Wednesday, June 15, 2011

ပညာရှိသူတော်ကောင်းများနှင့်သာ သိကျွမ်းခင်မင်ရပါလို၏ ဘုရား


G-talk Custom Message Box လေးမှာ အမြဲတမ်း တင်ထားတဲ့ ဆုတောင်းစာသားလေး အကြောင်းကို မေးလာတဲ့အတွက် ဒီပို့စ်လေးကို ရေးဖို့ စိတ်ကူးရခဲ့ပါတယ်။ ဆုတောင်းထားတာလေးက ဒီလိုပါ ``ပညာရှိသူတော်ကောင်းများနှင့်သာ သိကျွမ်းခင်မင်ရပါလို၏ဘုရား´´ဆိုပြီးတော့ ရေးထားတာပါ။ ဘာလို့ခင်ချင်တာလဲ…..စိတ်ချမ်းသာလို့ပါ ပေါ့။ ဘယ်လိုလူက ပညာရှိသူတော်ကောင်းလဲ…..ပညာရှိတဲ့လူက ပညာရှိပေါ့။ သူတော်ကောင်းက သူတော်ကောင်းပေါ့လို့ အပြီးစလွယ်ဖြေမယ်ဆိုရင်လည်း ဖြေလို့တော့ရပါတယ်။ ဒါပေမယ့် တစ်ဖက်လူကတော့ ဘာမှသိသွားမှာမဟုတ်ပါဘူး။ ဒါကြောင့် အားလုံးကိုလည်း မျှဝေပြီးသားဖြစ်အောင်လို့၊ နောက်ပြီး ကိုယ့်အတွက်လည်း မှတ်စုလေးကျန်အောင်လို့ ဆိုပြီး ရေးဖြစ်သွားခဲ့ပါတယ်။ လောကမှာ လူလေးမျိုးရှိပါတယ်တဲ့။
အဲဒါတွေကတော့
၁။ ပညာတတ်သော်လည်း သူတော်ကောင်းစိတ်မရှိသူ၊
၂။ သူတော်ကောင်းစိတ်ရှိသော်လည်း ပညာမတတ်သူ၊
၃။ ပညာလည်းမတတ် သူတော်ကောင်းစိတ်လည်းမရှိသူ၊
၎။ ပညာလည်းရှိ သူတော်ကောင်းစိတ်လည်း ရှိသူ-
ဆိုပြီး လူလေးမျိုးလာပါတယ်။ ပညာရှိပြီး သဒ္ဓါတရားမရှိရင် ပညာတတ် လူမိုက်ဖြစ်တတ်ပါတယ်။ နောက်ပြီး သဒ္ဓါတရားတော့ရှိပါတယ် ပညာမရှိဘူးဆိုပြန်ရင်လည်း သူတော်ကောင်း လူအကြီးဖြစ်တတ်ပါတယ်။ ဒီတော့ အားလုံးအနေနဲ့ ပညာရှိသူတော်ကောင်းဖြစ်ဖို့ အရေးကြီးပါတယ်။ အဲဒီလို ပညာရှိသူတော်ကောင်း တွေနဲ့ပေါင်းသင်းရတဲ့အတွက်၊ ခင်မင်ရတဲ့အတွက် အောက်ပါ အကျိုးတွေကို ရရှိနိုင်ပါတယ်။ ဘာတွေလဲ ဆိုတော့
၁။ လူကောင်းသူကောင်းဖြစ်ရခြင်း၊
၂။ အသိအလိမ္မာ ဥာဏ်ပညာရရှိခြင်း၊
၃။ ပူပင်သောက မဖြစ်ရခြင်း၊
၎။ ဆွေမျိုးအလယ်၌ တင့်တယ်ရခြင်း၊
၅။ နတ်ပြည်၌ ကြာမြင့်စွာနေရခြင်း နဲ့
၆။ ဒုက္ခပေါင်းစုံမှ ကင်းလွတ်ရခြင်းတို့ ဖြစ်ပါတယ်။  ဒါကတော့ ပေါင်းသင်းရကျိုးလေးတွေပါ။
ဒီနေရာမှာ ပြောချင်တာကတော့ ကိုယ်တွေ့အဖြစ်အပျက်လေး တစ်ခုပါ။ ဖြစ်ပုံလေးက ဒီလိုပါ။ ၂၀၀၉၊ ဒီဇင်ဘာမှာ ဘုရားဖူးအနေနဲ့ ဗုဒ္ဓဂယာကိုရောက်ဖြစ်သွားပါတယ်။ အဲဒီအချိန်ကလည်း တကယ့် ဘုရားဖူးတဲ့လူတွေ အလာများတဲ့အချိန်ဆိုတော့ မြန်မာပြည်က ဘုရားဖူးတွေတော်တော်များများတွေ့ရပါတယ်။ ဗုဒ္ဓဂယာမှာ တစ်လနီးနီးနေတာဆိုတော့ ညနေတိုင်းညနေတိုင်း ဘုရားပွင့်ခဲ့တဲ့နေရာကို သွားပြီး ဘုရားဖူးပါတယ်။ တစ်ရက်မှာတော့ မြန်မာပြည်ဘုရားဖူးအဖွဲ့ထဲက အသက်လေးဆယ့်ငါးဝန်းကျင်လောက်ရှိတဲ့ အမျိုးသမီးတစ်ဦးနဲ့ ဆုံဖြစ်ပါတယ်။ အဲဒီမှာ သူကမေးပါတယ်။ ဗောဓိညောင်ရွက်ရောင်းတဲ့ နေရာမရှိဘူး လားဆိုပြီး လာမေးပါတယ်။ ဒါနဲ့ ဗောဓိညောင်ရွက်ရောင်း တဲ့နေရာတော့ မသိဘူး။ ညောင်ရွက် တွေရောင်းတာကတော့ ဟော ဟိုဟာပဲ ဆိုပြီး ညွှန်ပြလိုက်ပါတယ်။ အဲဒီအချိန်က အဲဒီမှာရောက်နေတာ အရက် ၂၀ ၀န်းကျင်လောက်ရှိနေပါပြီ။ ကိုယ်လည်း သူတို့လိုပါပဲ။ ဗောဓိညောင်ရွက် လိုချင်လွန်းလို့ဆိုပြီး ညောင်ပင်အောက်သွားသွားပြီး ထိုင်စောင့်နေပါတယ်။ ညောင်ရွက်ကြွေကြတာကို စောင့်နေတာပါ။ ခက်တာက အဲဒီညောင်ပင်က ညောင်ရွက်ကတော်တော်ကို ကြွေခဲပါတယ်။ သူတို့ကတော့ အချိန်မပေးနိုင်တဲ့ အတွက်ကြောင့်မို့ ရောင်းတဲ့ဆိုင်တွေကပဲ ၀ယ်သွား လေ့ရှိပါတယ်။ တစ်ရက်မှာ ဘုရားဝန်းကျင် အပြင်အရံတွေအထိလမ်းလျှောက်သွားကြည့်လိုက်တော့ တွေ့လိုက်ရပါတယ်။ ညောင်ကိုင်းတွေ ဟုတ်ပါတယ်။ ညောင်ကိုင်းတွေပါ။ ညောင်ကိုင်းတွေကို ခုတ်ထားပြီး ရေကန်ထဲမှာ စိမ်ထားတဲ့ မြင်ကွင်း။ အဲဒီလိုပါပဲ တနေရာမှာတော့ တချို့ဆွေးနေတဲ့အရွက်တွေကို သူတို့က ရောင်းဖို့အတွက် ပလပ်စတစ်နဲ့ လောင်းနေတာကိုသွားတွေ့ရပါတယ်။ အော်….ဘုရားနားက ရောင်းနေတာ ဒီညောင်ရွက်တွေပါလားပေါ့။ အစက အထင်တော့ အထင်သားရယ်။ ဒီလောက်အကြွေခက်တဲ့ ညောင်ရွက်တွေက ဘာကြောင့် ဒီလောက်တောင်ပေါနေရလဲပေါ့။ အခုမှပဲ အဖြေက ရှင်းတော့တယ်။ ပေါမှာပေါ့။ ဘယ်ညောင်ပင်ကမှန်းမသိတဲ့ညောင်ကိုင်းတွေကို ခုတ်ပြီးတော့ ညောင်ရွက်တွေကို ဗောဓိညောင်ရွက်လုပ်ရောင်းနေတာကိုး။ ဒီမှာပဲ တွေးမိပါတယ်။ မြန်မာတွေရဲ့သဒ္ဓါတရားကိုပါ။ တစ်နည်းပြောရရင် သူတော်ကောင်းစိတ်ပေါ့ဗျာ။ ထက်သန်လှပါတယ်။ ဟုတ်တာမဟုတ်တာ အပထားတော့….အဓိကအနေနဲ့ သူယုံကြည်ရာကို လုပ်မယ်ဆိုတဲ့ ပုံစံမျိုးလေးပေါ့။ လုပ်တာကတော့ ကောင်းတော့ကောင်းပါတယ်။ ယုံကြည်ချက်တစ်ခုတည်းကိုတော့ အားကိုးလို့ မကောင်းဘူးထင်ပါတယ်။
ဒီနေရာမှာ ဆရာတော် အရှင်ဇနကာဘိဝံသရေးထားတဲ့ ကိုယ်ကျင့်အဘိဓမ္မာ စာအုပ်ထဲက စကားလေးကို နဲနဲဆိုချင်ပါတယ်။ ဆရာတော်ကတော့ ဒီလို မိန့်ထားပါတယ်။ ``သဒ္ဓါနဲ့ ပညာကွာခြားပုံ= သဒ္ဓါ၏ သဘောတရားကား စွန့်ကြဲပေးကမ်း လှူဒါန်းရလျှင်ပြီးရော၊ နောင်သံသရာမှာ ချမ်းချမ်းသာသာဖြစ်ဖို့ရာ အရေးကြီး၏။ အမျိုးဘာသာ သာသနာကြီးပွားရေးကို လေးလေးနက်နက် သတိမထားတတ်။ ပညာ၏ သဘောကား အမျိုးဘာသာ သာသနာ ပညာရေးကို လေးလေးနက်နက် စဉ်းစားပြီးလျှင် အကျိုးရှိလောက်မှ လှူသည်။ အကြောင်းကောင်းလျှင် အကျိုးကောင်းမည်ဟု (ကံ-ကံ၏အကျိုး)ယုံကြည်ပြီးဖြစ်၍ နောက်ဘ၀၌ အကျိုးရဖို့အရေးကို အထူးတလည် တွေးမနေတော့ပြီ။ ဤသို့လျှင် သဒ္ဓါနှင့်ပညာသည် အခြေတည်က စ၍ပင် ကွာခြားချင်တိုင်းကွာလာသည်။ မြန်မာနိုင်ငံကို သဒ္ဓါမျက်စိ၊ ပညာမျက်စိဖြင့် တစ်မျိုးစီ ကြည့်ကြပေလိမ့်မည်။ သို့ရာတွင် အစုံကြည့်ခြင်းမဟုတ်ဘဲ တစ်ဖက်စီခွဲ၍ အလွန်အကဲကြည့်ခြင်းကား သဒ္ဓါလည်းမကောင်း၊ ပညာလည်းမကောင်းပင်။ နှစ်ဖက်စုံကြည့်တတ်မှသာ ကောင်းပါသည်။ သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ ဟု ကျမ်လာဆိုရိုးရှိပါသည်´´ ဆိုပြီး ရေးသားထားပါတယ်။
          အခုတွေ့လိုက်ရတဲ့ အဖြစ်အပျက်လေးကို ပြန်ပြီးတွေးမယ်ဆိုရင် ဘုရားပွင့်ခဲ့တဲ့ညောင်ပင်က အရွက်ပဲဆိုတဲ့ ယုံကြည်ချက် (သဒ္ဓါ)တစ်ခုကိုသာ ဦးစားပေးပြီး ဒီညောင်ရွက်ဟာ ဟုတ်နိုင်၏။ မဟုတ်နိုင်၏ ဆိုတဲ့ ဆင်ခြင်သုံးသပ်ချက် (ပညာ) မပါတဲ့အတွက်ကြောင့်မို့``သူတော်ကောင်းလူညံ့´´ဆိုတဲ့ အနေအထားမျိုးကိုရောက်သွားပါတယ်။ ဒါက အိန္ဒိယမှာတွေ့ခဲ့ရတဲ့ မြင်ကွင်းလေးပါ။ နောက်ပြီး ပြည်တွင်းမှာဆိုရင်လည်း တွေ့ဖူးကြ၊ ကြားဖူးကြမှာပါ။ အကျိုးရှိနိုင်၏။ မရှိနိုင်၏ဆိုတာကို ဦးစားမပေးတော့ဘဲနဲ့ လှူလိုက်ကြတာ တန်းလိုက်ကြတာတွေ တစ်ပုံကြီးပါ။ လှူတာကိုတော့ မလှူနဲ့လို့တော့ မဆိုချင်ပါဘူး။ အဓိကက စဉ်းစားတွေးခေါ်ပြီး လှူစေဒါန်းစေချင်ပါတယ်။ နောက်ပြီး ယုံကြည်မှုအပိုင်းမှာလည်းပဲ အဲဒိအတိုင်းပါပဲ။ သေချာစဉ်းစားတွေးခေါ်ပြီးမှ လုပ်စေချင်ပါတယ်။ အထက်က ပြောခဲ့သလိုလေးတွေ တွေ့နေမြင်နေရတော့ ရင်ထဲမှာ ``ဒို့မြန်မာတွေထဲမှာ သူတော်ကောင်းလူညံ့ကြီးတွေ ဘယ်လောက်များနေပြီလဲ´´ မသိဘူးဆိုပြီး စိုးရိမ်စိတ်ဝင်မိပါတယ်။
ပညာသမားကျပြန်တော့လည်း ``ငါတို့က လှူစရာမလိုတော့ပါဘူး။ သူများလှူတာကို သာဓုခေါ်လိုက်ရင်လဲ။ ကုသိုလ်ရပြီးသားပဲ´´ဆိုပြီး ကုသိုလ်ကို ဈေးတွက်တွက်နေတာတွေလည်း တွေ့ဖူးပါတယ်။ ဒီလိုကျပြန်တော့လည်း ပညာတတ်လူမိုက်ကြီးဖြစ်သွားပြန်ပါရောလား။ သဒ္ဓါနဲ့ပညာဟာ ချိန်ခွင်လျှာလို ညီမျှနေကာမှ ကိုယ်လုပ်တဲ့ ကောင်းမှုကလည်း အကျိုးပေးသန်မှာပါ။ ဒါမှလည်း ``ပညာရှိသူတော်ကောင်း´´ဆိုတဲ့ နာမည်ရမှာပါ။
          ဒါကြောင့် ရွှေမြန်မာတွေအနေနဲ့ ဒီနေ့ကစပြီး ပညာရှိသူတော်ကောင်းများ ဖြစ်နိုင်အောင် တိုက်တွန်းချင်ပါတယ်။ လှူတဲ့နေရာမှာလည်း တကယ်အကျိုးရှိနိုင်မယ့် ပညာရေးတို့၊ ကျန်းမာရေးတို့လို နေရာမျိုးတွေကို သဒ္ဓါနဲ့ပညာဦးဆောင်တဲ့ စိတ်လေးနဲ့ လှူဒါန်းပေးကြဖို့တိုက်တွန်းရင်း ``ပညာရှိသူတော်ကောင်း´´စာရင်းဝင်နိုင်ကြပါစေ။

1 comments:

Play at the Best Casino Sites for Playing Slots at the Best
Casino Sites. One of the most popular reasons for the casino 아이 벳 25 gambling 강인경 마루에몽 industry 바카라작업 is that 해외에서 축구 중계 사이트 its slot machines are accessible to a large number of players. 1xbet먹튀

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More