Saturday, June 18, 2011

တူးဒီနှင့်ယနေ့ ကမ္ဘာ

ယနေ့ စာသင်ခန်းသို့ 10-မိနစ်ခန့် နောက်ကျမှရောက်သွားပါသည်။ မည်သည့်အကြောင်းအရာသင်နေ သည်ကား မသိရသေး။ ထို့ကြောင့် ဆရာ့ထံမှ hand-out လေးယူကြည့်လိုက်သည့်အခါ အရိယပရိယေသန သုတ်အကြောင်းသင်နေမှန်း သိလိုက်ရပါသည်။ ယင်းသုတ်တော်သည် ဗုဒ္ဓဘုရားရှင် သာဝတ္ထိပြည်၊ ဇေတ ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ်က ဟောကြားခဲ့ခြင်းဖြစ်ပါသည်။ အကြောင်းအရာ အားဖြင့် မြင့်မြတ်သောသူတို့၏ ရှာဖွေခြင်း အကြောင်းဖြစ်ပါသည်။ ထို့ကြောင်းလည်း အရိယပရိယေသန သုတ်ဟု နာမည်တွင်ခြင်းဖြစ်ပါသည်။ အမှန်အားဖြင့်ကား ဤသုတ်၏ အမည်သည် ပါသရာသိသုတ်ဖြစ်ပြီး မဇ္ဈိမနိကာယ်၊ မူလပဏ္ဏာသ၊ သြပမ္မ၀ဂ်၌လာ၏။ အရိယပရိယေသန(မြတ်သောရှာဖွေခြင်း)ဟုသာ ဆိုထားသော်လည်း ဤခေါင်းစဉ်အောက်၌ကား ရှာဖွေခြင်း (၂) မျိုးအကြောင်းကို ဟောထားပါသည်။ ယင်းတို့ကား

၁။ အနရိယပရိယေသန = မမြင့်မြတ်သောရှာဖွေခြင်းနှင့်
 
၂။ အရိယပရိယေသန= မြင့်မြတ်သောရှာဖွေခြင်း ဟူ၍ဖြစ်၏။

မမြင့်မြတ်သောရှာဖွေခြင်း ဟူသည်မှာ မိမိကိုယ်တိုင်က ဖြစ်ခြင်းပျက်ခြင်းတည်းဟူသော ဖောက်ပြန်မှုအစဉ်၊ မရပ်မနားတရစပ်ကြဉ်လည်ကာ စိုးရိမ်ပူဆွေးငိုကြွေးရခြင်းတည်းဟူသော ညစ်နွမ်းခြင်းသဘောရှိပါလျှက် ထိုသို့ဖြစ်ရှိရေးကိုသာ ရှာမှီးခြင်းသည်မမြတ်သောရှာမှီးခြင်းဖြစ်၏။ ယင်းသို့သော ဖြစ်-အို-နာ-သေ စိုးရိမ် ပူဆွေးညစ်နွမ်းရေးတရားတို့ဆိုသည်မှာ သား၊ မယား၊ ကျွန်၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်၊ ဆင်၊ မြင်း၊ ရွှေ၊ ငွေ စသော လူသုံးပစ္စည်းတို့သာတည်း။ ထိုဝတ္ထုအာရုံကာမဂုဏ်တို့ကို တပ်မက်စွဲလန်း မူးမေ့သက်ဝင်ကာ ရှာမှီးနေကြခြင်းသည် မမြတ်သောရှာမှီးခြင်းသာ ဖြစ်၏။
 
မြင့်မြတ်သောရှာမှီးခြင်းကား . . . ယင်းကဲ့သို့မဟုတ်။
ထိုဖြစ်ခြင်း၊ ပျက်ခြင်း ဖောက်ပြန်မှုအစဉ်၊ တခန်းရပ်အားဖြင့် မရပ်မနားတရစပ်ကြဉ်လည်ကာ စိုးရိမ်ပူဆွေးငိုကြွေးရခြင်း၊ညစ်နွမ်းခြင်းသဘောစသည်တို့၏ အပြစ်တို့ကိုရှုကာ ၎င်းတို့မှလွတ်ကင်းသည့် အကြွင်းမဲ့လုံ့လကုန်ရာနိဗ္ဗာန်ကို ရှာမှီး ခြင်းပေတည်း။
 
ယင်းရှာမှီးခြင်း နှစ်မျိုးကို ဆရာက ရှင်းပြပြီးချိန်၌ ခေါင်းထဲတွင် တွေးစရာလေး များ ပေါ်လာသည်နှင့်တပြိုင် နက်တည်း မိမိဘာသာမိမိ မှတ်စုလေး အတိုချုပ်ထုတ်လိုက်မိပါသည်။ ယင်းတို့မှာ ပထမ အချက်ဖြစ်သော အနရိယပရိယေသနဆိုသည့် အချက်ကို Development ဟူသည့် ခေါင်းစဉ်ဖြင့် တေးမှတ်ထားလိုက်ပြီး ဆန့်ကျင်ဘက် ဒုတိယအချက်ဖြစ်သည့် အရိယပရိယေသန အချက်ကို Detachment ဟု မှတ်ထားလိုက်မိပါသည်။
 
ဟုတ်ပါသည်။ လောကတွင်းရှိ ပုပုရွရွသတ္တ၀ါတို့တွင် လူသားသည် အသိဉာဏ်ရှိသူပီပီ မိမိတို့၏ဘ၀အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အပတ်တကုတ် ကြံစည်တွေးခေါ်ကြ၏။ ကြိုးစားအား ထုတ်ကြ၏။ တီထွင်ဆန်းသစ်ကြ၏။ ဤသို့ဤပုံဖြင့် BC 600 ခန့်တွင် ဂရိနိုင်ငံမှ စတင်ကာ အနောက်တိုင်း ဒဿနပညာရပ်သည် ပေါ်ပေါက်လာခဲ့၏။ ဤနေရာ၌ ဒဿန= Philosophy ဟူသည်မှာ ဂရိဘာသာ စကားမှ ဆင်းသက်လာပါသည်။ အဓိပ္ပာယ်အားဖြင့် ဉာဏ်ပညာကို နှစ်သက်မြတ်နိုးခြင်း (love of wisdom) ဟူ၍ဖြစ်ပါသည်။
 
ယင်းအနောက်တိုင်း ဒဿနပညာရပ်ဖြင့် ဂရိတွေးခေါ်ရှင်တို့သည် ပြဿနာအမျိုးမျိုးကို ဖြေရှင်းခဲ့ကြပါ သည်။ ထိုသို့ဖြေရှင်းရာ၌လည်း ရှေးဦးဂရိတွေးခေါ်ရှင်တို့သည် သာမန်ပြဿနာရပ်များကိုသာတင်ပြ
ဆွေးနွေးနိုင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပိုမိုခက်ခဲနက်နဲသော ပြဿနာရပ်များကို တင်ပြဆွေးနွေးနိုင် ခဲ့ကြပေသည်။ ထို့ကြောင့် ယင်းတို့၏ အတွေးအခေါ်သမိုင်းတွင် တိုးတက်ပြောင်းလဲမှုများကို ထင်ထင်ရှား ရှားတွေ့ရပေသည်။ ထိုတွေးခေါ်ရှင်ကြီးများသည် အမှန်တရားကို လိုလာနှစ်သက်ကြသူများပီပီ အမှန်တရားကို မြတ်နိုးကြ၏။ ရှာဖွေကြ၏။ ထိုသို့ရှာဖွေရာတွင်လည်း သူတို့သည် လွတ်လပ်စွာ တွေးခေါ် တတ်ကြပေသည်။ ယင်းခေတ်ကို Ancient Greed ဟု သတ်မှတ်ကြပါသည်။ Thailes, Anaximander စသော တွေးခေါ်ရှင်တို့၏ ခေတ်ပါ။ ထို့နောက် BC- 500 ခန့်မှာတော့ ဆော့က္ကရတ္တီး (Socrates)၊ ပလေတို (Plato)၊ အာရစ္စတိုတရ် (Aristotle)စတဲ့ ဆိုဖစ် (Sophists) များပေါ်ပေါက်လာခဲ့ကြပါသည်။ ထိုမှနောက် တွင် Middle Age၊ Modern Age နှင့် Contemporary (western Philosophy ) မျက်မှောက်ခေတ်အထိ အတွေးခေါ်ရှင်များ တိုးထွက်လာခဲ့ကြပါသည်။ Middle Age မတိုင်မီအချိန် ဆိုဖစ်ဆိုသူများ ပေါ်ပေါက် လာပုံကို လေ့လာကြည့်မည်ဆိုပါက ဂရိနိုင်ငံ၏ နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွားရေး အစရှိသော အခြေအနေအရပ်ရပ်တို့နှင့် ပတ်သက်ဆက်နွှယ်နေကြောင်း တွေ့ရပါမည်။ ထိုအချိန်၌ ဂရိတွင် နိုင်ငံရေး အခြေအနေများ ပြောင်းလဲနေပြီး အုပ်ချုပ်ရေးပိုင်းတွင်လည်း အာဏာရမှုးမတ်များသည် လူအများစု၏ အခွင့်အရေးများကို ဖိနှိပ်ချုပ်ခြယ်ကြသောကြောင့် လူအများစုက မခံနိုင်သဖြင့် တောင်းဆိုလာကြ၏။ ထိုမှ တဆင့်ဆင့် အထက်တန်းလွှာမူးမတ်များ အာဏာကျဆုံးပြီး အေသင်မြို့၌ ဒီမိုကရေစီအသွင် ကူးပြောင်း လာခဲ့ပါသည်။ သို့သော် ထိုသို့ပေါ်ပေါက်လာသော ဒီမိုကရေစီသည် စည်းကမ်းမရှိခဲ့ပေ။ ထိုအချိန်မှစတင်၍ ဂရိတို့သည် သိပ္ပံနှင့် ဒဿနပညာကို လိုက်စားကြ၏။ ဘာသာရေးနှင့် ထုံးဓလေ့အယူအဆများကို ဆန့်ကျင်တော်လှန်ပြီး ခေတ်နှင့်အညီ အသိပညာ၊ အတတ်ပညာတို့ကို လိုလိုလားလားရှာမှီးလာကြ၏။
 
ထိုသို့ကူးပြောင်းလာသောအခါ၌ နိုင်ငံရေးကျင့်ထုံးဥပဒေများလည်း ပြောင်းလဲလာခဲ့သည်။ နိုင်ငံရေးလုပ်ငန်းရပ်များတွင် မည်သူမဆို ခေတ်ပညာတတ်ခြင်း၊ နိုင်ငံရေးအရာ၌ ကျွမ်းကျင်ခြင်း၊ စကားအဟောအပြောကောင်းခြင်း စသော အရည်အချင်းများပြည့်စုံပါက ရာထူးများရ၍ ဌာနအကြီးအကဲများဖြစ်လာနိုင်သည်။ ထို့ကြောင့် ပညာတတ်လူငယ်များက ထိုအခွင့်အရေးမျိုးကို ရည်မှန်းချက်ထားလာကြသည်။ လူငယ်များ နိုင်ငံရေး လုပ်ဆောင်လိုစိတ် ပြင်းထန်လာကြ၏။ သို့သော် မျှော်လင့်ထားသော နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက် ဖို့ရန်အတွက်ကား ခေတ်ပညာ အရပ်ရပ်ကို တက်မြောက်ဖို့ရန်ကား လိုသေး၏။ ထိုအချိန်ထိုအခါတွင်ပဲ လူငယ်လူရွယ်များ လိုလားတောင့်တအပ်သောပညာရပ်များကို သင်ကြားပေးမည့် ဆိုဖစ်ဆိုသူများ လည်း ပေါ်ပေါက်လာခဲ့သည်။ ဤ၌ ဆိုဖစ်ဟူသော စကားလုံးတွင် ပညာရှိကြီးများ၊ ပါရဂူကြီးများဟူသော အဓိပ္ပာယ်ရှိသည်။ သို့သော် ဆိုဖစ်များသည် အမှန်တကယ် အမျှော်အမြင်ပညာနှင့်ပြည့်စုံသော ပညာရှင်ကြီးများကား မဟုတ်ပေ။ အမှန်တရားကို ရှာလိုသော ဒဿနပညာရှင်ကြီးမျိုးလည်း မဟုတ်ပေ။ လက်ရှိအခြေအနေကို အခွင့်ကောင်းယူ၍ ကိုယ်ကျိုးကိုသာ အဓိကထားသည့် သဘောတရားအယူအဆများ ကို သင်ကြားပို့ချပေးသော ဆရာများသာဖြစ်သည်။
 
ထိုခေတ်များမှသည် တဖြည်းဖြည်းစတင်ခဲ့သော သိပ္ပံပညာသည် ယနေ့ ခေတ်အခါသို့ရောက်ရှိလာသော အခါ လူသားအားလုံးတို့၏ လေးစားအားထားရာ၊ ခိုကိုးရာဖြစ်လာခဲ့၏။ ထိုသို့ဖြစ်လာသည် အားလျှော်စွာပင် လူသားတို့၏ ရည်မှန်းချက်သည်လည်း သိပ္ပံပညာ၏ လှပ၊ ထူးဆန်းသော တီထွင်ဆန်းသစ်မှုများနောက်ကို တကောက်ကောက်လိုက်ရင်း လိုက်ရင်း လိုက်လာကြရာမှသည် ကမ္ဘာသည်ပင် ရွာအဖြစ်သို့ရောက်ရှိလာ ခဲ့ပေသည်။ ထို့ကြောင့် လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးစသည်တို့သည် လည်း ပြောင်းလည်းလာကြ၏။ နှိုင်းယှဉ်ခံစားလာနိုင်ကြ၏။ သူ့ထက်ငါ အလုအယက်တုပယှဉ်ပြိုင်လာကြ၏။ သို့ဖြစ်၍ နိုင်ငံတစ်နိုင်ငံမှသည် မြို့ပြ ကျေးလက် လူ့အသိုင်းအ၀ိုင်းများအထိ သူ့ထက်ငါ သာလွန်စေရန် လုပ်ဆောင်မှုများဖြစ်လာကြ၏။ ယင်းသို့ သူ့ထက်ငါ သာစေရမည်ဟူသော ရည်ရွယ်ချက်ဖြင့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်အသိုင်းအ၀ိုင်း၊ ကိုယ့်မိသားစု ကောင်းစားရေးအတွက် လုပ်ဆောင်ကြရာမှာလည်း လူတိုင်းကိုယ်စီ အောင်မြင်နေကြသည်ကား မဟုတ်။ ဘ၀ဆိုသည့် တိုက်ပွဲကြားမှာ အောင်မြင်သူများ ရှိသကဲ့သို့ ကျရှုံးသူများမှာလည်း အပုံအပင် ထုနှင့်ဒေးပင်။ သို့သော် ရပ်တန့်၍ကား မသွား မိမိတို့အလိုရှိ အပ်သော၊ မျှော်လင့်ချက်ဖြစ်သော၊ အားထားရာဖြစ်သော ရာထူး၊အာဏာ၊ ဂုဏ်သိရ်၊ စီးပွားဥစ္စာ များနောက်သို့ လိုက်မြဲကားလိုက်လျက်ရှိ၏။ ကောင်းသောနည်းလမ်း၊ မကောင်းသောနည်းလမ်း စသဖြင့် နည်းအမျိုးမျိုး စိတ်ကူးအဖုံအဖုံတို့ဖြင့် Development နယ်ပယ်ထဲတွင် ရုပ်ပိုင်းဆိုင်ရာ တိုးတက်ရေးအတွက် ရုန်းကန်လှုပ်ရှားလာရင်း စိတ်ဓာတ်တို့သည်လည်းပဲ တဖြည်းဖြည်း ပျက်ပြားလာခဲ့ကြလေသည်။
 
တစ်ဖန် အနောက်တိုင်း ဒဿနများ ပေါ်ပေါက်လာသကဲ့သို့ အရှေ့တိုင်း တရုတ်၊ အိန္ဒိယ စသော နိုင်ငံများတွင်လည်း ဒဿနပညာရှင်အများအပြားပေါ်ပေါက်ခဲ့ကြလေသည်။ ဤတွင် အိန္ဒယဒဿန ပညာရှင်များအကြောင်းကို ဆိုချင်ပါသည်။ အိန္ဒိယနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာမှသည် ပေါ်ပေါက် ခဲ့သော ဝေဒကျမ်းဂန်များရှိ၏။ BC- 600 ခန့်တွင် ထိုဝေဒကျမ်းအစဉ်အလာကို လက်မခံသော ဂိုဏ်းကြီး သုံးခုပေါ်ပေါက်ခဲ့ပါသည်။ ထိုဂိုဏ်းကြီးသုံးဂိုဏ်းမှာ 

၁။ စာရာဝကအတွေးအခေါ်ဂိုဏ်း (Cārvāka — materialism)
 
၂။ မဟာဝီရ (ဂျိန်းဂိုဏ်း) Mahavira (599–527 BCE) — heavily influenced Jainism, the 24th Tirthankara of Jainism နှင့်
 
၃။ သိဒ္ဓတ္ထဂေါတမ (ဗုဒ္ဓဘာသာဂိုဏ်း) Siddhartha Gautama (circa 563–483 BCE) — founder of Buddhism တို့ဖြစ်ပါသည်။
 
ထိုသုံးဂိုဏ်းအနက် စာရာဝကဂိုဏ်းသည် အိန္ဒိယအတွေးအခေါ်ပညာရှင်များမှ ဆက်သက်လာပြီး အများပေါင်းစုတည်ထောင်ထားသော ဂိုဏ်းဖြစ်၏။ ယင်းဂိုဏ်း၏ အယူဝါဒမှာ ရုပ်တရားအဓိက၀ါဒဖြစ်၏။ မျက်မှောက်ခေတ် အိန္ဒိယသုတေသီများကလည်း စာရာဝရ ဆိုသည်မှာ ရုပ်ဝါဒီ ဟု အဓိပ္ပာယ်ရကြောင်း ဆိုကြ၏။ စာရာဝကဂိုဏ်းသားတို့သည် ဝေဒကျမ်းဂန်များကိုသာမက အခြားအခြားသော ကျမ်းဂန်များကို လည်း ယုံကြည်လက်ခံခြင်းမရှိကြပေ။ ၎င်းတို့၏ အဆိုအရ လောက၌ ၀ိညာဉ်ဟူ၍ မရှိ၊ သိမှုခံစားမှု စသည် မှာလည်း ရုပ်တရား၏ အရည်သွေးတစ်မျိုးအဖြစ် မှတ်ယူကာ ဓာတ်ကြီးလေးပါးကို အဓိကထားသော ၀ါဒဖြစ်ပါသည်။ ယင်းစာရ၀က၀ါဒကို ကွန်မြူနစ်ဝါဒဟု သတ်မှတ်မည်ဆိုပါက သတ်မှတ်နိုင်လိမ့်မည်သာ။
 
တဖန် နိဂဏ္ဍနာဋပုတ္တခေါ် မဟာဝီရ တည်ထောင်ထားသော ယနေ့ထိတိုင် ထင်ရှားရှိသော ဂျိန်းဂိုဏ်းသည် ပုဂ္ဂိုလ်၊ သတ္တ၀ါတို့အား ဘုရားသခင်မှ ဖန်ဆင်းသည်ဟူသော အယူကို လက်မခံသော ဂိုဏ်းဖြစ်သည်။ သို့သော် ယင်းဂျိန်းဂိုဏ်းသည်ကား အတ္တရှိသည်ဟူသော အယူကို လက်ခံသောဂိုဏ်းဖြစ်၏။ ထိုဂိုဏ်းဝင် ပုဂ္ဂိုလ်တို့၏ နောက်ဆုံးရည်မှန်းချက်မှာ သံသရာမှ လွတ်မြောက်ရေးပင်ဖြစ်၏။ ထို့အတူ သံသရာမှ လွတ်မြောက်ရေးအတွက် ရည်ရွယ်ပြီး နောက်ထပ် ထွက်ပေါ်လာသော ဂိုဏ်းမှာ သိဒ္ဓတ္ထဂေါတမ ဟုခေါ်သော ဗုဒ္ဓဘုရားရှင် တည်ထောင်တော်မူခဲ့သော ဗုဒ္ဓဘာသာဂိုဏ်းပင်ဖြစ်သည်။ ဗုဒ္ဓဘာသာသည် ဖန်ဆင်းမှုဝါဒကို လက်မခံသလို အတ္တကိုလည်း လက်မခံပေ။ နောက်ဆုံးပန်းတိုင်ကား သံသရာမှ လွတ်မြောက်ရေးပင်ဖြစ်၏။
 
ဤတွင် တင်ပြချင်သည်မှာ ဗုဒ္ဓဘာသာအကြောင်းပင်ဖြစ်ပေသည်။ ဗုဒ္ဓဘုရားရှင် 45 ၀ါပတ်လုံး ဟောကြား ခဲ့တော်မူသော ဒေသနာတော်များကို အနှစ်ချုပ်ကြည့်မည်ဆိုပါက သံသရာမှ လွတ်မြောက်ရေးကိုသာ အဓိကထားသော ဒေသနာတော်များကို အများဆုံးတွေ့ကြရမည်သာဖြစ်သည်။ ဘုရားရှင်ကိုယ်တိုင်သည်ပင် ယနေ့ခေတ်တွင် အာသာငမ်းငမ်းဖြစ်နေကြသော မင်းစည်စိမ်ဟူသော စည်းစိမ်၊ ဥစ္စာများကို စွန့်လွှတ်ကာ သံသရာမှ လွတ်မြောက်ရေးလမ်းစဉ်ကို ပဓာနထားခဲ့ပေသည်။ ဘုရားရှင်သည်သာမက နောက်လိုက် သာဝကများသည်လည်း ဖြစ်၊ အို၊ နာ၊ သေ ပူဆွေးသောက အစဉ်တို့၏ ကျက်စားရာ သံသရာတခွင်မှ လွတ်မြောက်မှုအတွက် ကြိုးစားအားထုတ်တော်မူခဲ့ကြသည်ကို သမိုင်းကြောင်းကို ပြန်လည်ကြည့်ရှုခြင်း အားဖြင့် သိသာနိုင်ပေသည်။ အချုပ်အားဖြင့် ဆိုရသော် အနောက်တိုင်းဒဿနပညာရှင်များနည်းတူ အရှေ့တိုင်း၌ပေါ်ပေါက်ခဲ့သော ပညာရှင်များသည် ရုပ်ဝတ္ထု တိုးတက်မှုကို ဦးစားမပေးဘဲ ဘ၀လွတ်မြောက်ရေးလမ်းစဉ်ကို အဓိက ဦးစားပေးခဲ့ကြသည်။
ထိုသို့ ဘုရားရှင်ကိုယ်တော်တိုင် Attachment ဖြစ်စရာအားလုံးကို Detachment ဖြစ်အောင်လုပ် ပြီး ဖော်ထုတ်ခဲ့သော ဗုဒ္ဓ၀ါဒသည် ယနေ့ခေတ် (ရုပ်ဝတ္ထုကြီးစိုးတိုးတက်သောခေတ်)တွင် မည်မျှပင်တိုးပွား လာသည်ဟုဆိုစေကာမူ မလူးသာအလွန့်သာ အနေအထားသို့ရောက်နေမည်မှာတော့ ဧကန်ပင်ဖြစ်၏။ ဗုဒ္ဓဘာသာအမည်ခံနိုင်ငံ၊ တိုင်းပြည်၊ လူမျိုး အားလုံးသည်ပင် Development သဘောတရားနှင့် မကင်းနိုင်ကြ။ အနည်းနှင့်အများထိတွေ့နေကြရ၏။ သို့သော် Development ဖြစ်ခြင်းအပေါ်မှာ တပ်မက် တွယ်တာမှုမျိုး နည်းပါးအောင် နှလုံးသွင်းနိုင်မည်ဆိုပါက ကောင်း၏။ အကယ်၍ နှလုံးမသွင်းနိုင်ပါကမူ ဗုဒ္ဓဘုရားရှင်ရှာဖွေဖော်ထုတ်ခဲ့သော လွတ်မြောက်ရေးလမ်းသည်လည်း ကျဉ်းမြောင်းသွားပေတော့မည်။ ထိုသို့ ကျဉ်းမြောင်းသွားမည်ဆိုပါက အနောက်တိုင်း ဒဿနသည်လည်း တိုးတက်လာမည်မှာ အမှန်ပင်ဖြစ်၏။ ဤသို့ဆိုလျင် ဗုဒ္ဓဘုရားရှင်၏ ၀ါဒသည်လည်း…ဘယ်လဲ? ဘာလဲ? ဆိုတာကို မေးခွန်းထုတ်ရပေတော့ပါမည်။
 
အထက်တွင် ဆိုခဲ့သည့်အတိုင်း အရှေ့တိုင်း ဒဿန ( Detachment )နှင့် အနောက်တိုင်း ဒဿန (Development) နှစ်မျိုးကို ခြုံငုံသုံးသပ်မည်ဆိုပါက ယင်းတို့ နှစ်မျိုးလုံးသည်ပင် လူသားတို့အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်းစွမ်းရှိသည်ကို တွေ့ရပေမည်။ အဘယ့်ကြောင့်ဆိုသော် စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်သိရ်၊ အခြံအရံများစွာနှင့် ပြည့်စုံနေသော လူတစ်ယောက်အနေဖြင့် လောကအလည်တွင် တင့်တယ်နေမည်၊ အခိုက်အတန့်အားဖြင့် အတိုင်းအတာတခုအထိ လိုအင်ဆန္ဒပြည့်ဝနေပေလိမ့်မည်။ ထို့ကြောင့်လည်း Development သဘောတရားသည် လူသားတို့အတွက် လိုအပ်ချက် ကို ဖြည့်ဆည်းပေးနိုင်သောအရာ၊ လူသားတို့ အာသာငမ်းငမ်းဖြစ်ကာ လိုလားနှစ်သက်သော အရာအဖြစ် ရပ်တည်ပြီးနေရာယူခဲ့ဟန်တူပါသည်။ ထို Development ၏ ဆန့်ကျင်ဘက် Detachment သဘောတရားသည်လည်းပဲ ထိုလမ်းစဉ်အတိုင်း ကျင့်ကြံမည်ဆိုပါက လူသားတို့အတွက် ကျေနပ်နှစ်သက် စရာပင်။ အဘယ့်ကြောင့်ဆိုသော် လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာန တရားများကို ခေါင်းပါးအောင် တဏှာ၊ ရာဂတရားများကို အစေးမကပ်နိုင်အောင် ကျင့်ကြံအားထုတ်ထားသူအဖို့ ထိုတရားများကို အခြေခံပြီး ဖြစ်ပေါ်လာသော ပူဆွေးသောက၊ ဗျာပါဒတရားများသည်လည်း ဖြစ်ခွင့်မရှိတော့သည့်အတွက် ငြိမ်းချမ်းသွားမည်သာ။ ထို့ကြောင့်လည်း ရှေးသူတော်ကောင်းများသည် Detachment သဘောတရားကို ဦးစားပေးကျင့်သုံးခဲ့ဟန်တူပါသည်။
 
မည်သို့ပင်ဖြစ်စေ ဤ ဒဿနနှစ်မျိုးကို ရွေးချယ်ရာတွင် ရွေးချယ်သူအပေါ်၌သာ မူတည်ပြီး မိမိ၏ ရည်မှန်းချက်ကို အထမြောက်အောင်မြင်ခြင်းသို့ရောက်သည့်တိုင်အောင် အသုံးချသွားမည်ဆိုပါက အကျိုးကျေးဇူးအနေဖြင့်ကား ခံစားကြရမည်သာတည်း။ သို့သော် အစစ်နှင့်အတု၊ အမှန်နှင့်အမှား၊ တဒင်္ဂနှင့်ထာဝရကိုကား ခွဲခြားသင့်ပေသည်။ ထို့ကြောင့် ဘ၀သံသရာကို ခဏစံစရာနှင့် အလဲအလှယ် မလုပ်မိစေရန် သတိထားပြီး ဘ၀ခရီးကြမ်းကို လျှောက်လှမ်းသင့်ပေတော့ပါသတည်း။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More