Sunday, June 19, 2011

လွတ်လပ်သူ.....။

ဗုဒ္ဓဘာသာက ဘယ်သူ့ကိုမှ တခြားဘာသာတွေမှာ ဟောကြားထားတဲ့ တရားတွေကို မလေ့လာရ ဘူးလို့ မတားဆီးပါ။ မတားရုံသာမက ဗုဒ္ဓဘုရားရှင်က တခြားဘာသာတွေရဲ့သင်ကြား ချက် တွေကို ဒေသနာတွေကို လေ့လာပြီး သူ့ဘာသာမှာ ဟောကြားထားတဲ့ တရာတွေနဲ့နှိုင်း ယှဉ်လေ့လာပါဆိုပြီးတောင် အားပေးထားတာတွေ့ရပါတယ်။

ဗုဒ္ဓဘုရားရှင်က တခြားဘာသာကျမ်းဂန်တွေထဲမှာ ယုတ္တိရှိတဲ့တရားတွေ ပညာပါတဲ့သင်ကြား ချက်တွေပါလို့ရှိရင် အဲဒိတရားတွေကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ လွတ်လပ်စွာ လေ့လာဆည်းပူးနိုင်တယ် လို့ ဟောတော်မူထားပါတယ်။ တချို့ဘာသာရေး ဆရာကြီးတွေက သူတို့ဘာသာဝင်များကို အမှောင် ထဲမှာ ချောင်ပိတ်ထားလိုကြတာများလည်း ရှိပါတယ်။ အဲဒီဒေသနာတွေကို လေးစားသမှု ပြဖို့မှာလည်း လွတ် လွတ်လပ်လပ်ပြုခွင့်ပေးထားပါတယ်။ တချို့ဘာသာများဆိုရင် တခြားဘာသာဝင်တွေနဲ့ အတို့အထိတောင် မလုပ်ရပါဘူးရယ်။ တခြားဘာသာတွေရဲ့ ကျမ်းဂန်တွေ ကိုလည်း မလေ့လာရဘူးဆိုပြီး ပိတ်ပင်တားဆီးထား ပါတယ်။ ပိုဆိုးတာက သူတို့ဘာသာထဲမှာပါတဲ့ တရားတွေဟာ ဘယ်လောက်ပဲ ဘ၀င်မကျစရာတွေ သံသယဖြစ်စရာတွေ ဖြစ်နေပါနေပါစေ၊ သူတို့ဘာသာက ဟောထားတဲ့တရားကိုပဲ နားထောင်ရမယ်၊ လုံးဝ ကို သံသယစိတ်မထားရဘူးလို့ပဲ သွန်သင်ပေးပါတယ်။ သူတို့က သူတို့နောက်လိုက်တွေကို တစ်လမ်းသွား တစ်စိတ်မွေးခိုင်းနိုင်လေလေ ဒီနောက်လိုက် ဘာသာဝင်တွေကို ထိန်းချုပ်ထားနိုင်ဖို့ လွယ်ကူလေလေ ပဲဖြစ်ပါတယ်။ တကယ်လို့ တစ်ယောက်က လွတ်လပ်စွာ တွေးခေါ်ခွင့်ကို ကျင့်သုံးလာလို့ရှိရင် သူဟာ တစ်ချိန်လုံးအမှောင်ထုထဲကို ရောက်နေတာပါလားလို့ သိနားလည်လာလို့ရှိရင် ဒါဟာ မိစ္ဆာကောင်က သူ့စိတ်ကိုဝင်ပြီး နှောက်ယှက်ဖျက်ဆီးတာပဲလို့ စွပ်စွဲခံရတော့တာပါပဲ။ သနားစရာ လူသားဟာ သူ့ရဲ့ပင်ကိုယ်စိတ်ကိုရော သင်ထားတဲ့ ပညာတွေကိုရော ပင်ကိုယ်ဥာဏ်တွေကိုရော သုံးခွင့်မရအောင် လုပ်ထားပါတယ်။ တချို့လူတွေက ဘာသာရေးနဲ့ ပတ်သက်တဲ့ သူတို့ရဲ့အမြင်တွေ ကို ပြောင်းလဲချင်လာ ပြီဆိုရင်လည်း သူတို့ကို မိမိတို့ရဲ့ လွတ်လွတ်လပ်လပ်တွေးခေါ်ဆုံးဖြတ်တတ်တဲ့ ဥာဏ်ကို သုံးရလောက်အောင် ပါရမီဓာတ်ခံမရင့်ကျက်သေးဘူး ဆိုပြီးလည်း ပြောကြပါသေးတယ်။

ဗုဒ္ဓဘုရားရှင်ကတော့ ဘာသာရေးဟာလူတစ်ယောက်ရဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်အပေါ်မှာ တည်ရှိစေရမယ်လို့ သဘောထားတော်မူပါတယ်။ ဘာသာရေးဟာ အစိုးရမင်းများ ချမှတ်ထားတဲ့ ဥပဒေမဟုတ်ပါဘူး။ ဒါက ဥာဏ်ပညာနဲ့ တိုင်းထွာပြီးမှ လက်ခံနိုင်တဲ့ ကိုယ်ကျင့်သီလ စည်းကမ်းနည်း လမ်းတွေပဲ ဖြစ်တယ်လို့ ယူဆတော်မူပါတယ်။ ဗုဒ္ဓဘာသာဝင်များအတွက် မှာတော့ ဘာသာရေးမူဝါဒ သဘောထားတွေ၊ စည်းမျဉ်းစည်းကမ်းတွေဟာ ထာဝရဘုရားဆီကနေပီ ကျလာတဲ့ ကောင်းကင်ကျ တရားတွေလည်း မဟုတ်ပါဘူး။ လူတွေလုပ်ထားတဲ့ တရားဥပဒေ တွေလည်း မဟုတ်ပါဘူး။ ဒါဟာ သဘာဝ ဥပဒေသတွေ လောကမှာ ဖြစ်ပျက်နေတဲ့ တရားတွေပဲ ဖြစ်ပါတယ်။ ကျနော်တို့ ဒီနေ့ ကမ္ဘာပေါ်မှာက ဘယ်အစိတ်အပိုင်းမှာမှ စစ်မှန်တဲ့ဘာသာရေး လွတ်လပ်ခွင့်ဆိုတာ မရှိပါဘူးရယ်။ လူမှာ လွတ်လပ်စွာ တွေးခေါ်နိုင်ခွင့်တောင်မှ မရှိဘူး။ လူတစ်ယောက်ဟာ သူကိုးကွယ်နေတဲ့ ဘာသာအပေါ် စိတ်တိုင်းမကျတော့ဘူး။ သူသိချင်တဲ့ ပြဿနာတွေ အတွက် ကျေနပ်ဖွယ် ဖြေရှင်းချက်တွေ ကိုလည်း အဲဒိ ဘာသာက မပေးနိုင်လို့ အဲဒိဘာသာကို သူက မနှစ်သက်တော့တဲ့အတွက် တခြားဘာသာတစ်ခုခုကို ကူးပြောင်းပြီး ကိုးကွယ်ချင်ရင်တောင်မှ သူ့မှာ လက်ရှိဘာသာကို လွတ်လွတ်လပ်လပ် စွန့်ပယ်နိုင်တဲ့အခွင့် အရေး တခြားဘာသာကို လွတ်လွတ်လပ်လပ် ကိုးကွယ်ချင်လို့ ကိုးကွယ်နိုင်တဲ့ အခွင့်အရေးမျိုးမရှိပါဘူး။ ဘာလို့လဲဆိုတော့ ဒီအခွင့်အရေးကို ဘာသာရေးဆရာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ ၊ ဆွေမျိုးအသိုင်းအ၀ိုင်း၊ မိသာစုအသိုင်းအ၀ိုင်းက သူ့ဆီကနေပြီး တနည်းအားဖြင့် ယူထားလို့ပဲ ဖြစ်ပါတယ်။ တချို့လူတွေဟာ ဘာသာတစ်ခုကိုနားလည်လို့ မဟုတ်တော့ဘဲ အချစ်ရေးအတွက် စွန့်လွှတ်တာမျိုးလည်း ရှိပါတယ်။ ဟိုတလောကပဲ သတင်းတစ်ပုဒ်ဖတ်လိုက်ရပါတယ်။ ကျနော်တို့နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နယ်ကြား မှာ နေထိုင်ကြတဲ့ မရမာလူငယ်လေး ရှစ်ယောက် ခရစ်ယာန်ဘာသာကို ပြောင်းသွားတယ်ဆို တဲ့အကြောင်းကို ဘာလို့ပြောင်းသွားရတာလဲဆိုတဲ့အကြောင်းကို သူ့မိဘတွေကိုမေးကြည့်တော့ ရခိုင်လူမျိုး ခရစ်ယာန်တရားဟောဆရာတစ်ယောက်က ပညာရေးအတွက်အထောက်အပံ့ပေးမယ်၊ နောက်ပြီး နိုင်ငံခြား ကိုလည်း ပို့ပေးမယ်ဆိုလို့ပါတဲ့။ တကယ်ဆိုရင် ဘာသာရေးကို လူသားရဲ့ အားနည်းချက်နဲ့ စိတ်လှုပ်ရှားမှုကို ဖြေဖျောက်ဖို့ ကိစ္စမှာ ခုတုံးတော့ မလုပ်သင့်ပါဘူးရယ်။ ဘာသာတစ်ခုက တစ်ခု ကို ပြောင်းဖို့အရေးမှာ လူတစ်ယောက်ဟာ သေသေချာချာ စုံစုံလင်လင် ခရေစေ့တွင်းကျ စဉ်းစားဆင်ခြင် သင့်ပါတယ်။ ဘာသာရေးဟာ ဈေးအလျှော့အတင်း လုပ်စရာပစ္စည်း မဟုတ်ပါဘူး။ လူတစ်ယောက်ဟာ ကိုယ်ကိုးကွယ်နေတဲ့ ဘာသာတစ်ခုကို ကိုယ်ရေးကိုယ်တာ၊ အိမ်ထောင်ရေး၊ ပညာရေး၊ အချစ်ရေး၊ လောကီစည်းစိမ် ချမ်းသာရရေးအတွက် လွယ်လင့်တကူ မပြောင်းလဲသင့်ပါဘူး။ ဘာသာရေးကို မိမိရဲ့ ဘာသာရေးစိတ်ဓာတ်မြင့်မားရေး၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရရေး၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့ ဘ၀လွတ်မြောက်ရေး ကိစ္စအတွက်ပဲ အသုံးချ သဘောထားသင့်ပါတယ်။

ကျနော်တို့ဗုဒ္ဓဘာသာဝင်တွေကတော့ တခြားဘာသာဝင်တွေအပေါ်ကို လောကီစည်းစိမ်ချမ်း သာတွေကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကိုယ့်ဘာသာထဲကို ၀င်လာအောင် ဘယ်တော့မှ မလုပ်ပါဘူးရယ်။ ဆင်းရဲ့တာတို့၊ နာမကျန်းဖြစ်နေတာတို့၊ စာမတတ်တာတို့၊ မသိနားမလည်တာတို့ကို အမြတ်ထုတ် ခေါင်းပုံဖြတ်ပြီး ဗုဒ္ဓဘာသာဝင်လူဦးရေတိုးပွားလာအောင်လည်း ဗုဒ္ဓဘာသာ ၀င်တွေဟာ ဘယ်တော့မှမလုပ်ပါဘူး။ အဲဒိလိုမက်လုံးပေးပြီးတော့ လုပ်စရာလည်း ကျနော်တို့ဘာသာမှာမရှိပါဘူးရယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဘာသာကိုက ကျနော်အရင်က ရေးခဲ့တဲ့ ပို့စ်ထဲမှာ ပြောခဲ့တဲ့အတိုင်း Detachment & Development မှာ Detachment ပဲပေးနိုင်တာမို့ပါ။ ဗုဒ္ဓဘုရားရှင်က သူ့ထံမှာ ဥပါသကာအဖြစ်ခံယူချင်တဲ့အရိပ်အရောင် ပြလာတဲ့ ဥပါလိတို့လို၊ စိတ္တသူကြွယ်တို့လို လူမျိုးတွေ ကို တွေ့ တာတောင်မှ မိမိရဲ့ဒေသနာတော်တွေကို အရင်စလို လက်ခံခြင်းမပြုဖို့ကို ဆုံးမတော်မူပါတယ်။ အဲဒီလိုလူမျိုးတွေကို ဗုဒ္ဓဘုရားရှင်က ဂရုတစိုက်စဉ်းစားကြဖို့ အချိန်ပေးပါတယ်။ ပြီးမှ ဒီဘာသာကို ကိုးကွယ်လို့ လက်တွေ့အကျိုးရှိမရှိကို ဆုံးဖြတ်ခိုင်းတော်မူပါတယ်။

ဗုဒ္ဓဘာသာက အပြင်ပန်းအားဖြင့် ပူဇော်သက္ကာရတို့၊ ဗုဒ္ဓဘာသာဝင်ပါလို့ ပါးစပ်ပြောခံယူတာတို့ဟာ မဂ်ဥာဏ်ဖိုလ်ဥာဏ် နိဗ္ဗာန်ကို မျက်မှောက်ပြုရေးကိစ္စမှာ လုံလောက်ခြင်း မရှိဘူးလို့ သဘောထားပါတယ်။ ဒီအနေအထားကို ကြည့်မယ်ဆိုရင် ငါဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီလို့ ပြောရုံသက်သက်နဲ့တော့ ဘာမှ အဓိပ္ပာယ် ရှိမှာမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာကို အင်အားသုံးပြီး ပြန့်ပွားအောင် လုပ်တာဟာ ပါးစပ်ကတော့ တရားမျှတကြောင်း၊ မေတ္တာထားကြောင်း ဟန်ဆောင်ပြောပြီး လက်တွေ့ကျတော့ ဖိနှိပ်တာ၊ မတရားလုပ်တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်အစစ်တစ်ယောက်အနေနဲ့ လူတွေကကိုယ့်ကို ဗုဒ္ဓဘာသာ ၀င်လို့ ပြောတာ မပြောတာဟာ ဘာမှအရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ဗုဒ္ဓဘာသာဝင်တိုင်း နားလည်ထားရ မှာက နာမည်ခံတာမဟုတ်ဘဲ သစ္စာဥာဏ်ရှိပြီး ပွားများ အားထုတ်ခြင်းအားဖြင့်သာ ဘုရားဟောတဲ့ နိဗ္ဗာန်ပန်းတိုင်ကို ရောက်နိုင်တယ်ဆိုတာပဲဖြစ်ပါတယ်။ ဘာသာဝင်တွေတိုင်းရဲ့အထဲမှာ တစ်ယူသန်သူ၊ အစွန်းရောက်သူတွေကတော့ များသောအားဖြင့် ရှိတတ်ကြတာချည်းပါပဲ။ ဒီလိုအဖွဲ့အစည်းမျိုးကို မပြောပါနဲ့ဦး။ ကိုယ့်မိသားစုအသိုင်းအ၀ိုင်းလေးအတွင်းမှာတောင်မှ သိုးမဲ (Black Sheep) လေးတွေပါ တတ်ကြပါတယ်။ ဒီလို ဘာသာရေး တစ်ယူသန်အစွန်းရောက်မှုဟာ တကယ်တမ်းတွေးကြည့်မယ်ဆို ရင် ဘေးရန် အန္တရာယ်များစေပါတယ်။ အဲဒိလို တယူသန်သူဟာလည်း ဆင်ခြင်ဥာဏ်ဆိုတာကို မသုံးနိုင်ပါ ဘူး။ သိပ္ပံနည်းကျ လေ့လာပြီး ခွဲခြမ်းစိပ်ဖြာခြင်းကိုလည်း ပြုနိုင်မှာမ ဟုတ်ပါဘူးရယ်။ ဘုရားရှင်ရဲ့အယူ ကတော့ ဗုဒ္ဓဘာသာဝင်တိုင်းဟာ လွတ်လပ်သူဖြစ်ရမယ်။ ဖွင့်ထားတဲ့ စိတ်နှလုံးရှိသူဖြစ်ရမယ်။ ကိုယ့်ရဲ့ ဘာသာရေး ဘ၀ဖွဲ့ဖြိုးတိုးတက်ရေးမှာ ကိုယ်ကလွဲပြီး ဘယ်သူ့ရဲ့ အစေအပါး အလုပ်အကျွေးပြုသူမှ မဖြစ်စေရပါဘူး။ နောက်ပြီး ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ဆိုပြီး ဘုရားကိုကိုးကွယ် တယ်ဆိုတာကလည်း ကယ်တင်ခြင်းကို ခံရဖို့အတွက်မဟုတ်ပါဘူး။ အလွန်မွန်မြတ်တဲ့ လမ်းညွှန်ဦးဆောင် မှုပြုသူ၊ ဘ၀လွတ်မြောက်ရေးအတွက် အားတက်စေသူအဖြစ် ကိုးကွယ်ဆည်းကပ်ခြင်းသာ ဖြစ်ပါတယ်။ ဘာသာရေး ကို မျက်ကန်း ကိုးကွယ်နည်းနဲ့ ကိုးကွယ်တာ မဟုတ်ရပါဘူး။ အသိဥာဏ်သိနားလည်မှုနဲ့ ကိုးကွယ်ခြင်း သာ ဖြစ်သင့်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့အမြင်မှာ ဗုဒ္ဓဘုရားရှင်ဟာ ကယ်တင်ရှင်လည်း မဟုတ်ပါဘူး။ လူ့အသွင်နှင့် ကောင်းကင်ဘုံ ဖေဖေဘုရားထံကနေပြီး ဆင်းသက်လာတဲ့ လူဝင်စားဘုရား လည်းမဟုတ် ပါဘူး။ လူသားတွေလုပ်ထားတဲ့ အပြစ်တွေကို ဆေးကြောသုတ်သင် သန့်စင်ပေးဖို့ ပွင့်လာသူလည်း မဟုတ်ပါဘူး။ ကျနော်တို့ ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓကို ဆရာတစ်ဆူအဖြစ်ပဲ သဘောထားတာဖြစ်ပါတယ်။ တကယ်တော့ ဗုဒ္ဓဘုရားရှင်ဟာ ဘ၀ဆင်းရဲခပ်သိမ်း လွတ်မြောက်ရာအမှန် နိဗ္ဗာန်လမ်းပြသူ သာ ဖြစ်ပါတယ်။

ဗုဒ္ဓဘုရားက လူသားတွေကို ဘာသာရေးရဲ့ ကျေးကျွန်များအဖြစ်ကနေ လွတ်မြောက်စေခဲ့ပါတယ်။ လူသားများကို နတ်ဆရာ၊ ဘုန်းကြီး လုပ်စားတဲ့လူတွေရဲ့ လက်ဝါးကြီးအုပ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ အုပ်ချုပ်မှုအောက်နေ လွတ်မြောက်စေခဲ့ပါတယ်။ နောက်ပြီး လူသားတွေကို ဆင်ခြင်တုံအဓိက၀ါဒ ပြုဖို့နဲ့ ဘာမှမသိနားမလည်တဲ့ တိရစ္ဆာန်တွေလို သူများသွေးဆောင် မောင်းနှင်ရာကို ဘာသာရေးအယူသီး အစွဲသန်မှုနဲ့ သဘောလွယ်စွာ မလိုက်ပါကြဖို့ကို ဆုံးမတော်မူခဲ့ပါတယ်။ တကယ်ဆိုရင် ဗုဒ္ဓဟာ ဆင်ခြင်တုံ ပဓာန၀ါဒ၊ ဒီမိုကရေစီနှင့်လက်တွေ့အကျိုးပြုမှုရှိပြီး ကိုယ်ကျင့်သီလရှိတဲ့ အပြုအမူများ ဘာသာတရားထဲမှာ ပါရှိရေးအတွက် ရပ်တည်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး၊ ဘာသာတရားကို လူများက လူသိက္ခာနဲ့အညီ ကျင့်သုံးလိုက်နာကြဖို့ မိတ်ဆက်ပေးခဲ့တဲ့ ပုဂ္ဂိုလ်မြတ်ပဲဖြစ်ပါတယ်။ နောက်ပြီး ဗုဒ္ဓဘုရားရှင်က သူ့ရဲ့ ဘာသာဝင်တွကို ဘယ်ကိစ္စမှာပဲဖြစ်ဖြစ် သေသေချာချာ စဉ်းစားသုံးသပ်ခြင်း မရှိဘဲနဲ့ လက်ခံခြင်း မပြုကြဖို့ ဆုံးမထားတာကိုလည်း ကာလာမ ဒေသနာမှာ လာတဲ့အချက်ဆယ်ချက်နဲ့ လမ်းညွှန်ထားတာ အတိအလင်းရှိခဲ့ပါတယ်။

ဗုဒ္ဓဘာသာဝင်အစစ်ကတော့ ကိုယ့်ဘ၀လွတ်မြောက်ရေး ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းရေး အတွက် ပြင်ပက ဘယ်တန်ခိုးရှင်မျိုးကိုမှ အားမကိုးပါဘူး။ မမြင်ရတဲ့ မသိရတဲ့ တန်ခိုးဣဒ္ဓိပါတ်တော်က လာပြီး ကိုယ့်ရဲ့ ဆင်းရဲဒုက္ခကို ကြားဝင်ဖြေရှင်းပေးမယ်လို့လဲ မမျှော်ကိုးပါဘူး။ တကယ်တမ်းလက်တွေ့ ကျကျ စဉ်းစားကြည့်မယ်ဆိုရင် အာရုံငါးပါးနဲ့ ထိတွေ့လို့ မရတာမှန် သမျှဟာ တကယ်အရှိတရား မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ရဲ့ မိရိုးဖလာ ဗုဒ္ဓဘာသာအချို့မှာတော့ ဒီသဘောတရားလေးတွေ ကူးစက်ခံနေရတာတွေ့ရတတ်ပါတယ်။ နိဂုံးအနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ အားလုံး တကယ်စစ်ပြီ လား မစစ်ဘူးလားဆိုတာကို ဆန်းစစ်ဖို့လိုလာပါပြီ။ အဲဒိလို ကိုယ့်ကိုယ်ကို ဆန်းစစ်လို့ ရပြီဆိုရင် ကျနော်အပါအ၀င်ပေါ့ သူငယ်ချင်းတွေ အားလုံးလည်း လွတ်လပ်ခွင့်ရှိသူလား မရှိသူလားဆိုတာကို ကောက်ချက်ချနိုင်သွားပါပြီ။ ဆရာကြီးလုပ်ချင်လို့ အခုလိုရေးတာတော့မဟုတ်ပါဘူး။ ကျနော်ထမင်းစားနေတဲ့အချိန်ရောက်လာတာမို့ စားသွားပါဦးလို့ လောက၀တ်အနေနဲ့ ဖိတ်ခေါ်လိုက်တာ ပါ။ တော်သေးပြီဆိုရင်လည်း ခဏတော့ ထိုင်စောင့်ကြဦးပေါ့…………..။
အားလုံးကို လေးစားစွာဖြင့်……။
.Post အဟောင်းလေးပါ။ ရေးထားတာတော့ တော်တော်ကြာပါပြီ။ အခုမှ ရှာတွေ့လို့ ပြန်တင်လိုက်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More