Monday, June 20, 2011

လှူတော့လှူ မကုန်စေနဲ့...။


   ဒီတခါတော့ တို့ဆွေတော်မျိုးတော်တွေရဲ့ သဒ္ဓါတရားလေးတွေကို မြင်နေ၊ တွေ့နေ၊ ကြားနေရ တာကြောင့် ဆွေတော်မျိုးတော်တွေအတွက် ဒီပို့စ်လေးရေးရရင် ကောင်းမှာပဲလို့ ဆိုပြီး ရေးဖြစ်သွားပါတယ်။ သဒ္ဓါတရားထက်သန်တဲ့နေရာမှာတော့ တို့ မြန်မာလူမျိုးက နံပါတ်တစ်စာရင်းမှာသေချာပါတယ်။ မြန်မာ စကားမှာ ``သဒ္ဓါလွန်တော့ တဏှာ ကျွန်´´၊ ``သဒ္ဓါလွန်တော့ ဆွံ့၊ ပညာလွန်တော့ ကွန့်´´၊ ``သဒ္ဓါလွန်တော့ တဏှာ၊ ပညာလွန်တော့ မာယာ´´ဆိုပြီးတော့ လာပါတယ်။ ဒီနေရာမှာ ``သဒ္ဓါနဲ့ပညာ အကြောင်းကို ရေးပြရမယ်ဆိုရင်တော့ ကျမ်းတစ်ဆောင် အဖြစ်ရေးပြမှသာ ပြည့်စုံနိုင်မှာဖြစ်လို့ ချန်လှပ်ခဲ့ လိုက်ပါမယ်။ အဓိကအားဖြင့်တော့ လှူတဲ့နေရာမှာ မကုန်နိုင်တဲ့ လှူနည်းလေးအကြောင်းပဲ ပြောပြချင် ပါတယ်။
           
 ဒီနေရာမှာ ပုံမဟုတ်တဲ့ ဘုရားဟောစာပေမှာလာတဲ့ ၀တ္ထုတစ်ပုဒ်အကြောင်းတော့ နဲနဲထည့်ပြောမှ ဆိုလိုရင်းက ပြည့်စုံလိမ့်မယ်ထင်ပါတယ်။ ဒါကြောင့် သံယုတ္တနိကာယ်မှာလာတဲ့ သား သမီးမရှိတဲ့ သူဌေးကြီး တစ်ယောက်အကြောင်းပြောပြ ချင်ပါတယ်။ ဖြစ်ပုံက ဒီလိုပါ။ တခါက ကောသမင်းအုပ်ချုပ်တဲ့ တိုင်းပြည် ထဲမှာ သားသမီးမရှိလို့ ``အပုတ္တက´´လို့ခေါ်တဲ့ သူဌေးလင်မယား ရှိခဲ့ပါတယ်။ တစ်နေ့မှာတော့ အဲဒီသူဌေးကြီးကွယ်လွန်သွားတဲ့အတွက် သူပိုင်တဲ့ပစ္စည်းတွေကို မင်းဘဏ္ဍာအဖြစ်သိမ်း ဆည်းပြီး ပြန်လာတဲ့ ကောသလဘုရင်ဟာ အတွေးစတစ်ခုရလာပါတယ်။ ဘာလဲဆိုတော့။ အခုသေသွားခဲ့ တဲ့ ``အပုတ္တက´´သူဌေးကြီးဟာ အသက်ရှင်စဉ်ကာလတုန်းက ချမ်းသာကြွယ်ဝပင် ကြွယ်ဝပါသော်လည်း စားရေး၊ ၀တ်ရေး၊ နေရေးဆိုတဲ့ရေးသုံးရေးမှာ တစ်ရေးမှကို တူတူတန်တန် သုံးဆောင်သွားတာ မရှိခဲ့ဖူးပါဘူးတဲ့။ စားတဲ့နေရာမှာ တကယ့်အကောင်းစား အစားအေသောက်တွေ စားသောက်နိုင် တဲ့ ငွေကြေးတွေပြည့်စုံပါလည်းပဲ သူကတော့ ငလုံးတီးဆန်တို့ ပုံးရည်ဟင်းတို့နဲ့စားရမှ အရသာရှိတယ်လို့ ထင်ပါသတဲ့။ အ၀တ်ဆိုရင်လည်း တကယ့်အကောင်းစားတွေ ၀ယ်ဝတ်နိုင်ပါရဲ့နဲ့ သူကတော့ ဖျင်နဲ့ယက် ထားတဲ့ အ၀တ်အစားတွေကိုပဲ ၀တ်ရုံဆင်မြန်းပါတယ်တဲ့။ နောက်ပြီး သုံးဆောင်တဲ့ ယာဉ်မှာ ဆိုရင်လည်း ဒီနေ့ခေတ်လိုဆိုရင် နောက်ဆုံးပေါ်ကားတွေဝယ်စီးနိုင်တဲ့ အနေအထားဖြစ်ပေမယ့် သူကတော့ သုံးဘီး ကားလောက်နဲ့ပဲ ကျေနပ်ပါတယ်ပေါ့ ။အခု သူသေသွားပြန်တော့လည်း သူပိုင်တဲ့ စည်းစိမ်တွေကို ယူဆောင် မသွားနိုင်ခဲ့ဘူးပေါ့။ ဒါဘာကြောင့်လဲဆိုတာကို သိချင်တဲ့ အတွေးလေးရလာတာမို့။ အပြန်ခရီးမှာ နန်းတော်ကိုမပြန်သေးဘဲ ဘုရားကျောင်းတော်ကိုဝင်ဖြစ်သွားခဲ့ပါတယ်။ ကျောင်းရောက်တော့ ဘုရားရှင်ကို အခုနက သူဌေးကြီးအကြောင်း လျှောက်ထားပါတယ်။ ဘာဖြစ်လို့ပါလဲဆိုတဲ့အကြောင်းကို မေးမြန်းလျှောက် ထားပါတယ်။ အဲဒိမှာ ဘုရားရှင်ကနေ ဒါကတော့ အဲဒီသူဌေးကြီးဟာတဲ့ တစ်ခုသော အတိတ်ဘ၀မှာတုန်းက မင်းတိုင်ပင်ခံအမတ်ကြီးတစ်ယောက်ဖြစ်ခဲ့ဘူးတယ်ဆိုပြီးတော့ သူဌေးကြီးရဲ့ အတိတ်ကို ဖော်ပြပါတယ်။

မင်းတိုင်ပင်ခံအမတ်ကြီးဟာ တစ်ရက်သား နန်းတော်ကို သွားတဲ့အခါမှာတော့ (ရုံးတက်သွားတဲ့ အခါပေါ့) လမ်းမှာ ဆွမ်းခံကြွလာတဲ့ကိုယ်တော်တစ်ပါးနဲ့တွေ့ပါတယ်တဲ့။ ဒါနဲ့ အမတ်ကြီးဟာ ဆွမ်းခံ ကိုယ်တော်ကို နှုတ်ဆက်ပြီး အရှင်ဘုရား ဆွမ်းကွမ်းပြည့်စုံရဲ့လားဆိုပြီးတော့ လျှောက်ပါတယ်။ ဆွမ်းခံ ကိုယ်တော်ကလည်း ဆွမ်းကွမ်းမရသေးတော့ မရသေးတဲ့အကြောင်းပြန်မိန့်တာပေါ့။ အဲဒီမှာ အမတ်ကြီးက သူ့ငယ်ကျွန်တစ်ယောက်ကို ထည့်ပေးလိုက်ပြီး တပည့်တော်အိမ်ကိုကြွပါဘုရား ဆိုပြီးတော့ ငယ်ကျွန်ကို အိမ်ပြန်ခိုင်းပြီး ကိုယ်တော်ကို ဆွမ်းလောင်းစေပါတယ်တဲ့။ အဲဒီမှာ အိမ်မှာကျန် နေခဲ့တဲ့ အမတ်ကတော်ကြီး ဟာလဲ အင်း ငါတို့ အမတ်ကြီးတော့ ဘာစိတ်ကူးပေါက်တယ်တော့ မသိဘူး တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မလှူဘူးတာကို ဒီနေ့တော့ ထူးထူးဆန်းဆန်းပဲပေါ့။ ဒါနဲ့ အမတ်ကတော်ကြီးကလည်း အိမ်မှာရှိသမျှထဲမှာ အကောင်းတကာ့အကောင်းဆုံး စားကောင်းသောက်ဖွယ်တွေကို လှူဒါန်းလိုက်ပါတယ်။ ကိုယ်တော်ကလည်း ဆွမ်းလောင်းခြင်းကိစ္စပြီးတာနဲ့ ကျောင်းကိုပြန်ကြွလာပါတယ်။ အဲဒီမှာပဲ နန်းတော်ကနေပြီး ပြန်လာခဲ့တဲ့ အမတ်ကြီးနဲ့ လမ်းမှာ ပြန်ဆုံဖြစ်သွားပါတယ်။ ဒါနဲ့ အမတ်ကြီးက အရှင်ဘုရား ဘယ်လိုလဲ အဆင်ပြေခဲ့လား ဘုရားပေါ့။ တပည့်တော်ကို ပြပါဦးဘုရား၊ ဘယ်လိုတွေများလောင်းလိုက်တာလဲဆိုတာ သိရတာပေါ့ဘုရား ဆိုပြီး ကိုယ်တော်ရဲ့ သပိတ်ထဲကို ကြည့်ပါတယ်တဲ့။  အဲဒီအချိန်… အမတ်ကြီးရဲ့စိတ်ထဲမှာ အတွေးလေး တစ်ခုဝင်သွားပါတယ်။ သူမြင်လိုက်ရတာက ကိုယ်တော့်သပိတ်ထဲမှာ တကယ့်ကောင်းပေ့ ညွန့်ပေ့ဆိုတဲ့ စားကောင်းသောက်ဖွယ်တွေလေ...။ ဒါနဲ့ အမတ်ကြီးက တွေးလိုက်ပါတယ်။ အင်း ဒီအစားအသောက်တွေကို သာ ငါ့အိမ်မှာ လုပ်နေတဲ့ ကျွန်တွေကို ကျွေးလိုက်မယ်ဆိုရင် သူတို့ဟာ ငါ့အတွက် ပုံမှန်လုပ်ပေးနေ တာတက် နှစ်ဆပိုပြီးတော့ လုပ်ပေးနိုင်မှာပဲ။ အခုတော့ ဒီကိုယ်တော်ကို လောင်းလိုက်တဲ့အတွက်…… ဆိုပြီးတော့ တွေးဖြစ်သွားပါတယ်တဲ့ဗျာ။ ဒီမှာပဲ ဘုရားရှင်က အဆုံးသတ်ပြီးတော့ အလှူရဲ့ အကျိုးကို ပြန်ဟောပြပါတယ်။ ဆွမ်းလောင်းတဲ့အကျိုးကြောင့် ဒီဘ၀မှာ လူချမ်းသာဖြစ်ရတယ်ဆိုတဲ့ အကြောင်း၊ နောက်ပြီး နှလုံးသွင်းမှားသွားတာ(အယောနိသောမနသိကာရ) လေးတစ်ခုကြောင့် ရလာတဲ့ အကျိုးကို မခံစားရတဲ့အကြောင်းတွေကို ဟောပြသွားပါတယ်။ လှူတော့ လှူခဲ့တယ် ကုန်သွားတဲ့ အလှူမျိုးပေါ့။

     ဒီနေရာမှာ ဆက်စပ်ပြီးတော့ စဉ်းစားဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ Observation သဘောလေးပါ။ ဘုရားကလည်း ဒီလို ပြောထားပါတယ်။ ``လောကော သတ္တာန မာစေရော၊ အတ္ထာနတ္ထ ပဒဿကော´´ ဆိုပြီးတော့ပေါ့။ မြန်မာလို့ကတော့ ဒီလိုပါ။ ``ပတ်ဝန်းကျင်ကို လေ့လာကြ၊ ပတ်ဝန်းကျင်ဟာ မင်းတို့ရဲ့ ဆရာတွေပဲတဲ့။ ဘာဖြစ်လို့ဆရာဖြစ်တာလဲဆိုတော့ ဟုတ်တာတွေ မဟုတ် တာတွေ အကျိုးရှိတာတွေ အကျိုးမရှိတာတွေကို ပြတတ်လို့´´ပါတဲ့ဆိုပြိးတော့ ဟောထားပါတယ်။ ဒီနေ့ခေတ်အနေနဲ့ဆိုရင်တော့ Observation ကောင်းအောင်လုပ်ခိုင်းတာပေါ့ဗျာ။ ဒါနဲ့ ပတ်ဝန်းကျင်လေ့လာတဲ့နည်းနဲ့ ကြည့်ကြည့်ပါတယ်။   
  ယနေ့ပတ်ဝန်းကျင်မှာ တချို့အရမ်းချမ်းသာပြီး သူတို့ရဲ့စည်းစိမ်တွေကို ဟုတ်တိပတ်တိ သုံးဆောင်မသွားနိုင်တာတွေစသဖြင့်စသဖြင့်ပေါ့ တော်တော်များများတွေ့လိုက်မိပါတယ်။ သြော် ဒါဟာ တကယ်တော့ သူဟာ လှူတော့ လှူခဲ့ပြီးတော့ အပရစေတနာလေး ချို့တဲ့ခဲ့လို့ ဒီလိုဖြစ်ရတာပါလားပေါ့။ တကယ်ဆိုရင် ဘာမှမပြောပ လောက်တဲ့ အချိန်တိုလေးအတွင်းက အတွေးလေး(စိတ်ဆိုးလေး) တစ်ခုဟာ တော်တော်ကိုနေရာယူသွားပါလားဆိုပြီးတွေးဖြစ်သွားပါတယ်။ ဒါ့ကြောင့် ဆွေတော်မျိုးတော်တွေ အတွက်လည်း ဒီလိုအဖြစ်မျိုးလေးတွေ ကြုံခဲ့ရင်တောင်  မဖြစ်ကြရလေအောင်ဆိုပြီးတော့ တင်ပြပေးလိုက်ပါတယ်။
``လှူထားနိုင်သမျှ ယူသွားနိုင်ကြပါစေ´´

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More