Friday, June 17, 2011

နဂျီကောင်.........။

နဂျီကောင်လေးတစ်ကောင်ရဲ့အကြောင်းလေးပါ။ တစ်ရက်သား ကျနော့ငယ်ဆရာရယ် ကျနော်ရယ်…. ခရီးအတူထွက်ဖြစ်ခဲ့ပါတယ်။ မတွေ့ရတာကလည်း ကြာနေပီဆိုတော့….ကားပေါ်မှာ စကားတွေ လည်းတော်တော်ပြောဖြစ်ခဲ့ကြပါတယ်။ အဲဒီထဲမှာမှ ဒီအချိန်အထိ စွဲကျန်နေတာကတော့ ဆရာပြောခဲ့တဲ့ နဂျီကောင်ပုံပြင်လေးတစ်ပုဒ်ပါပဲ။ ဆရာက ကျနော့ကို ပုံပြောတဲ့နေရာမှာ အမေးအဖြေပုံစံမျိုးလေးနဲ့ ပြောပြ သွားခဲ့ပါတယ်။ ဒါကြောင့် အဲဒါလေးကိုပဲ ကျနော် ပြန်ပြီးမျှဝေမယ်ဆိုပီး အတွေးလေးပေါ်လာလို့ ရေးဖြစ် သွားပါတယ်။ ဆရာနဲ့ကျနော်နဲ့ ပြောကြတဲ့အထဲမှာတော့ ဟိုမရောက်ဒီမရောက် စကားတွေလဲ အများ ကြီးတော့ပါပါတယ်။ ဒါပေမယ့် ဒီနေရာမှာတော့….ကျနော်က ပုံပြင်ပြောပြတဲ့ နေရာလေးကိုပဲ တင်ပြချင် ပါတယ်။ လိုရင်းက သူဖြစ်နေတာကိုး။ ဆရာက ကျနော့ကို မေးပါတယ်။

ဆရာ။  ။ မင်းနဂျီကောင်လေးတွေကိုသိလား။

ကျနော်။          ။ ဟုတ်ကဲ့။ သိပါတယ်ဆရာ။

ဆရာ။  ။ အင်း….ဒါဆို မင်းကိုငါ နဂျီကောင်ပုံပြင်လေးတစ်ပုဒ် ငါ မင်းကို ပြောပြမယ်။

ကျနော်။          ။ဟုတ်ကဲ့။

ဆရာ။  ။ အဲဒီနဂျီကောင်လေးတွေက သူတို့ရဲ့သားသမီးလောင်းလျာလေးတွေကို သူတို့ရဲ့ နဂျီအိမ်ထဲမှာ အစားအသောက်တွေနဲ့အတူတူ ပိတ်ပီးတော့ ထားခဲ့တယ်တဲ့။ အထဲမှာရှိတဲ့ န၈ျီကောင် သန္ဓေသားလေးဟာ အစားအသောက်တွေကို စားသောက်ပြီး အကောင်အဖြစ်ပေါက်ချိန်တန်တဲ့အခါမှာ သူတို့ရဲ့ နဂျီအိမ်ကို ထိုးဖောက်ပြီး အပြင်ကိုထွက်ရတယ်တဲ့ကွ။

ကျနော်။          ။ ဟုတ်ကဲ့။

ဆရာ။  ။ ဒါနဲ့ နဂျီအိမ်ကို လုပ်တာရော မင်းမြင်ဖူးတယ်ဟုတ်။

ကျနော်။          ။ ဟုတ်ကဲ့ ဆရာ ။ မြင်ဖူးပါတယ်။ ရွှံ့လေးတွေနဲ့ လုပ်ကြတာပါ။

ဆရာ။  ။ အစပိုင်းတော့ အဲဒီရွှံ့လေးတွေက အပျော့လေးတွေ မဟုတ်လား။

ကျနော်။          ။ ဟုတ်ပါတယ်ဆရာ။

ဆရာ။  ။ ဒါဆို နောက်ပိုင်းရော။

ကျနော်။          ။ မာသွားပါတယ် ဆရာ။

ဆရာ။  ။ အင်းဟုတ်ပြီ။ အဲဒီလို မာနေတဲ့ ရွှံ့ခဲကြီးတစ်ခုအတွင်းကနေ အပြင်လောကကို ရောက်ချင်နေတဲ့ နဂျီကောင် လောင်းလျာလေးဟာ သူ့အသားနုနုလေးတွေနဲ့ပဲ အဲဒီမာနေတဲ့ ရွံ့ခဲကြီးကို ထိုးဖောက်ပြီး ထွက်ရတယ်တဲ့ကွ။

ကျနော်။          ။ ဟုတ်။ အဲဒီလို ထိုးထွက်နေတာလေးကို မြင်တော့မြင်ဖူးပါတယ် ဆရာ။

ဆရာ။  ။ ဒီလိုဖောက်ထွက်တော့ ဘယ်လိုနေမလဲဆိုတာကို မင်းအနေနဲ့ တွေးကြည့်စမ်းပါ။ သူ့နေရာမှာဝင်ပြီးတော့ပေါ့ ။

ကျနော်။          ။ အာ…ဆရာကလည်း ဒီလောက်အသားနုနုလေးတွေနဲ့ မာတောင်နေတဲ့ ရွှံ့ခဲကြီးကို ထိုးထွက်မှတော့ သူ့နှုတ်သီးထိပ်လေးတွေ နာမှာပေါ့ ဆရာရဲ့။ နောက်ပြီး သူ့အတွက်လည်း ခက်ခက်ခဲခဲကြီးဖြတ်သန်းရမှာရယ်။

ဆရာ။  ။ အင်း ဟုတ်ပါတယ်။ နာတာကတော့ နာမှာပေါ့။ ဒါပေမယ့် သူက အပြင်ဘက်ကို ရောက်ချင်နေတဲ့သူဆိုတော့ နာလည်း ထိုးထွက်ရမှာပဲ၊ ခက်ခဲလည်း ထိုးထွက်ရမှာပဲ မဟုတ်လား။

ကျနော်။          ။ ဟုတ်ကဲ့။

ဆရာ။  ။ အေး…..အဲဒီလို ထိုးထွက်ပြီး အပြင်လောကကိုရောက်လာတဲ့ အဲဒီနဂျီကောင်လေးကတော့ သန်သန်မာမာနဲ့ပဲ နဂျီကောင်လောကမှာ ရပ်တည်နိုင်မယ်တဲ့။

ကျနော်။          ။ ဟုတ်ကဲ့။

ဆရာ။  ။ ဥပမာကွာ အဲဒီနဂျီကောင်လေးထိုးထွက်နေတာကို မင်းကမြင်ရလို့ ဒီအကောင်လေးတိုးထွက်နေရတာပင်ပန်းပါတယ်လေ ဆိုပြီး သူထွက်နေတဲ့အပေါက်ကို မင်းက သွားချဲ့ပေးလိုက်မယ်ဆိုရင် အဲဒီထွက်နေတဲ့ နဂျီကောင်လေးအတွက် ဘယ်လိုနေမလဲ။

ကျနော်။          ။ အခုနကအကောင်လို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း ထွက်စရာမလိုတော့ဘဲ အပြင်ကို ရောက်နိုင်ပါတယ် ဆရာ။

ဆရာ။  ။ အေး အပြင်လောကကို ရောက်တာချင်းလဲ အတူတူပဲမဟုတ်လား။

ကျနော်။          ။ ဟုတ်ပါတယ်ဆရာ။

ဆရာ။  ။ နောက်ပြီး နဂျီကောင်ဖြစ်တာချင်းလဲ အတူတူပဲမဟုတ်လား။

ကျနော်။          ။ဟုတ်။

ဆရာ။  ။ အေး….ဒါပေမယ့်ကွ။ သူတို့မှာ မတူညီတဲ့ ရပ်တည်ချက်တွေကတော့ ရှိသွားတယ်ကွ။

ကျနော်။          ။ ဟုတ်။

ဆရာ။  ။ ပထမအကောင်တုန်းက သူ့အားကို သူကိုးပြီး ထွက်လိုက်တဲ့အတွက်ကြောင့် အပြင်လောက ကို ရောက်တဲ့ အချိန်မှာ သူဟာ အားကောင်းမောင်းသန် ဖြစ်နေပြီး နဂျီကောင်လောကမှာ တွေ့ကြုံလာရ မယ့် လောကဓံတွေကို ခံနိုင်ရည်စိတ်အပြည့်နဲ့ ဖြတ်သန်းနိုင်မယ့် စွမ်းအားတွေ သူ့မှာရှိနေပြီလေ။ အင်း….
နောက်တစ်ကောင်ကတော့ သူထွက်နေတဲ့အချိန်မှာ မင်းကနေ ထွက်နေတဲ့အပေါက်လေးကို ချဲ့ပေးလိုက် တာဖြစ်ခြင်းကြောင့် သူ့အနေနဲ့ အလွယ်တကူတော့ ထွက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူအတွက်တော့ ခွန်အားကို ကောင်းကောင်းအသုံးမပြုလိုက်ရတဲ့အတွက်ကြောင့် အဲဒီအကောင်လေးဟာ နဂျီကောင်လောက မှာ ပိုလီယိုသမားနဂျီကောင်းလေးအဖြစ်နဲ့ပဲ ဖြတ်သန်းရတော့မှာပေါ့ကွာ။

ကျနော်။          ။ ဟုတ်ကဲ့ ဆရာ။ သနားစရာပါပဲနော်။

ဆရာ။  ။ မင်းရော ပိုလီယိုသမားလေး မဖြစ်ချင်ဘူးလား။

ကျနော်။          ။ အာ ဆရာကလည်း ဘယ်ဖြစ်ချင်မှာလဲ။ ကောင်းမှ မကောင်းတာကြီးကိုနော့။

ဆရာ။  ။ အင်း….မဖြစ်ချင်ရင် မင်းဘာလုပ်ရမယ်ဆိုတာကို သဘောပေါက်တယ်ဟုတ်။

ကျနော်။          ။ ဟုတ်ကဲ့ဆရာ ပေါက်ပါတယ်။

ဆရာ။  ။ အင်း ငါဆိုလိုချင်တာကတော့ကွာ။ အခု ဒီမှာ ထိုင်ပြီး စကားပြောနေတဲ့ ငါလည်း နဂျီကောင်၊ မင်းလည်း နဂျီကောင်ပေါ့ကွာနော့။

ကျနော်။          ။ ဟုတ်ကဲ့ဆရာ။

 ဒီမှာပဲ ဆရာကျနော့ကို ပြောခဲ့တဲ့ ပုံပြင်လေးကတော့ ပြီးသွားခဲ့ပါပြီ။ ခေါင်းထဲမှာကတော့ တွေးစ ရာလေးတွေ တော်တော်များများတော့ ကျန်နေခဲ့ပါတယ်။ 
ကဲ……..စာဖတ်သူတို့ရော………….?????????

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More