခြင်းကြောင့် လှည်းပေါ်မှာပါလာတဲ့ ရေတွေကို သွန်လိုက်ပြီး ခရီးကိုယ်စီ ဆက်ခဲ့ကြပါတယ်။ သူတို့ဟာ ခရီးနှင်ရင်းနှင်ရင်းနဲ့ပဲ…. အခုနက မြင်နေရတဲ့ တောအုပ်ဟာနီးနီးမလာဘဲ ဝေးဝေးသွားတာကို သတိထားမိလာပါတယ်။

အဲဒီမှာပဲ ပြဿနာတက်တော့တာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ ချက်ပြုတ်စားသောက်ဖို့အတွက် ရေကမရှိတော့ဘူးဆိုတော့ ဒုက္ခရောက်ပါပြီ။ နောက်ဆုံးတော့ လှည်းကုန်သည် ဦးစီးတဲ့ လှည်းသားငါးရာဟာလည်း ပင်ပန်းနွမ်းနယ်ပြီး အခုနကတွေ့ခဲ့တဲ့ လူယောင်ဖန်ဆင်းထားတဲ့ လှည်းပေါ်က ဘီလူးတွေရဲ့စားသောက်ခြင်းကို ခံလိုက်ကြပါရပါတယ်။

နောက်တစ်ရက်မှာတော့ တိုင်းပြည်မှာ ကျန်နေခဲ့တဲ့ လှည်းကုန်သည်မှုးတို့အဖွဲ့ဟာ သဲကန္တာရခရီးကို ထွက်ခဲ့ကြပါတယ်။ ဒီမှာလည်း ရှေးကအတိုင်း လှည်းသမားနဲ့တွေ့ပါတယ်။ ပြောကြဆိုကြ ပေါ့။ ဒါပေမယ့် ဒီတစ်ခါလာတဲ့လှည်းကုန်သည်မှုးက လှည်းယာဉ်နဲ့လာတဲ့ လှည်းသမားတွေကို အကဲခတ်ကြည့်လိုက်ပါတယ်။ အခြေအနေသိပ်မဟန်တဲ့အနေအထားကိုတွေ့ရတာကြောင့်မို့ သူတို့ ပြောတဲ့အတိုင်း ရေတွေကို မသွန်ပစ်ဘဲ ခရီးနှင်ခဲ့ပါတယ်။ အတိုချုံးပြောရရင်တော့ သူတို့အဖွဲ့ဟာ….. အောင်မြင်စွာနဲ့ ခရီးဆက်နိုင်ခဲ့တဲ့အပြင် ရှေးကသွားထားတဲ့ အဖွဲ့ကကျန်တဲ့ ပစ္စည်းတချို့ကိုလည်း ရလိုက်ကြပါတယ်။ 

ဇာတ်လမ်းလေးကတော့ ပြီးသွားခဲ့ပါပြီ။ ဒီနေရာမှာ တွေးစရာလေးတွေပါလာခဲ့ပါတယ်။ လှည်းကုန်သည်မှုးနှစ်ယောက်ရဲ့ မတူညီတဲ့ ခံယူချက်၊ တူညီတဲ့အတွေ့အကြုံ၊ မတူညီတဲ့ အဖြစ်အပျက်လေးတွေပေါ့။ ပထမလှည်းကုန်သည်မှုးကတော့ သူများပြောလိုက်တဲ့စကားကို ယုံကြည့်မိခဲ့လို့ မဖြစ်ချင်တဲ့အနေအထားနဲ့ အကြုံတွေ့သွားခဲ့ရပါတယ်။ ဒုတိယတစ်ယောက်ကတော့ မယုံကြည်ခဲ့လို့ လွတ်မြောက်ခဲ့ရပါတယ်။ ခေါင်းဆောင်တဲ့လူဟာ စဉ်းစားဥာဏ်မဲ့ပြီဟေ့ဆိုလျှင် နောက်လိုက်တွေပါ အလိုလိုအော်တိုမစ်တစ် ပြုတ်သွားရတဲ့ အနေအထားလေးပါ။နောက်ပြီး ဘယ်အရာကိုမှ အမြင်နဲ့ ဆုံးဖြတ်ချက်ချလို့မရဘူးဆိုတာကိုလည်း တွေ့လိုက်ရပါတယ်။

 ဒါလေးကို ဒီနေ့ခေတ်အနေနဲ့ပြန်ပြီး တွေးကြည့်မိပါတယ်။ ဒီနေ့ခေတ်လူတော်တော်များများဟာ သူတစ်ပါးစကားနဲ့ လမ်းဆုံးနေကြတာတွေကို တွေ့ရပါတယ်။ ဥပမာ မြန်မာပြည်မှာဆိုရင် တစ်လုံး၊ နှစ်လုံး၊ သုံးလုံး စတဲ့ လောင်းကစားတွေပေါ့။ ဒီနေ့တော့ဖြင့် ဘာတစ်လုံးကောင်းတယ်။ ဒီအပါတ်တော့ဖြင့် ထိပ်စည်းက ဘာတဲ့၊ နောက်ပိတ်က ညာတဲ့ စသည်ဖြင့် ကြားနေရတဲ့အသံတွေ၊ ဒီည ဘယ်အသင်းက ဘယ်လိုပုံစံနဲ့ကန်မယ်….ဘယ်သူတွေပါမယ်ဆိုတဲ့ သတင်းတွေ။ ကိုကလည်းထင်နေ သူတို့ကလည်း ပြောနေဆိုတော့ အဟုတ်မှတ်ပြီးတွယ်လိုက်ရော…..ထွက်လာတဲ့အဖြေနဲ့က တခြားစီ။ နောက်ပြီး စီးပွားရေးနယ်ပယ်မှာလည်း သူက အာစီဆို ကိုယ်ကလည်း လိုက်စီ၊ သူက နောက်ဆုံးပေါ်ကားဆို ကိုယ်ကလည်း လိုက်ကားနဲ့ နောက်ဆုံးတော့…..ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတော့ဘဲ ဘယ်လိုအနေ အထားတွေတွေ့ရသလဲဆိုတော့ ဖတ်ဖတ်မောပြီး လျှာထွက်နေတဲ့ အနေအထားရောက်သွားတာတွေကို တပုံကြီးတွေ့ရပါတယ်။ နောက်ပြီး လူငယ်တွေ တော်တော်များများရဲ့ ပညာရေးနယ်ပယ်မှာ တက်သမျှ သင်တန်းကတော့ အစုံပါပဲ။ သူများက ကွန်ပျူတာဆို လိုက် တာ၊ အင်တာနက်ဆိုလည်း လိုက်နက်လိုက်၊ သူများက စပီကင်ဆို လိုက် ကင်၊ သူများက နိုင်ငံခြားဆို လိုက် ခြားလိုက်ရော နောက်ဆုံး ဖြစ်ချင်တဲ့ဆန္ဒနဲ့ ဖြစ်နေတဲ့ ဘ၀ဟာ တစ်ထပ်တည်းကျမလာတဲ့အခါရောက်တော့ ဘာလုပ်ရမှန်းအဖြေကရှာမရတော့ဘူး။ လမ်းကဆုံးနေပြီ။

ဒီနေ့ခေတ်မှာ ဘီလူးကတော့ အထက်ကပြောခဲ့တဲ့အထဲကလို ဘီလူးတော့ မဟုတ်တော့ပါ။ ခေတ်ကလည်း တိုးတက်လာတဲ့အလျောက် ဘီလူးတွေကလည်းတိုးတက်လာခဲ့ပါတယ်။ ဒီနေ့ခေတ်သစ်ဘီလူးတွေက လူယောင်မဖန်ဆင်းတော့ဘဲ လိုချင်တက်မက်ဖွယ်ရာ အရာဝတ္ထုတွေအဖြစ်ဖန်ဆင်းထားကြပါတယ်။ တကယ်လို့သာ အဲဒါတွေနောက်ကို ကောက်ကောက်ပါအောင် လိုက်သွားနေမယ်ဆိုရင်တော့ အထက်မှာပြောခဲ့တဲ့အထဲကလိုပဲ ဘီလူစားခံရတော့မှာ သေချာပါတယ်။  ဒါကြောင့်မို့ ဒီနေ့ခေတ်မှာ ဘီလူးအစားမခံကြရအောင် ဘုရားရှင် မိန့်ကြားခဲ့တဲ့ ``မာအနုဿဝေန=သူတပါးစကားနဲ့ မိမိဘ၀လမ်းမဆုံးပါစေနဲ့´´ဆိုတဲ့ စကားလေးကို လက်ဆောင်ပါးရင်း.......။

မှတ်ချက်/ ကေသမုတ္တိသုတ်လာ ``မာအနုဿဝေန´´ဟူသော စကားကို အပဏ္ဏကဇာတ်နှင့် တင်ပြလိုက်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More