Tuesday, June 14, 2011

ဓမ္မလွင်ပြင်



နာမည်က “ဓမ္မလွင်ပြင်”တဲ့။ ဒီဘလော့ဂ်လေးကို ဖန်တီးပေးလိုက်တဲ့သူက “ဆန်နီနေမင်း” လို့ လူသိများတဲ့ ဦးကောမလ ပါ။ တစ်ရက်သား မြန်မာကျောင်းကို ကိစ္စတခုနဲ့ ရောက်သွားရင်း “ဦးကောမလရေ…..အရှင်ဘုရား အချိန်ရမယ်ဆိုရင် တပည့်တော်အတွက် ဘလော့ဂ်လေးတစ်ခုလောက် လုပ်ပေးပါဦး….ဘုရား” ဆိုပြီး အကူအညီတောင်းလိုက်ပါတယ်။ လွယ်လွယ်ကူကူပါပဲ ညနေပိုင်းရောက်တော့ ဒီဘလော့ဂ်လေးကို ဖန်တီးပြီးသွားခဲ့ပါတယ်။ ဟုတ်ပါသည်။ ဒီလောက်နည်းပညာတွေတိုးတက်နေတဲ့ခေတ်ထဲမှာ ကြဉ်လည်လည်း ကြဉ်လည်နေရ၊ နိုင်ငံခြားဆိုတဲ့ နေရာမှာလည်း နေနေပြီးတော့မှ အနည်းဆုံး Blog တစ်ခုတောင် မပိုင်ဘူးဆိုလျှင် လူပြောစရာဖြစ်တော့မည်။ သူသူကိုယ်ကိုယ် Blog တွေဖွင့်ပြီး ကိုယ့်ခံစားချက်၊ ကိုယ့်အတွေ့အကြုံတွေကို ရေးပြီးမျှဝေနေကြတဲ့အထဲမှာ ကိုယ့်မှာတော့ ခံစားချက်မရှိသလိုမျိုး ၊ မျှဝေစရာမဲ့နေသလိုမျိုးဆိုလျှင်လည်း မကောင်းတော့ပေ။ အခုတော့ ဦးကောမလရဲ့အကူအညီနဲ့ ဖိတ်စာလည်း မကမ်းလိုက်ရ၊ ကွမ်း, ဆေးလဲ မကမ်းလိုက်ရဘဲနဲ့ “ဓမ္မလွင်ပြင်” ဆိုတဲ့ နာမည်လေးကို ဦးကောမလကပဲ ရွေးပေးပြီး ကင်ပွန်းတပ်လိုက်ပါတယ်။ ၀မ်းသာလိုက်တဲ့ ဖြစ်ခြင်းပေါ့။
“ဓမ္မလွင်ပြင်” ဆိုတဲ့ နာမည်ကိုကြည့်ပြီး ဘယ်လိုများ အဓိပ္ပာယ်ဖွင့်ရင် ကောင်းပါ့မလဲလို့ စဉ်းစားကာ လိုက်ရှာကြည့်လိုက်တော့ ပထမဦးဆုံး ဓမ္မဆိုတဲ့ ပုဒ်ရဲ့ အနက်တွေကို လိုက်ကြည့်မိပါတယ်။ အဲဒိထဲမှာမှ ကိုယ်ကြိုက်တဲ့ အနက်တခုဖြစ်တဲ့ “အကြောင်း” ဆိုတာလေးကိုရွေးပြီး၊ နောက်က “လွင်ပြင်” ဆိုတဲ့ ပုဒ်ကိုတော့ “ရိုးရှင်းသော” ဆိုတဲ့ အနက်ကိုယူကာ Post noun modifier သဘောမျိုးလေးနဲ့ “ရိုးရှင်းသော အကြောင်း” ဆိုပြီး အဓိပ္ပာယ် ဖွင့်မိလိုက်ပါတယ်။
အဓိပ္ပာယ်ကတော့ ဖွင့်သွားပြီးပါပြီ။ ကိုယ်ဖွင့်ထားတဲ့ အဓိပ္ပာယ်က ကိုယ်ရေးမည့် အကြောင်းအရာကို ဘောင်ခတ်ထားသလိုမျိုးဖြစ်နေမှာကိုလည်း စဉ်းစားရသေးသည်။ မည်သို့ပင်ဖြစ်စေ “ဓမ္မလွင်ပြင်” ဆိုတာကို မြင်လိုက်လျှင်ပင် ဒီခေါင်းစဉ် အောက်မှာလာမည့် အကြောင်းအရာတွေကလည်း ဓမ္မနှင့်သက်ဆိုင်သော၊ ပတ်သက်သော၊ ဆက်နွှယ်နေသော အကြောင်းအရာများသာ ဖြစ်မည်မှာ ဧကန်မလွဲပါ။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More